ဧသတာဝတ္ထု ၇
(ဂ)ဧသတာ၏ စွပ်စွဲချက်နှင့် ဟာမန်၏အသက်ဘေးကံကြမ္မာ (အခန်း ၇)
၇:၁–၄ ဧသတာတည်ခင်းဧည့်ခံသော ဒုတိယညတွင်ရှင်ဘုရင်နှင့် ဟာမန်သည် ဧသတာမိဖုရားနှင့်အတူ စပျစ်ရည်အား နှုတ်ကောင်းချိုမြိန်အောင် သုံးဆောင်ကြသည်။ ရှင်ဘုရင်ကြီးက မိဖုရားအား မည်သည့်အခွင့်အရေးကိုလိုချင်ကြောင်း မေးမြန်းလာသောအခါ သူမနှင့်တကွ သူမ၏ အမျိုးတခုလုံးကို တယောက်မကျန် မျိုးကန်းအောင် သတ်ဖြတ်ဖို့ကြံစည်နေခြင်းမှ ကွယ်ကာပေးရန်တောင်းဆိုသည်။ အကယ်၍သူ့ကို ကျွန်မအဖြစ် ရောင်းစားမည်ဆိုလျှင် မငြင်းသာလိုသော်လည်း အသက်ချမ်းသာပေးပါဟုဆိုသည်။
၇:၅–၇ ဧသတာ၏ အမျိုးကို ထိုသို့အမျိုးကန်းအောင်မည်သူက ဟော့ရမ်းသနည်းဟု ရှင်ဘုရင်က မေးမြန်းသောအခါ ဘုရင့်ရှေ့တော်ရှိ ဟာမန်အား လက်ညိုးငေါက်ငေါက်ထိုးလျက် “ဤလူယုတ်မာ ဖြစ်ပါသည်”ဟုဆိုသည်။ ဟာမန်၏ ဇာတိရုပ်အမှန်သည် ဘူးပေါ်သကဲ့သို့ ပေါ်နေသည်။ ဘုရင်ကြီးသည် ရာဇဣန္ဒြေထိန်းသောအနေဖြင့် ဥယျာဉ်တော်ထဲသို့ထသွားသည်။
၇:၈–၁၀ ဟာမန်သည် အသတ်ခံရတော့မည်မှန်းသိသဖြင့် သလွန်ပေါ်တွင် လဲလျောင်းနေသော မိဖုရားဧသတာအား ဒူးထောက်တောင်းပန်သည်။ ရှင်ဘုရင်ကြီးအခန်းထဲသို့ပြန်ဝင်၍ ဟာမန်၏အပြုအမူအား တွေ့ရှိသောအခါ သူ့ကို ကလဲ့စားသော အနေဖြင့် မိဖုရားကြီးအား ဗယက်ကာယ ပြုကျင့်ရန် ကြိုးပမ်းနေသည်ဟုထင်မှတ်သည်။ ဟာမန်၏အသက် ကံကြမ္မာသည်သတ်ဖို့တံဆိပ် ခတ်နှိပ်ခြင်းခံရပြီ။ ဘုရင်ကြီး၏ အမိန့်တခွန်းမှမပါ။ မျက်ရိပ်မျက်ကဲကြည့်၍ စစ်သားများက ဟာမန်၏မျက်နှာအားအဝတ်ဖုံးအုပ် ခေါ်ဆောင်သွားသည်။ ရှင်းရှင်းပြောရလျှင် သတ်ပစ်ဖို့ဖြစ်သည်။ မော်ဒကဲအား သတ်ရန် ဟာမန်ပြင်ဆင်ထားသော သစ်တိုင်သည် ကြမ္မာရဟတ် တပတ်လည်၍ ဟာမန်ကိုယ်တိုင် အတွက်ဖြစ်သွားသည်။ အမှန်မှာ မိမိကြဲသည့်အတိုင်းဖြစ်ရိတ် သိမ်းခြင်းဖြစ်သည်။ ထိုသို့ဖြင့် အာရွှေရုဘုရင်၏ အမျက်ဒေါသသည် ပြေလျော့သွားသည်။