ယောဘဝတ္ထု ၄၀

၄ဝး၁-၂ ဘုရားသခင်က ယောဘအား အပြစ်တင်သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်များအပြစ် ရှာခြင်းမပြုရန်တားမြစ်သည်။ အကယ်၍ပညာတရားနှင့်ပြည့်စုံ၍ အစွမ်းအစပြည့်ဝလျှင် ဘုရားသခင်က သူကိုယ်ခန္ဓာပေါ်တွင် အနာရောဂါကျရောက်စေ သည့်အကြောင်း နားလည်လာလိမ့်မည်ဟု ဆိုသည်။

(ခ) ယောဘ၏တုန့်ပြန်စကား (၄ဝး၃-၅)

၄ဝး၃-၅ ဘုရားသခင်က ယောဘအား အပြစ်ဝန်ခံခိုင်းသည်။ အသိဥာဏ်ကင်း မဲ့ကြောင်းနှင့် ဘုရားသခင်အား အပြစ်ရှာခြင်း ဝန်ခံခိုင်းသည်။ ယောဘသည်လည်း ကျေနပ်စွာဝန်ခံသည်။ “အကျွန်ုပ်သည် ဆိုးပါသည်။ ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ ကိုယ်နှုတ်ကို ကိုယ့်လက်နှင့် ပိတ်ပါမည် တကြိမ်ပြောမိပြီး နောက်တစ်ခါမပြောတော့ပါ” ဟုကတိပေးလိုက်သည်။ ယောဘသည် ဘုရားသခင်၏ စကားတော်ကို နားလည်သဘောပေါက်သောကြောင့် နောက်တဖန် လျှာမရှည်ဝံ့။ မြည်တွန်တောက်တီးမပြောဝံ့တော့ပါ။ နှုတ်ဆိတ်သွားသည်။

(ဂ) ဒုတိယမ္မိ စိန်ခေါ်ခြင်း (၄ဝး၆-၄၁:၃၄)

(၁) လူသားကဲ့သို့တုန့်ပြန်ရန် စိန်ခေါ်ခြင်း (၄၀း ၆-၁၄)

၄ဝး၆-၁၄ ယောဘက နောင်တရပါပြီ မှားမိပါသည်ဟု ဝန်ခံပြီးသောအခါ ဘုရားသခင်သည် မိုးသက်မုန်တိုင်းထဲက အသံဖြင့် ယောဘအား ဆက်လက်စိန်ခေါ်သည်။ သူသားကဲ့သို့ သဘောထားတုန့်ပြန်ခိုင်းသည် ။ ယောဘက ဘုရားသခင် မတရားအကြောင်း အမျိုးမျိုးစွပ်စွဲပြီး သူ့ကိုသူဖြောင့်မတ်မှန်ကန် သူဟု ခံယူသည်။ ထိုအသံများကို ဘုရားရှင်ကြားသိပြီးသောအခါ မိုးကြိုးကဲ့သို့ ပြင်းထန်သောစကား ဖြင့်ယောဘကို စိန်ခေါ်သည် ။ ဘုရားကဲ့သို့ လက်ရုံးရည် နှလုံးရည် ရှိသလော။ ထူးဆန်းသောတန်ခိုးအာနုဘော်ရှိသလော။ မိုးကြိုးကဲ့သို့ ထက်သလော။ ဂုဏ်အသရေရှိသလော။ မာနထောင်လွှားမှုကို ဝန်ခံ၍ အောက်ကျို့နှိမ်ချသလော။ အကယ်၍ ဤအချက်အလက်များကို လိုက်နာဆောင်ရွက်နိုင်လျှင် ယောဘ အရည်အချင်းများကို ဘုရားသခင်က ယုံကြည်အသိအမှတ်ပြုလိုက်မည်။

(၂) ဗေဟမုတ်မြင်းကိုကြည့်ခိုင်းခြင်း (၄ဝး၁၅-၂၄)

၄၀း ၁၅-၂၄ ထို့နောက် ယောဘနှင့်အတူ ဖန်ဆင်းထားသော ဗေဟမုတ်မြင်းကို ကြည့်ရှုသင်ခန်းစာယူခိုင်းထားသည်။ ကျမ်းစာပညာရှင် အချို့က ဗေဟမုတ်မြင်းနှင့်လေဝိသန်ငါးများသည် ရှေး ဒဏ္ဌာရီ သတ္တဝါများ ဖြစ်၍ သိက္ခာချခြင်း ဖြစ်သည်ဟုဆိုကြသည်။ အဟိတ်တိရစ္ဆာန်နှင့် ခိုင်းနိူင်းခံရခြင်းသည် အဘယ်မျှလောက် အောက်ကျသွားပါသနည်း။

ဗေဟမုတ်ဆိုသည်မှာ ဟေဗြဲဘာသာစကားတွင် အများသူငါနေ့စဉ်သုံးစကားဖြစ်၍ ကျွဲနွားတိရစ္ဆာန်ကိုဆိုလိုသည်။ ဗဟုကိန်း (behemah) ဖြစ်၍ အဟိတ်တိရစ္ဆာများကို သိမ်းကြုံးခေါ်ဆိုခြင်းဖြစ်သည်။ Meredith Kline က ဤသို့ရှင်းပြသည်။

ဗေဟမုတ်သည် ဘုရားသခင်အမြင်တွင် အကြီးမြတ်ဆုံးသတ္တဝါဖြစ်သည်။ ထိုသတ္တဝါကို နိုင်သော သူသည် ထိုအရာကိုဖန်ဆင်းရှင်တပါးတည်းသာရှိသည် (ငယ် ၁၉)။ ထိုနည်းတူပင် ရေသတ္တဝါတွင်လည်း လေဝိသန်ငါးသည် အကြီးဆုံးဖြစ်သည်( ၄၁း ၃၃-၃၄)။၃၇

အဟိတ်ရစ္ဆာန်လောကတွင် ဗေဟမုတ်သတ္တဝါ အကြီးဆုံးဟု ဘုရားသခင်သတ်မှတ်သည်။ ထိုအကြောင်းကို လူ့အသိဉာဏ်ဖြင့် အတည်ပြုနားမလည် နိုင်သော်လည်း အရွက်စား ကုန်းတစ်ပိုင်းရေတပိုင်းသတ္တဝါဖြစ်သည်။ ခွန်အားအကြီးဆုံးသတ္တဝါဖြစ်သည် ဟုသိရှိရသည်။ စိမ့်စမ်းမြေ အရိပ်ထူသောနေရာတွင် ခိုအောင်းလေ့ရှိပြီး လွယ်လင့်တကူ မတွေ့မြင်နိုင်။ ယောဘသည် ထိုသတ္တဝါကိုမျှ မစိုးမိုးနိုင်လျှင် ကမ္ဘာလောကကြီးကို မည်သို့ ပိုင်စိုးနိုင်မည် နည်းဟုမေးခြင်းဖြစ်သည်။

ဗေဟမုတ်ကို တခါတရံ ကြံ့သတ္တဝါ၃၈ နှင့် ခိုင်းနှိုင်းပြီး ပြင်သစ်ဓမ္မဆရာကြီး Louis Segond အပါအဝင် အချို့ကျမ်းစာဆရာကြီးများက ကျမ်းစာသားပါအတိုင်း ကောက်ယူကြသည်။ သို့သော်ဘုရားသခင်အမြင်တွင် ကြံ့သတ္တဝါကဲ့သို့မဟုတ်သည်မှာ သေချာသည်။ ဆင် (သို့) မျိုးတုံးသွားပြီဖြစ်သော အမွေးရှည်ဆင်မျိုးဟုယူဆရသည်။ အချို့က ရေမြင်းနှင့်တူသည်ဟု ဆိုကြသည်။ ရေမြင်း၏အမြီးသည် အာရဇ်ပင်နှင့် မတူပြန်။

ခရစ်ယာန်သိပ္ပံပညာရှင်များက ဗေဟမုတ်သည် ထူးခြားသော သတ္တဝါတမျိုးဖြစ်ရမည်။ အာဖရိက တော်ကြီးမျက်မည်းထဲတွင် ခိုအောင်းတတ်သောသတ္တဝါဖြစ်မည်ဟုဆိုသည်။ ယခုကာလတွင် မတွေ့မြင်ရ တော့သော တွားသွားဒိုင်နိုဆောကဲ့သို့ သတ္တဝါမျိုးဖြစ်ရမည်ဟု ဆိုကြသည်။၅၉ တချို့က အမျိုးတုန်းသွားသော သတ္တဝါဟုဆိုကြသည်။

Previous Article
Next Article