ဖိလိပ္ပိသြဝါဒစာ ၃

၅။ မှားယွင်းသောဆရာများသို့ တဖန်သတိပေးခြင်း (:)

          : နိဂုံးချုပ်ရသော် ဟုဆိုရာတွင် စာစောင်အပြီးသတ်တော့မည်ဟု ဆိုလိုခြင်းမဟုတ်။ ”ထို့ကြောင့် …. ဆိုလိုသည်မှာ” ဟု အဓိပ္ပါယ်သက်ရောက်သည်။ ဤစကားမျိုးကို ၄:၈ တွင်လည်း ထပ်သုံးထားသည်။

ဘုရားသခင်၌ ဝမ်းမြောက်ခြင်းရှိကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ ခရစ်ယာန်များသည် မည်သည့်ဘဝ အခြေအနေရောက်ရောက် ပျော်ရွှင်နေရမည်။ အဘယ်ကြောင့်ဆိုသော် ထိုပျော်ရွှင်ခြင်း အဘယ်အရာနှင့်မှမတူ ဘုရားသခင် ထံမှလာသော  မင်္ဂလာတရားဖြစ်သည်။ ထိုပျော်ရွှင်ခြင်းသည် အထက်ကောင်းကင်ဘုံမှ လာခြင်းဖြစ်သောကြောင့် မည်သည့် အရာကမှ လုယူဖျက်ဆီးခြင်းမပြုနိုင်။ လူ့ပျော်ရွှင်ခြင်းသည် နာကျင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဖျားနာခြင်း၊ ဆင်းရဲခြင်းနှင့် အခက်အခဲများက နောက်လိုက်တတ်သည်။ ခရစ်ယာန်များ၏ပျော်ရွှင်ခြင်းသည် အသက်တာတွင် သန္ဓေတည်ကြောင်း၊ ထောင်ထဲတွင် ရှင်ပေါလု၏ပျော်ရွှင်ခြင်းက သက်သေပြသည်။ ထောင်ထဲတွင် ဘဝလုံခြုံမှုရှိနေကြောင်း သိသဖြင့် ဖိလိပ္ပိသားများ စိတ်မချမ်းမသာဖြစ်စေသော သတင်းစကားမပြောလို။ ထို့အပြင် သတိရှိကြရန် ထပ်မံတိုက်တွန်း နှိုးဆော်ထားသည်။ သတိရှိကြရန်ဟု ထောင်ထဲမှလူက ထောင်ပြင်ရှိလူကို တိုက်တွန်းနှိုးဆော်ခြင်းမှာ မည်သို့နည်း။ ယုဒဘာသာရေးဆရာများ သတိပေးသည်။ အပိုဒ်ငယ်(၂)တွင် (၃)ကြိမ်တိုင်တိုင် သတိပေးထားသည်။ ရှင်ပေါလုအတွက်မဟုတ်။ မိမိတို့အတွက် လုံခြုံရေးစိတ်ချရန် သတိပေးခြင်းဖြစ်သည်။

: ခွေးဖြစ်သူအကျင့်ဆိုးကိုကျင့်သောသူကိုယ်ခန္ဓာကိုလှီးဖြတ်ရမည်ဟူသောသူများကို သတိနှင့် ရှောင်လော့ဟုဆိုသည်။ ထိုအမည်နာမ(၃)ပုဒ် ဂုဏ်ပုဒ်ရှင်များသည် အတူတူဖြစ်သည်။ ခရစ်ယာန်ယုံကြည်ခြင်းကို ယုဒထုံးတန်းစဉ်လာအောက်သို့ ပို့ဆောင်ကြသော အယူမှားဘာသာရေးဆရာများ၊ ရိုးရာထုံးတန်းစဉ်လာဖြင့် ဖြောင့်မတ် စင်ကြယ်သူများကို ရည်ညွှန်းခြင်းဖြစ်သည်။

ပထမဦးစွာ ခွေးများဟုဆိုသည်။ သမ္မာကျမ်းစာတွင် ခွေးသည် မသန့်ရှင်းသောသတ္တဝါဖြစ်သည်။ ယုဒအမျိုးသားများက တပါးအမျိုးသားများကို နှိမ်ခေါ်သော ဝေါဟာရ စကားလုံး ဖြစ်သည်။ အရှေ့တိုင်းပြည်များတွင် ခွေးများသည် အိမ်တိုင်ရာ၊ လေလွှင့်ခွေး၊ လမ်းကြိုလမ်းကြားတွင် အကြွင်းအကျန်များ ကောက်စားသူဖြစ်သည်။ ဤနေရာတွင် အသင်းတော် ပျက်စီးရာပျက်စီးကြောင်း ရှာကြံနေကြသော ယုဒဘာသာရေးဆရာများကို ရှင်ပေါလုက ရည်ညွှန်းခေါ်ဆိုခြင်းဖြစ်သည်။ ထိုသူများသည် ရိုးရာအစဉ်အလာနှင့် ဘာသာရေးထုံးတန်းစဉ်လာထဲတွင် ဝါးလုံးခေါင်းထဲ၌ လသာနေသူများဖြစ်သည်။

ပွဲတော်အကြွင်းအကျန် ကောက်စားသူများဖြစ်သည်။

ဒုတိယအချက်အဖြစ် အကျင့်ဆိုးကျင့်သူများ ဟုဆိုသည်။ ခရစ်ယာန်စစ်စစ် ဟန်ဆောင်သော်လည်း မှားယွင်းသော ဆရာများကို သွန်သင်ခြင်းနောက်သို့ လိုက်ပါကြသူများဖြစ်သည်။ သူတို့အပြုအမူများသည် ဆိုးသောအကျင့်ဖြစ်သည်။

နောက်တချက် မိမိခန္ဓာကိုယ်ကို လှီးဖြတ်သူများ ဟုဆိုထားသည်။ ထိုစကားသည် အရေဖျားလှီးခြင်းကို ဆိုလိုဟန်ရှိသည်။ ကယ်တင်ခြင်းရရန် အရေဖျားလှီးရသည်ဟု ခံယူသူများဖြစ်သည်။  ဝိညာဉ်ရေးရာ အရေဖျားလှီးခြင်းနှင့်မဆိုင်ပါ။ အရေဖျားလှီးခြင်းသည် အသွေးအသား သေစေခြင်း ဖြစ်သည်။ ထိုသူများကို ရှင်ပေါလုက မိမိခန္ဓာကိုယ် အသားလှီးသူများဟု ဆိုသည်။

: ထိုခန္ဓာကိုယ်လှီးခြင်း၏ အခြားတဖက်တွင် စစ်မှန်သောအရေဖျားလှီးဖြတ်သော ယုဒလူမျိုးများမဟုတ်။ ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရာတွင် အဟန့်အတား ဖြစ်စေသော အပြစ်များကို လှီးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်မှန်သော အရေဖျားလှီးခြင်း(၃)မျိုးကို ဆက်လက်ရှင်းပြသည်။

၁။        ဝိညာဉ်ဖြင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း။ ဘာသာရေးထုံးတမ်းစဉ်လာအရ ကိုးကွယ်ခြင်းမဟုတ်ဘဲ၊ ဝိညာဉ်စစ်စစ်ဖြင့် ကိုးကွယ်ခြင်းဖြစ်သည်။ စစ်မှန်သောယုံကြည်သူသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရာတွင် ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ချီးမွမ်းခြင်း၊ ပူဇော်ခြင်းဂါရဝပြုခြင်းဖြင့် ကိုးကွယ်ရသည်။ ဝိညာဉ်ဖြင့် ကိုးကွယ်ခြင်း၏ ဆန့်ကျင်ဘက်မှာ လှပသောအဆောက်အဦး၊ ဇိမ်ရှိသောပရိဘောဂ၊ ခမ်းနားသောပွဲလမ်းသဘင်၊ သပ်ယပ်သော တန်ဆာပလာများဖြင့် ကိုးကွယ်ခြင်းဖြစ်သည်။

၂။         စစ်မှန်သောအရေဖျားလှီးသည် ခရစ်တော်၌ ဝမ်းမြောက်ခြင်း။ ကိုယ်တော်ရှင်တပါးတည်းသာလျှင် တည်မှီရာ ဖြစ်သည်။ ပုဂ္ဂိုလ်ရေးကြိုးစားအားထုတ်မှု၊ ရိုးရာယဉ်ကျေးမှု၊ ရိုးရာယဇ်ပူဇော်မှုမပါရှိပါ။

၃။        ပြင်ပလက္ခဏာများကို မကိုးစားပါ။ မိမိတို့ကြိုးစားအားထုတ်မှု ကောင်းမှုကုသိုလ်ကြောင့် ကယ်တင်ခြင်းရရှိသည်ဟု မခံယူကြပါ။ အာဒံ၏ဇာတိမျိုးရိုးစဉ်ဆက်မှ ကောင်းမြတ်ခြင်းကို မမျှော်လင့်ကြ၊ သန့်ရှင်းစင်ကြယ်ခြင်းတစ်ခုမှ ရှာမတွေ့ကြပါ။

၆။ ပေါလု၏အောင်မြင်မှုနှင့် ခရစ်တော်အတွက် စွန့်လွှတ်မှု (:၁၄)

          : ဤလူ့ကာလများ၏ လုပ်ဆောင်ချက်များသည် နှုတ်ဖျားတွင် သကာချိုသော်လည်း ဆိုးညစ်လျှက်ရှိ၏။ ဝါကြွားကြလျှင်လည်း လာမည့်အပိုဒ်ငယ်နှစ်ခုတွင် ထိုသူများ၏ ဝါကြွားမှု သရုပ်သဏ္ဍာန်ကို ဆက်လက်ဖော်ပြထားသည်။ ”ထိုသူများ၏လုပ်ဆောင်ချက်များသည် မြင့်မြတ်သည်ဟုထင်ကြသော်လည်း စိတ်ကူးယဉ်နှင့် လူ့စိတ်ကား မီးရှို့ တောက်လောင်စေခြင်းသာဖြစ်သည်။

Arnod  က ဤသို့ဆိုထားသည်။ ”ဖာရိရှဲများ၏ တီထွင်ဆန်းသစ်သော ရိုးသားဖြောင့်မတ်မှုများကို ဤနေရာတွင် တွေ့ရသည်။ ထိုမသတီစရာအစုတ်အပြတ်များကို ရှင်ပေါလုက အကုန်အစင်လှစ်ပြထားသည်။”

ထိုသူများ၏ မျိုးနွယ်မာန (ငယ်၅)၊ အယူဝါဒမာန(ငယ်၅)၊ ကိုယ်ကျင့်တရားမာန (ငယ်၆)၊ စိတ်ဓါတ်မာန (ငယ်၆) တို့ကို တွေ့ရှိနိုင်သည်။

: ဤအပိုဒ်တွင် ရှင်ပေါလု၏ဇာတိနှင့် ရုပ်ရည်သွင်ပြင်ကို ရှင်းပြထားသည်။

ရှစ်ရက်မြောက်နေ့၌ အရေဖျားလှီးခြင်း၊ ယုဒမျိုးနွယ်စုမှ ပေါက်ဖွားသူဖြစ်သည်။ အစ္စမေလမျိုးနွယ်မှသော်၎င်း၊ ယုဒနွယ်မူသော်၎င်း ပြောင်းလဲခြင်းမဟုတ်။

ဣသရေလအနွယ်ဝင်။ ဘုရားသခင်ရွေးကောက်ထားသော လူမျိုးတော်ထဲမှ ပေါက်ဖွားသူဖြစ်သည်။

ဗင်္ယာမိန် မင်းမျိုးနွယ်စု။ မျိုးရိုးမြင့်မြတ်သော မျိုးနွယ်စု (တရား ၅:၁၄)၊ ပထမဦးဆုံး ဣသရေလဘုရင်ဖြစ်သော မျိုးနွယ်စုမှ ပေါက်ဖွားသည်။

ဟေဗြဲထဲမှ ဟေဗြဲတယောက်။ ဘာသာစကားရိုးရာယဉ်ကျေးမှုနှင့် အသုံးအဆောင်များတွင်လည်း အစဉ်အလာ ရှိသော ဟေဗြဲလူမျိုးထဲမှ ဆင်းသက်သူဖြစ်သည်။

ပညတ်တော်လိုက်လျှောက်ရာတွင်လည်း ဖာရိရှဲကဲ့သို့။ ဖာရိရှဲများ ပညတ်တော်ထိန်းသိမ်းကြသကဲ့သို့  ပေါလု သည်လည်း ရှင်ပြန်ထမြောက်ခြင်းကို မြဲမြံစွာ စွဲကိုင်စောင့်ထိန်းသူဖြစ်သည်။

: စိတ်အားထက်သန်ရာတွင်လည်း အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ခဲ့သူဖြစ်သည်။ ရှင်ပေါလု၏စိတ်တွင် ဂိုဏ်းဂဏအတွက် လုပ်ဆောင်ခြင်းသည် အမှုတော်ထမ်းဆောင်ခြင်းဖြစ်သည်ဟု စိတ်သဘောထားခဲ့သည်။ သူယုံကြည်ရာ ဘာသာတရားသာလျှင် အစစ်အမှန်ဟုယူဆ၍ စိတ်ရောကိုယ်ပါ လုပ်ဆောင်ခဲ့သည်။

ပညတ်တော်လိုက်လျှောက်မှုတွင်လည်း အပြစ်ဆိုဖွယ်ရာမရှိခဲ့။ ထိုသို့ပြောရာတွင် ပညတ်တော်အား ရာနှုန်းပြည့် လိုက်လျှောက်သည်ဟု မဆိုလိုပါ။ ထိုအကြောင်းကို ရော ရး၉၊၁ဝ တွင် ဝန်ခံထားသည်။ အပြစ်ဆိုဖွယ်မရှိဟုဆိုရာတွင် အပြစ်တစုံတရာမပြုဟု ဆိုလိုခြင်းမဟုတ်။ ပညတ်တော် လိုက်လျှောက်သည် ဆိုသည်မှာ ရိုးရာအစဉ်အလာပူဇော်သက္ကာများကို မှန်မှန်ကန်ကန် ပူဇော်ခြင်းသာ ဖြစ်သည်။ တနည်းပြောရလျှင် ယုဒအစဉ်အလာများကို တစ်ခုမှ မပျက်မကွက်လိုက်လုပ်သည်ဟု ဆိုလိုသည်။

ထို့ကြောင့် ဇာတိမျိုးရိုး၊ အယူဝါဒ၊ စိတ်အားထက်သန်မှု၊ ပုဂ္ဂိုလ်ရေးဖြောင့်မတ်မှုတို့တွင် တာရှုသားအနေဖြင့် ငါဟေ့၊ ရှောလုဟု လက်မထောင်နိုင်ခဲ့သည်။

၃းရ သို့သော် ထိုအရာများကို ”အမြတ်မဟုတ်၊ ခရစ်တော်အတွက် ဆုံးရှုံးခြင်း”ဟု ပစ်ပစ်ခါခါ ပြန်လည်ရှုတ်ချသည်။ အထက်ကလုပ်ခဲ့သမျှများသည် အမြတ်ဟု ထင်မှားခဲ့သည်။ သို့သော် အခြားတဖက်တွင် ”ခရစ်တော်”ဟူသော စကားတလုံးဖြင့် သင်ပုန်းချေလိုက်သည်။ ခရစ်တော်နှင့်နှိုင်းဆာလျှင် ပြုခဲ့သောအမှုများသည် အချည်းနှီးဖြစ်သည်။ ခရစ်တော်အတွက်မူ ဆုံးရှုံးခြင်းသာဖြစ်သည်။ Guy ဘုရင်က ”ငွေရေးကြေးရေး၊ ရုပ်ဝတ္ထုပစ္စည်း၊ ဥစ္စာဓန၊ အသိဉာဏ်၊ စိတ်သဘောထား၊ ဘာသာရေးအကျိုးအမြတ်များသည် ခရစ်တော်အတွက် အကျိုးအမြတ်နှင့်နှိုင်းဆာလျှင် တစ်ခုမှအကျိုးအမြတ်အရာမထင်” ဟုဆိုသည်။၁၄

ထိုအရာများစွဲလန်းနေသရွေ့ကာလပတ်လုံး ကယ်တင်ခြင်းမရနိုင်။ သို့သော် မကြာသောကာလမှာ ယေရှု၏ ကောင်းကြီးမင်္ဂလာတွေ့ခဲ့ရသောကြောင့် စွန့်လွှတ်ပြီး ကယ်တင်ခြင်းရရှိခဲ့သည်။ ထိုယေရှုထံမှရသော ကောင်းကြီးမင်္ဂလာ ကဲ့သို့ အဖိုးထိုက်တန်သော မင်္ဂလာတရားဟူ၍ မရှိတော့ပါ။

: ခရစ်တော်ဘုရား ကြွရောက်လာသောအခါ ခရစ်တော်ဘုရားကို သိကျွမ်းခြင်းထက် လောကအရာများသည် မက်မောခင်တွယ်စရာအကြောင်း မရှိ။ ခရစ်တော်ဘုရားသိကျွမ်းခြင်းဆိုသည်မှာ ဟေဗြဲဘာသာစကားဖြင့် ”မဟာအသိ တရား” ”အသိတရား ချမ်းသာကြွယ်ဝခြင်း” ဟု အဓိပ္ပါယ်ရသည်။

မျိုးရိုးဇာတိ၊ ယဉ်ကျေးမှု၊ ဂုဏ်သိက္ခာ၊ ပညာရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေးအရည်အသွေးများတွင် ရှင်ပေါလုသည် ပြည့်စုံသူဖြစ်သည်။ ထိုအချက်အလက်များသည် ခရစ်တော်အတွက် အညစ်အကြေး၊ အမှိုက်သရိုက်များသာ ဖြစ်သည်။

ရှင်ပေါလု၏ ခရစ်တော်ရရှိခြင်းသည် မျက်မှောက်ကာလအတွက်သာမဟုတ်ပါ။ အသက်တာ တလျှောက်လုံးတွင် အမြင့်ဆုံးသောရတနာအဖြစ် ရရှိသိမ်းဆည်းခြင်း ဖြစ်သည်။ ထိုသို့ခရစ်တော်ကို ပိုင်ဆိုင်သောကြောင့် မိခင်ဘာသာရေး၊ ဖခင်၏အမွေနှင့်ပင် ကိုယ်အရည်အချင်းများကို စွန့်ခွာနှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့စွန့်ခွာသောကြောင့် ဆွေမျိုးသားချင်းများ အပေါင်းအသင်းမိတ်ဆွေရင်းများက စွန့်ခွာကြသည်။ ရပ်သိရွာသိ၊ ဆွေမျိုးများက ညှဉ်းပန်းနှိပ်စက်ကြသည်။ ခရစ်ယာန်ဖြစ်လာသောအခါ လောကအရာခပ်သိမ်းကို အမှန်တကယ်စွန့်ပစ် ခဲ့သည်။

ရှင်ပေါလုသည် ခရစ်တော်အား သိရှိချိန်မှစ၍ ကယ်တင်ရှင်သခင်အဖြစ် ခံယူသည်။ ယေရှုသခင်နှင့် နှိုင်းယှဉ်လျှင် မျက်မှောက်ပိုင်ဆိုင်သော လောကအရာများသည် အချည်းနှီး၊ အမှိုက်သရိုက်များသာဖြစ်သည်။ ရှင်ပေါလု၏ အဖိုးထိုက် တန်ဆုံးအရာမှာ ”ခရစ်တော်သည် သူ့အကျိုးအမြတ်” ဖြစ်သည်။ ရွှေမဟုတ်၊ ငွေမဟုတ်၊ ဘာသာရေးကျင့်ဝတ်လည်းမဟုတ်။ ခရစ်တော်သာလျှင် အဖိုးထိုက်တန်ဆုံးရတနာ။

: သခင်ယေရှုကို သိသောပညာ။ ရှင်ပေါလုသည် သခင်ယေရှုကို သိသောပညာအမှန်ရရှိခဲ့သည်။ ခရစ်တော်နှင့် တွေ့ဆုံသောအခါ ဧရာမဆုံးဖြတ်ချက်ချရသည်။ မိမိနည်းမိမိဟန်ဖြင့် ကြိုးစားအားထုတ်ခဲ့သလား။ ခရစ်တော်ကိုဘဲ ရိုးရိုးလေးယုံကြည်လိုက်သလား။  တစ်ခုခုရွေးချယ်ရတော့မည်။ ခရစ်တော်သိကျွမ်းခြင်းကို ရွေးချယ်သည်။ သခင်ယေရှုကို ရိုးရိုးလေးယုံကြည်ခြင်းဖြင့် ဘုရားသခင်ရှေ့၌ ရပ်တည်ခွင့်ရသွားသည်။ မကြာသောကာလတုန်းက အပြစ်သား အာဒံ၏ သားဖြစ်ခဲ့သော်လည်း ယခု ယေရှုခရစ်တော်ထဲ၌ ရှိနေသောအခါ သခင်ယေရှုအားဖြင့် အဘဘုရားသခင်ရှေ့တော်၌ ဝမ်းမြောက်ပျော်ရွှင်ခြင်းအတိ ခံစားရသည်။

တပြိုင်တည်းတွင် ပင်ကိုယ်ကြိုးစားဖြောင့်မတ်ခြင်း၊ ပညတ်တော် စောင့်ထိန်းခြင်းများကို အမှိုက်သရိုက်သဖွယ် ထားပြစ်ခဲ့သည်။ ကယ်တင်ရှင်ကိုလက်သင့်ခံ၍ ဘုရားသခင်၏ သန့်ရှင်းစင်ကြယ်ခြင်းများကို ရွေးချယ်သည်။ သန့်ရှင်း စင်ကြယ်ခြင်းသည် အဖုံးအကာဝတ်ရုံဖြစ်သည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် လူသည်သန့်ရှင်းစင်ကြယ်ရသည်။ သို့သော် လူကိုယ်တိုင်သည် မသန့်ရှင်းနိုင်။ ကျေးဇူးတော်အားဖြင့် ဘုရားသခင်ပေးသနားတော်မူသော ကယ်တင်ရှင်သား တော် ယေရှုခရစ်ထဲ၌ ရှိနေမှသာလျှင် သန့်ရှင်းစင်ကြယ်သည်။ ”ဘုရားသခင်သည် အပြစ်မှကင်းစင်သောသူကို ငါ့တို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း”(၂ကော၅:၂၁)ဟု ကျမ်းစကားရှိပါသည်။

:၁ဝ ဤကျမ်းပိုဒ်တွင် တမန်တော်ကြီး၏ စိတ်လှုပ်ရှားမှုကို တွေ့ရမည်။ F B Meyer ”ခရစ်တော်အတွက် ဝိညာဉ်ကမ်းလှမ်းခြင်း”ဟုဆိုသည်။

ကျမ်းပိုဒ်၏အဓိက်သော့ချက်မှာ ”ဝိညာဉ်ရေးရာပြည့်ဝခြင်း”ဖြစ်သည်။ သို့သော် ဆင်းရဲဒုက္ခခံစားခြင်း၊ အသေခံခြင်းနှင့် ထမြောက်ခြင်းအကြောင်း မဟုတ်။ ဝိညာဉ်ရေးရာအသက်တာ ရင့်ကျက်မှု၊ စိတ်ဓါတ်သင်္ဂြိုလ်ခြင်းနှင့် ခရစ်တော် ၌အသက်တာသစ်အဖြစ် ထမြောက်ခြင်းကိုဆိုလိုသည်။ ရှင်ပေါလုက ခရစ်တော်ကဲ့သို့ အသက်ရှင်ချင်သည်။ ခရစ်တော်ဆင်း ရဲဒုက္ခခံစားသကဲ့သို့ ခံစားချင်သည်။ ယေရှုအသေခံသကဲ့သို့ အသေခံချင်သည်။ ထို့ကြောင့်လည်းမာတုရအဖြစ် အသေခံ ခြင်းဖြစ်သည်။ ယေရှုခရစ်တော်ထမြောက်သကဲ့သို့ ပေါလုထမြောက်ချင်သည်။ အစေခံသည် သခင်၏အထက်တွင် နေရိုးထုံး စံမရှိကြောင်း ပေါလုသိသည်။ ထို့ကြောင့်ခရစ်တော်ကဲ့သို့ပင်ဆင်းရဲဒုက္ခအသေခံခြင်း၊ ထမြောက်ခြင်း ခံစားချင်သည်။ ထိုလမ်းစဉ်အတိုင်း ဖြစ်ရမည်ဟု မဆိုသာ။ သို့သော်မှ တပါးအခြားလမ်းမရှိပါ။

ငါ့ကိုမသိသောသူသည်၊ ငါလည်းသိသည်။ ထိုကျမ်းစကားသည် နေ့စဉ်အသက်တာတွင် တစ်နေ့ပြီးတစ်နေ့ ခရစ်တော်နှင့် လိုက်လျှောက်ခြင်းဖြင့် ခရစ်တော်နှင့် ပိုတူခြင်းဖြစ်သည်။ ခရစ်တော်ကဲ့သို့သောအသက်တာများကို ထုတ်လုပ် ချင်သည်။

ရှင်ပြန်ထမြောက်ခြင်းတန်ခိုး ထမြောက်ခြင်းတန်ခိုးသည် စကြဝဠာမိုးမြေတစ်ခွင်တွင် အကြီးဆုံးသောတန်ခိုး (ဧ၁:၁၉၊၂ဝ)ဖြစ်သည်။ မကောင်းသောရုပ်ခန္ဓာသည် သင်္ချိုင်းဂူထဲတွင် ရှိနေကြသည်။ ထိုအထဲမှ ဘုရားသခင်၏ တန်ခိုးတော်သည် တတိယမြောက်နေ့တွင် ယေရှုခရစ်တော်အား သေခြင်းမှ ပြန်လည်ထမြောက်စေသည်။ ထိုကဲ့သို့ ယုံကြည်သူများလည်း ထမြောက်ရမည့် အကြောင်း(ဧ၁:၁၉)တွင် ရေးထားသည်။ ထိုထမြောက်ခြင်းသည် ယုံကြည်ခြင်း၏ အကျိုးဆက်ဖြစ်သည်။ ရှင်ပေါလု၏ရည်ရွယ်ချက်သည် သူ့အသက်တာဖြင့် ခရစ်တော်ကို သက်သေခံရန်ဖြစ်သည်။

ကိုယ်တော်၏ ဆင်းရဲဒုက္ခခံစားခြင်း၌ မိဿယဖွဲ့ခြင်း။ ခရစ်တော်၏ခံစားရသော ဆင်းရဲဒုက္ခများကို ရည်မှတ်၍ ဝိညာဉ်ခွန်အားရယူခြင်းဖြစ်သည်။ သို့ကြောင့်ရှင်ပြန်ထမြောက်ခြင်းတန်ခိုးကို ကိုယ်တော်၏ ဆင်းရဲဒုက္ခ မတိုင်မှီ ရှေ့တွင် ရှင်းပြခြင်းဖြစ်သည်။

သခင်ဘုရား၏သက်တော်စဉ်တွင် ဆင်းရဲဒုက္ခနောက်၌ ကောင်းချီးမင်္ဂလာကပ်ပါလာသည်။ ရှင်ပေါလုအသက်တာ တွင်လည်း ထိုကဲ့သို့တွေ့ရသည်။ ခရစ်တော်ခံစားရသည့်ဆင်းရဲခြင်းနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပါ။ သို့သော်လည်း မျှဝေခံစားချင်သည်။ လောကမှာဇိမ်နှင့်  ပိမ်နှင့်စိုးစံခြင်းသည် ခရစ်တော်၏ ငြင်းပယ်ခြင်းခံရမည်ကိုသိသည်။

ထိုအကြောင်းကို Jowett  က”အောင်ပွဲခံ တံပိုးမှုတ်သံ နားစွင့်ခြင်းမဟုတ်ပါ။ ဂေသရှေမန်ဥယျာဉ် ဝေဒနာများကို မျှဝေခံစားလိုခြင်း ဖြစ်သည်”ဟုဆိုထားသည်။

          ခရစ်တော်အသေခံခြင်းနှင့်ပါဝင်ခြင်း။ အထက်တွင်ရှင်ပြပြီးသည့်အတိုင်း ရှင်ပေါလုသည် ခရစ်တော်ကဲ့ သို့သေပွဲဝင်လိုသည်။ အပြစ်အတွက်လက်တွေ့ကျကျ ကားတိုင်တွင်အသေခံလိုသည်။ ထိုသို့ပြောရာတွင် တရားလွန် ရာကြမည်။ ရှင်ပေါလုကိုယ်တိုင်ခံစားချက်မှာ ထို့ထက်သာဖွယ်ရာရှိသည်။ ကရာနီကုန်းပေါ်တွင် အသက်စွန့်သွားသော ကယ်တင်ရှင်သခင်၏ တပည့်တော်စစ်စစ်ဖြစ်သည်။ အသင်းတော်သမိုင်းကာလတွင် ရှင်ပေါလုသည် ပထမဦးဆုံး မာတုရ အဖြစ်အသေခံ သူမဟုတ်သော်လည်း ထိုသူများထဲတွင်ပါဝင်သည်။ ရှင်ပေါလုသည် သူ့အသက်တာကို ထိုကဲ့သို့သွန်း လောင်းလိုသည်မှာ ယုံမှားသံသယရှိဖွယ်မရှိနိုင်ပါ။ ကောင်ကင်နိုင်ငံတွင် သတေဖန်နှင့် သွားရောက်တွေ့ဆုံချင်သည်။ မာတုရအဖြစ်အသေခံခြင်းထက်သာသော လမ်းစဉ်ရှိမည် မဟုတ်ဟု မထင်ခဲ့။ Jowett ကလည်း ဤသို့ဆိုသည်။

ခရစ်ယာန်အများအပြားသည် အသွေးတော်တန်ဖိုးကို တန်ဖိုးမထားကြ။ လွယ်လွယ်ကူကူအမှုမဲ့အမှတ်မဲ့ ထားကြသည်။ ရရှိထားသောဆုလက်ဆောင်များသည် အသွေးတော်နှင့် ပတ်သက်မှန်း မေ့လျှော့နေကြသည်။ အသက်တာတွင် အသွေးတော်ပါဝင်ခြင်းမရှိကြ။ အဓိကလိုအပ်ချက်ကို လျစ်လျူရှုကြသည်။ ငွေကြေးအနည်းငယ်အားဖြင့်သာ အပေါ်ယံရွှေမှုံကြဲကြသည်။ သို့သော် ”Hurrahs” ”Hasannas” အသံ ပေါ်လာသောအခါ စိတ်လှုပ်ရှားပြောင်းလဲသွားကြသည်။၁၅

            ထိုပြောင်းလဲခြင်းတွင် တမန်တော်ကြီး၏ ပျော်ရွှင်ခြင်းသည် ထင်ရှားသည်။ ဘုရားသခင်၏ နိုင်ငံတော်အတွက် မိမိအသွေးသွန်းလောင်းခြင်းဖြင့် ပျော်ရွှင်သည်။ လိုလားကျေနပ်စွာ သွန်းလောင်းခဲ့သည်။၁၆

Hudson Taylor ကလည်း ဤသို့ဆိုသည်။

ကျွန်ုပ်တို့အသက်တာတွင်လည်း အသီးပွင့်ပွင့်ခြင်းဖြင့် ပြသသင့်သည်။ မျိုးစေ့တစေ့သည် မြေ၌ကြဲခြင်းမရှိလျှင် အသီးတသီးသာရ၏ဟုဆိုထားပါသည်။ ခရစ်တော်ဘုရား၏ အသီးအပွင့်များကို တွေ့မြင်ခဲ့ကြပြီးပါပြီ။ ကားတိုင်အားဖြင့်သာ မဟုတ်ပါ။ အသေခံတော်မူခြင်းဖြင့် ဖြစ်သည်။ ထိုအကြောင်းကို ပိုမိုကျွမ်းဝင်နှံ့စပ်ဖို့လိုပါသည်။ ခရစ်တော်နှစ်ပါးမရှိပါ။ ခရစ်တော်အသက်စဉ်တွင် လွယ်လင့်တကူ ပေါ့ပေါ့တန်တန် ပြုသောအမှု တစ်ခုမှမရှိပါ။ ထိုသို့ ယုံကြည်သူများရှိလျှင် ချို့ယွင်းချက်အဖြစ်ထားလိုက်ပါ။ ခရစ်တော်တပါးတည်းသာ ရှိသည်။ ထိုခရစ်တော်၌ တည်လျှင် ထိုအရှင်သခင်ကဲ့သို့ သီးပွင့်ဝေဆာရသည်။၁၇

            နောက်ဆုံး C.A.Coates ၏စကားကို ဝေငှချင်သည်။

ခရစ်တော်နှင့်သိကျွမ်းခြင်းသည် ခရစ်တော်ထံပါးသို့ သွားရာလမ်းပိုင်ဆိုင်ခြင်းဖြစ်သည်။ ဘုန်းတန်ခိုးကြွယ်ဝရာ ဖြစ်သည်။ ကိုယ်တော်၏ဘုန်းတန်ခိုးကို မည်သို့နားလည်ရမည်နည်း။ ရှင်ပြန်ထမြောက်ခြင်းဖြင့်လား။ ဆင်းရဲဒုက္ခခံစားဖို့ လိုအပ်ပါသလား။ ထမြောက်ခြင်းဘုန်းတန်ခိုးထက် ဝမ်းမြောက်စရာမရှိပါ။ ထိုလမ်းသာလျှင် ခရစ်တော်ထဲသို့ ရောက်ရှိခြင်း အကြောင်းတရားဖြစ်သည်။ ထိုစိတ်သဘောထားသည် မာတုရသူရဲကောင်းစိတ်ဓါတ်ဖြစ်သည်။ ရှင်ပေါလုသည် အသက်တာကို အာဇာနည် သူရဲကောင်းအဖြစ် ဖြတ်သန်းချင်သည်။ စိတ်ထဲမှာ စွဲလန်းနေသော ထိုသခင်လမ်းစဉ်အတိုင်း လျှောက်လှမ်းချင်သည်။၁၈ 

            :၁၁ စဉ်းစားစရာတစ်ခုတွေ့ရပြန်ပြီ။ စာသားအတိုင်းခံယူမည်လား။ ဝိညာဉ်မျက်စိဖြင့် ကြည့်ရမည်လား။ အမျိုးမျိုး အနက်ဖွင့်ဆိုကြသည်။

၁။        ရှင်ပေါလုသည် သူ့ကိုယ်သူထမြောက်မည်ဟု စိတ်ချသည်။ ထို့ကြောင့် တတ်စွမ်းသမျှ ကိုယ်လက်အင်္ဂါ အသိပညာသုံး၍ ဆက်လက်လုပ်ဆောင်ခြင်းဖြစ်သည်။ ဤဖွင့်ဆိုချက်သည် မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ရှင်ပေါလုသည် လူ့လုပ်ဆောင်ချက်ဖြင့် ကယ်တင်ခြင်းမရ၊ ကျေးဇူးတော်အားဖြင့်သာ ရရှိကြောင်း၊ အမြဲသွန်သင်လေ့ ရှိသည်။               ထမြောက်မည့်အကြောင်း သူ့ကိုယ်သူယုံကြည်သည်။ (၂ကော ၅:၁-၈)

၂။         ထမြောက်ခြင်းအကြောင်း ရှင်ပေါလုမပြောပါ။ သို့သော် ဤလောကတွင် ရှိနေစဉ် ထမြောက်သောအသက်တာမျိုးဖြင့် အသက်ရှင်ချင်သည်။ အဓိကအချက်မှာ ထိုအချက်ဖြစ်သည်ဟုဆိုကြသည်။

၃။        ခန္ဓာကိုယ်ထမြောက်ခြင်းအကြောင်းပြောရာတွင်လည်း ယုံးမှားသံသယမရှိ။ ဆင်းရဲဒုက္ခခံစားခြင်းသည် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဖြစ်သည်ဟု မသွန်သင်ပါ။ မျက်မှောက်ကာလနှင့် ထမြောက်ခြင်းကြားကာလတွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဆင်းရဲဒုက္ခခံစားကြရမည့်အကြောင်းသာပြောပါသည်။ လျှင်ဟူသောစကားမှာ မသေမချာ သော စကားလုံးအဖြစ် သုံးခြင်းမဟုတ်ပါ (တ ၂ရး၁၂၊ ရော ၁:၁ဝ၊ ၁၁:၁၄ ကိုလည်းယှဉ်ကြည့်)။

တတိယအချက်ကို လက်သင့်ခံပါသည်။ တမန်တော်ကြီးသည် ခရစ်တော်၌တည်မှီသူဖြစ်သည်။ ရှင်ပေါလု၏ ဘဝလိုအပ်ချက်တွင် ခရစ်တော်၏ဆင်းရဲဒုက္ခခံစားခြင်း၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းထက် အခြားလိုအပ်သောအရာ မရှိတော့ပါ။ ဤကျမ်းစာက မိမိဆန္ဒ၌သာယာခြင်း၊ ဇိမ်ခံခြင်းများကို ဖယ်ရှားပစ်ရန် သွန်သင်နေပါသည်။ ဤကျမ်းပိုဒ် သွန်သင်ချက်ထက် ကောင်းသောအလင်း၊ အဖိုးတန်ပစ္စည်းရှိပါဦးမည်လား။

သင်ခန်းစာအဆုံးမသတ်မီ သေလွန်သူများထဲမှ ထမြောက်ခြင်း ဟူသောပေါလုစကားကို ပြောချင်ပါသည်။ အချို့သည် ထမြောက်ကြ၍ အချို့သည် သင်္ချိုင်းဂူထဲတွင် ရှိနေမည်ဟု နားလည်ရသည်။ ၁သက် ၄:၁၃-၁၈ နှင့် ၁၅:၅၁-၅ရ တို့တွင် ခရစ်တော်ဘုရားကြွရောက်လာသောအခါ ယုံကြည်သူများထမြောက်မည်ဟု ဆိုသည်။ (အချို့သည် ချီဆောင် ခြင်းကာလ၊ အချို့သည် ဘေးဒဏ်ကြီးနောက်ဆုံးကာလ)။ သို့သော် သေလွန်သူများသည် ခရစ်တော်ဘုရား အနှစ်တစ်ထောင် အုပ်စိုးခြင်းကာလမပြီးမချင်း ထမြောက်မည်မဟုတ် (ဗျာ ၂ဝး၅) ဟုဆိုထားပါသည်။

:၁၂ တမန်တော်ကြီးက သူ့ကိုယ်သူပြည့်စုံသူမဟုတ်ကြောင်း ခံယူထားသည်။ ဤနေရာမှ ပြည့်စုံခြင်းဆိုသည်မှာ ပြန်လည်ထမြောက်ခြင်းနှင့်မဆိုင်။ ခရစ်တော်၌ အသက်ရှင်ခြင်းကိုဆိုလိုသည်။ အပြစ်မြူတစုံမရှိသည့်ဘဝ၊ ပြည့်စုံသောဘဝ မည်ကဲ့သို့ အောင်ပွဲခံနိုင်မည့်အကြောင်း ရှာမတွေ့နိုင်။

ကျေနပ်ခြင်းဆိုသည်မှာ သင်္ချိုင်းကုန်းမှာသာဆုံးသည်ဟု နားလည်သည်။ သို့ကြောင့် ဒမာသက်လမ်းတွင် ယေရှုခရစ် ၏ ကယ်တင်ခြင်းသည် ဘဝအဆုံးသဒ္ဓါတရားဖြစ်သွားသည်။ ယေရှုနှင့် ဒမာသက်လမ်းတွင် မှတ်မှတ်ရရတွေ့ဆုံခဲ့သည့် အကြောင်း ဘာရှိသနည်း။ ဘုရားသခင်သည် အရာရာကို ပြုပြင်ပြောင်းလဲတတ်စွမ်းနိုင်ကြောင်း၊ ပေါလုအသက်တာတွင် ပြသခဲ့သည်။ ပေါလုကို ဆိုးညစ်သူမှ သန့်ရှင်းသူဘဝသို့ ပြောင်းလဲစေခဲ့သည်။ သို့သော် ယေရှုခရစ်၌ ပြည့်စုံသူမဟုတ် သေးဟု ဝန်ခံသည်။ အမှုတော်၌ ဆက်လက်လျှောက်လှမ်းနေဆဲ။ ဘုရားသခင်၏အမှုတော်၌ နက်နဲသထက်နက်နဲအောင် ပါဝင်နေဆဲဖြစ်သည်။

:၁၃ သူပိုင်ဆိုင်ခဲ့သော စည်းစိမ်ချမ်းသာများနှင့် ဂုဏ်ပကာသနများသည် ဝိညာဉ်ရေးရာနှင့် မသက်ဆိုင် (၄:၁၁) ကြောင်း ခံယူခဲ့သည်။ သူ့ကိုယ်သူလည်း ဆုလက်ဆောင်ရကိုရမည်ဟု မသတ်မှတ်သေးပါ။ ထိုသို့ဆိုလျှင် ဘာဆက်လုပ် ရမည်နည်း။

လုပ်စရာတစ်ခုရှိပါသည်။ ရည်ရွယ်ချက်၊ ရည်မှန်းချက်တစ်ခုထားနိုင်သည်။ ထိုရည်မှန်းချက်မှာ ဒါဝိဒ်၏ ”ငါလိုချင် သောအရာသည် သခင်ဘုရား၌သာဖြစ်သည်” ဟူသောစကားဖြစ်သည်။

နောက်၌ရှိသောအရာတို့ကို မေ့ပစ်ပြီဆိုသည်မှာ အပြစ်များနှင့်ဆိုးရွားခဲ့မှုများကိုသာ ဆိုလိုသည်မဟုတ်။ မွေးရာပါအခွင့်အရေး၊ အရည်အချင်း၊ အဆင့်အတန်းများနှင့် အခန်းကြီး(၂)ပါ အချက်အလက်များလည်း ပါဝင်သည်။

ရှေ့၌ရှိသောအရာတို့ကို ရောက်ခြင်းငှါဆိုခြင်းမှာ ခရစ်ယာန်အသက်တာ၏ တာဝန်ဝတ္တရားနှင့် အခွင့်အရေးများ၊ ဝတ်ပြုကိုးကွယ်ခြင်း၊ ဆက်ကပ်ခြင်းအပါအဝင် ခရစ်ယာန်အကျင့်သိက္ခာ တိုးတက်မြင့်မားခြင်း ဖြစ်သည်။

:၁၄ ရှင်ပေါလုက သူ့ကိုယ်သူ မာရသွန်အပြေးသမားနှယ် ပုံနှိုင်းထားသည်။ ငါသည်ဆုကိုရရန် ပန်းတိုင်သို့ ရှေးရှုပြေးလျက်ရှိ၏။ ထိုဆုကား အထက်အရပ်၌ အသက်ရှင်ရေးအတွက် ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင် ဖိတ်ခေါ်တော်မူခြင်းဖြစ်သည် ဟုဆိုထားသည်။

ပန်းတိုင်ဆိုသည်မှာ ပြိုင်ပွဲ၏နောက်ဆုံးမှတ်ကျောက်တင်ရာဖြစ်သည်။ ဆုဆိုသည်မှာ အောင်နိုင်သူများသာ စံထိုက် သောလက်ဆောင်ဖြစ်သည်။ ဤနေရာတွင် ပန်းတိုင်သည် အမှုပြီးစီးအောင်ဆောင်ရွက်ခြင်းဖြစ်သည်။ အထူးသဖြင့် ခရစ်တော် တရားပလ္လင်ပေါ်တွင် စိုးစံသောအခါ အောင်ပန်းထွက်မည့်အကြောင်း ဖြစ်သည်။ ရရှိမည့်ဆုမှာ ဓမ္မသရဖူ (၂တိ ၄:၈)ဖြစ်သည်။

ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်ဖိတ်ခေါ်တော်မူခြင်း ဟူသောကျမ်းစကားအရ ဘုရားသခင်၏ အလိုတော်အားဖြင့် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း သိမှတ်ရသည်။ ကယ်တင်ခြင်း၊ ခရစ်တော်နှင့်တူခြင်း၊ အမွေတော်ခံခြင်း၊ ကောင်းကင်ဘုံနန်းစံခြင်းနှင့် ရေတွက်မကုန်နိုင်သော ဝိညာဉ်ကောင်းကြီးမင်္ဂလာများ ပါဝင်သည်။

၇။ တမန်တော်များကို နမူနာယူ၍ ကောင်းကင်အသက်တာလျှောက်လှမ်းရန် တိုက်တွန်းချက် (:၁၅၂၁)

          :၁၅ စုံလင်သောသူရှိသမျှတို့သည် ဤသဘောကို စွဲလမ်းရကြမည်ဟု ဆိုထားသည်။ ရှင်ပေါလုက ခရစ်တော်နှင့်တူအောင် ကြိုးစားလုပ်ဆောင်သကဲ့သို့ ထိုသူများကိုလည်း လိုက်လုပ်စေချင်သည်။ ထိုသို့သောအသက်တာသည် ခရစ်ယာန်ယုံကြည်ခြင်း ရင့်ကျက်မှုဖြစ်သည်။ တချို့က ထိုသို့လုပ်ဆောင်ခြင်းသည် အစွန်းရောက်လွန်းသည်။ တယူသန် ဆန်လွန်းသည်ဟု ဆိုကြသည်။ သို့သော်လည်း ရှင်ပေါလုကမူ သူ့အတွက် ကရာနီကုန်းပေါ်တွင် သွေးတော်သွန်းလောင်း၍ အသေခံသူ ကယ်တင်ရှင်လုပ်ဆောင်သည့်အတိုင်း လိုက်လုပ်ခြင်းသည် ယုတ္တိကျသည်။ အကျိုးအကြောင်း ခိုင်လုံလျှောက်ပတ် သည်ဟုဆိုသည်။

တစုံတစ်ခုသောအရာ၌ သဘောခြားနားလျှင် ထိုအရာကိုပင် ဘုရားသခင်ဖော်ပြတော်မူလိမ့်မည်။ ပေါလုသည် ဒဿနအတွေးအခေါ်များအားလုံးကို သဘောမတူပါ။ သို့သော် သိချင်သော အကြောင်းအရာတစ်ခုကို ဥပါဒန်စွဲလမ်းလျှင် စွဲလန်းသည့်အကျိုးခံစားရမည်ဟုဆိုသည်။ ဘုရားသခင်က လမ်းပြမည်။ ယနေ့ခေတ်ကာလတွင် သမ္မာတရားကို အဘယ့်ကြောင့် နက်နက်နဲနဲမယုံမှတ်ကြသနည်းဆိုသော် ဤကျမ်းပိုဒ်အတိုင်း စွဲလန်းခြင်းမရှိကြသောကြောင့် ဖြစ်သည်။ ခရစ်ယာန်အသက်တာ၏ လိုအပ်ချက်များကို မနာခံကြခြင်းဖြစ်သည်။ ဘုရားသခင်ကမူ နောက်တော်သို့ လိုက်လျှောက်ကြ ရန် သမ္မာတရားကို ဖွင့်ပြပါသည်။

:၁၆ မည်သို့ပင်ရှိနေကြစေကာမူ ဘုရားသခင်သည် အလင်းကို ပေးမြဲပေးနေပါသည်။ ခရစ်ယာန်အသက်တာ ပြည့်စုံလာစေရန် ပေးခြင်းမဟုတ်ပါ။ ကားတိုင်သည် ကျွန်ုပ်တို့အတွက်ဖြစ်၍ နားလည်ကြသည့်အတိုင်း ယုံကြည်ခြင်းမလျှော့ နည်းအောင် ထိန်းသိမ်းရမည်။

:၁ရ ဖိလိပ္ပိသားများအား သူ့ကိုနမူနာကြည့်၍ နောက်တော်လိုက်ကြဖို့ တိုက်တွန်းနှိုးဆော်ထားသည်။ စာဖွဲ့၍ မကုန်နိုင်သောကြောင့် သူ့ခြေရာကို ညလိုက်နင်းခိုင်းဖြစ်သည်။ လူ့အသိုင်းအဝိုင်းတွင် ”ငါလုပ်သလိုမလုပ်နဲ့၊ ငါပြောသလို လုပ်” ဟူသောစကား မကြာခဏ ကြားလေ့ရှိပါသည်။ သို့သော် ထိုသို့ပြောသူများထဲတွင် ရှင်ပေါလုမပါပါ။ ရှင်ပေါလုသည် ခရစ်တော်အား ယုံကြည်ကိုးစားရာတွင် ဘဝတစ်ခုလုံးစံနမူနာယူစရာ လူဖြစ်သည်။

ထိုအကြောင်းကို Lenhman Strauss က ဤသို့ထောက်ခံထားသည်။

ရှင်ပေါလုကိုယ်တိုင်က သူ့အသက်တာသည် ကရုဏာတော်ခံစားရာဖြစ်၍ ပုံစံနမူနာပုံစံဖြစ်ရသည်ဟု ခံယူထားသည်။ အသက်တာပြောင်းလဲခြင်းမှစ၍ ဘဝတစ်ခုလုံးသည် ခရစ်ယာန်အသက်တာ နမူနာပုံစံဖြစ်သည်။ ယေရှု ခရစ်တော်က သူ့ဘဝအတွက် နမူနာပေးသကဲ့သို့ ပေါလုကလည်း အခြားသူများအား နမူနာပြသသည်။ ထိုအသက်တာသည် ယုံကြည်သူမင်းနှင့် ငါ့ကိုလည်း သင်ခန်းစာပြသခြင်းမဟုတ်ပါလား။ ပေါလု၏ကယ်တင်ခြင်းရရှိမှုသည် အနာဂတ်ယုံကြည်သူများအတွက် နမူနာပုံစံဖြစ်သည်။ ယနေ့ ယုံကြည်သူများသည် ကျေးဇူးတော်အားဖြင့် ကယ်တင် ခြင်းရရှိသည်မဟုတ်လား။ ထိုသို့ဆိုလျှင် ဘာလုပ်သင့်သနည်း။၁၉

            ငါတို့ကျင့်သောပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်လော့။ ရှင်ပေါလုကဲ့သို့ အကျင့်ရှိသူ များကို ဆိုလိုပါသည်။ လိုက်ကြည့်ရုံသာမဟုတ်ပါ။ ထိုသူများ၏ ခြေလှမ်းအတိုင်းလိုက်လှမ်းရန်ဖြစ်သည်။

:၁၈ အထက်ပါကျမ်းပိုဒ်တွင် ယုံကြည်သူများလိုက်လျှောက်ရမည့်အကြောင်း ရှင်းပြထားပြီးနောက် ဤကျမ်းပိုဒ် တွင် အသက်တာလိုက်မလျှောက်သူများအကြောင်း ရှင်းပြထားသည်။ ထိုသူများသည် မည်သူများဖြစ်ကြောင်း သီးခြားမဆိုပြပါ။ ယုဒဝါဒီများ၊ အယူမှားသူများ၊ ခရစ်ယာန်အတုအယောင်များ၊ ဆိုးသွမ်းခွင့်လိုင်စင်ရသူများဖြစ်သည်ဟု သီးသန့်အမည် နာမထုတ်ဖော်ခြင်းမပြု။

သို့သော် ထိုသူများအား သတိထားရှောင်ကြဉ်ကြရန် သန့်ရှင်းသူများကို အသိပေးထားသည်။ ယခုမှာမူ မျက်ရည်နှင့် ယှဉ်၍ အလေးအနက်ပြောနေရသည်။ အဘယ်ကြောင့် ထိုမျှလောက် နက်ရှိုင်းစွာပြောဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် ဘုရားသခင်၏အသင်းတော်များ အလယ်ဗဟိုအတွင်းစည်းသို့ ဝင်ရောက်နေရာယူနေကြပြီ။ ဘဝအသက်တာ ပျက်စီးကုန်ပြီ။ ခရစ်တော်နာမတော်ကို မှီခို၍ အလွဲသုံးစားလုပ်နေကြပြီ။ ကားတိုင်၏လေးနက်မှုကို တလွဲဆံပင်ကောင်း နေကြပြီ။ လက်ဝါးကပ်တိုင်၏ ရန်သူများကို အမှန်တကယ် ချစ်ခင်မြတ်နိုးသောကြောင့် မျက်ရည်စက်နှင့် ငိုကြွေးတားဆီး ခြင်းဖြစ်သည်။ ယေရှုရှလင် လူသတ်သမားများအတွက် ခရစ်တော်မျက်ရည်ကျသကဲ့သို့ ရှင်ပေါလုငိုကြွေးနေသည်။

:၁၉ ထိုသူများ၏ ကံကြမ္မာသည် ထာဝရအပြစ်ဒဏ်ဖြစ်သည်။ ထိုသို့ဆိုရာတွင် အပြီးအပိုင် သုတ်သင်ရှင်းလင်း မည်မဟုတ်။ ခရစ်တော်၏တရားပလ္လင်က ထာဝရမီးအိုင်အပြစ်ဒဏ်ချမှတ်မည့်သူများဖြစ်သည်။

သူတို့ ဘုရားသည် ဝမ်းဗိုက် ဖြစ်သည်။ လုပ်ဆောင်သမျှ ကိုးကွယ်သမျှသည် ဗိုက်ပြဿနာ၊ စားဝတ်နေရေးကို ရှေးရှုသည်။

F.B.Meyer ကထိုသူများ၏ခန္ဓာကိုယ်ထဲတွင် ”အသက်ရှင်ခြင်းနှင့် ဗိမာန်တော်မရှိ၊ မီးဖိုချောင်သာရှိသည်” ဟုဆိုသည်။

ဘုန်းအသရေမှာလည်း အရှက်တရားသာဖြစ်သည်။ လုပ်ဆောင်ခဲ့သမျှသည် အရှက်တကွဲ အကျိုးနည်းသည်။ ဗလာချည်းသက်သက်ဖြစ်သည်။ အကျင့်စာရိတ္တ အမူအရာများသည်လည်း အချီးနှီးဖြစ်သည်။

လောကအရာ၌သာ ဘဝကျင်လည်နေကြသည်။ သူတို့ဘဝအသက်တာတွင် အရေးကြီးဆုံးသောအရာမှာ အစားအစာ၊ အဝတ်အစား၊ ဂုဏ်ပကာသန၊ သက်သာမှုနှင့် သာယာမှုသာဖြစ်သည်။ နိစ္စထာဝရတရားနှင့် ကောင်းကင်အရာ များသည် ထိုသူများအတွက် ဝေးလေကောင်းလေဖြစ်နေသည်။ ဤလောကတွင် ထာဝရအသက်ရှင်နေမည်ဟု ယုံမှတ်နေ ကြသည်။

:၂ဝ တမန်တော်ကြီးက ယုံကြည်သူများသည် လောကသားအဖြစ် နေကြသေးသော်လည်း ကောင်းကင်နိုင်ငံ အကျင့်၊ ကောင်းကင်နိုင်ငံသား စိတ်သဘောထား ရှိရမည်ဟုဆိုသည်။

ဤဩဝါဒစာ ရေးသားအချိန်တွင် ဖိလိပ္ပိသားများသည် ရောမနိုင်ငံတော် လက်အောက်ခံ ကိုလိုနီနိုင်ငံဖြစ်သည် (တ ၁၆း၁၂)။ ဖိလိပ္ပိသားများသည် ရောမနိုင်ငံသားများဖြစ်၍ အခွင့်အရေးပိုရကာ ပျော်ရွှင်နေကြရသည်။ နေရပ်ဒေသအရ သာလျှင် လောကနိုင်ငံသားဖြစ်ရသည်။ အမှန်စင်စစ် နိုင်ငံသားမှတ်ပုံတင်မှာ ကောင်းကင်နိုင်ငံသားလက်မှတ်ဖြစ်ကြောင်း ရှင်ပေါလုက သတိပေးခြင်းဖြစ်သည်။ Moffatt က ”ကောင်းကင်နိုင်ငံ၏ လက်အောက်ခံနိုင်ငံသား ဖြစ်ကြသည်” ဟုဆိုသည်။

ခရစ်ယာန်များသည် လောကနိုင်ငံသားများဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း နိုင်ငံအစိုးရသည် ဘုရားသခင် ခွဲခန့်စီရင်ရာဖြစ်သောကြောင့် ဝန်ခံရသည် (ရော ၁၃:၁-၇)။ ခရစ်ယာန်များ ဘုရားသခင်အား ဆန့်ကျင်ခိုင်းသည့် အမိန့်မှ တပါး အုပ်စိုးသူမင်း၏အုပ်ချုပ်မှုကို လေးစားလိုက်နာရသည်။ ဖိလိပ္ပိသားများသည်လည်း ဒေသန္တရအုပ်စိုးသူနှင့် ရောမ အစိုးရကို ဝန်ခံသည်။ ယုံကြည်သူများသည် အုပ်စိုးသူအာဏာပိုင်များကို ဝန်ခံဖို့ ဝတ္တရားရှိသော်လည်း ပထမဦးစားပေးသည် ဘုရားသခင်အား သစ္စာရှိခြင်းဖြစ်သည်။

ကောင်းကင်နိုင်ငံသားဖြစ်သည့်အားလျော်စွာ ကောင်းကင်မှဆင်းသက်လာမည့် ကယ်တင်ရှင်သခင်ယေရှုကို စောင့်မျှော်နေကြရသည်။ မျှော်လင့်သည်ဆိုသည်မှာ ဖြစ်ပျက်လုဆဲဆဲအရာကို ငံ့လင့်စောင့်မျှော်ခြင်းဖြစ်သည်။ ကြားရတော့ မည့်အချိန် မြင်ရတော့မည့်အရာ တငံ့ငံ့၊ လည်ပင်းရှည်၊ ခေါင်းထောင်၍ စောင့်စားခြင်းဖြစ်သည်။

:၂၁ သခင်ဘုရား ကြွရောက်လာသောအခါ ကျွန်ုပ်တို့ခန္ဓာကိုယ်သည် ရုတ်ခြည်းပြောင်းလဲကြရမည်။ မကောင်းသောကိုယ်ခန္ဓာပုံစံ အလျဉ်းရှိတော့မည်မဟုတ်။ မကောင်းသောရုပ်၊ မှားယွင်းသောအရာများ အားလုံးကွာကျသွားမည်။

ထိုခန္ဓာကိုယ်သည် ဘုန်းအသရေနှင့်ပြည့်စုံသောကြောင့် ခြစ်ရာထစ်ရာ အရှအနမရှိ။ အပြစ်အနာဆာမဲ့သည်။ ဆင်းရဲဒုက္ခ၊ ဖျားနာခြင်းနှင့် သေခြင်းနှင့် ကင်းဝေးသည်။

ရုပ်ခန္ဓာကိုယ်သည် ဘုန်းအသရေနှင့်ပြည့်စုံသောအဖြစ်သို့ ဘုရားသခင်က ပြောင်းလဲပေးသွားမည်။ အသေးစိတ် အချက်အလက် မသိနိုင်သော်လည်း ပျက်စီးခြင်း၊ သေခြင်းမရှိသည်မှာ သေချာသည်။ အချိန်ကာလနှင့် သဘာဝအခက်အခဲ ပြဿနာများလည်း မရှိတော့ပါ။ ကောင်းကင်နိုင်ငံသား ခန္ဓာကိုယ်မျိုး ရရှိသွားကြမည်။

သို့သော် ယေရှုခရစ်တော်နှင့် ချွတ်စွပ်တူမည်ဟု ဆိုလိုခြင်းမဟုတ်။ ယေရှုခရစ်တော်သည် ထူးခြားသော ဇာတိတော် သီးသန့်ရှိသည်။ လူတိုင်းသည် နိစ္စထာဝရကာလ ရုပ်ရည်သွင်ပြင် အသီးသီးရှိကြမည်။

ကောင်းကင်နိုင်ငံသားဖြစ်သွားကြသော်လည်း ယေရှုခရစ်တော်နှင့်သော်၎င်း၊ ဘုရားသခင်နှင့်သော်၎င်း၊ တူညီကြမည် မဟုတ်။ ဘယ်သောအခါမှ အသိဉာဏ်ပညာပြည့်စုံခြင်းမရှိနိုင်ကြသကဲ့သို့ နေရာတိုင်းမှာ အချိန်တည်း၌ ရှိနိုင်အောင် ဘုန်းတန်ခိုး ရှိကြရမည်မဟုတ်။

သို့သော်လည်း အကျင့်လက္ခဏာအားဖြင့် ယေရှုနှင့်တူကြရမည်။ အပြစ်မှ ထာဝရကင်းလွတ်ကြမည်။ ဤကျမ်းပိုဒ်က သိချင်သည်များကို အပြည့်အစုံ အသိပေးနိုင်မည်မဟုတ်သော်လည်း ဝိညာဉ်ရေးရာ ငြိမ်သက်ခြင်းနှင့် နိုးကြွသော မျှော်လင့်ချက် ပေးပါသည်။

ကိုယ်တော်သည် အရာခပ်သိမ်းကို မိမိအာဏာစက်အောက်တွင် ရောက်စေတော်မူမည်။ ကျွန်ုပ်တို့၏ ရုပ်ခန္ဓာပြောင်းလဲခြင်းသည်လည်း ကိုယ်တော်၏အာဏာစက်ဖြင့် ဖြစ်သည်။ ကိုယ်တော်သည် ”ကယ်တင်သူ” (ဟေဗြဲ ၇:၂၅)၊ ကူညီမစသူ (ဟေဗြဲ ၂:၁၈) ”စောင့်ရှောက်တော်မူသူ” (ယု ၂၄) ဖြစ်သည်။ ဤကျမ်းပိုဒ်တွင်မူ ကိုယ်တော်သည် နှိမ့်ချတော်မူသည်။ ”ဤဘုရားကား ကမ္ဘာအဆက်ဆက် ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် ထာဝစဉ် ငါတို့အား လမ်းပြပို့ဆောင်တော်မူသည်” (ဆာ ၄၈:၁၄)။

Previous Article
Next Article