ဓမ္မရာဇဝင်တတိယစောင် ၁၈

  ၄။ ဧလိယက ဗာလပရောဖက်များကို စိန်ခေါ်ခြင်း (၁၈:၁၉)

၁၈:၁၉  ဣသရေလမြေသို့ ပရောဖက် ဧလိယပေါ်ထွန်းပြီး သုံးနှစ်ခွဲကြာသောအခါ မိုးခေါင်၍ အစာငတ်မွတ် ဘေးကျရောက်သည် (လု ၊ ၄:၂၅)။ ပရောဖက် ဧလိယသည် အာဟပ်မင်းထံသွား၍ ကျောချမ်းဖွယ်ရာ သတင်းစကားသွားပြောသည်။ နိုင်ငံတဝှန်းလုံး မိုးခေါင်သဖြင့် တရစ္ဆာန်စားစရာပင် မရှိအောင် မြက်ရှားသည်။ ထို့ကြောင့် အာဟပ်က သြဗဒိ (သြဗဒိအနားဂတ္တိကျမ်းရေးသူမဟုတ်)အား မြက်ရှိရာအရပ် လိုက်ရှာစေသည်။ ဤသြဗဒိ ဆိုသူမှာ အာဟပ်မင်းမိဘုရား ယေဇဗေလက ပုရောဟိတ်များကို သတ်ဖြတ်ခိုင်းသောအခါ ပရောဖက်တစ်ရာကို သိုဝှက်ထားခဲ့သူ ဖြစ်သည်။

၁၈:၁၅  သြဗဒိသည် မြက်ခင်းပြင်ပေါက်ရာ အရပ်ရှာဖွေ စဉ် ပရောဖက် ဧလိယနှင့် တွေ့ဆုံရသည်။ အာဟပ်မင်းက ဧလိယအား ကမ္ဘာအနှံ့ လိုက်လံရှာခိုင်းခဲ့ဖူးသည်။ မည်သည့်နေရာတွင် မှ သတင်းအစအန မရခဲ့။ ယခုရှာတွေ့ပြီဟု ဧလိယက ပြောခိုင်းသော်လည်း ပြန်မပြောရဲပါ။ အကယ်၍ အာဟပ်မင်းကြီး သိလျှင် ချက်ချင်း တုန်းပြန်လုပ်ဆောင်သည်မှာ သေချာသည်။ ထိုအခါ ဘုရားသခင် ဝိညာဉ်တော်က ဧလိယအား တခြားနေရာသို့ ပို့လိုက်သဖြင့် ဧလိယကို ရှာမတွေ့လျှင် သြဗဒိမှာ အချိန်မရွေး အသတ်ခံရနိုင်သည်။ အကြောင်းမှာ မိဖုရားယေဇဗလက ပရောဖက်များကို ကွပ်မျက်စဉ် သြဗဒိသည် ဘုရားသခင်၏ ပရောဖက်တစ်ရာကို ဝှက်ထားခဲ့ သောအမှုဟောင်း ရှိနေသည်။ ဧလိယက ဘယ်ကိုမှမသွားကြောင်း၊ ဘုရင်ကို အတွေ့ခံမည်ဖြစ်ကြောင်း ကတိပြုလိုက်သော အခါကျမှသာ အာဟပ်ဘုရင်နှင့် တွေ့ဆုံရန် စီစဉ်ကြသည်။

၁၈:၁၆၁၉  အာဟပ်မင်းကလည်း ချက်ချင်းဧလိယကို သွားရောက်တွေ့ဆုံသည်။ အာဟပ်သည် ဘုရားသခင်စေလွှတ်သော ဣသရေလ လူတို့၏မိတ်ဆွေကောင်းမှန်း မသိဘဲ၊ ဧလိယကို ဣသရေလပြည်အား နှောင့်ယှက် ဒုက္ခပေးသူ အဖြစ် စွပ်စွဲသည်။ ဧလိယသည် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိ၊ မိမိအသက်ကို ဂရုမမူဘဲ အာဟပ်ဘုရင်သာ ဣသရေလလူတို့အား ရုပ်တုဘုရားကိုးကွယ်စေခြင်းဖြင့် ဒုစရိုက်အမှားပြုလုပ်သူ ဖြစ်ကြောင်း စွပ်စွဲသည်။ ထိုပြဿနာအဖြေရှာဖို့ ဗာလ ဘုရားကိုးကွယ်သော ပရောဖက်များကို ကရမေလ တောင်ပေါ်သို့ ချိန်းဆိုစိန်ခေါ် လိုက်သည်။ ဗာလ ဘုရား၏ ပရောဖက်ပေါင်း ၄၅၀ ဦးတို့ ကရမေလတောင် ကိုလာကြသော်လည်း အာရှရပရောဖက် ၄၀၀ တို့ ရောက်မလာကြ (ငယ် ၊၁၉နှင့် ၂၂ ယှဉ်ဖတ်)။

 

၅။ ဗာလပရောဖက်များအား အောင်နိုင်ခြင်း (၁၈:၂၀၄၀)

၁၈:၂၀၂၅  ချိန်းဆိုထားသည့်အတိုင်း လူစုံရောက်လာကြသည့်အခါ ဧလိယ က လူထုကြီးအား ဘုရားသခင်နှင့် ဗာလ အကြား ခြံစည်းခွမထိုင်ဘဲ၊ တစ်ဖက်သို့ သတ်သတ်မှတ်မှတ်ရပ်တည်ကြဖို့ ရွေးခိုင်းသည်။ ထိုနောက် နွားထီးနှစ်ကောင် ကို ယူဆောင်လာစေသည်။ ယဇ်ကောင် မီးရှို့ဖို့ ထင်းပုံ ကိုလည်း အသင့်ပြင်ဆင်စေသည်။ အာဟပ်ဘက်တွင် ဗာလပရောဖက် ၄၅၀ ဦး ရပ်တည်၍ ယေဟောဝါဘုရားဘက်တွင် မူ ဧလိယတစ်ဦးတည်း ရပ်သည်။ ထင်းပုံကို မီးညှိ၍ မရှို့ဘဲ၊ ဆုတောင်းခြင်းဖြင့် ယဇ်မီးရှို့ကြရမည်။ မီးစွဲလောင် ကျွမ်းစေနိုင်သောဘက်က ဘုရားစစ် ဘုရားမှန် ဖြစ်သည်ဟု သဘောတူကြသည်။

၁၈:၂၆၂၉  ပထမဦးစွာ ဗာလပရောဖက်များက စိတ်ကြိုက်နွားကို ရွေးချယ်ပြီး ယဇ်ပလ္လင်ပေါ်တင်ကာ နံနက်မိုးသောက်မှ နေမွန်းလွဲ တိုင်အောင် ဝိုင်းဝန်းဆုတောင်းသည်။ ဧလိယက ကျယ်လောင်စွာ ဟစ်အော်ဆုတောင်း ကြပါဟု ခနဲ့သရော်သည်။ ထင်းပုံပေါ်တင်ထားသော ယဇ်ကောင် အသားတုံးများမှာ ညနေခင်းတိုင်အောင် ရှိနေသည်။ မည်သည့် အဖြေစကား၊ မည်သည့်အသံ၊ မည်သည့်ထူးခြားချက်မှမရှိ။

၁၈:၃၀၃၅  ဗာလပရောဖက်များ၏ အလှည့်ပြီးဆုံးသောအခါ ဧလိယအလှည့်ဖြစ်သည်။ ဣသရေလလူ ၁၂-မျိုးအတိတ်ဆောင်သော ကျောက်တုံး ၁၂ လုံးဖြင့် ယဇ်ပလ္လင်တည်သည်။ ယဇ်ကောင်နွားကို အပိုင်းပိုင်းခုတ်ဖြတ်၍ ထင်းပုံပေါ်တင်သည်။ ရွှဲရွှဲစိုနေအောင် အိုးလေးလုံးအပြည့် ရေဖြင့် သုံးကြိမ်တိုင်တိုင် လောင်းချခိုင်းသည်။

အချို့က မိုးခေါင်ရေရှားကာလတွင် ထိုမျှလောက် ရေကို ဘယ်ကရသနည်း ဟု ထောက်ကြသည်။ သို့သော် ရေမှာ အဓိက ပြဿနာမဟုတ်။ မည်မျှရေရှားသည် ဟု ဆိုပါစေ၊ ရေ ၁၂ အိုး ရနိုင်ပါသည်။ လယ်ယာလုပ်ငန်းအတွက် ရေရှားပါးသော်လည်း သောက်သုံးရေ ရှိသောကြောင့်သာ လူများအသက်ရှင် နေနိုင်ခြင်းဖြစ်သည်။ အခြားဖြစ်နိုင်ခြေမှာ မိုင်အနည်းငယ်မျှသာ ဝေးသောမြေထဲပင်လယ်မှ ရယူခြင်းဖြစ်သည်။  Williams က ဤသို့ ရှင်းပြသည်။

ကိရှုန်ချောင်း (ငယ် ၄၀) ပင်လယ် (ငယ် ၂၃) နှင့် ရေတွင်းများမှ (ငယ် ၃၅) ပါရှိသည့် ကျုံးအပြည့် လုံလောက်သော ရေကို ရရှိနိုင်ပါသည်။၁၃

၁၈:၃၆၄၀  ညနေစောင်းချိန် ယဇ်ပူဇော်ရန် အချိန်ရောက် သောအခါ ဧလိယ က စတင်ဆုတောင်းသည်။ ကောင်းကင်မှ ဘုရားသခင်၏မီး ကျရောက်လာပြီး ယဇ်ကောင်ကို မီးစွဲစေရုံ သာမက ယဇ်ပလ္လင်တွင် တင်ထားသော ထင်း၊ ကျောက်တုံး၊ မြေမှုန်များပါမကျန် မီးလောင်ပြာကျကုန် သည်။ ယဇ်ပလ္လင်၏ ဘေးပတ်လည်ရှိ ကျုံး(ရေမြောင်း) မှ ရေသည်လည်း ခန်းခြောက်ကုန်သည်။ မြင်တွေ့သူ ပရိသတ်တို့ကလည်း ဧလိယကိုးကွယ်သော ဘုရားသာ ဘုရားစစ်ဘုရားမှန်ဖြစ်ကြောင်း အသိအမှတ်ပြုကြလေသည်။ သို့ဖြင့် ဧလိယက ဗာလပရောဖက်များအား ဖမ်းဆီးဖို့ စေခိုင်းသည့်အတိုင်း ဖမ်းဆီးသတ်ဖြစ်စေသည်။ အပြစ်ဝန်ချနှင့် စကားတော်နာခံခြင်းသည် ဘုရားသခင်မှ ကောင်းချီးမင်္ဂလာခံစားရာဖြစ်သည်။

 

၆။ မိုးရွာရန် ဧလိယ၏ ဆုတောင်း (၁၈:၄၁၄၆)

၁၈:၄၁၄၆  မိုးရွာတော်မည်ဖြစ်၍ မိုးလွတ်ရန် ပရောဖက် ဧလိယသည် ကရမေလတောင်မှ အမြန်ထွက်ခွါတော့မည်။ အာဟပ်မင်းအား စားသောက်ရန် တိုက်တွန်းသည်။ အာဟပ်မင်း စားသောက်ရန် ထိုင်ချသောအခါ ဧလိယကထ၍ ဆုတောင်းပေးသည်။ ထိုနောက် ဧလိယသည် ကရမေလတောင်ထိပ်ပေါ် တက်၍ မျက်နှာကို ဒူးခေါင်းနှစ်ဖက် ကြားထား ပြပ်ဝပ်၍ မိုးရွာသွန်းစေရန် ဘုရားသခင်ထံ ဆုတောင်းသည်။ မိုးကုတ်စက် ဝိုင်းတွင် မိုးသားတိမ်လိပ်မမြင်မချင်း စိတ်အားထက်သန်စွာ ဆုတောင်းသည်။ တပည့်က မိုးကုတ်စက်ဝိုင်းကို စောင့်ကြည့်ပေး၍ တိမ်စိုင်ငယ် တစ်လိပ်မြင်ရသောအခါ အာဟပ်မင်းထံသို့ ချက်ချင်းသတင်းပိုးစေသည်။ မိုးကြီးရွာတော့မည် ဖြစ်၍ ထီးနန်းစိုက်ရာ ဣသခါနယ် ယေဇရေလမြို့ (၂၁:၁)သို့ အမြန်ပြန်ရန် လျှောက်တင်သည်။ မိမိကိုယ်တိုင်လည်း ကျိုးနွံသစ္စာ  ရှိမှုကို ဖော်ပြရန် မိုင် ၂၀ ခန့်ဝေးသောမြို့တော်ဆီသို့ အာဟပ်မင်း အရင်ရောက်အောင် မိုးရွှဲရွှဲထဲ မြင်းရထားရှေ့မှ အသားကုန်ပြေးလွှားသွားသည်။