ဖိလိပ္ပိသြဝါဒစာ ၂

၃။ ခရစ်တော်၏ နှိမ့်ချခြင်း၊ ဆက်ကပ်ခြင်းကို နမူနာယူကြရန် တိုက်တွန်းချက် (:၁၆)

          ဖိလိပ္ပိအသင်းတော်သည် အခြားအသင်းတော်များ ပုံဥပမာယူရလောက်အောင် စံနမူနာဖြစ်ကြသည့်အတိုင်း သန့်ရှင်းသူများအား နွေးထွေးစွာဆက်ဆံကြရန် ပေါလုက နှိုးဆော်ထားသည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသမီးနှစ်ဦး ဧဝေါဒိနှင့် သုန္တတို့၏ ခြားနားချက်များကို တွေ့ရသည် (၄:၂)။ ထို့ကြောင့် ဤအခန်း(၂)တွင် ယုံကြည်သူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတွင် ကတောက်ကဆမဖြစ်ဖို့ ဘုရားလူအချင်းချင်းအကြားတွင် နွေးထွေးချစ်ကြည်စွာ ဆက်ဆံဖို့ သတိပေးသည်။

: ယုံကြည်သူများအချင်းချင်း ဆက်ဆံရေးအတွက် အချက်(၄)ချက် ရေးသားထားသည်။ ”ခရစ်တော်၌ အသက်ရှင်ခြင်း၊ ကိုယ်တော်၏မေတ္တာတော်၌ နှစ်သိမ့်ခြင်း၊ ဝိညာဉ်တော်၌ မိဿဟာယဖွဲ့ခြင်း၊ အချင်းချင်း သနားကြင်နာခြင်း” ဖြစ်သည်။

F.B Meyer  က ဤသို့ရှင်းပြသည်။

၁။ ခရစ်တော်ဖြင့် ဆွဲဆောင်ခြင်း  

            ၂။ ချစ်ခြင်းမေတ္တာဖြင့် ဂရုစိုက်ခြင်း          

            ၃။ ဝိညာဉ်ရေးရာမျှဝေခြင်း

            ၄။ လူသားဆန်ခြင်းနှင့် သနားကြင်နာမှု

            ထို့ကြောင့် ယုံကြည်သူများ၏ စည်းလုံးညီညွတ်ရေးသည် ခရစ်တော်အား ဝတ်ပြုကိုးကွယ်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်သာ ဆောက်တည်နိုင်သည်။ ခရစ်တော်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြသော ယုံကြည်သူများ သည် ဟန်ဆောင်မှုကင်း၍ သင့်တင့်လျောက်ပတ်စွာ အချင်းချင်း ဆက်ဆံကြရသည်။

: ထို့ကြောင့် ဖိလိပ္ပိသားများအား သင့်တင့်ညီညွတ်စွာ ဆက်ဆံကြရန် ရှင်ပေါလုက မေတ္တာရပ်ခံခြင်းဖြစ်သည်။ ပျော်ရွှင်ခြင်းကို အဓိကထားရှေးရှုကြရန် သွန်သင်သည်။ ထိုအချိန်မှစ၍ ဖိလိပ္ပိသားများသည် ရှင်ပေါလုအား စိတ်ချမ်းသာမှု ပိုမိုဖြည့်စွမ်းပေးကြသည်။ ခဏတဖြုတ်မဟုတ်၊ ပျော်ရွှင်ခြင်း ခွက်ဖလား အစဉ်အမြဲ ပြည့်လျှံသည်။ အချင်းချင်းစိတ်ဝမ်း ကွဲပြားခြင်းမရှိဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်သဘော တညီတညွတ်တည်းရှိခြင်းဖြင့် ငါ့ဝမ်းမြောက်စရာ အကြောင်း စုံလင်စေသော ဟုဆိုထားသည်။

ခရစ်ယာန်များအားလုံး ထိုသို့လိုက်နာပြုကျင့်ရမည်ဟု ဆိုလိုပါသလား။ ခရစ်ယာန်ယုံကြည်ခြင်း၌ အခိုင်အမာ ရပ်တည်သူများအတွက် ထိုကဲ့သို့သော ကတောက်ကဆအဖြစ်အပျက်သည် ဖွဲနှင့်ဆန်ကွဲသာ ဖြစ်သည်။ တလုံးတဝတည်း ဖြစ်ခြင်းနှင့် တပုံစံတည်းဖြစ်ခြင်းသည် မတူညီပါ။ တပုံစံတည်းမဖြစ်ဘဲနှင့် တလုံးတဝတည်း မဖြစ်နိုင်ပါ။ အသေးအဖွဲကိစ္စ များတွင် စိတ်သဘောထားခြင်း မတူညီနိုင်သော်လည်း အခြားသူများ ထိခိုက်စေနိုင်သော ကိစ္စရပ်ဖြစ်လျှင် မိမိစိတ်သဘော ထားကို ချိုးနှိမ်ရသည်။

စိတ်ဝမ်းမကွဲဘဲဆိုခြင်းသည် ခရစ်တော်စိတ်ထားမျိုးဖြစ်သည်။ အရာခပ်သိမ်းကို ခရစ်တော်မြင်သကဲ့သို့ မြင်ရမည်။ ခရစ်တော်တုန့်ပြန်သကဲ့သို့ တုန့်ပြန်ရမည်။ တူညီသောမေတ္တာ ဆိုသည်မှာ ခရစ်တော်က ယုံကြည်သူများကို ချစ်ခြင်းမေတ္တာ မျိုး အချင်းချင်းထားရှိခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာ၏တန်ခိုးသည် တိုင်းတာတွက်ချက်၍မရပါ။ စိတ်တသဘောတည်း ရှိခြင်းဆိုသည်မှာ တစ်ခုတည်းသောရည်ရွယ်ချက်အတွက် ပန်းတိုင်ထိအောင် အတူတူလုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသို့ပြုမူ လုပ်ဆောင်ခြင်းသည် ခရစ်တော်၏ စိတ်သဘောထားမျိုးဖြစ်သည်။

: ရန်တွေ့လိုသောစိတ်နှင့် အချည်းအနှီး ကျော်စောကိတ္တိတပ်မက်ခြင်းသည် တလုံးတဝတည်း ဖြစ်ခြင်း၏ မဟာရန်သူများဖြစ်သည်။ ရန်တွေ့လိုသောစိတ်သည် အရာရာတွင် မိမိကိုယ်ကို နံပါတ်တစ် ထားရှိခြင်း ဖြစ်သည်။ အချည်းနှီး ကျော်စောကိတ္တိတပ်မက်ခြင်းမှာ မာနထောင်လွှားခြင်း၊ ဝါကြွားခြင်း၊ မိမိကိုယ်အား ဘုန်းတန်ခိုးရှင် စွမ်းအားရှင်သဖွယ် လူများဝိုင်းဝိုင်းလည်အောင် တတ်ယောင်ကား လုပ်ပြခြင်း ဖြစ်သည်။ ထိုအကျင့်ဆိုးများကို ဖြေဖျောက်သောနည်းလမ်းမှာ သူတပါးသည် ကိုယ့်ထက်သာ၍ ကောင်းမြတ်သည်ဟု မိမိကိုယ်ကိုနှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ခြင်းဖြစ်သည်။ သို့သော် မိမိကိုယ်ကျင့်သိက္ခာထက် ကောင်းမွန်ကြသည်ဟု ဆိုလိုခြင်းမဟုတ်။ မိမိအရေးထက် သူများအရာကို ဦးစားပေးရမည်။ အတ္တကို လျှော့ပစ်ရမည်ဟု ဆိုလိုသည်။ ထိုနှုတ်ကပတ်တော်သည် ဖတ်ရှုကြားသိရန် လွယ်ကူသော်လည်း လက်တွေ့အသက်တာတွင် ကျင့်ကြံရန် မလွယ်ကူချေ။ အခြားသူများကို မိမိအရေးထက် ဦးစားပေးရန် မလွယ်။ လူ့စိတ်သဘောဖြင့် လုပ်ဆောင်ရန်မလွယ်။ သို့သော် မိမိအထဲ၌ သန့်ရှင်းသောဝိညာဉ်တော် ပါရှိလျှင် လွယ်လွယ် လေး၊ ရိုးရိုးလေးဖြစ်ပါသည်။

: မိမိအမှုအရာထက် သူများအခက်အခဲကို ပါဝင်ကူညီခြင်းသည် စိတ်ဝင်စားဖွယ်ကောင်းသော ခရစ်ယာန် အသက်တာဖြစ်သည်။ ဤအခန်း၏ အဓိကသော့ချက်စကားလုံးမှာ အခြားသူများ ဖြစ်သည်။ မိမိဘဝထက် အခြားသူများ ၏အရေးကို ရှုမှတ်ရမည့် အဓိကသွန်သင်ချက်ဖြစ်သည်။

တပါးသူများကို ဟုတ်ပါသည်၊ မှန်ပါသည်၊

                        ခရစ်ယာန်ဆောင်ပုဒ်ဖြစ်သည်။    

                        တပါးသူများအတွက် အသက်ရှင်ပါရစေ၊   

                        ကိုယ်တော်ကဲ့သို့ အသက်ရှင်ပါမည်။

                                                                        Charles.D.Meigs

            : ယေရှုခရစ်တော်ရှိသော စိတ်သဘောထားမျိုးကို သင်တို့၌လည်း ရှိစေကြလော့။ ဖိလိပ္ပိသားများရှေ့တွင် ယေရှုခရစ်တော်အား ပုံဥပမာပြသခြင်းဖြစ်သည်။ မည်ကဲ့သို့စိတ်သဘောထားမျိုးနည်း။ တပါးသူများအပေါ်တွင် ထားရှိသည့် စိတ်သဘောထားသည် မည်ကဲ့သို့နည်း။ ယေရှုခရစ်တော်၏ စိတ်သဘောထားကို Guy  ဘုရင်က ဤသို့ဆိုထားသည်။ (၁) အတ္တကင်းခြင်း၊ (၂) စွန့်လွှတ်သော စိတ်သဘောထား၊ (၃) ကျိုးနွံသောအစေခံစိတ်သဘောထား၊ (၄) ယေရှုခရစ်တော်သည် လူများကောင်းကျိုး ချမ်းသာသာလျှင် အစဉ်ဦးစားပေးသည်။ (၁ဝ)

မိမိခံစားရသောဝေဒနာအတွက်  မျက်ရည်မကျ။                

            သို့သော် သူများအတွက် ချွေးနှင့်သွေးရွှဲနစ်ခဲ့သည်။

                                                                        Charles.H.Gabriel

            : ယေရှုခရစ်တော်သည် ဘုရားဇာတိတော်နှင့် ပြည့်စုံသည်ဟုဆိုရာတွင် ထာဝရကာလ ဘုရားသခင်ဖြစ်သည် ဟုဆိုသည်။ ဘုရားသခင်နှင့် အသွင်သဏ္ဍာန်တူခြင်းသာမဟုတ်။ ဘုရားသခင်နှင့် အမှုအရာအားလုံး တူညီသည်။

အတင်းအဓမ္မဘုရားသခင်နှင့် လိုက်တုခြင်းမဟုတ်ပါ။ ပုဂ္ဂိုလ်ရေးတူခြင်းနှင့် ရာထူးဋ္ဌာနန္တရအရ တူညီခြင်းနှစ်ခု ရှိပါသည်။ ပုဂ္ဂိုလ်ရေးအရ ယေရှုသည် ဘုရားဖြစ်ခဲ့သည်၊ ဖြစ်နေသည်။ နောင်လည်း ဖြစ်နေဦးမည်။ ထို့ကြောင့် ပုဂ္ဂိုလ်ဦး ဖြစ်နေဦးမည်။ ပုဂ္ဂိုလ်ရေးအရဆိုလျှင် ယေရှုသည် ဘုရားသခင်နှင့် တန်းတူရည်တူဖြစ်သည်။ သို့သော် ရာထူးဋ္ဌာနန္တရချင်း မတူညီပါ။ လောကအပြစ်သားများ ကယ်တင်ရန် လိုအပ်သောအခါ ထိုကယ်တင်ပေးမည့် ယေရှုခရစ်တော်တွင် ဘုရားသခင် ၏ဘုန်းတန်ခိုးပြည့်စုံရန် လိုအပ်သည်။ ကောင်းကင်နိုင်ငံငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းအတိရှိရသည်။ ထိုအရာများကို ဖက်တွယ်မနေပါ။

ထို့ကြောင့် လိုလားကြည်ဖြူစွာ လူ့လောကသို့ ကိုယ်တော်ဆင်းသက်လာခြင်းဖြစ်သည်။ အဘဘုရားသခင်သည် ဘယ်သောအခါမှ တံတွေးထွေးခံရခြင်း၊ ရိုက်နှက်ခံရခြင်း၊ ကားတိုင်တွင် အသေခံရိုးမရှိ။ ထို့ကြောင့် ခမည်းတော်သည် သားတော်ထက် ရာထူးဋ္ဌာနန္တရကြီးမြတ်သည်။ ထိုအကြောင်းကို ယော ၁၄:၂၈ တွင် ”ခမည်းတော်သည် ငါ့ထက်ကြီးမြတ် တော်မူ၏။ သို့ဖြစ်၍ သင်တို့ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားရသည်ကို ဝမ်းမြောက်ကြလိမ့်မည်” ဟု ယေရှုမိန့်မှာ ထားသည်။ တမျိုးပြောရလျှင် ကိုယ်တော်ဘုရား ကောင်းကင်သို့ ကြွသွားခြင်းသည် တမန်တော်များ ပျော်ရွှင်ကြရမည်။ လောကမှာ ကိုယ်တော်ရှိနေစဉ်အခါက လူသားများ၏ ညှဉ်းပန်းရက်စက်ခြင်း၊ ငြင်းပယ်ခြင်းခံခဲ့ရသည်။ ခမည်းတော်ထက် အဆင့်နိမ့်ကျစွာ ဆက်ဆံခြင်းခံရသည်။ ထို့ကြောင့် ခမည်းတော်နှင့် ဋ္ဌာနန္တရကွာခြားသည်။ သို့သော် ကောင်းကင်နိုင်ငံသို့ ပြန်လည်ရောက်ရှိသောအခါတွင်မူ ခမည်းတော်နှင့်တဖန် တန်းတူရည်တူဖြစ်သွားသည်။

Gifford  က ဤသို့ရှင်းပြသည်။

ထိုအရာသည် သဘာဝအားဖြင့် မဟုတ်သကဲ့သို့ အနှစ်သာရအားဖြင့်လည်း မဟုတ်ပါ။ ထိုအကြောင်းကိုသို့ရာတွင် အဓမ္မနည်းဖြင့် ဘုရားသခင်နှင့် ဂုဏ်ရည်တူရန် ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူဟု ကျမ်းစကား သက်သေရှိပါသည်။ အခြားတစ်ခု စဉ်းစားရသည်မှာ အခြားသူများအတွက် ဦးစားပေးခြင်း ဖြစ်သည်။ ၂ကော : တွင် ကိုယ်တော်သည် ကြွယ်ဝတော်မူသော်လည်း သင်တို့၏အကျိုးငှာ ဆင်းရဲခံတော်မူ၏။ ဆင်းရဲခံတော်မူရခြင်းမှာ သင်တို့ကြွယ်ဝလာစေရန်အတွက် ဖြစ်သည်ဟု ရှင်ပေါလုက ရှင်းပြထားသည်။ ဤနေရာတွင် ယေရှု၏ ဘဝသွင်ပြင် အပြောင်းအလဲရှိသော်လည်း အနှစ်သာရအားဖြင့် မပြောင်းလဲပါ။ ဘုရားသခင်သားတော်ဖြစ်သည့်အတိုင်း ဘုန်းတန်ခိုး အာနုဘော်တို့သည် ပြောင်းလဲခြင်းမရှိ။ ဘုရားဇာတိတော်နှင့် နိမ့်ကျသောလူ့ဇာတိကို ခံယူခြင်းသာ ဖြစ်သည်။၁၁

            : မိမိအသရေကိုစွန့်၍ ဟုဆိုထားသည်။ ထိုစကားမှာ ကိုယ်တော်တွင် ဘာမှမကျန်ရှိခြင်းကို ဆိုလိုသည်။ ထိုသို့ပြောရာတွင် ”မည်ကဲ့သို့ ဘာမှမကျန်ရှိအောင်၊ လွတ်လပ်လဟာဖြစ်သွားသနည်း” ဟု မေးဖွယ်ရာ ရှိပါသည်။

ဤသို့ ဖြေရပါမည်။ လူ့ကြိုးပမ်းချက်များသည် အချည်းအနှီးဖြစ်ကြောင်း၊ ခရစ်တော်၏ဇာတိတော်ဖြင့် ပြသသည်။ အချို့က သခင်ယေရှု လူ့လောကမှာရှိနေစဉ် အသိတရား၊ ဉာဏ်ပညာ၊ တန်ခိုးဘာမှမရှိဟုဆိုကြသည်။ တချိန်တည်းတွင် နေရာထိုင်ခင်း၌ မရှိနိုင်ဟုဆိုကြသည်။ လောကတွင် လူသားအဖြစ်ဖြင့်သာ ရောက်ခြင်းဖြစ်သည်ဟု အချို့ကဆိုသည်။ အချို့က ကန့်သတ်ချက်ဖြင့်လာသည်ဟု ဆိုကြသည်။ အချို့က ဒဏ္ဍာရီပုံပြင် ဆန်သည်ဟု ဆိုကြသည်။

ထိုအချက်အားလုံးကို ငြင်းပယ်ပါသည်။ သခင်ခရစ်တော် လူ့လောကသို့ရှိနေစဉ် ဘုရားသခင်ဇာတိတော်နှင့် ကင်းလွတ်ခြင်းအလျဉ်းမရှိပါ။ လောကတွင်ရှိနေစဉ် –

အရာခပ်သိမ်းကို သိသည်။

            နေရာတိုင်းတွင် ရှိသည်။ (တချိန်တည်းတွင် နေရာတိုင်း၌ရှိသည်)    

            ဘုန်းတန်ခိုးအပြည့်ရှိသည်။

            မိမိအသရေကို စွန့်၍ ဆိုခြင်းမှာ အဘဘုရားသခင်နှင့် ကောင်းကင်နိုင်ငံတွင် တန်းတူရည်တူရှိသော ဘဝကို စွန့်၍ လူ့ဇာတိအသွေးအသားခံယူခြင်းကို ဆိုလိုသည်။ ဘုန်းတန်ခိုးအပြည့်အဝရှိသော်လည်း ဝှက်ယူထားသည်။ ရုပ်ပြောင်း၊ ရုပ်လွဲလုပ်သော တောင်တော်ပေါ်မှာ ဘုန်းတန်ခိုးတောက်ပသည်ကိုတွေ့ရမည်။ အကယ်၍ လူ့လောကမှာရှိနေစဉ် ဘုန်းတန်ခိုးမရှိခဲ့လျှင် ထိုကဲ့သို့ ဘုရားသခင် သဏ္ဍန် ဖော်ထုတ် ပြသစရာ အကြောင်းမရှိ။

ထို့ကြောင့် မိမိအသရေကိုစွန့်၍ ဟူသောကျမ်းစကားသည် အထူးဆင်ခြင်ရမည့်အချက်ဖြစ်သည်။ ထို့ထက် ရှင်းလင်းအောင်ရှင်းပြရလျှင် မိမိကိုယ်၌ ဘာမှမရှိခြင်းဆိုသည်မှာ အစေခံဘဝခံယူခြင်း၊ လူသားများကဲ့သို့ ရှိခြင်းဖြစ်သည်။ တနည်းပြောရလျှင် တခါမှမကြုံဘူးသည့်ဘဝကို ခံယူခြင်းဖြစ်သည်။ လူ့ဇာတိ၊ လူ့ဘဝ၊ လူသားဆန်ခြင်းဖြစ်သည်။ ကောင်းကင်တွင် ဇာတိတော် ဘုံနန်းမစံဘဲ ခေတ္တခဏ လူ့ဘဝခံယူခြင်းဖြစ်သည်။

အကယ်၍ လူသားစင်စစ်ဖြစ်လာလျှင် ထိုမိမိကိုယ်၌ ဘာမှမရှိ လွတ်လပ်လဟာ ဖြစ်လာစရာအကြောင်းမရှိ။ လူသည် မွေးလာသည့်အချိန်မှစ၍ လွတ်လပ်လဟာဖြစ်ခြင်း တခါမှမရှိဘူးကြပါ။ သို့သော် သခင်ဘုရား လူ့ဇာတိခံယူလာသောအခါ ကြုံရသည်။ ဆုံရသည်။ စင်စစ် ဘုရားသခင်ဖြစ်၍သာ ကြုံဆုံရခြင်းဖြစ်သည်။

အစေခံ၏ ဇာတိကို ခံယူတော်မူခြင်းဆိုသည်မှာ ကယ်တင်ရှင်ဘဝကို အကျဉ်းချုံး၍ ဖော်ပြခြင်းဖြစ်သည်။ ယော ၁၃:၁၄ တွင် ”ယေရှုသည် စားပွဲတော်မှထ၍ ဝတ်လုံတော်ကို ချွတ်တော်မူပြီးလျှင် ပုဝါကိုယူ၍ ခါးကိုစည်းတော်မူ၏”ဟု ဆိုထားသည်။ တဘက်သို့ မဟုတ်။ ခါးစည်းဆိုသည်မှာ အစေခံများ၏ ကိရိယာအသုံးအဆောင်ဖြစ်သည်။ ကျွန်များ၊ အစေခံများ၏ လက်စွဲဖြစ်သည်။ သို့သော် ထိုနေရာတွင် ယေရှုက မင်္ဂလာအဖြစ်သုံးသည်။ အဘယ့်ကြောင့်ဆိုသော် ယေရှုက ”လူသားသည် သူတပါးအားစေစားရန် လာသည်မဟုတ်၊ သူတပါး၏အစေခံကိုခံရန်နှင့် မိမိအသက်ကိုစွန့်၍ လူများအား ရွေးနှုတ်ရန် ကြွလာသည်” (မ ၂ဝး၂၈)ဟုဆိုထားသည်။ ဤကျမ်းပိုဒ်သို့ ပြန်လည်အာရုံစူးစိုက်ကြပါစို့။ ဖိလိပ္ပိအသင်း တော်သားများအား ခရစ်တော်စိတ်သဘောထားမျိုးရှိကြရန် တိုက်တွန်းထားသည်။ ခပ်တိုတိုပြောရလျှင် ယေရှုခရစ်တော်၏ စိတ်သဘောထားမှာ နှိမ့်ချသောစိတ်ဖြင့် အခြားသူများ၏ အစေခံရန်ဖြစ်သည်။ အငြင်းပွားရန် စကားများမည့်အစား တစ်ဦးကိုတစ်ဦး ဖေးမကူညီရန်ဖြစ်သည်။ သူတပါးအတွက် အသေခံပေးချင်စိတ်ရှိသူသည် ဘယ်သောအခါမှ ထိုသူနှင့် ရန်ဖြစ်ရိုးထုံးစံမရှိ။

ခရစ်တော် လူ့လောကသို့ လူ့ဘဝခံယူခြင်းဆိုသည်မှာ လူသားဘဝစစ်စစ်ခံယူခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်းသည် သခင်ဘုရား၏ဇာတိတော်တွင် ပါဝင်သည်။ ကိုယ်တော်သည် ဘုရားစင်စစ်ဖြစ်သကဲ့သို့ လူသားစစ်စစ်လည်းဖြစ်သည်။ အံ့ဖွယ်ကောင်းလေစွ။ လူ့ဦးနှောက်ဖြင့် နားလည်နိုင်စွမ်းရှိသည်မဟုတ်။

: ဘုရားသားတော် ယေရှုခရစ်၏နှိမ့်ချခြင်းအကြောင်း၊ နှိမ့်ချမှု၏လေးနက်ခြင်းအကြောင်း ရှင်းပြသည်။ ကိုယ်တော်သည် ကောင်းကင်စည်းစိမ် ဘုန်းအသရေများကိုသာ စွန့်ခွာသည်မဟုတ်။ ကိုယ်တော်တိုင်လည်း လွတ်လပ်လဟာ ဖြစ်ခဲ့သည်။ အစေခံဘဝကိုခံယူသည်။ လူ့ဇာတိကိုခံယူသည်။ အောက်ကျို့နှိမ့်ချခြင်း အကြောင်းကို ဤကျမ်းပိုဒ်တွင် တွေ့ရသည်။ လူသားများဝိညာဉ်ကယ်တင်ဖို့ရန် ထိုသို့ အောက်ကျို့နှိမ့်ချခြင်းသည် လေးနက်လှပါသည်။ နာမတော်သည် သာ၍ကောင်းကြီးမင်္ဂလာပြည့်ဝပါစေသော်။

အသေခံတော်မူသည့်တိုင်အောင် မိမိကိုယ်ကိုနှိမ့်ချပါသည်။ လူ့မျက်စိအမြင်တွင်မူ မယုံကြည်နိုင်အောင်ဖြစ်ပါသည်။ အောက်ကျို့နှိမ့်ချစွာ နာခံခြင်းလမ်းစဉ်ကိုလိုက်သည်။ သေခြင်းကိုနာခံသည် ဆိုသည်မှာ အဆုံးစွန်ထိအောင် နာခံသည်ဟုဆိုသည်။ စင်စစ်တွင်မူ ရှိသမျှကိုရောင်း၍ အဖိုးထိုက်တန်သော ပုလဲကိုဝယ်ယူခြင်း (မ ၁၃:၄၆)ဖြစ်သည်။

လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူသည်။ လက်ဝါးကပ်တိုင်တွင် သေခြင်းဆိုသည်မှာ ရှက်ဖွယ်အကောင်းဆုံးသော အနိဌာရုံဖြစ်သည်။ လူသတ်သမားပင်လျှင် ခေါင်းဖြတ်စက်၊ လျှပ်စစ် ဆုံလယ်ဓါတ်ငွေ့ လွှတ်သတ်ခြင်းဖြင့် သေဒဏ်ပေးကြသည်။ လက်ဝါးကပ်တိုင်သည် ထိုထက်ကျက်သရေ ယုတ်သည်။ ကောင်းကင်ဘုံမှ ဆင်းသတ်လာ၍ ထိုသို့ အသေခံခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ကိုယ်တော်ကို လူ့သဘာဝအတိုင်း အိုခြင်း၊နာခြာင်း၊ သေခြင်းဖြင့် မသေစေလိုပါ။ မတော်တဆတိုက်ဆိုင်၍ အသေခံခြင်းမဖြစ်စေလို။ အရှက်ရဖွယ်ရာ ကားတိုင်ပေါ်တွင် အသေခံဖို့ ဗျာဒိတ် တော်ရှိခဲ့သည်။

: ပြီးခဲ့သောအပိုဒ်များတွင် ယေရှုခရစ်တော်လုပ်ဆောင်ချက်များ တွေ့ခဲ့သည်။ ဤအပိုဒ်တွင် ခေါင်းစဉ်ပြောင်း ထားသည်။ ကိုယ်တော်သည်မိမိကိုယ်ကိုငြင်းပယ်သည့်လမ်းစဉ်ကို ရွေးလျှောက်သည်။ မိမိနာမည်ထင်ရှားဖို့မလုပ်။ နှိမ်ချ စွာနေသည်။

ယခုဘုရားသခင်ပြုခဲ့သောအမှုတော်ကိုပြန်ကြည့်ရအောင်။ ကိုယ်တော်ဘုရားက မိမိကိုယ်ကို အောက်ကျို့နှိမ့်ချ စွာနေသောကြောင့် ဘုရားသခင်ကလည်း အထက်ဘဝင်္ဂသို့တိုင်အောင် ချီးမြောက်သည်။ မိမိနာမတော်ထင်ရှားဖို့ မရှာကြံခဲ့သောကြောင့် အရာခပ်သိမ်း၏အထက်တွင် ချီးမြှင့်ခြင်းဖြစ်သည်။ လူတိုင်းအားကိုယ်တော်ဒူးထောက်ခဲ့သောကြောင့် ကိုယ်တော်သို့တဖန်အရာခပ်သိမ်း ဒူးထောက်မည့်အကြောင်း ဘုရားသခင် ပြင်ဆင်ပေးပါသည်။ ဖိလိပ္ပိ သားများနှင့်အတူ ယုံကြည်သူများကို သင်ခန်းစာပေးပါသည်။ သင်ခန်းစာက ရှင်းပါသည်။ မိမိကိုယ်ကိုချီးမြှောက်ခြင်း မပြုဘဲ၊ အခြားသူများ၏ အစေခံရန်ဖြစ်သည်။ ထိုသို့ပြုခြင်းအတွက် ဘုရားသခင်စီရင်ပေးမည့် အချိန်ကောင်းရှိသည်။

ဘုရားသခင်သည် ခရစ်တော်သေခြင်းမှ ရှင်ပြန်ထမြောက်စေပြီး၊ ကောင်းကင်ဘုံ အဘဘုရားသခင်၏ လက်ယာ တော်ဘက်တွင် စိုးစံတော်မူပါသည်။ ထိုမျှသာမကဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော် မူသည်။

ကျမ်းစာပညာရှင်က ဘွဲ့နာမ ဟူသောစကားလုံးကို ဟေရှာ ၄၅:၂၂၊၂၃ တွင် ”ယေဟောဝါနာမတော်မြတ်၌ ယေရှုဟု ဆိုကြသည်။

အချို့က စကြဝဠာအရာခပ်သိမ်း၏ အထက်တွင်ထားရှိခြင်းဖြစ်သည်ဟု ဆိုကြသည်။ နှစ်ခုစလုံး လက်သင့် ခံ ကြပါသည်။

:၁ဝ သခင်ခရစ်တော်ဘုရားပြုတော်မူသော ကယ်တင်ခြင်းတရားသည် ပြီးပြည့်စုံသောကြောင့် လူတိုင်းက ခရစ်တော်အား ဒူးထောက်ကြရမည့်ကောင်းကင်မြေကြီး၊ မြေအောက်ရှိသတ္တဝါတိုင်းက အညံ့ခံကြရမည်။ သို့သော် ထိုဒူးထောက်သော သတ္တဝါတိုင်း ကယ်တင်ခြင်း ရရှိကြမည်ဟု မသက်ရောက်ပါ။ စိတ်မပါဘဲနှင့် အညံ့ခံဒူးထောက် သူများသည် တစ်နေ့ ပေါ်လာလိမ့်မည်။ ကိုယ်တော်နှင့် ငြိမ်းချမ်းပြေလည်ခြင်း မရှိသူများသည် ကျေးဇူးတော် ကျရောက်မည့် တရားစီရင်ရာနေ့၌ အဖြေရလာဒ်ခံစားကြရမည်။

:၁၁ ဘုရားသခင်သည် ဗက်သလင်၊ ဂေသရှေမန်မှ ကရာနီတိုင်အောင် ခရီးရှည်ချီတက်ခဲ့သည်။ သို့သော် ကိုယ်တော်ဘုရား မူလကောင်းကင်သို့ ပြန်ရောက်သောအခါ စကြဝဠာ မိုးမြေတစ်ခုလုံးက ဘုရားစစ်ဘုရားမှန် ဖြစ်ကြောင်း သိရှိခံယူကြသည်။ တချိန်ကငြင်းပယ်ခဲ့ကြသူများသည်လည်း နာဇရက်ယေရှုသည် ဘုရားသခင် အမှန်အကန်ဖြစ်ကြောင်း အမြင်မှန်ရလာကြသည်။

ယေရှုခရစ်တော်၏ ပြီးပြည့်စုံသောအမှုတော်အကြောင်း အဆုံးမသတ်မီ၊ ဖိလိပ္ပိအသင်းတော်၏ ပြဿနာငယ်တစ်ခုကို ပြောပြချင်သည်။ ပေါလုကထိုပြဿနာဖြေရှင်းနည်းကို မပြောပြပါ။ သန့်ရှင်းသူများ၏ အတ္တစိတ်အား ပဲ့ပြင်ပေးရေး၊ ဝိညာဉ်ရေးရာရင့်ကျက်ရေးကိုသာ ရှေးရှုသည်။ အခက်အခဲပြဿနာဖြေရှင်းနည်းမှာ ယေရှုစိတ်သဘောထားမျိုး ရှိခြင်း ဖြစ်သည်။ ပေါလုသည်အခြေအနေအရပ်ရပ်တွင် သခင်ဘုရားကိုအားကိုးသည်။ Erdman က” သမ္မာတရားကို ပြပေးနိုင်သော်လည်း ကိုယ်တိုင်ရှာဖွေသိရှိခြင်းငှာ အဖိုးတန် ကျောက်မျက်ရတနာကို မြေကြီးတွင်မြှုပ်ထားသကဲ့သို့ ဝှက်ထားသည်”၁၂ ဟုဆိုသည်။

:၁၂ စံနမူနာယူစရာ ခရစ်တော်၏ကောင်းမြတ်ခြင်းများကို ပုံပမာပေးပြီးနောက်၊ ဖိလိပ္ပိအသင်းသားများအား တဖန်တိုက်တွန်းနိုးဆော်သည်။ ဖိလိပ္ပိတွင် ရှင်ပေါလုနေခဲ့စဉ်ကာလတွင် ဖိလိပ္ပိသားများသည် ပေါလုစကားကို နားထောင် ကြသည်။ ယခုသူတို့နှင့်အတူ ပေါလုမရှိသောအခါ ဖိလိပ္ပိသားများ၏ ကိုယ်ကျင့်တရားဖြင့် ကယ်တင်ခြင်းရရှိခြင်းအတွက် စိတ်ပူပန်နေသည်။

ဤကျမ်းပိုဒ်နှင့်ပတ်သက်၍ စဉ်စားစရာ ရှုပ်ထွေးသည်။ မိမိအဖြစ်ဖြင့် ကယ်တင်ခြင်းမရှိနိုင်ကြောင်း ရှင်ပေါလုသွန်သင်ခဲ့သည်မှာ သေချာသည်။ သို့ကြောင့် ကိုယ်ကျင့်တရားကောင်းမှုကုသိုလ်ဖြင့် ကယ်တင်ခြင်း မရနိုင်ကြောင်း ထပ်မံရေးသား သတိပေးခြင်းဖြစ်သည်။ ဤကျမ်းပိုဒ်၏အနက်ကို အောက်ပါအတိုင်း နားလည်ရသည်။

၁။        ကျွန်ုပ်တို့အထဲတွင် ဘုရားသခင်ပါရှိခြင်းဖြင့် ကယ်တင်ခြင်းရရှိနိုင်သည်။ ထိုကယ်တင်ခြင်းဟူသော ထာဝရအသက်ကို အခမဲ့ဘုရားသခင်က လက်ဆောင်အဖြစ်ပေးသည်။ လက်တွေ့ဘဝအသက်တာတွင် သန့်ရှင်းစင်ကြယ်စွာနေရသည်။

၂။         ကယ်တင်ခြင်း ဆိုသည်မှာ ဤနေရာတွင် ဖိလိပ္ပိသားများအတွက် ပြဿနာ၏အဖြေဖြစ်သည်။ ဖိလိပ္ပိသားများသည် ကယ်တင်ခြင်းအကြောင်းနှင့်ပတ်သက်၍ ခွန်းကြီးခွန်းငယ်များဖြစ်နေကြသည်။ ရန်ဆောင်နေကြသည်။ ပေါလုက ဖြေဆေးပို့ပေးသည်။ ထိုဖြေဆေးမှာ အခြားမဟုတ်။ ခရစ်တော်ကဲ့သို့ စိတ်သဘောထားရန်ဖြစ်သည်။ ထိုအဖြေသည် မိမိကောင်းမှုကုသိုလ်ဖြင့် ကယ်တင်ခြင်း ရရှိသည်ဟူသော ပြဿနာကို ဖြေရှင်းပေးမည်။

ဤနေရာတွင်ပြောသော ကယ်တင်ခြင်းဆိုသည်မှာ ဝိညာဉ်ကယ်တင်ခြင်း မဟုတ်ပါ။ ခရစ်ယာန်အသက်တာ ကြီးထွားခြင်းကို အဟန့်အတားပြုသောအတားအဆီးများမှ ကယ်တင်ခြင်းဖြစ်သည်။ Vine ကလည်း ”မျက်မှောက်ကြုံတွေ့နေရသော အန္တရာယ်ဆိုးမှ လွတ်မြောက်ခြင်းဖြစ်သည်” ဟုဆိုထားပါသည်။

ဓမ္မသစ်ကျမ်းတွင် ကယ်တင်ခြင်းကို အဓိပ္ပါယ်အမျိုးမျိုးဖြင့် သုံးထားပါသည်။ ၁:၁၉ တွင် အကျဉ်းထောင်မှ လွတ်ခြင်း၊ ၁:၂၈ တွင် လက်ရှိခန္ဓာကိုယ်တွင် ခံစားကြုံတွေ့နေရသောအပြစ်မှ ကယ်ထုတ်ခြင်းအဖြစ် သုံးနှုန်းထားသည်။ အကြောင်းအရာလိုက်၍ အမျိုးမျိုးသုံးထားသည်။ ဤကျမ်းပိုဒ်တွင်မူ ပြဿနာဖြေရှင်းခြင်းအဖြစ် သုံးထားသည်။

:၁၃ ဘုရားသခင်က လိုချင်ခြင်းရှိကြရန်နှင့် ပျော်ရွှင်ခြင်းရှိကြရန် ကယ်တင်ခြင်း ပေးသနားကြောင်း ရေးပြထား သည်။ ဆိုလိုသည်မှာ ဘုရားအမှုတော်မှာ မွေ့လျော်ခြင်း၊ ကယ်တင်ခြင်းလိုချင်ခြင်း၊ စိတ်သဘောထားများသည်လည်း ဘုရားသခင်လမ်းစဉ်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့စိတ်နှလုံးထဲတွင် တန်ခိုးအားဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

တဖန် ဘုရားသခင်နှင့် လူအကြား အံ့ဩဖွယ်ရာတွေ့ရှိရသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိဖို့ လက်လှမ်း ခေါ်ခံရသူများဖြစ်သည်။ တမျိုးပြောရလျှင် ဘုရားသခင် ဖွင့်ပြမှုပါမှသာလျှင် သိရှိနားလည်နိုင်သည်။ လူသည် လူ့ဘက်မှ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်လျှင် ဘုရားသခင်ကလည်း အမှုတော်အတိုင်း ဆက်လက်လုပ်ဆောင်သွားပါသည်။ (ဤအချက်သည် အပြစ်ခွင့်လွှတ်ခြင်း၊ အသစ်တဖန်မွေးခြင်းနှင့်မဆိုင်၊ ရွေးနှုတ်ခြင်းသည် ဘုရားသခင်ဘက်မှ အမှုသက် သက်ဖြစ်သည်။ လူ့ဘက်ကမူ ရိုးရိုးလေးယုံကြည်ဖို့သာ ဖြစ်သည်)။

:၁၄ ထို့ကြောင့် မည်သည့်အမှုအရာလုပ်လုပ်၊ ဆင်ခြေပေးခြင်း၊ မေးခွန်းထုတ်ခြင်းမပြုဘဲ ကျေနပ်စွာ လုပ်ဆောင်ကြရမည်။ မည်ကဲ့သို့ ခက်ခဲပါစေ၊ အဆုံးတွင်မူ အောင်ပွဲသာရှိပါသည်။ ဆင်ခြေဆင်လက်နှင့် စောဒကသည် သင်္ချိုင်းကုန်းသို့ လမ်းပြတတ်ပါသည်။

:၁၅ ဆင်ခြေလက်ခြေနှင့် စောဒကကင်းလျှင် အပြစ်တင်မေးငေါ့စရာမရှိ။ ဘေးအန္တရာယ်မရှိ။  သွားရာလမ်းခရီး ဖြောင့်ဖြူးပါမည်။ အပြစ်တင်စရာမရှိဆိုခြင်းမှာ စွဲချက်တင်စရာမရှိ (ဒံ ၆:၄) ခြင်းဖြစ်သည်။ အပြစ်တင်စရာမရှိသူလည်း အပြစ်လုပ်ကောင်းလုပ်နိုင်ပါသည်။ သို့သော် ဝန်ချတောင်းပန်သဖြင့် အပြစ်ကျေအေးသွားသည်။ ဘေးအန္တရာယ်မရှိ ဆိုခြင်း မှာ လိမ်ညာလှည့်ဖျားခြင်းမရှိသဖြင့် ဘေးမသီရန်မခခြင်း ဖြစ်သည်။

အပြစ်ဆိုဖွယ်မရှိသော ဘုရားသခင်၏သားသမီးများအနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျှက် အပြစ်ကင်းသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသားသမီးများသည် လောကအမှောင်နှင့်ပတ်သက်ခြင်းမရှိ။ ကင်းကွာမည့်အကြောင်း ဖြစ်သည်။

ဖိလိပ္ပိသားများကို မဟူရာညမှောင်ထဲမှ အလင်းများအဖြစ် တင်စားထားသည်။ ညသည် မှောင်မိုက်လေလေ၊ အလင်း သည် ပိုမိုတောက်ပလေလေဖြစ်ပါသည်။ ခရစ်ယာန်များသည် အလင်း သို့မဟုတ် အလင်းဆောင်ကြဉ်းသူများ ဖြစ်သည်။ အလင်းဖန်တီးရှင်များမဟုတ်သော်လည်း ဘုရားသခင်၏အလင်းကို ရောင်ပြန်ဟပ်စေသူများဖြစ်သည်။ ထိုသို့ရောင်ပြန် ဟပ်စေခြင်းဖြင့် လောကသားများက ယေရှုကို မြင်နိုင်ကြရသည်။

:၁၆ မြဲမြံစွာ ဆုပ်ကိုင်ခြင်းဆိုသည်မှာ အသက်တာဖြင့် အသေခံခြင်းဖြစ်သည်။ ယုံကြည်သူများသည် အလင်းဖြစ်ကြ သော်လည်း အသံဖြင့်သက်သေခံရန်လိုသေးသည်။ သက်သေခံရာတွင် နှုတ်နှင့်အသက်တာဖြင့် သက်သေခံရာတွင်နှုတ်နှင့် အသက်တာဖြင့် သက်သေခံသနည်းဟူ၍ (၂)မျိုးရှိပါသည်။

ဤအချက်များနှင့် ပြည့်စုံသော ဖိလိပ္ပိသားများသည် ခရစ်တော်၏နေ့ရက်တွင် ကောင်းကြီးခံစားကြရမည်ဟု ရှင်ပေါလုက ယုံကြည်သည်။ ဝိညာဉ်များကယ်တင်ခြင်း ရရှိကြရုံသာမက ခရစ်တော်ထံတော်ပါး၌လည်း ပြည့်စုံခြင်းရှိကြမည် (ကော ၁:၂၈)

သခင်ခရစ်တော်၏နေ့ရက်ဆိုသည်မှာ ကိုယ်တော်ဘုရားပြန်လည်ကြွလာ၍ ယုံကြည်သူများ၏အမှုစီရင်ခြင်းနေ့ရက် (၁:၆၊၁ဝ)ဖြစ်သည်။ ဖိလိပ္ပိသားများသည်လည်း သခင်အမှုတော်မြတ်၌ သစ္စာရှိကြသောကြောင့် ထိုနေ့ရက်၌ ပေါလု၏ အမှုတော်ဆောင်ခြင်းအား သက်သေခံဖြစ်ကြမည်။ ပေါလု၏ အမှုတော်ဆောင်ခြင်းလည်း အချည်းနှီးဖြစ်တော့မည်မဟုတ်။

၄။ ခရစ်တော်ကို နမူနာယူကြသော ပေါလု၊ တိမောသေနှင့် ဧပဖြောဒိတ် (:၁၇၃ဝ)

          သခင်ယေရှု၏ နူးညံ့သိမ်မွေ့သော စိတ်သဘောထားကို ပြသသည်။ ”ယေရှုက ဘုရားဘဲ၊ ငါတို့က သေမျိုးဘဲ၊ ဘယ်တူမလဲ”ဟု ပြောချင်ကြမည်။ ထို့ကြောင့် ရှင်ပေါလုက ရှင်ပေါလုကိုယ်တိုင်၊ တိမောသေနှင့် ဧပဖြောဒိတ်တို့ကို ဥပမာ(၃)ခုအဖြစ် တင်ဆက်ထားသည်။ အကယ်၍ ခရစ်တော်ကို နေဟုတင်စားလျှင် ဤလူ(၃)ယောက်သည် နေ၏ အလင်းရောင်ကို ပြန်ဟပ်စေသောလများဖြစ်ကြသည်။ ထိုသူ(၃)ယောက်သည် လောကအမှောင်ထဲမှ ပိုးစုန်းကြူး များဖြစ်သည်။

:၁၇ ဖိလိပ္ပိယုံကြည်သူများနှင့် ရှင်ပေါလုအကြားဆက်ဆံမှုကို ပုံဥပမာဖြင့် ဖော်ကျူးထားသည်။ ယုဒထုံးတမ်း စဉ်လာအသုံးပြုသော ယဇ်ပူဇော်သက္ကာအသုံးအဆောင်များကို ထုတ်ပြထားသည်။ ဖိလိပ္ပိသားများကို ယဇ်ပူဇော်သက္ကာပြုမည့် သူများအဖြစ်၎င်း၊ သူတို့၏ယုံကြည်ခြင်းကို ယဇ်ပူဇော်သက္ကာ အဖြစ်၎င်း၊ ပေါလုကိုယ်တိုင်ကို အသက်သွေးအဖြစ်၎င်း ပုံနှိုင်း ထားသည်။ သူ၏အသက်သွေးကို မာတုရသဖွယ် ဖိလိပ္ပိသားများအတွက် ပူဇော်ခြင်းကို ကျေနပ်အားရသည်။

ထိုအကြောင်းကို William က ဤသို့ဆိုထားသည်။ တမန်တော်ကြီးက သူ့အသက်တာနှင့် ဖိလိပ္ပိသားများ၏ ယုံကြည်ခြင်းကို ယဇ်ပူဇော်သက္ကာသဖွယ် ခပ်သေးသေးဖြစ်အောင် တင်စားလုပ်ပြသွားသည်။ ထိုသူနှစ်ရပ်စလုံးသည် ဧဝံဂေလိသတင်းတော်၌ ရှင်သန်သူများဖြစ်သည်။ သို့သော် အသက်တာအသီးသီးသည် သူ၏အသွေးတော်ကို ပူဇော်သက္ကာအဖြစ် သွန်းလောင်းကြသည်။ ဤလှပသောစကားသည် မာတုရအဖြစ် အသေခံမည့်အကြောင်း နိမိတ် ပုံရိပ်ပြခြင်း ဖြစ်သည်။၁၃

            ဤစကားသည် ရှင်ပေါလု၏ ကြွယ်ဝချမ်းသာခြင်းရတနာဟု ယူဆလျှင် ရှင်ပေါလုသည်လည်း အတိုင်းအထက် အလွန် တံခွန်နှင့် ကုက္ကားပျော်ရွှင်သွားပါမည်။

:၁၈ ရှင်ပေါလုနည်းတူ ထပ်တူထပ်မျှ ဝမ်းသာမည့်သူများမှာ ဖိလိပ္ပိသားများဖြစ်သည်။ မာတုရသေခြင်းသည် အနိဋ္ဌာရုံမဟုတ်သော်လည်း ရှင်ပေါလု၏ အိမ်ပြန်ခရီးအတွက် ဂုဏ်ပြုချီးမွမ်းစရာ ဖြစ်ပါသည်။

:၁၉ ရှင်ပေါလုက ပုံဥပမာ(၂)ခုပေးထားသည်။ သခင်ယေရှုနှင့် ရှင်ပေါလုကိုယ်တိုင်၏ ချစ်ခြင်းမေတ္တာ၌ ဆက်ကပ်ခြင်း အကြောင်း ဖြစ်သည်။ ထိုသူနှစ်ယောက်စလုံးသည် မိမိဘဝကို သူများအတွက် ပေးလှူချင်ကြသူများဖြစ်သည်။ အတ္တကင်းမဲ့သော အခြားလူ(၂)ဦး၊ တိမောသေနှင့်အတူ သတင်းကောင်းများ မျှော်လင့်ကြရန် အားပေးထားသည်။

:၂ဝ ရှင်ပေါလု၏ လုပ်ဖော်ကိုင်ဖက်များထဲတွင် တိမောသေသည် အတ္တကင်းမဲ့ခြင်း၌ တမူထူးခြားသူ ဖြစ်သည်။ ဖိလိပ္ပိသားများအတွက် ဝိညာဉ်ရေးရာဖြည့်ဆည်းပေးနိုင်မည့်သူဟု အားကိုးသည်။ ထို့ကြောင့် အခြားသူများထက် တိမောသေ အား စေလွှတ်ရန် ရွေးချယ်ခြင်းဖြစ်သည်။ တိမောသေသည် အသက်ငယ်ရွယ်သလောက် ယုံကြည်စိတ်ချရသူ ဖြစ်သည်။

:၂၁ အခြားသူများမှာ ယေရှုခရစ်တော်အမှုထက် မိမိတို့ကိုယ်ရေးကိုယ်တာကိစ္စတွင် ဗျာများသူများ ဖြစ်သည်။ မိမိတို့ဘဝအတွက် လုံးပမ်းနေကြရသဖြင့် ယေရှုခရစ်တော်အတွက် အချိန်မပေးနိုင်ကြ။ ဤကျမ်းပိုဒ်က ကျွန်ုပ်တို့၏ အုန်းမှုတ်ခွက်ထဲက ဖားသူငယ်စည်းစိမ်များကို သတိပေးနေပါသည်။ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်နှင့် အခြားဇိမ်ခံ ပစ္စည်းများ (လု ၈:၁၄ ကိုကြည့်) ကို ရည်ညွှန်းပါသည်။

:၂၂ တိမောသေသည် ရှင်ပေါလု၏ ယုံကြည်ခြင်း၌ သားတော်စပ်သည်။ အမှုတော်တွင် အမှန်တကယ် ဆက်ကပ်သူဖြစ်သည်။ တိမောသေ၏ ပင်ကိုယ်အကျင့်စာရိတ္တ၊ ဘဝမှန်သိရှိသောကြောင့် သားအဖတော်စပ်နိုင်ကြခြင်း ဖြစ်သည်။ တိမောသေကလည်း ရှင်ပေါလု၏ ဒေသနာခရီးစဉ်တွင် တောက်လျှောက် ပါဝင်ကူညီ ပါရမီ ဖြည့်ဆည်းပေးသည်။  :၂၃၂၄ တိမောသေသည် သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု ရှိသည်။ ကဲသာဘုရင်ထံမှ လွတ်ငြိမ်းခွင့်ရရှိပြီးသည်နှင့် တပြိုင်နက် ရှင်ပေါလုလည်း ဖိလိပ္ပိသို့ရောက်ရှိဖို့ မျှော်လင့်နေသည်။ အမှုကိစ္စဘယ်သို့ ဖြစ်မည်ကို သိလျှင်သိချင်း ဆိုသည်မှာ ထောင်မှလွတ်မည်ဟု တထစ်ချလွတ်မည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ အမှုမှ လွတ်မြောက်ပြီးသည်နှင့်ချက်ချင်း ဖိလိပ္ပိသို့ ချီတက်ဖို့ စိတ်ကူးထားသည်။

:၂၅ နောက်တချက်မှာ ဧပဖြောဒိတ်ထဲတွင် တွေ့ရသော ယေရှုခရစ်တော်၏စိတ်သဘောထားဖြစ်သည်။ ဤဧပဖြောဒိတ်သည် ကော ၄:၁၂ မှ လူဖြစ်သည်ဟု တထစ်ချမပြောနိုင်ပါ။ ဤသူသည် ဖိလိပ္ပိတွင်နေထိုင်သူဖြစ်၍ သတင်းပေးသူ ခြေမြန်တော်ဖြစ်သည်။

ထိုသူကို ရှင်ပေါလုက (၁) ညီအစ်ကို၊ (၂) လုပ်ဖော်ဆောင်ဘက်၊ (၃) ရဲဘော်ရဲဘက် ဟုခေါ်သည်။ ပထမ ဝေါဟာရသည် အကျိုးအမြတ်ရှိခြင်း၊ ဒုတိယဝေါဟာရသည် ပင်ပန်းစွာအလုပ်လုပ်ခြင်း၊ တတိယဝေါဟာရသည် တိုက်ခိုက်ရုန်းကန်ခြင်း ဖြစ်သည်။ ဧပဖြောဒိတ်သည် အများသူငါနည်းတူ လုပ်ရဲကိုင်ရဲသူ၊ ခရစ်ယာန်အသက်တာတွင် အားကိုးစိတ်ချရသူ အစေခံဖြစ်သည်။ တစ်ခုရှိသည်မှာ သူသည် လွတ်လပ်စွာလုပ်ဆောင်သူ မိမိသဘောအတိုင်း လုပ်ဆောင် လေ့ရှိသူဖြစ်သည်။ ထို့ကြောင့် အခြားသူများနှင့် လက်တွဲလုပ်ဆောင်ရန် အခက်အခဲကြုံတတ်သည်။ ကျွန်ုပ်တို့သည်လည်း လုပ်ဖော်ဆောင်ဘက် ရဲဘော်ရဲဘက် ဖြစ်ကြပါစို့။

ဆက်လက်၍ ဤသူသည်သင်တို့ထံသို့စေလွှတ်ရန် လိုအပ်သည်ဟု ငါယူဆ၏ဟု စကားဆက်ထားသည်။ အခြားအဖိုးတန်အခြင်းအရာရှိ၍ ဖြစ်သည်။ သူသည် အများနှင့်စုပေါင်းလုပ်ဆောင်ရန်လည်း ဆန္ဒရှိသူဖြစ်သည်။ ယနေ့ခေတ်ကာလတွင် လူအများနှင့်သာ စုပေါင်းလုပ်ဆောင်ဖို့လိုအပ်သောနေရာမျိုးတွင် ထိုလူမျိုးကိုသုံးရမည်။ ဧပဖြောဒိတ် သည် ပင်ပန်းကြီးစွာလုပ်မည့်အလုပ်လည်း လုပ်နိုင်သည်။ သူ၏ဆက်ကပ်ပုံ၊ သစ္စာရှိပုံကို အခန်း(၂)တွင် ဘုရားသခင်က မှတ်တမ်းတင်ခိုင်းထားပါသည်။

:၂၆ ရှင်ပေါလုအားကူညီရန် သန့်ရှင်းသူများက ဧပဖြောဒိတ်ကို မိုင်(၇ဝဝ)ခရီးစေလွှတ်ခဲ့ကြသည်။ ဧပဖြောဒိတ် သည် ခရီးပန်း အဖျားဝင်သွားသည်။ သေလုမြောပါးဖျားနာခဲ့သည်။ သူဖျားနာသကဲ့သို့ စေလွှတ်သူ သန့်ရှင်းသူများ၏ စိတ်ပူပန်ခြင်းကလည်း ကြီးမားသည်။ ဧပဖြောဒိတ်သည် သစ္စာရှိသူဖြစ်သဖြင့် မိမိအသက်ကို အမှုမထားဘဲ အများသူငါ အတွက် စိတ်နှလုံးဆည်းကပ်ထားသူဖြစ်သည်။

:၂ရ ဧပဖြောဒိတ်သည် သေလုမြောပါးဖျားနာခဲ့သော်လည်း ဘုရားသခင်၏ကရုဏာတော် သူ့အပေါ်သို့ သက်ရောက်ခဲ့သည်။ ဤကျမ်းပိုဒ်တွင် ဘုရားသခင်ပေးသော အနာရောဂါ ကင်းငြိမ်းခြင်း သင်ခန်းစာ ယူတတ်ကြရမည်။

၁။        ဖျားနာခြင်းသည် အမြဲတန်းအပြစ်၏ ရလာဒ်မဟုတ်။ ဧပဖြောဒိတ်သည် ခြေကုန်လက်ပန်းကျအောင် တာဝန်ကျေကျေ အမှုထမ်းဆောင်သောကြောင့် ပန်းဖျားဖျားခြင်းဖြစ်သည်။ (ငယ် ၃ဝ ကိုကြည့်)

၂။         ဒုတိယအချက်အနေဖြင့် အံ့ဖွယ်ကောင်းအောင် ချက်ချင်းကျန်းမာခြင်းသည် အလိုတော်မဟုတ်၊ ဧပဖြောဒိတ်၏ ဖျားနာခြင်းသည်လည်း ချက်ချင်းပျောက်ကွယ်သည်မဟုတ် (၂တိ ၄:၃ဝ၊ ၃ယော ၂)။

၃။        တတိယအချက်အနေဖြင့် အနာရောဂါပျောက်ကင်းခြင်းသည် ကရုဏာတော်ဖြစ်သည်။ တခါတရံတွင်မူ တောင်းယူခြင်းဖြင့် မရနိုင်။

ဘုရားသခင်၏ ကရုဏာတော်သည် ဧပဖြောဒိတ်ထံသို့သာ မသက်ရောက်သည် မဟုတ်။ သူကိုယ်တိုင်၌လည်း ခံစားရ သည်ဟုဆိုသည်။ တမန်တော်ကြီးက သူ၏ထောင်ကျခြင်းနှင့် ဆက်စပ်ထားပုံရသည်။ အကယ်၍ ဧပဖြောဒိတ်သေဆုံးသွား ပါက ပေါလုသည်လည်း ဝမ်းနည်းသထက် ဝမ်းနည်းသွားမည်။

:၂၈ ကရုဏာတော်ကြောင့် ဧပဖြောဒိတ်ပြန်လည်ကျန်းမာ၍ နလံထူနေပြီ။ သို့ကြောင့် ရှင်ပေါလုက အားရဝမ်းသာစွာ ပြန်လွှတ်ခြင်း ဖြစ်သည်။ သူတို့ချစ်သောညီအစ်ကို ပြန်ရောက်လာသောကြောင့် ဖိလိပ္ပိသားများသည်လည်း ပျော်ကြပါလိမ့် မည်။ ပေါလုသည် ဝမ်းနည်းသထက် ဝမ်းနည်းမည်။

:၂၉ ဖိလိပ္ပိသားများသည် ဧပဖြောဒိတ်ကို ဝမ်းသာစွာပြန်လည်ကြိုဆိုကြရသည်သာမက ဘုရားသခင်၏လူ ဖြစ်ခြင်းကိုလည်း သိမှတ်ကြသည်။ သူပြုသောအမှုသည် အမှုတော်မြတ်၌ ဂုဏ်ကျက်သရေရှိသော ဆက်ကပ်ခြင်း အခွင့်ထူးဖြစ်သည်။ သန့်ရှင်းသူများလည်း ပျူငှာစွာ အသိအမှတ် ပြုကြသည်။

:၃ဝ အထက်တွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း ဧပဖြောဒိတ်ဖျားနာခြင်းသည် အမှုတော်ထမ်းဆောင်ရာ၌ ပန်းဖျားဖျားခြင်း ဖြစ်သည်။ ဘုရားသခင်အမြင်တွင် အဖိုးထိုက်တန်သည်။ အိုခြင်း၊ နာခြင်းကြောင့် သေဆုံးခြင်းထက် အမှုတော်မြတ်၌ ထမ်းဆောင်ရင်း သေဆုံးခြင်းသည် ပို၍မြတ်သည်။

သင်တို့မပေးနိုင်သောအကူအညီဆိုသည်မှာ ဘာလဲ။ ဖိလိပ္ပိသန့်ရှင်းသူများကိုယ်စား ဧပဖြောဒိတ်ရောက်ရှိလာခြင်း ဖြစ်သည်။ ဖိလိပ္ပိနှင့် ရောမသည် ခရီးလှမ်းဝေးကွာလွန်းသဖြင့် ဖိလိပ္ပိသားများ ကိုယ်တိုင်ကိုယ်ကျ မလာနိုင်ကြပါ။ ရှင်ပေါလုသည် ထိုသို့ခရီးဝေးကို စေလွှတ်ကောင်းရသလားဟု အပြစ်မဖို့သည့်အပြင် ဧပဖြောဒိတ်၏ စွမ်းဆောင်ချက်အား သိမှတ်ချီးကျူးခဲ့သည်။

Previous Article
Next Article