ရာဇဝင်ချုပ်ဒုတိယစောင် ၁၉

၁၉: ယောရှဖတ်မင်း သည် မျက်စိမျက်နှာ ပျက်လျက် ယေရုရှလင် သို့ ပြန်လာသည်။ ဟာနန်း၏ သား ပရောဖက်ယေဟု က ခရီးဦးကြို၍ မကောင်းသော သူနှင့် ပေါင်းဖတ်ခြင်း၏ အကျိုးအရသာ မြည်းစမ်းပြီလား။ မှတ်မိပြီ လားဟု အပြစ်တင် သည်။ မင်းကြီးကလည်း မှားပါသည် ဟု ဝန်ချ နောင်တရရှိသည်။             ဘုရားတရားမသိသော မိတ်ဆွေ အာခတ်မင်းက သင်ခန်းစာ လှလှ ပေးသွားသည်။ အာခတ်မင်း သည် မည်သူမပြု မိမိမှု၊ ကိုယ့်အကြောင်းနှင့် ကိုယ်ဖြစ်သည်။ ယောရှဖတ် မင်းသည် ထိုအတွေ့အကြုံကို သင်ခန်းစာယူ ၍ တိုင်းသူပြည်သား လူအများအား လှည်းနေလှေအောင်း မြင်းဇောင်း မကျန် ထာဝရဘုရား သခင်ထံ သို့ ပို့ဆောင်သည်။ သူကိုယ်တိုင်လည်း မောရှေပညတ်တော် (တရား ၁၆:၁၈−၂၀) အတိုင်းမင်းကျင့်တရား နှင့်အညီ ကျင့်ကြံစောင့်ထိန်းသည်။ သို့ဖြင့် ယောရှဖတ်မင်း၏ ဘဝနိဒိန်းပိုင်းသည် ဟာလေလုယာ၊ အာမင်သံများနှင့် ဝေစည်သည် (၁၇:၇−၉)။ တိုင်းပြည်အဝှမ်းတွင် တရားတော်များ လိုက်လံသွန်သင်ဝေ ငှသည်။ ယုဒပြည်သည် ယေဟောဝါဘုရား သခင်၏ ပျော်စံရာ ဖြစ်ခဲ့ သည်။

၁၉:၁၁ ယောရှဖတ်မင်း တိုက်တွန်းပြဌာန်းချက်မှာ တရားတော် အတိုင်း ဖြစ်သည် (ငယ်၁၀)။ ပြည်သူများကိုလည်း ဘုရားသခင်၏ တရားတော်နှင့်အညီ တရားစီရင်ခြင်း ကို တွေ့မြင် ခဲ့ ကြဘူးသောကြောင့် အပြစ် စီရင်ခြင်းခံရမည် ကိုကြောက်လန့် စိုးရိမ်နေကြသည်။ ယေရုရှလင်မြို့တော်တွင် ပြည်သူ့တရားသူကြီးအဖွဲ့ ခန့်အပ်၍ ခက်ခဲရှုပ်ထွေးသော အမှုကြီးများကို စီရင်စေသည်။ ယဇ်ပုရောဟိတ်အကြီး အာမရိကို ဘာသာရေး ဆိုင်ရာ အမှုအခင်း တရားသူကြီး ဉက္ကဌ အဖြစ်၎င်း ၊ နယ်ဘက်တရား သူကြီးဉက္ကဌ အဖြစ် ယုဒအမျိုးသား ခေါင်းဆောင် ဇေဗဒိကို၎င်း ခန့်အပ်စီရင်သည်။