ရာဇဝင်ချုပ်ဒုတိယစောင် ၁၈

၁၈: ယခု ကာလချိန်ထိ ဣသရေလ နှင့် ယုဒတို့သည် ကိုယ့်အိမ် ကိုယ့်ယာနှင့် ကိုယ် ခပ်တန်းတန်း နေကြသည်။ ယောရှဖတ်၏ သားသည် အာခတ်၏ သမီးကို ထိမ်းမြားသော အခါ (၂၁:၅-၆) နှစ်နိုင်ငံ အကြား သံခင်းတမန်ခင်းရှိလာကြသည်။

၁၈: အာခတ်မင်းက ယောရှဖတ်အား ရှုရိရန်တိုက်ကူပေးရန် မဟာမိတ်ဖွဲ့သည်( ၃ရာ ၂၂:၃-၄ နှင့် ယှဉ်ဖတ်)။ ယောရှဖတ်ကလည်း အထွေအထူး မစဉ်စားဘဲ မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ သို့သော် စစ်ထွက်ခွါနီးတွင်မူ ဘုရားသခင်၏ အလိုတော်မေးခိုင်းလိုက်သည်။ အာခတ်မင်းက ယဇ်ပုရောဟိတ်များ စုဝေးခေါ်၍ မေးမြန်းရာ စစ်အောင်မည့်အကြောင်း ဖော်လံဖားအခါတော်ပေးကြသည်။ ယောရှဖတ်သည် ဘုရားတရား ကြည်ညိုသူ ဖြစ်သောကြောင့် ထိုအာခတ်မင်းခေါ် လားသော ယဇ်ပုရောဟိတ်လေးရာ၏ တသံတည်း ပရောဖက်ပြုချက်သည် ဘုရားသခင်ထံမှ လာသော အသံမဟုတ်ကြောင်းသိသည်။ ထိုကြောင့် ယေဟောဝါ ဘုရားသခင်၏ အသံကြားနိုင်သော အခြားပရောဖက်တဦး ဆင့်ခေါ် သည်။ အာခတ်မင်း သည် သူ၏ပရောဖက်များနှင့် ယေဟောဝါ ဘုရားသခင်၏ စစ်မှန်သော ပုရောဖက် မတူညီ။ ခြားနားကြောင်းသိရှိသည်။ သို့သော် ပရောဖက် မိက္ခာ၏ စကားသည်အာခတ်မင်း၏ ဆန္ဒနှင့်ဆန့်ကျင်သည်။ ထိုပရောဖက်သည် ရှင်ဘုရင့် အလိုလိုက်၍ အကြိုက်ဆောင်ခြင်း မရှိဘဲ၊ ယေဟောဝါဘုရားထံမှ ကြားသိသည့်အတိုင်း ဟောပြောလေ့ ရှိသဖြင့် အာခတ်မင်းနှင့် အမြဲတမ်းတကျီကျီ ဖြစ်သည်။

၁၈:၁၁ မိက္ခာပြောဆိုပြီး ချိန်တွင် ခေနာနာ သားပရေဖြက်ဇေဒကိက သံတံပိုးနှစ်လက်ကို (တံပိုးနှစ် လက်ဆိုသည်မှာ အာခတ်နှင့် ယောရှဖတ်ဘုရင် နှစ်ပါးကို ဆိုလို ဟန်ရှိသည်)။ ပြိုင်တူ မှုတ်လျှင် ရှုရိရန်ကို နှိမ်နင်းနိုင်မည် ဟု လျှောက်လဲ သည်။ ထိုအကြောင်းကို D.L.Moody ကဤသို့ ဆိုသည်။

အာခတ်မင်းသည် ဓမ္မဆရာနှင့် ယဇ်ပုရောဟိတ်များထံမှ အခါတော်ပေးချက် ကြားသိပြီးဖြစ်၍ မည်သူကမှ ဝင်ရောက် ဟန့်တားနိုင်မည်မဟုတ်။ သို့သော် တယောက်ယောက် တော့ရှိနေဦးမည်။၁၈

၁၈:၁၂၁၃ အခြားပရောဖက်များ၏ အင်အားပိုများသောကြောင့် ရေများရေနိုင်၊ မီးများမီးနိုင် သွားသည်။ မိက္ခာကမူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် အဆုံးအဖြတ်ပေးကြောင်း သတိပေးလိုက်သည်။ ငယ် ၁၃ သည် ယုံကြည်သူတိုင်း စွဲမှတ် ဆောင်ယူ အပ်သော ဆောင်ပုဒ်ဖြစ်သည်။ ထာဝရဘုရား အသက်ရှင်တော် မူသည့်အတိုင်း ငါ၏ ဘုရားသခင် မိန့်တော်မူသော စကားကိုသာ ပြောရမည်။

၁၈:၁၄၁၇ ပထမတွင် ပရောဖက် မိက္ခာသည် တားမရမှန်းသိသောကြောင့် အခြား ပရောဖက်အုပ်နည်းတူ ချီတက်ရာ လမ်းကြောင်းသဘောတူပေးသည်။ အာခတ်မင်းက သစ္စာစကားဆိုပါဟု ထပ်ပြောသောအခါ ဣသရေလတို့ စစ်အောင်မြင် မည်ဖြစ်သော်လည်း အာခတ်မင်း တိုက်ပွဲကျမည် ဟုဆိုသည်။

၁၈:၁၈၂၂ အာခတ်၏ ပရောဖက်များက ပရောဖက်ပြုချက်အမှား ဟောပြောသည့်အကြောင်းကိုလည်း ထောက်ပြသည်။ ထိုပရောဖက်များသည် ဘုရားသခင်စေလွှတ်သော ဝိညာဉ်ဆိုး၏လွှမ်းမိုးမှုခံနေကြ သည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်က အာခတ်မင်း၏ ဆိုးသွမ်းမိုက်မဲမှု အဆုံးသတ်စေလိုသည်။ ဧလိယပရောဖက်ပြုခဲ့သည့်(၃ရာ ၂၁:၁၉-၂၄) အတိုင်း အာခတ်မင်းသည် အပြစ်တရား စီရင်ခြင်းခံရဖို့ အချိန် နီးကပ်လာပြီ။ Matthew Henry ကဤသို့ ဆိုသည်။

ဘုရားသခင်၏ ခွင့်ပြုချက်မရှိလျှင် ပရောဖက်များ သည်လည်း လိမ်ညာပြောစရာ မရှိပါ။ သို့သော် ဘုရားသခင်တွင် ရည်ရွယ်ချက်ရှိသည်။ မိက္ခာပရောဖက်က အာခတ်မင်းအား သင့်တင့်လျှောက်ပတ်သော သတိပေးချက်များသည် စစ်ပွဲတွင် ကြုံဆုံရမည့် ကံကြမ္မာဆိုး သာမက၊ ဘဝတခုလုံး နှင့်ဆိုင်သော မယုံကြည်ခြင်း၏ အပြစ်ခံစားရမည့် အကြောင်းကို လည်း သတိပေးသည်။၁၉

၁၈:၂၃၂၆ ပရောဖက်မိက္ခာသည် ဟုတ်တိုင်းမှန်ရာ ပြောသောကြောင့် ဆင်းရဲဒုက္ခခံရသည်။ ပရောဖတ်ဇေဒိက၏ ပါးရိုက်ခြင်း ခံရသည်။ အာခတ်မင်း ကလည်း ထောင်ချသည်။ မသေရုံ တမယ် တနေ့ ပေါင်မုန့်တလုံး ရေတခွက်သာ စားခွင့်ပြုသည်။ ထိုသို့ ကျွေးခိုင်းခြင်းသည် လုံးပါးပါး၍ သေစေရန် ရည်ရွယ်သည်။ ထိုသူနှစ်ဦးအား ပရောဖက်မိက္ခာက သူ့စကားသည် သစ္စာစကားဖြစ်ကြောင်း သက်သေပြသည်။ ဇေဒိက၏ ရှေ့ဆက် ကံကြမ္မာကို ကျမ်းစာတွင် မပါရှိသော်လည်း အာခတ်မင်းမှာ ယေဟောဝါ ဘုရား၏ စကားတော် လာသည့်အတိုင်း ထိုတိုက်ပွဲတွင် ကျဆုံးသည်။

၁၈:၂၇၂၉ အာခတ်မင်းသည် ပရောဖက်မိက္ခာ၏ ပရောဖက်ပြုချက်ကို မယုံ တဝက် ယုံတဝက်ဖြစ်နေသည်။ မယုံချင်သော်လည်း မပစ်ပယ်ရဲ။ ထို့ကြောင့် ဘုရင့် အဝတ်အစား မဝတ်ဘဲ သာမန်စစ်သားကဲ့ သို့ ဝတ်ဆင်တိုက်ပွဲဝင်ခြင်းဖြင့် ပရောဖက်ပြုချက် ပရိယာယ်ပြု၍ ဘုရားသခင်အား လှည့်စားရန်ကြံစည်သည်။ ယောရှဖတ်မင်းကို ဘုရင်အဆောင်အယောင်အတိုင်း ဝတ်ဆင်စေ၍ သူကိုယ်တိုင် အညတြစစ်သားကဲ့သို့ ဝတ်ဆင်သည်။

၁၈:၃၀၃၄ သို့သော် ဘုရားသခင် ၏ စကားတော်ကို လှည့်စား၍မရပါ။ မစင်ကြယ် သော အပေါင်းအသင်း နှင့် ပေါင်းဖက်ခြင်း၏ အန္တရာယ်ကို သင်ခန်းစာ (၂ကော၆:၁၄) ရရှိသော ယောရှဖတ် သည် သဲထိတ်ရင်ဖိုသေဘေးမှ လွတ်မြောက်သော်လည်း အာခတ်သည် ထိုတောင်ကို မကျော်နိုင်။ အသက်ဇီဝိန်နှုတ်သောမြှားနှစ်စင်းသည် အာခတ်၏ ချိုင်းဖက်တွင် စိုက်ဝင်၍ ညနေဆည်းဆာနှင့်အတူ နေဝင်ချိန်တွင်  အသက်ပျောက်ကွယ်သွားသည်။

Previous Article
Next Article