ကောရိ န္တု သြဝါဒစာပဌမစောင် ၃

: ပထမအကြိမ် ကောရိန္သုသို့ ပေါလုရောက်ရှိစဉ် ယုံကြည်သူများကို နို့ရည်အစာသာ တိုက်ကျွေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုကောရိန္သုယုံကြည်သူများသည် ယုံကြည်ခြင်း၌ နို့စို့ အရွယ်များသာဖြစ်ကြသေးသည်။ သူ့အိုးနှင့်သူ့ဆန်တန်အောင် ချက်ကျွေးသည်။ ဝိညာဉ်ရေးရာ အစာအဖတ်များကို မခံယူနိုင်ကြသေး။ ခရစ်တော်၌ သူငယ်နှပ်စားများဖြစ်နေသည်။

: အာဟာရအဖတ် မစားနိုင်ကြသေးသောကြောင့် ဝိညာဉ်အာဟာရနို့ရည်ကိုသာ တိုက်ကျွေးသည်။ အဖတ်မစားနိုင်သောသူများကို အဖတ်ကျွေးခြင်းသည် အကျိုးမရျိ။ ထိုကဲ့သို့ပင် သခင်ယေရှုကလည်း “သင်တို့သည် ငါပြောစရာရှိသော်လည်း ယခုသင်တို့ ခံယူနိုင်ကြမည်မဟုတ်” ​(ယော ၁၆:၁၂) ဆိုဖူးသည်။ ကောရိန္သုယုံကြည်သူများသည် လေးနက်၍ အဘိဓမ္မာဆန်သောတရား ကို လက်ခံနိုင်အောင် မရင့်ကျက်ကြသေး။

: ထိုယုံကြည်သူများသည် လောကဇာတိ၌ ကြွင်းကျန်ရစ်သူများဖြစ်သည်။ အချင်းချင်း စကားများခြင်း၊ ရန်ဖြစ်ခြင်း၊ ဝေဖန်တိုက်ခိုက်ခြင်း ပြုနေကြသည်။ ထိုအပြုအမူများသည် မယုံကြည် သူများ၏ အမူအကျင့်များ ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်၌ ကျင်လည်ကြသူများ မဟုတ်မှန်း ထင်ရှားသည်။

: ပုဂ္ဂိုလ်စွဲရှိကြခြင်းသည် ဝိညာဉ်ရေးရာမရှိ။ လောကသား ဇာတိအပြည်ရှိခြင်းကို ပြသသည်။ သို့ကြောင့် ပေါလုကသင်တို့သည် လောကီသားအဆင့်မျှသာ ရှိသေးသည်ဟုဆိုသည်။

ဤကျမ်းပိုဒ်အထိ ကောရိန္သု ယုံကြည်သူများ၏လောကီသား ဆန်ပုံကို ထောက်ပြသည်။ ထိုသူများ၏ မိုက်မှားမှုများကို လက်ညှိုးထိုးပြပြီးနောက် ဧဝံဂေလိတရားအမှန်ကို ရှင်းပြရတော့မည်။

: အာပေါလုနှင့်ပေါလု သည် ကောရိန္သုသားများ သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံလာစေရန် ဆက်ကပ်သော အစေခံများ ဖြစ်သည်။ ယှဉ်ပြိုင်ဖက်များမဟုတ်။ ဘုရားသခင်၏ အစေခံများဟု မိမိကိုယ်ကို ခံယူသူများ ဖြစ်သည်။ မိုက်မဲသော ကောရိန္သုသားများက သာလျှင် သူ့ဆရာ၊ ငါ့ဆရာလုနေကြသည် ပြိုင်နေကြသည်။ Ironsideက “အိမ်ထောင်မိသားစုများ အကြား၌ပင်လျှင် မိမိဆရာကို ပြိုင်ဆိုင်ကြသည် ဟု သရော်ထားသည်။

: တရားနာပရိတ်သတ်များ နားလည်သဘောပေါက် လွယ်ကူစေရန် စိုက်ပျိုးရေးကို ပုံဥပမာပေးထားသည်။ အစေခံများသည် ဘုရားသခင်၏ အမှုအရာများကို ဆက်ကပ်လုပ်ဆောင် သူချည်းဖြစ်သည်။ ပေါလုသည် အပင်စိုက်သူဖြစ်သကဲ့သို့ အာပေါလုသည် ရေလောင်းသူလည်း ဖြစ်နိုင်သည်။ သို့သော် ထိုအပင်ရှန်သန်ကြီးထွားရန်မှာ ဘုရားသခင်သာ တတ်စွမ်းနိုင်သည်။ ယနေ့ခေတ်ကာလတွင်လည်း သွန်သင်ကြသည်။ ဟောပြောကြသည်မှာ အစေခံယုံကြည်သူများ၏ ဝတ္တရားဖြစ်သည်။ ထိုကြားနာသူက ယေရှုခရစ်တော်လက်ခံ ပိုင်ဆိုင်ခြင်းနှင့် ကယ်တင်မှုရှိခြင်း သည် ဘုရားသခင်နှင့်သာဆိုင်သည်။

:  စိုက်ပျိုးသူနှင့်ရေလောင်းသူသည် အညတရဖြစ်ကြောင်း၊ ဤကျမ်းပိုဒ်အားဖြင့် နားလည်ရသည်။ ထိုသူများတွင် အပင်ကြီးထွားစေနိုင်သည့် တန်ဖိုးအစွမ်းမရှိကြ။ ထိုသို့ဆိုလျှင် တစ်ယောက်နှင့်တစ်ယောက် အဘယ်ကြောင့် အငြင်းပွားစရာအကြောင်း ရှိသနည်း။ မိမိခံစားရသည့် ကျေးဇူးတော်အတိုင်း ပေးဆပ်ခြင်း ဖြစ်သည်။ ဘုရားသခင်ကောင်းကြီးမင်္ဂလာ၌ သာပျော်ရွှင်ရသည်။ ကျေးဇူးတော်ချီးမွမ်းခြင်းသာ ဖြစ်ရသည်။

: မျိုးစေ့ကြဲသူနှင့် ရေလောင်းသူ၏ ရည်ရွယ်ချက်သည် အတူတူဖြစ်သည်။ တစ်ခုတည်း ဖြစ်သည်။ အချင်းချင်း ပဋိပက္ခ အငြင်းပွားစရာအကြောင်းမရှိ။ သာနာသည်မရှိ။ တန်းတူရည်တူ ဖြစ်သည်။ နောက်ဆုံးသော ထိုနေ့ရက်၌ မိမိတို့လုပ်ဆောင်ကြသည့်အတိုင်း ဆုလက်ဆောင်အသီးသီး ခံစားကြရမည်။ ထိုနေ့ရက်ဆိုသည်မှာ ခရစ်တော်ဘုရား တရားစီးရင်ရာနေ့ရက် ဖြစ်သည်။

:  ဘုရားသခင်သည် ရှာသောသူကိုအတွေ့ခံသူဖြစ်သည်။ အမှုတော်ဆောင်များသည် လုပ်ဖော်ဆောင်ဘက် ညီအစ်ကိုများဖြစ်သည်။ ဘုရားသခင်၏ လုပ်ငန်းခွင်လယ်ယာမြေတွင် အတူတကွ ပါဝင်သူဗိမာန်တော်ကို အတူတကွ တည်ဆောက်သူများ ဖြစ်သည်။ Erdman က “ကျွန်ုပ်တို့သည် အမှုတော်၌ ဦးထမ်းပဲ့ရွက် လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည်။”

:၁၀ ဗိသုကာဆောက်လုပ်ခြင်းကို ဥပမာပေးသွန်သင်ထားသည်။ ပေါလုက သူသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဗိသုကာပညာရှင် တစ်ယောက်ဖြစ်သည်ဟုဆိုသည်။ ထိုစကား မှာ  ဘုရားသခင်၏ တမန်တော်ရေးရာကို ဆိုလိုသည်။ ကောရိန္သုအသင်းတော်သို့ရည်ရွယ်၍ “ငါသည် ဗိသုကာပညာရှင်ဖြစ်သည်။ တိုက်မြစ်ဖြစ်သည်။ဟုဆိုသည်။ ကောရိန္သုသို့လာရောက်၍ ခရစ်တော်ဘုရားအကြောင်းနှင့် လက်ဝါးကပ်တိုင်အမှု တော်ဟောပြောခြင်းကို ရည်ညွှန်းသည်။ ဒေသန္တရအသင်းတော် စိုက်ထူ၍ ဝိညာဉ်များကို ဖမ်းဆီးသည်။ အခြားသူကထိုတိုက်မြစ် ပေါ်တွင် ထပ်ဆင့်တည်ဆောက်သည် ဆိုခြင်းမှာ ကောရိန္သုသို့လာရောက်၍ တရားဒေသနာ ဟောပြောသူ၊ လာရောက်အားပေး တိုက်တွန်းသူများကို ဆိုလိုသည်။ ထိုသူများသည်  အဘယ်သို့ထပ်ဆင့် တည်ဆောက်သည်ကို သိကြားစေဆိုခြင်းမှာ အသင်းတော်အား ဝိညာဉ်ရေးရာ ရင့်ကျက်ဖို့သာဖြစ်ပါစေ ဟုသတိပေးထားသည်။ အချို့တရားဟောဆရာများသည် နှုတ်ကပတ်တော် နှင့် ဆန့်ကျင်၍အယူဝါဒကို ကွဲပြားအောင် သွေးခွဲကြသောကြောင့် ထိုသူများကို ပစ်မှတ်ထား ရေးသားသည်။

:၁၁ အဆောက်အဦးတွင် ပန္နက်တစ်ခုတည်းသာရှိသည်။ ပန္နက်တစ်ခါထူပြီးသောအခါ နောက်ထပ်ပန္နက် ထူရသည်မရှိ။ ပေါလုက ကောရိန္သုအသင်းတော်၏ ပန္နက်အုတ်မြစ်တည်ခဲ့သည်။ ထိုအုတ်မြစ်ပန္နက်မှာ ယေရှုခရစ်တော် ဖြစ်သည်။

:၁၂ ဒေသန္တရအသင်းတော်များတွင် ဒေသနာအမျိုးမျိုးအဖုံဖုံ ဟောပြသည်။ အချို့တရားသည် ချမ်းသာခြင်း မင်္ဂလာနှင့်ပြည့်စုံသည်။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာသမျှ အဖိုးထိုက်တန်သည်။ အဖိုးတန်ကျောက်ဆိုသည်မှာ စိန်၊ ပတ္တမြား၊ နီလာကဲ့သို့သော ကျောက်မျက်ရတနာကို ဆိုလိုခြင်းမဟုတ်။ အဆောက်အဦး တစ်ခုလုံးအား တည်တံ့ခိုင်မြဲအောင် အခြေတည်သည့် အုတ်မြစ်ပန္နက်ကိုဆိုလိုသည်။ တစ်မျိုးပြောရလျှင် အချို့ဒေသနာများသည် ဆောက်တည်ဖွယ်ရာခွန်အားဖြစ်၍ အချို့တရားများသည် တန်ဖိုးနည်းသည်။ ထိုသို့သောတရား များသည် သစ်ကိုင်း မြက်ခြောက်၊ ကောက်ရိုးများ ဖြစ်သည်။

ဤကျမ်းပိုဒ်သည် သာမန်အားဖြင့် ယုံကြည်သူများ၏ အသက်တာ အမျိုးမျိုးကိုလည်း ဖော်ညွှန်းသည်။ ယုံကြည်သူများ၏ အသက်တာသည် တစ်နေ့ပြီး၊ တစ်နေ့ တစ်ရက်ခိုင်မာသော အဆောက်အဦကဲ့သို့ ခိုင်မာသထက် ခိုင်မာသင့်သည်။ ထိုသို့ခိုင်မာမှု၏ရလာဒ်ကို ဘုရားသခင်၏နေ့ ရက်တွင်အဖြေပေါ်လာမည်။ ဤကျမ်းပိုဒ်သည် ယုံကြည်သူ၏ အသက်တာထက် တရားဟောဆရာ များ၏ ဒေသနာ၊ သွန်သင်ချက်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်ပါသည်။

:၁၃ ထိုနေ့ကျရောက်သောအခါ တစ်ယောက်စီ၏ ဆောက်တည်မှုအရည်အသွေးပေါ်ထွန်း လာမည်။ ထိုနေ့ရက် ဆိုသည်မှာ ယုံကြည်သူတစ်ဦးချင်း၏စွမ်းဆောင်မှုကို ပြန်လည်ကြည့်ရှုသုံးသပ် သော ခရစ်တော် ဘုရား၊ တရားစီရင်ရာနေ့ရက်ဖြစ်သည်။ လူတို့၏လုပ်ဆောင်ချက်များကို မီးဖြင့် ဆန်းစစ်မည်။ ရွှေ၊ ငွေ၊ အဖိုးတန်ကျောက်မျက်ကဲ့သို့ ထိုက်တန်စွာဆက်ကပ်သူများသည် စစ်မှန်သော ကြောင့် မီးကမဖျက်ဆီးနိုင်။ တစ်နည်းအားဖြင့် စစ်မှန်ခြင်းမရှိသောအပေါ်ယံအတုယောင်များသည် မီးလောင်ပြာကျသွားသည်။ သို့ကြောင့် အမှန်တကယ် ဟုတ်မဟုတ်မီးဖြင့် စမ်းသပ်ခြင်းဖြစ်သည်။

:၁၄ အသင်းတော်အမှု၌ ပါဝင်ခြင်း(၃)မျိုးခွဲခြားနိုင်သည်။ အပိုဒ်ငယ်(၁၄)သည် လက်တွေ့ အကျိုးအမြတ်ဖြစ်သည်။ ထိုသူ၏ အသက်တာအား ယေရှုခရစ်တော်၏ တရားပလ္လင်၌ ကြည့်ရှု သန့်စင်၍  အရည်အချင်းအလိုက် ဆုလက်ဆောင် ခွဲခြားသတ်မှတ်ခံစားစေသည်။

:၁၅  ဒုတိယအမျိုးအစားမှာ သုံးမရသော အချည်းနှီးလုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသူ ကိုယ်တိုင်သည် ကယ်တင်ခြင်း ခံရထားသော်လည်း လုပ်ဆောင်ချက်သည် အရာမထင်။ မီးလောင် ပြာကျသွားသည်။ E.W Roger က “မီးလောင်ပြာကျဆိုသည်မှာ တစ်ချို့တစ်ဝက်သာမဟုတ်” ဟုဆိုသည်။ ၈ ဤကျမ်းပိုဒ်ပါ ခရစ်တော်၏ တရားစီရင်ခြင်းသည် အပြစ်တရားစီရင်ခြင်း အပြစ်ဒဏ် ချမှတ်ခြင်းမဟုတ်ပါ။ ယုံကြည်သူများ၏ အပြစ်သည် ကားတိုင်ပေါ်တွင် ယေရှုခရစ်တော်က အဖိုးအခပေးဆပ်ပြီးဖြစ်၍ နောက်တဖန်စီရင်စရာ အကြောင်း မရှိပါ။ ထိုတရားရုံးတွင် ကယ်တင်ခြင်း အကြောင်းလည်း မေးခွန်းစစ်ထုတ်စရာမရှိ။

ရောမကတ်သလစ်ဂိုဏ်းကမူ ကယ်တင်ခြင်းနှင့် ဆုလက်ဆောင်ရရှိခြင်းကို ဤကျမ်းပိုဒ်ကို အခြေခံ၍ သွန်သင်ကြသည်။ ဆုလက်ဆောင်မရရှိမှီ ဝိညာဉ်များစောင့်ဆိုင်းခြင်းအကြောင်း သွန်သင်ကြသည်။ အသေအချာ ဆန်းစစ်ဆင်ခြင်လျှင် ထိုတရားသဘော မရောက်နိုင်ပါ။ ထိုအယူအဆနှင့်မဆိုင်ပါ။ မီးသည်လူကို မည်ကဲ့သို့မှ မစင်ကြယ်စေနိုင်ပါ။ မီးသည်လူ၏လုပ်ဆောင် ချက်များကို အရည်အသွေး ဆန်းစစ်ရာသာ ဖြစ်သည်။ လူသည် ကယ်တင်ခြင်းရရှိသော်လည်း သူ့လုပ်ဆောင်ချက်များသည် မီးလောင်ပြာကျ၍ အချည်းနှီးဖြစ်သွားနိုင်ပါသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်ခါတရံမီးနှင့်နှိုင်းယှဉ်လေ့ရှိပါသည်။ ဤကျမ်းပိုဒ် အပါအဝင် (ဟေရှာ ၅:၂၄ နှင့် ယေ ၂၃:၃၉) တွင်လည်း တွေ့ရသည်။ ဤကျမ်းပိုဒ်တွင်မူ ခရစ်တော် တရားပလ္လင်၌ စစ်ဆေးခြင်းအဖြစ် သုံးနှုန်းထားသည်။ သမ္မာကျမ်းစာအတိုင်း အသက်တာ တည်ဆောက်ခြင်းရှိ၊ မရှိ ထိုနေ့ရက်တွင် ဆန်းစစ်မည်။

:၁၆ ယုံကြည်သူများကို ဗိမာန်တော်အဖြစ် ပုံနှိုင်းထားသည်။ အပြင်ပန်းသဏ္ဍာန်ဖြင့် ဗိမာန်တော်ဖြစ်၍ အတွင်းသရုပ်အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်ရာ ဌာနတော် ဖြစ်သည်။ ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်ကျိန်းဝပ်ရာ ဗိမာန်တော်ဖြစ်သည်။ ဗိမာန်တော်သည် ဘုရားသခင်အား ယုံကြည်ကိုးစားသူများ စုဝေးဝတ်ပြုရာ နေရာဖြစ်သည်။ ထို့ကြောင့် ကိုယ်စိတ်ဝိညာဉ်သုံးပါးလုံးဖြင့် ဘုရားရှင်အား ကိုးကွယ်ရန်ဖြစ်သည်။

:၁၇ တတိယအမျိုးအစားမှာ ဘာသနာဖျက်များဖြစ်သည်။ ကောရိန္သုအသင်းတော်တွင်မူ သန့်ရှင်းစင်ကြယ်ခြင်းထက် အပြစ်အကြောင်းကို ဟောပြောနေသော အယူမှားမိစ္ဆာဒိဋိဆရာများ သည်။ ဘုရားသခင်၏ ဗိမာန်တော်ကိုလည်း ဖိရိုဖရဲဖြစ်အောင် လုပ်ကြံသူများဖြစ်သည်။ သို့ကြောင့် ပေါလုကကြပ်တည်းစွာ သတိပေးခြင်းဖြစ်သည်။ “ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးသူသည် ဘုရားသခင်က ထိုသူကို ဖျက်ဆီးလိမ့်မည်” ဟု ကြိမ်းထားသည် ထိုကျမ်းစကားကို ကြည့်ရှုခြင်းဖြင့် ကောရိန္သုအသင်းတော်ထဲသို့ မြွေပွေးမည်မျှ ဝင်ရောက်ခိုအောင်းနေကြောင်း သိသာနိုင်သည်။ ထိုသူများသည် ယုံကြည်ဟန်ရှိကြသော်လည်း အနှစ်သာရအားဖြင့် ယုံကြည်သူများမဟုတ်။ အတုအပများသာ ဖြစ်သည်။ ထိုသူများကို ကြပ်တည်းစွာသတိထား ရှောက်ကြည်ကြရန် ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းမွန်မြတ်၍ သင်တို့ကိုယ်တိုင်ပင်လျှင် ဗိမာန်တော်ဖြစ်၏ ဟု အသိပေးထားသည်။

:၁၈  ခရစ်ယာန်အသက်တာ ခရစ်ယာန်အမှုတော်တွင် မိမိကိုယ်ကို အဟုတ်ထင်ခြင်းသည် ကြီးမားသော အန္တရာယ်ဖြစ်သည်။ ကောရိန္သုသို့ ရောက်ရှိဟောကြားသော ဒေသနာဆရာများတွင် တစ်ဖက်စွန်း ဝါဒီများလည်းရှိသည်။ အချို့သည် မိမိအသိဉာဏ်ပညာကို အဟုတ်ကြီးထင်မှတ်ပြီး သွန်သင်ဟောပြောခြင်းဖြင့် ဘုရားသခင်၏ ဉာဏ်ပညာတော်ကို အမိုက်အမှားတရားအဖြစ် တွန်းပို့ကြသည်။ ထိုအကြောင်းကို Godet က ဤသို့ရှင်းပြထားသည်။

ကောရိန္သုအသင်းမှာဖြစ်စေ၊ ယနေ့အသင်းတော်များမှဖြစ်စေ၊ ဧဝံဂေလိတရားဟောပြောကြ သော်လည်း ထိုသူများ၏ တရားကိုယ်သဘောသည်သူတို့၏ အတွေးအခေါ်ဉာဏ်ပညာများသာ ဟောကြားကြသည်။ စင်စစ်ထိုသူများ၏ တရားသည် အထဲတွင် ယိုယွင်းပျက်စီး၍ ကောင်းကင် တရားအမည်ခံအပေါ်ယံတွင် ရွှေမှုံကြဲခြင်း ဖြစ်သည်။

:၁၉  မည်မျှပင် လောကသားများက ချီးကျူးကြစေကာမူ လောကဉာဏ်ပညာသည် ဘုရားသခင်ရှေ့၌ မိုက်မဲမှုသည်ဖြစ်သည်။ သူ့အသိဉာဏ်ဖြင့် ဘုရားသခင်ကို ရှာဖွေနေသရွေ့ တွေ့ရှိနိုင်သည်မဟုတ်။ လူအတွေးအသိဉာဏ်သည် ကယ်တင်ခြင်းကိုလည်းမလိုချင်။ အပြစ်သား များအတွက် အသေခံရန် ဘုရားရှင် ရောက်လာခြင်းကိုလည်း အသိအမှတ်မပြုကြ။ ဤကျမ်းပိုဒ်သည် (ယောဘ ၅:၁၃) ပါ ဘုရားသခင်က လူ့အသိဉာဏ်ပညာကို အောင်မြင်အနိုင်ယူသည့် အကြောင်း ဖြစ်သည်။ လူသည် မည်မျှပင် ဉာဏ်ပညာထက်မြက်စေကာမူ ဘုရားသခင်၏ အစီအမံကို မသိနိုင်။ လူ့ဉာဏ်ပညာ၏ အားနည်းချက်များကို ဘုရားသခင်က ထောက်ပြသော်လည်း ယုံမှတ်ခြင်းမရှိကြ။

:၂၀ ပညာရှိတို့၏အကြံအစည်သည် အချည်းအနှီးဖြစ်ကြောင်း ဘုရားသခင် သိရှိသည်။ (ဆာ၉၄:၁၁)ကို ကိုးကားခြင်း ဖြစ်သည်။ လူ၏ အကြံဉာဏ် နိမ့်ကျခြင်းကို ပေါလုက ဘာကြောင့် ထောက်ပြချင်သနည်း။ အဖြေကရှင်းပါသည်။ ထိုခေတ်အခါက ကောရိန္သုများသည် မိစ္ဆာများကို ဆရာအဖြစ် တင်မြှောက် ကိုးစားကြသောကြောင့် ထိုဆရာမှားများအား ကိုးကွယ်ခြင်း မပြုရန် တားဆီးခြင်း ဖြစ်သည်။

:၂၁ လူအသိဉာဏ်များသည် အချည်းအနှီးဖြစ်သောကြောင့် မည်သူမှ မဝါကြွားကြနှင့်ဟု တားမြစ်ထားသည်။ ဘုရားသခင် အမှုတော်ကို လုပ်ဆောင်ခြင်း၌လည်း မဝါကြွားရ။ ခပ်သိမ်းသော အရာများသည် လူသားများသို့ ပေးထားပြီး ဖြစ်သည်။

:၂၂ ဆရာတစ်ပါးက ဤကျမ်းပိုဒ်သည် ဘုရားသခင်၏ သားများပိုင်ဆိုင်မှု ကျမ်းချက် ဖြစ်သည်ဟု မိန့်ဆိုဖူးသည်။ ပေါလုကို ဧဝံဂေလိဆရာ၊ အာပေါလုကို ဓမ္မဆရာ၊ ကယာဖ(ပေတရု)ကို အမှုတော်ဆောင်အဖြစ် ပုံဖော်ထားသည်။ ထိုသူများကို ယုံကြည်သူများက ပိုင်ဆိုင်ကြသကဲ့သို့ ကမ္ဘာလောကကြီးကိုလည်း ပိုင်ဆိုင်ကြသည်။ သို့သော် ဤကမ္ဘာမြေပေါ်မှာ အသက်ရှင်ခြင်းကို ဆိုလို ခြင်းမဟုတ်။ ထာဝရအသက်ဖြစ်သည်။  သေခြင်းကိုလည်း ပိုင်ဆိုင်ကြသည်။ ထိုသေခြင်းသည် ယုံကြည်သူများနှင့် မသက်ဆိုင်။ ယုံကြည်သူများ၏ ဝိညာဉ်သည် ကောင်းကင်နိုင်ငံနှင့်သာ သက်ဆိုင်သည်။ မျက်မှောက်ကာလကိုလည်း ပိုင်ဆိုင်ကြသည်။ ခရစ်တော်ဘုရား ပိုင်ဆိုင်သောကြောင့် ယုံကြည်သူများသည်လည်း ပိုင်ရှင်များဖြစ်ကြသည်။ Robertson က “ဘုရားသခင် ရွေးကောက်ထားသောကြောင့် ဘုရားသခင်၏ အပေါင်းအဖော်များဖြစ်ကြသည်။” ဟုဆိုသည်။

:၂၃ ယုံကြည်သူ ခရစ်ယာန်အားလုံးကို ခရစ်တော်က ပိုင်ဆိုင်သည်။ ခရစ်တော်၏ အပေါင်း အဖော်များ ဖြစ်ကြသည်။ ခရစ်တော်က ပိုင်ဆိုင်သူများ ဖြစ်သကဲ့သို့ ထိုသူများကလည်း ခရစ်တော်ကို ပိုင်ဆိုင်ကြသည်။  သို့သော် ထိုပိုင်ဆိုင်သူများသည် စစ်မှန်သော ယုံကြည်သူသာဖြစ်သည်။

Previous Article
Next Article