ဓမ္မရာဇဝင်တတိယစောင် ၂၀

၉။ အာဟပ်မင်း ရှုရိတို့အား ပထမကြိမ် အောင်နိုင်ခြင်း (၂၀:၂၂)

၂၀:  ဤကျမ်းပိုဒ်တွင် ပါရှိသော ရှုရိဘုရင် ဗင်္ဟာဒဒ် သည် ၁၅:၁၈-၂၀ ၌ ဖော်ပြခဲ့သော ဘုရင်ပင်ဖြစ်သည်။ အာရမိတ်မင်း ၃၂ ပါးနှင့် မဟာမိတ်ဖွဲ့လျက် ရှမာရိပြည်အား တိုက်ခိုက်သိမ်းပိုက်ရန် မြင်းသည်တော်၊ စစ်ရထားများ ဖြင့် စစ်ချီလာကြသည်။ မြို့ကို  ဝန်းရံပြီးသောအခါ “သင်ရွှေငွေ၊ စည်းစိမ်ဥစ္စာ၊ အချစ်ဆုံးဇနီး၊ သားသမီးများကို ငါပိုင်၏ဟူ၍ ဣသရေလမင်းထံ ရာဇသံဆင့်ဆိုစေသည်။ အာဟပ်မင်းလည်း အားမတန်မာန်လျှော့၍ လိုက်လျောသည်။ ထိုမျှနှင့် မကျေနပ်နိုင်သေးသဖြင့် နောက်တဆင့်တက်၍ သူ့ကျွန်များကို စေလွှတ်ပြီး ကြိုက်ရာပစ္စည်းများ သိမ်းဆည်းယူငင် ခွင့်ပြုရန် တောင်းဆိုသည်။

၂၀:၁၂  ဣသရေလ သက်ကြီးသူများက ဒုတိယတောင်းဆိုချက်မှာ စော်ကားရာ ကျလွန်းသဖြင့် မလိုက်လျောရန် အာဟပ်မင်းအား အကြံပြုကြသည်။ အာဟပ်မင်း၏ ပြန်ကြားချက် သိရသောအခါ ဗင်္ဟာဒဒ်မင်းသည် စိတ်ဆိုးမာန်ဆိုးဖြင့် “ရှမာရိတပြည်လုံး မိမိ၏ စစ်သည်တစ်ဦးစီဖို့ မြေမှုန့်လက်တစ်ဆုပ်စီမျှ မကျန်မကြွင်းရအောင် ငါဖျက်ဆီးပစ်မည်” ဟု ကြုံးဝါးသည်။ အာဟပ်မင်းကလည်း “စစ်သည်ကောင်းတို့မည်သည် ချပ်ဝပ်တန်ဆာဝတ်လျက် မတိုက်ခင်နိုင်ပြီဟု ဝါးကြွားရိုးထုံးစံမရှိ” ကြောင်း တုန့်ပြန်သည်။ အာဟပ်မင်း၏ စကားသည် မဟာမိတ်မင်းတို့နှင့် အတူ ဗင်္ဟာဒဒ်မင်း အရက်သောက်ပွဲ ခံနေချိန် ရောက်လာသဖြင့် သွေးဆူကာ ချက်ချင်းစစ်ချီမိန့်ပေးသည်။

၂၀:၁၃၁၅  ထိုအခိုက်တွင် ဘုရားသခင်၏ ပရောဖက်သည် အာဟပ်မင်းထံသို့ ပေါ်ထွန်းလာ၍ စစ်နိုင်မည့် အကြောင်း ဗျာဒိတ်ပေးသည်။ ဘုရားသခင်က အာဟပ်မင်းကိုယ်တိုင် စစ်ဆင်ကွပ်ကဲ ရမည်။ မြို့စားနယ်စားတို့၏ တပ်မှူးငယ် ၂၃၂ ယောက်က ဦးဆောင်လျက် နောက်ပါဣသရေလလူ ၇၀၀၀ ဖြင့် ချီတက်စေသည်။ အငယ် ၁၅၌ ပါရှိသည့် ဣသရေလ အမျိုးသားအပေါင်း ဆိုသည်မှာ ရှမာရိမြို့မှာ ရှိသော စစ်သည်အင်အားကို ဆိုလိုသည်။ လူငယ်လူရွယ်များ အရေအတွက် နည်းနည်းဖြင့် စစ်ပွဲတိုက်ခိုက်စေခြင်းမှာ သွေးသားအင်အားကြောင့် စစ်ပွဲနိုင်ခြင်း မဟုတ်။ ဘုရားသခင် ပါရှိခြင်းကြောင့် ဖြစ်ကြောင်း သိစေရန်ဖြစ်သည်။

၂၀:၁၆၂၂  ဗင်္ဟာဒဒ်ဘုရင် အရက်သောက်၍ ဖင့်လေးနေစဉ် အာဟပ်မင်းက လက်ဦးမှု ရယူတိုက်ခိုက်သည်။ မွန်းလွဲချိန်ရောက်သောကြောင့် ဗင်္ဟာဒဒ်၏ မဟာမိတ်မင်းများသည် သောက်လို့ ကောင်းဆဲ၊ မူးကောင်းနေဆဲ။ ဣသရေလလုလင်ပျို တပ်မှူးငယ် ၂၃၂-ဦး မြို့ထဲက ထွက်ချီလာကြောင်း၊ ဗင်္ဟာဒဒ်မင်းထံ ကြားလျှောက်သောအခါ အရှင်ဖမ်းဆီးရန် မိမိတပ်ကို အမိန့်ပေးသည်။ ဤအမိန့်က ဣသရေလ တပ်ကို အမှန်အသာစီးရစေ၏ ပျိုရွယ်သော တပ်မှူးငယ် ၂၃၂-ဦးက မူးရူးနေသော ဗင်္ဟာဒဒ်၏တပ် ကို အတင်းဝင်ရောက် စီးနင်းတိုက်ခိုက်ရာ ရှုရိတို့ အတုံးအရုံးကျဆုံး လျက် ကစဉ့်ကလျား ထွက်ပြေးရသည်။ တပ်ပြိုကွဲသည့် ရှုရိလူ တို့သည်လည်း ရှုရိပြည်သို့တိုင် ဆုတ်ခွါသွားကြသည်။ တိုက်ပွဲပြီးဆုံးသောအခါ ဘုရားသခင် ပရောဖက်က အာဟပ်မင်းအား ရှုရိပြည်သားတို့သည် နောင်နှစ်နွေ၌ တဖန်လာရောက် တိုက်ခိုက်ကြလိမ့်ဦးမည် ဟု သတိပေးသည်။

 

၁၀။ အာဟပ်မင်း ရှုရိတို့အပေါ် ဒုတိယအကြိမ် အောင်နိုင်ခြင်း (၂၀:၃၅၃၄)

၂၀:၂၃၂၅  ဗင်္ဟာဒဒ်တပ်များ စစ်ရှုံးရခြင်း မှာ အကြောင်း ၂-ရပ် ရှိသည်ဟု ရှုရိမင်းတိုင်ပင် အမတ်များက သုံးသပ်သည်။ ၎င်းမှာ (၁) တောင်ပေါ်တိုက်ပွဲ ဖြစ်သောကြောင့် စစ်ရှုံးခြင်း ဖြစ်နိုင်သည်။ ဣသရေလ တို့ကိုးကွယ်သည့် ဘုရားသည် တောင်ပေါ်ဘုရား ဖြစ်သောကြောင့် တောင်ပေါ် စစ်ပွဲ၌ ဣသရေလတို့ အနိုင်ရအောင် ကူမနိုင်ခြင်း ဖြစ်မည်ဟု ယူဆရသည်။ ထို့ကြောင့် နောက်စစ်တစ်ပွဲကို မြေပြန့်လွင်ပြင်တွင် စစ်ခင်းကြမည်။ (၂) ဗင်္ဟာဒဒ်၏ မဟာမိတ်မင်းကြီး ၃၂ ပါးသည် စစ်နည်းပရိယာယ်ကို မကျွမ်းကျင်ဘဲ စစ်သူကြီးများ နေရာတွင် ကိုယ်တိုင် ကွပ်ကဲ တိုက်ခိုက်ခဲ့သဖြင့် ရှုံးနိမ့်ရသည်။ သူတို့နေရာ၌ စစ်ရေးကျမ်းသူ စစ်ဗိုလ်တပ်မှူးများဖြင့် အစားထိုးမည်။

၂၀:၂၆၃၀  နောက်နှစ်ပွင့်လင်းရာသီတွင် ဗင်္ဟာဒဒ်၏ တပ်သည် ဣသရေလတို့အား တိုက်ခိုက်ရန် အာဖက်စစ်ရေထွက်ဒေသသို့ ချီတက်ကြသည်။ ရှုရိတပ်ပေါင်းစု နှင့် နှိုင်းလှဉ်လျှင် ဣသရေလတပ်ဖွဲ့သည် ဆိတ်သူငယ်နှစ်စုသာသာ မျှသာရှိသည်။ ဘုရားသခင်၏ လူသည် အာဟပ်မင်းထံ ရောက်ရှိလာပြန်သည်။ ရှုရိတို့က ဣသရေလတို့၏ ဘုရားသည် တောင်ကိုသာ အစိုးရသော ဘုရားအဖြစ် ချိုးနှိမ်ယူဆသော ကြောင့် မြေပြန့်လွင်ပြင် ဘုရားလည်းဖြစ်ကြောင်း သိစေမည်ဟု ပြောပြသည်။ မြေပြန့်တိုက်ပွဲကို ဆင်နွှဲတိုက်ခိက်သောအခါ ရှုရိခြေလျင်စစ်သား တစ်သိန်း ကျဆုံးသည်။ ကျန်စစ်သူရဲများသည် အာဖက်မြို့ရိုးကို ကျော်ပြီး အလုအယက် ထွက်ပြေးကြစဉ် မြို့ရိုးပြိုကျ သဖြင့် စစ်သူရဲပေါင်း နှစ်သောင်း ခုနှစ်ထောင်ပေါ် ပိ၍ သေကြေကြ ပြန်သည်။

၂၀:၃၀၃၄  ဗင်္ဟာဒဒ်လည်း အာဖက်မြို့ထဲ ပြေးဝင်၍ အတွင်းခန်းတစ်ခု၌ ပုန်းအောင်းနေရသည်။ ငယ်သားကျေးကျွန်တို့က အာဟပ်မင်းထံမှာ အသက်ချမ်းသာရဖို့ အသနားခံရန် နားချကြသည်။ ထိုနောက် လျှော်တေ အဝတ်ကိုဝတ်၊ ကြိုးခွေကို ရွက်လျက် အာဟပ်မင်းထံဝင်ပြီး ဗင်္ဟာဒဒ်မင်းက အသက်ချမ်းသာပေးရန် အသနားခံကြောင်းတင်လျှောက်သည်။ အာဟပ်မင်းက ထုံအအ “ငါ့အစ်ကို အသက်ရှင်သေးသလား” ဟု သတင်းမေးသည့် အပေါ် ဗင်္ဟာဒဒ်ကျွန်များက မှန်ပါသည်။ ဗင်္ဟာဒဒ်သည် အာဟပ်မင်း၏ ညီအစ်ကို မှန်ပါသည်ဟု ချက်ချင်းချော်လဲရောထိုင်ကြသည်။ အာဟပ်မင်းက ဗင်္ဟာဒဒ်အား သူထံသို့ ခေါ်ဆောင်လာခိုင်းသည်။ ဗင်္ဟာဒဒ်မင်းက သူ့ဘိုးဘေးတို့က သိမ်းပိုက်ခဲ့သော ဣသရေလ မြို့များ (၁၅:၂၀) ကို ပြန်လည်ပေးအပ်မည်ဟု ကတိပြုပြီး၊ ဒမာသက်မြို့၌လည်း ရောင်းဝယ် ဖောက်ကားခွင့် ပြုသည် (ငယ်၊ ၃၄)။ ထိုသို့ဖြင့် အာဟပ်သည် ဗင်္ဟာဒဒ်အား ကွပ်မျက်ရမည့် အစား စစ်ပြေငြိမ်း စာချုပ်ချုပ်၍ ချမ်းသာခွင့်းပေးခဲ့သည်။

 

၁၁။ အာဟပ်မင်း၏ မနာခံမှု (၂၀:၃၅၄၃)

၂၀:၃၅၃၆  အာဟပ်မင်းသည် ဣသရေလနှင့် အာရှုရိတို့ အကြားတွင် ရှုရိလူများအား ကြားခံထားချင် သည်။ အာဟပ်၏ မိုက်မဲသော လုပ်ဆောင်ချက်မှ လက်တွေ့ သင်ခန်းစာတစ်ရပ် ပေါ်ထွက်လာမည် ဖြစ်ကြောင်း ပရောဖက်တစ်ပါးအားဖြင့် ဖော်ပြလာသည်။

ပရောဖက်တစ်ဦးက ဘုရားသခင် အမိန့်ရှိသဖြင့် မိမိပါးကို ရိုက်ရန် အိမ်နီးချင်း တစ်ဦးအား ပြောရာ ငြင်းပယ် ခံရသည်။ ထိုငြင်းပယ်ခြင်းမှာ ဘုရားစကားကို ငြင်းပယ်ခြင်း ဖြစ်သည်။ ဘုရားစကားတော်ကို မနာခံသောကြောင့် ထိုသူကို ခြင်္သေ့ကိုက်စားသည်။

ဘုရားသခင်က ရိုက်နှက်ဖို့ စေခိုင်းသော်လည်း သူ့မိတ်ဆွေလည်းဖြစ်၊ ဘုရားလူလည်း ဖြစ်သောကြောင့် လွတ်ပေးလျှင် ပရောဖက်ကောင်းတစ်ဦး ဖြစ်လင့်ကစား ပြင်းထန်နာကျင်စွာ ပြစ်ဒဏ်ပေး ထိုက်သည်ဟု ဆိုသော ဘုရင်သည် သူနှင့် ဘုရားသခင်၏ ရန်သူကို ဘုရားကရိုက်နှက်ဖို့ စေခိုင်းသောအခါ၌မူ အသက်ချမ်းသာပေးခဲ့သည်။၁၆

၂၀:၃၇၄၃  ထိုပရောဖက်သည် ပါးရိုက်ခံဖို့ ထပ်မံလိုက်ရှာရာ နောက်တစ်ဦးကမူ နားရင်းပါးရင်း နာနာတီးလွှတ်လိုက်သည်။ ဖူးယောင်နေသော မျက်နှာဒဏ်ရာကို ပုဝါဖုံးအုပ်ပြီး အာဟပ်မင်းအလာကို စောင့်နေသည်။ အာဟပ်မင်းနှင့် တွေ့ဆုံသောအခါ ဤသို့လျှောက်တင်သည်။ စစ်မြေပြင်၌ စစ်တိုက်ကြစဉ် စစ်သားတစ်ဦးက သူ့အား ရန်သူ သုံ့ပန်းတစ်ဦးကို မလွတ်သွားဖို့ စောင့်ကြပ်ခိုင်းခဲ့သည်။ အကယ်၍ လွတ်သွားလျှင် မိမိအသက်(သို့) ဒဏ်ငွေ ကို ပေးလျှော်ရမည်ဟု ဆို၏။ သူသည် ဂရုတစိုက်စောင့်ကြပ်ပါသော်လည်း အခြားလုပ်ဆောင်ဖွယ်ဖြင့်  အာရုံရှုပ်နေသဖြင့် ထိုစစ်သုံ့ပန်း လွတ်သွားသည်။ မိမိပြစ်ဒဏ် ခံထိုက်သလောဟု မေးမြန်းသည်။ အာဟပ်မင်းကလည်း ထောက်ထား သက်ညှာစရာမရှိ။ အပြစ်နှင့် ပြစ်ဒဏ်ရှင်းနေပြီးသား ဟု အမိန့်ရှိသည်။ ထိုအခါ ပရောဖက်၏ ထောင်ချောက်စကား၌ သားကောင်မိလေပြီ။ သူ့မျက်နှာဖုံး ပုဝါအားခွါချ လိုက်သောအခါ အာဟပ်မင်းသိသော ပရောဖက် ဖြစ်နေ၏။ အာဟပ်မင်းထံတွင် စစ်သုံ့ပန်း ဗင်္ဟာဒဒ်ရှိသည်။ ဘုရားသခင်အား နာခံလျှင် ဣသရေလ၏ ရန်သူကို သူသုတ်သင်ရမည်။ သို့သော် နာခံမှုမရှိ၊ လွှတ်ပေးသည့် အတွက် အာဟပ်မင်း အသေခံရမည် သာတည်း။ Campbell Morgan က ဤသို့ ရှင်းပြသည်။

ကျမ်းစာပုံဥပမာ၏ အဓိပ္ပါယ်ကို ဤသို့ ယူနိုင်သည်။ အာဟပ်မင်းသည် ဘုရားရှင် မိန့်မှာသည့် ကိစ္စတစ်ရပ်ကို ဆောင်ရွက်စရာရှိသည်။ သူ့တွင် စစ်မှုရေးရာကိစ္စ များမြောင်လှသောကြောင့် ထိုအမှုဆောင်ရွက်ရန် မေ့လျှော့ခြင်း ဖြစ်နိုင်သည်။ ပျက်ကွက်မှုအတွက် အကြောင်းပြချက်ကား မရိုးနိုင်မထပ်နိုင်အောင် များလေစွ။ သို့သော် လည်း မည်ရွေ့မည်မျှ ဗာဟီရများ ပြားစေကာမူ ဘုရားသခင်စေခိုင်းသော တိကျသည့် အဓိကက အမှုကိစ္စကို မပေါ့လျော့အပ်ပါ။ စိတ်ရင်းမှန်ကန်စွာ ဤအမှုလုပ်ဆောင် ပြီးမှ အခြားအမှုကိစ္စ ပြုရန်ဖြစ်သည်။ မည်သို့ပင် များပြားရှုပ်ထွေးစေကာမူ ဘုရားစကားသည် အဓိကတာဝန်ဖြစ်၍ မမေ့မပေါ့လျော့အပ်ပါ။၁၇

အာဟပ်မင်းသည် သူ့ရှေ့ကသွားသော ဒါဝိဒ်မင်း ကဲ့သို့ပင် မိမိစကားတွင် ထောင်ချောက်မိသည်။ သို့သော် ဒါဝိဒ်မင်းသည် ချက်ချင်းနောင်တရ၍ အပြစ်ဝန်ချတောင်းပန်သည်။ အာဟပ်မင်း၌ ထိုအပြုအမူမတွေ့ရ။ မိမိအပြစ်ကို ဝန်ချတောင်းပန်ရမည့် အစား ဘုရားသခင်ကို ငြူစူစိတ်ဆိုးသည်။ ကရုဏာတော်ကို ခံယူရမည့်အစား အမျက်တော်ကိုသာ သာ၍ နှိုးဆွစေခဲ့ကြောင်း ကျန်အခန်းများတွင် ဖတ်ရှုရမည်။