ဓမ္မရာဇဝင်တတိယစောင် ၁၇

၂။ ဧလိယနှင့် မိုးခေါင်ခြင်း (၁၇:)

၁၇: ပရောဖက် ဧလိယ၏ အမှုတော်ဆောင်ပုံကို အခန်း ၁၇ မှ စ၍ ၆ ရာ ၊ ၂:၁၁ ထိ ဖော်ပြသည်။ ဘုရားသခင်သည် ပရောဖက် ဧလိယကို အသုံးပြု၍ မိမိလူများအား ဆောင်ရန် ရှောင်ရန်များ ပြောကြားစေသည်။ ပရောဖက်စကားများသည် ယေဟောဝါဘုရား၏ နှုတ်တော်ထွက် စကားတော်များပင်ဖြစ်သည်။ ရုပ်တုဆင်းတု ကိုးကွယ်ခြင်း၊ အကျင့်စာရိတ္တပျက်ယွင်းခြင်း နှင့်  ဒုစရိုက်ကျူးလွန်နေမှုများကို မကြောက်မရွံ့မထောက်မညှာ ဖော်ပြသည်။ ပြည်သူများအား အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံလှည့်ပြန်ကြဖို့ ဆိုဆုံးမစေသည်။ နောင်တမရကြ လျှင်ကြောက်မက်ဖွယ် ပြင်းထန်သော တရားစီရင်ခြင်း ကျရောက်လာလိမ့်မည်ဟု ထောက်ပြသတိပေးသည်။ ထိုခေတ်ကာလက ပရောဖက် အချို့ကို ဣသရေလအမျိုးဆီသို့ ၎င်း၊ အချို့ကို ယုဒအမျိုးဆီသို့ ၎င်း၊ အချို့ကို လူမျိုးနှစ်မျိုးစလုံး ဆီသို့၎င်း ပရောဖက်ပြုစေလွတ်သည်။ ဣသရေလလူများက ပိုမိုဖောက်ပြန် ဆိုးသွမ်းသောကြောင့် နောင်တရစေရန် အံ့ဖွယ်နိမိတ် လက္ခဏာများနှင့်တကွ စေလွတ်သည်။ သို့သော် သူတို့အတွက် လွတ်ငြိမ်းခွင့် နှင့် ကင်းလွတ်ခွင့်မရှိ။

ဧလိယဘဝခရီးစဉ်

၁။ တိရှဘိမြို့သား ဧလိယက အာဟပ်မင်းသို့ ပရောဖက်ပြုခြင်း။

၂။ ခေရိတ်ချောင်းအနီး ဧလိယပုန်ုးခိုခြင်း။

၃။ ဇရတ္တမြို့သို့ သွားရောက်ခြင်း။

၄။ အာဟပ်ထံအသွားလမ်း၌ သြဗဒိနှင့် တွေ့ဆုံခြင်း။

၅။ အာဟပ်မင်းက ဧလိယအား ကရမေလတောင် ပေါ်မှာ ချိန်းဆိုခြင်း။

၆။ ဧလိယက အာဟပ်ထက်စော၍ ယေဇရေလမြို့သို့ အရင်ရောက်ခြင်း။

၇။ ယေဇဗေလ ရန်ကိုကြောက်၍ ဗေရရှေဘ သို့ ဧလိယ ထွက်ပြေးခြင်း။

၈။ ဗေရရှေဘ တောလမ်းဖြင့် တောင်ဘက် သိနာတောင်သို့ ခရီးနှင်ခြင်း။

၉။ ဒမာသက်သို့ တောလမ်းခရီးနှင်၍ ရှုရိဘုရင်အဖြစ် ဟာဇေလကို ဘိသိက်ပေးခြင်း။

၁၀။ ဧလိရှဲကို တွေ့ခြင်း။

၁၁။ နာဗုတ်ကို သတ်ဖြတ်ခြင်းအတွက် အာဟပ်အား ရှုတ်ချခြင်း။

၁၂။ ဧကြုန်မြို့လမ်းတွင် အာခဇိမင်း၏ မင်းစျေးများ တွေ့ဆုံခြင်း။

၁၃။ အာခဇိမင်း မုချသေမည်ဟု ပ​ရောဖက်ပြုခြင်း။

၁၄။ ဧလိရှဲနှင့် အတူ နောက်ဆုံးခရီးပြုခြင်း။

၁၅။ လေပွေဖြင့် ကောင်းကင်သို့ သိမ်းယူခံရခြင်း။

 

ဧလိယ ကို ဓမ္မသစ်ကျမ်းတွင် ဗတ္တိဇံယောဟန် နှင့် ခိုင်းနှိုင်းထားသည်။ ဗတ္တိဇံဟောဟန်သည် ဧလိယကဲ့သို့ စိတ်ဝိညာဉ်တန်ခိုးနှင့် ပြည့်စုံသည် (လု၊ ၁:၁၇) ဟု ဆိုသည်။

ဧလိယ ကို ယော်ဒန်မြစ်အရှေ့ဘက်ခြမ်း ဂိလဒ်ပြည် တိရှဘိမြို့မှ လာသောကြောင့် တိရှဘိမြို့သားဟု ခေါ်စမှတ်ပြုကြသည်။ ဧလိယ၏ အကြောင်းကို ဓမ္မရာဇဝင် တစ်ခုတည်းတွင် သာ တွေ့ရ၏။ နောက်ခံ သမိုင်းကြောင်း မသိရ။ မျိုးရိုးမိသားစု အကြောင်းမှစ၍ ပရောဖက်ပြုခြင်း အကြောင်းလည်း မှတ်တမ်းမှတ်ရာ မတွေ့။ သို့သော် ဘုရားသခင်စေလွှတ်တော်မူသော သူဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ ဖောက်ပြန်သော ဣသရေလလူမျိုးအား ဘုရားသခင်ရှေ့၌ ဒူးထောက်စေဖို့ ဘုရားသခင်အသုံးပြုသော တန်ဆာပလာ ဖြစ်၏။ ဧလိယ ဆုတောင်းခြင်းဖြင့် မိုးခေါင်ခြင်း၊ မိုးရွာခြင်း ဖြစ်စေနိုင်သည်။ ကြောက်ရွံ့တုန်လှုပ်မှု မရှိဘဲ ဣသရေလ လူမျိုးအား ဟုတ်တိုင်းမှန်ရာ ထောက်ပြသည်။ ဧလိယ၏ ပထမဆုံး ထင်ရှားမှုမှာ အာဟပ်မင်းအား မိုးခေါင်မည့်အကြောင်း ပရောဖက်ပြုချက် ဖြစ်သည်။ မိုးခေါင်ခြင်းမှာ ရုပ်တုကိုးကွယ်မှု အကျိုးဆက်ဖြစ်သည်။ လူထုပရိသတ်အား ဘုရားသခင်ထံ စိတ်ညွတ်လာဖို့ မိုးခေါင်စေသည်။ ဣသရေလ လူများသည် ရုပ်တုကိုးကွယ်နေမှုကြောင့် မိုးခေါင်မှန်းလည်း မသိကြ။ သာမန်သဘာဝ ဖြစ်ရိုးဖြစ်စဉ် ဟု သာ ထင်ကြသည်။

၁၇:၂-  ဘုရားသခင်၏ စကားတော်ကို နာခံလျက် ဧလိယသည် ယော်ဒန်မြစ် အရှေ့ဘက်ကမ်း ခေရိတ်ချောင်း ဘေး၌ ပုန်းခို ရင်း ချောင်းရေသောက် ကာ နံနက်စာ၊ ညစာကို ကျီးများ ချီယူလာသော အမဲသားနှင့် မုန့် ဖြင့် အသက်ဆက်ရသည်။ များမကြာမီ ချောင်းရေလည်း ခန်းခြောက်လာသည်။

 

၃။ ဧလိယနှင့် ဇရတ္တမုဆိုးမ (၁၇:၂၄)

၁၇:၁၆  ဘုရားသခင်၏ နှုတ်ကပတ်တော် အရ ဧလိယ သည် မြေထဲပင်လယ်ကမ်းခြေရှိ တုရုနှင့် ဇိဒုန်အကြား ဇရတ္တမြို့ သို့သွားသည်။ ထိုနေရာတွင် ဧလိယကို ကျွေးမွေးမည့် တပါးအမျိုးသား မုဆိုးမအား ဘုရားသခင်က စီစဉ်ထားသည်။ ဦးစွာ ထိုမုဆိုးမက သူတို့ သားအမိစားလောက်ရုံမျှသာ စားစရာရှိသည် ဟုဆိုသည်။ သို့သော်လည်း ဧလိယက ရှိသမျှဖြင့် မုန့်လုပ်ကျွေးခိုင်း သဖြင့် ထိုမုဆိုးမလည်း ဘုရားသခင်၏ စကားတော်ကို နာခံသည်။ ယင်းသို့ ဘုရားသခင်၏ စကားတော်ကို ပထမနေရာ အဖြစ် ဦးစားပေးခြင်းဖြင့် ဘဝတွင် လိုလေသေးမရှိ လုံလောက်ချမ်းသာ ဘဝကို ရရှိနိုင်ကြောင်း သင်ခန်းစာ လှလှ ရရှိစေပါသည်။ သူ၏ ဂျုံမှုန့်နှင့် ဆီသည် ကုန်ခမ်းလျော့နည်းသွားခြင်းမရှိ။ ဣသရေလမုဆိုးမ အများအပြားရှိပါသော်လည်း ထိုမုဆိုးမများထံသို့ ဧလိယအား မစေလွှတ်ဘဲ တပါးအမျိုးသားမုဆိုးမထံသို့ ရွေးချယ်စေလွှတ်သည့် ကြောင်းကို ယေရှုက (လု၊ ၄:၂၆)၌ ရှင်းပြသည်။

မိုးခေါင်၍ အစာရေစာ ငတ်မွတ် ခေါင်းပါးသည့် ကာလတလျှောက်လုံး ဘုရားသခင်က မိမိလူ ဧလိယ အား နှိမ့်ချစွာ ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ ဦးစွာ မစင်ကြယ်သော ကျီးအကို အသုံးပြုသည်။ ထို့နောက် တပါးအမျိုးသမီး ဆင်းရဲသော မုဆိုးမကို သုံးသည်။ ရှင်ဘုရင့်နန်းတော်မှာပင် နေ့စာ၊ ညစာ စိုးရိမ်ပူပန်နေရချိန်တွင် ဘုရားသခင်၏ လူအဖို့ စိုးရိမ်ကြောင့်ကြခြင်း ကင်းစွာ ထမင်းနပ်မှန် စားနေရသည်။

၁၇:၁၇၂၄  ထိုနောက်သော် မုဆိုးမ၏သား သည် အပြင်းဖျား၍ သေလေသည်။ ထိုအခါ မုဆိုးမအဖွားအိုက ဧလိယကို အကုသိုလ်ယူဆောင်လာသော ဂြိုဟ်ကောင်ဟု အပြစ်ဆိုသည်။ ပရောဖက်ဧလိယ က ထိုသေဆုံးသော သားငယ်အား အထက်အိပ်ခန်း သို့ ပွေးချီသွားသည်။ သူငယ်အပေါ်၌ သုံးကြိမ်မှောက် လှန်ပြီး ဘုရားသခင်ထံ ဟစ်အော်ဆုတောင်း သည်။ ကလေးသည် လူးလွန့်အသက်ရှင်လာသဖြင့် မိခင်လက်ထဲသို့ ပြန်အပ်လိုက်သည်။ ထိုကလေး အသက်ပြန်ရှင်ခြင်းသည် ဧလိယအား ဘုရားသခင်၏ လူဖြစ်ကြောင်း ထင်ရှားသက်သေပြ ခြင်းဖြစ်သည်။ ဘုရားသခင်၏ စကားတော်သည် သမ္မာတရား စစ်မှန်ကြောင်း ကို သက်သေထူသည်။ ထိုတပါးအမျိုးသား မုဆိုးမက လည်း ဣသရေလလူမျိုးတို့၏ ဘုရားသခင်ကို ယုံကြည် ကိုးစားသွားသည်။