ကောရိ န္တု သြဝါဒစာပဌမစောင် ၉

: ကောရိန္သုသားများက ပေါလုသည် တပည့်တော်(၁၂)ယောက်တွင် ပါဝင်သူ မဟုတ် သဖြင့် တပည့်တော်စစ်စစ်မဟုတ်ဘူးဟု ဆိုကြသည်။ ထိုစကားနှင့်ပတ်သက်၍ပေါလုက သူသည် လူလွတ်ဖြစ်သည်။ သခင်ယေရှုခေါ်ထားသော တမန်တော်ဖြစ်သည်ဟု ပြန်လည်ချေပသည်။ ပေါလု၏ စကားတွင် အကြောင်း(၂)ချက်ရှိသည်။ ပထမအချက်မှာ သခင်ယေရှုခရစ်တော် ရှင်ပြန်ထ မြောက်ခြင်းကို တွေ့မြင်သူဖြစ်သည်ဟုဆိုရာ ထိုစကားသည် ဒမာသက်လမ်းမ၌ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကိုဆိုလိုသည်။ ထို့နောက်သူ၏လုပ်ဆောင်သောအလုပ်ကို ထောက်ပြလျက် ငါသည် သခင်ဘုရားအတွက် လုပ်ဆောင်နေသည်ကို တွေ့မြင်ကြသည် မဟုတ်လားဟု မေးခွန်းဖြင့်ပြန်ထုတ် သည်။ အကယ်၍ ပေါလုကို သံသယရှိကြလျှင် စစ်ကြောနိုင်သည်။ ကောရိန္သုသားများသည် ကယ်တင်ခြင်း ရရှိကြပြီလား။ ရရှိပါသည်ဟု ဖြေကောင်းဖြေကြမည်။ ကောင်းပြီ၊ ရကြသည် ဆိုလျှင်လည်း ခရစ်တော်ထံသို့ မည်သူက လမ်းညွှန်ပို့ဆောင်သနည်း။ တမန်တော် ပေါလုက ပို့ဆောင်ခြင်း ဖြစ်သည်။ သို့ကြောင့် ပေါလုသည် တမန်တော်အစစ်အမှန်ဖြစ်ကြောင်း သက်သေ ထူသည်။

: အခြားသောသူများက ပေါလုအား တမန်တော်အဖြစ် အသိအမှတ်ပြုကြပါသည်။ တမန်တော်ဟုတ်မှန်ကြောင်း တံဆိပ်ခတ်နှိပ်ကြသည်။

: ဤကျမ်းပိုဒ်သည် လုပ်ဆောင်ခဲ့ပြီးသမျှကို ပြန်လည်သက်သေထူခြင်းဖြစ်သည်။ သူ့အား တမန်တော်ဟုတ်မဟုတ်မေးမြန်းသူများ၊ သံသယရှိသူများအား သူ့လုပ်ဆောင်ခဲ့ချက်များကို စစ်ဆေး ကြည့်ရှုနိုင်သည်ဟု စိမ်ခေါ်ခြင်းဖြစ်သည်။

: အခန်းငယ် ၄ မှ ၁၄ သည် တမန်တော်များအလှူငွေခံထိုက်ကြောင်း ရှင်းပြသည်။ ပေါလုသည် သခင်ယေရှု စေလွှတ်တော်မူသော တမန်တော် ဖြစ်သည်နှင့်အညီ အလှူငွေခံထိုက်သူ ဖြစ်သည်။ ထိုသို့ တစိုက်မတ်မတ် အလှူငွေခံယူခြင်းလည်း မရှိခဲ့ပါ။ သူကိုယ်တိုင်ရွက်ဖျင်တဲချုပ်လုပ် သည်။ အခြားတစ်ဖက်တွင် ဧဝံဂေလိတရား လိုက်လံဟောပြောသည်။ သို့ကြောင့် အခက်အခဲ အကြပ်အတည်းရှိသည်မှာ သေချာသည်။ သို့ကြောင့် တမန်တော်သည် စားရ၊ သောက်ရသောအခွင့်မရှိဘူး လားဟု ပြန်မေးခြင်းဖြစ်သည်။ အမှုတော် ထမ်းဆောင်နေသူများဖြစ်ပါသည်။ ယနေ့အသင်းတော်များ တွင်လည်း ထိုကဲ့သို့ ထောက်ပံ့ပေးလှူကြပါသလား။

: သခင်ဘုရား၏ ညီတော်များသည်၎င်း၊ ပေတရုသည်၎င်း၊ သာသနာခရီးသွားလေရာတွင်  မိန်းမတစ်ယောက်ခေါ်သွားကြသည်။ ထိုကဲ့သို့ ခေါ်ဆောင်ခွင့်ရှိသည် မဟုတ်လား။ အချို့က ပေါလုမိန်းမယူခြင်းသည် ထိုသို့ခရီးသွားရာတွင် အသင်းတော်က မထောက်ပံ့မှာစိုးသောကြောင့် ဖြစ်သည်ဟု စွပ်စွဲကြသည်။ ပေတရု၊ အခြားတမန်များ သခင်ဘုရား၏ ညီတော်များသည် မိန်းမ ရှိကြသည်။ ဤနေရာတွင် တမန်တော်များနှင့်ဇနီးများကိုလည်း ထောက်ပံ့ပေးလှူထိုက်ကြောင်း သွန်သင်ခြင်းဖြစ်သည်။ ယုံကြည်သူဇနီး ဆိုခြင်းမှာ အမှုတော်ဆောင်၏ ဇနီးသည်ကိုလည်း လုပ်ကျွေးထောက်ပံ့ရန် တာဝန်ရှိသည်ဟုခြင်းမဟုတ်။ ထောက်ပံ့ပေးလှူသင့်သည်ဟုဆိုခြင်း ဖြစ်သည်။ သခင်ဘုရား၏ ညီတော်များ ဆိုသည်မှာ မအေတူညီတော်များ သို့မဟုတ် တဝမ်းကွဲ ညီအစ်ကို များကိုဆိုလိုသည်။ မယ်တော်မာရိတွင် ယေရှုအပြင်သားသမီးများရှိသည် (လု ၂:၇၊ မ၁:၂၅၊ ၁၂:၄၆၊ ၁၃:၁၅၊ မာ ၆:၃၊ ယော ၂:၁၂၊ ဂလာ ၁:၁၉ တို့ကိုကြည့်)။

: ပေါလု၏သာဝကခရီး လုပ်ဖော်ဆောင်ဖက် ဗာနဗကို တွေ့ရသည်။ သူတို့နှစ်ယောက် သည် အမှုတော်ထမ်းဆောင်သူများဖြစ်သောကြောင့် ယုံကြည်သူများ၏ ပေးလှူထောက်ပံ့ခြင်းကို ခံယူသင့်ပါသည်ဟုဆိုသည်။

: ငွေကြေးထောက်ပံ့မှုကို ရယူထိုက်ကြောင်း အခြားတမန်တော်များကို သက်သေ ထူသည်။ ယခုတဖန်လူ့သဘာဝကို ပုံဥပမာပေး သက်သေပြသည်။ မိမိစရိတ်စကဖြင့် စစ်မှုထမ်း သူများ မရှိဟုဆိုသည်။ မိမိခြံထွက်သီးနှံကို မစားသောဥယျာဉ်မှူးမရှိဟု သက်သေထူသည်။ နောက်ဆုံးအချက်ပြရလျှင် နို့ညှစ်ပိုင်ခွင့်မရှိသော နွားပိုင်ရှင်အမျိုးသမီးဟုဆိုသည်။ ခရစ်ယာန် အမှုတော် ဆောင်ခြင်းကို စစ်သား၊ ဥယျာဉ်မှူးနှင့်ခိုင်းနှိုင်းထားသည်။ စစ်သားသည် ဘုရားသခင်၏ သစ်သီးပန်းမန်များ လုံခြုံအောင် ရန်သူများကို တွန်းလှန်တိုက်ခိုက်ရသည်။ သိုးထိန်းသည် သိုးများကို ထိန်းကျောင်းရသည်။ ထိုလောကအမှုအရာ လုပ်သူများပင်လျှင် ထိုမျှအခွင့်အရေး ရရှိကြလျှင် အမှုတော်ဆောင်များသည် သာ၍ခံစားထိုက်ပါသည်။

: အထက်ပါစိုက်ပျိုးရေး၊ စစ်သားနှင့်နွားပိုင်ရှင်များ၏ အခွင့်အရေးများသည် အထူအဆန်းမဟုတ်။ ပညတ်ကျမ်းမှ ပုံဥပမာများဖြစ်သည်။ ဓမ္မဟောင်းကျမ်း သက်သေညွှန်းပြ ထားသည်။

: တရား ၂၅:၄ တွင် “စပါးနင်းနယ်နေသောနွား၏နှုတ်ကို မချုပ်တည်းရ” ဟုဆိုထားပါ သည်။ စပါးနယ်သောနွားသည်ကောက်လှိုင်းများကို စားပိုင်ခွင့်ရှိပါသည်။ ထိုကျမ်းပိုဒ်နှင့်မည်သို့ သက်ဆိုင်သနည်း။ အမှုတော်ဆောင်များကို နွားဟုသတ်မှတ်ခြင်းမဟုတ်ပါ။ လူ့အတွက်အကျိုးပြုပုံ နှင့်ဝိညာဉ်အတွက် အကျိုးပြုပုံတို့ကို ပုံဥပမာပေးခြင်းဖြစ်သည်။

:၁၀ ထိုမောရှပညတ္တိကျမ်းစကားသည် အမှုတော်ဆောင်များကို ရည်ရွယ်ရေးသားခြင်းဖြစ် သည်။ အမှုတော်များကို စိတ်တော်ထဲ၌ အမြဲရှိနေသည်ဖြစ်၍ ထိုသူများအတွက် ကြိုတင်ရေးသား ခြင်းဖြစ်သည်။ လယ်ထွန်သူသည် မျှော်လင့်ချက်ဖြင့်လယ်ထွန်သည်။ ရိတ်သိမ်းသူလည်း မျှော်လင့်ချက်ထားသည့်အတိုင်း ရိတ်သိမ်းသည်။ ခရစ်ယာန်အမှုတော်ဆောင်ခြင်းသည် နှစ်ခုစလုံး ပါဝင်သည်။

:၁၁ ပေါလုသည် ကောရိန္တုတွင် ဓမ္မမျိုးစေ့ကြဲချသူဖြစ်သည်။ တနည်းအားဖြင့် ကောရိန္တု သားများသည် ပေါလု၏ သွန်သင်ဟောပြောခြင်းဖြင့် ဘုရားသခင်သိကျွမ်းသူများဖြစ်သည်။ သို့ကြောင့် သူမျိုးစေ့ ကြဲထားသူများထံမှ နဝကမ္မထောက်ပံ့ခြင်းသည်သော၎င်း၊ ဝတ္တုကပ်လှူခြင်း သည်သော်၎င်း ခံထိုက်သည် မဟုတ်လေား။ တရားဒေသနာဟောပြောခြင်း၏ အသီးအပွင့်များ ဖြစ်ပါသည်။ ရုပ်ဝတ္တုပေးလှူ ဆက်ကပ်ခြင်းသည် ဝိညာဉ် ဆုလက်ဆောင်နှင့် နှိုင်းယှဉ်လျှင် အပရိက သာဖြစ်သည်။

:၁၂ ကောရိန္သုအသင်းသားများက အခြားတမန်တော်များအား ပေးလှူကြသည်ကို ပေါလုသိရှိပါသည်။ ထိုသူများကို ပေးလှူကြသော်လည်း ဝိညာဉ်ဖခင်အရင်းဖြစ်သော ပေါလုကို မပေးလှူကြသောကြောင့်  “အခြားသူတို့သည် အလှူငွေရပိုင်ခွင့် ရှိကြလျှင် ငါတို့သည် ပို၍မခံသင့် ဘူလား” ဟုမေးခြင်းဖြစ်သည်။ အလည်အပတ် ရောက်လာသော တမန်တော်များကို ပေးလှူလျှင် ယုံကြည်ခြင်း ဖခင်အရင်းကိုမူ ပိုမိုပေးလှူသင့်ပါသည်။ ထို့သို့အခွင့်အရေးရထိုက်သော်လည်း မတောင်းဆို။ အဘယ်ကြောင့်ဆိုသော် ထိုသို့တောင်းဆိုခြင်းသည် ဧဝံဂေလိတရားဟောကြားခြင်း ထက်အငတ်ငတ် အပြတ်ပြတ်ဖြင့် နှုတ်ကပတ်တော် လိုက်လံဟောကြားမည်ဟု ပေါလု ခံယူထားသည်။

          :၁၃ ယုဒဗိမာန်တော်ကို ပုံဥပမာပေးရှင်းပြသည်။ ဗိမာန်တော်တွင် အမှုတော်ထမ်းဆောင် သူများသည် ဗိမာန်တော်ကထောက်ပံ့သည်။ ယဇ်ပုရောဟိတ်များသည်လည်း ယဇ်ပူဇော်သောအခါ ယဇ်ကောင်အသားကို ဝေစုရကြပါသည်။ တနည်းအားဖြင့် လေဝိအမျိုးသားများသည် ဗိမာန်တော် နှင့်ယဇ်ပလ္လင် အမှုထမ်းဆောင်သူများ ဖြစ်၍ ထိုအမှုတော်ထမ်းဆောင်ခြင်းဖြင့် အသက်မွေးဝမ်း ကျောင်းသူများဖြစ်သည်။

          :၁၄ နောက်ဆုံးတွင် သခင်ဘုရားကိုတိုင်တည်၍ ရှင်းပြသည်။ ဧဝံဂေလိတရားဖြင့် အသက်ရှင်ကြရသည်ဟု ဆိုသည်။ နောက်ဆုံးအထောက်အထား ပြချက်ဖြစ်သည်။ ပေါလုသည် ကောရိန္သုသားများ၏ ထောက်ပံ့ပေးလှူခြင်း ခံထိုက်သူဖြစ်သည်။ ဤစကားသည် သူတို့မေးမြန်ချက် များအား ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

:၁၅ သို့သော်ထိုအခွင့်အရေးကို မတောင်းဆိုပါ။ ထောက်ပံ့ခြင်းလိုချင်၍လည်း ဤသို့စာ ရေးရှင်းပြခြင်းမဟုတ်ဟုဆိုသည်။ မောက်မာထောင်လွှားစွာ သူတစ်ပါးကိုအနိုင်အထက်ပြု၍ စားရသည်ထက် သေသည်ကပိုကောင်းသည်ဟုဆိုသည်။ မသဒ္ဓါရေစာ စားသုံးခြင်းထက် ငတ်ခြင်း ကပိုမြတ်ပါသည်။ မစားရမသောက်ရ၍ လျှာတွင်မြက်ပေါက်လျှင် ပေါက်ပါစေ၊ မရိုးသား မတရား ယူခြင်းမပြုအပ်ပါ။

:၁၆ ဧဝံဂေလိတရား ဟောကြားရာတွင်အချည်းအနှီးမော်ကြွားခြင်း၊ ကိုယ်ရည်သွေးခြင်း မပြုပါဟုပေါလုက ဝန်ခံသည်။ အမိန့်တော်အရသာ ဟောပြောခြင်းဖြစ်သည်။ သူရွေးချယ်၍သော်၎င်း လူများက ရွေးချယ်တင်မြှောက်၍ သော်၎င်း တရားလိုက်ဟောခြင်းမဟုတ်။ ဧဝံဂေလိတရားဟော ပြောရန်ပုခုံးပေါ်၌ တာဝန်ကျရောက်သောကြောင့် ဟောပြောခြင်းဖြစ်သည်။ ဘုရားသခင်တရားတော် မှလွဲ၍ ဟောပြောခြင်းအလျဉ်းမရှိ။ ထိုသို့ပြောရာတွင် မငြင်းသာသောကြောင့်၊ မဟောချင်ဘဲလျက် တရားဟောသည်ဟုဆိုလိုခြင်းမဟုတ်။ ပေါလုရွေးချယ်၍ ဟောကြားခြင်းမဟုတ်။ သခင်ဘုရားခန့် အပ်သောကြောင့် လိုက်ဟောခြင်းဖြစ်သည်။

:၁၇ အကယ်၍ မိမိသဘောဆန္ဒအတိုင်းဟောကြားသည်ဆိုလျှင် အခကြေးငွေရမှ ဟောကြားမည်။ ငွေမျက်နှာကြည့်ပါမည်။ ဓမ္မဟောင်းကာလမှာဖြစ်စေ၊ ဓမ္မသစ်ကာလမှာဖြစ်စေ အမှုတော်ဆောင်များသည် ဘုရားလူများ၏ ကူညီထောက်ပံ့မှုရယူကြပါသည်။ ထိုသို့ပြောရာတွင် ပေါလုသည် တရားတော်နှင့်ညီသော အစေခံမဟုတ်ဟု မဆိုလို။ သူ၏တမန်တော်ဘဝသည် အနှောင် အဖွဲ့ မရှိ၊ ရိုးစင်းပုံကို ပြသခြင်းဖြစ်သည်။ မိမိဆန္ဒကို ငြင်းပယ်၍ဆိုသည်မှာ သူ၏တရားဒေသနာ ဟောကြားခြင်းသည် သူ့သဘောဆန္ဒဖြင့်ဟောကြေားခြင်းမဟုတ်။ ဝိညာဉ်တော်မီး၏ လှုံ့ဆော်မှုဖြင့် ဟောပြောခြင်းသည် သူ့သဘောဆန္ဒဖြင့် ဟောကြားခြင်းမဟုတ်။ ထိုသို့ဝိညာဉ်တော်၏ လှုံဆော်မှုဖြင့် ဟော​ကြားခြင်းဖြစ်သောကြောင့် ဝါကြွားစရာမရှိပါဟု ဆိုသည်။

ဤအပိုဒ်ငယ်(၁၇)သည် လက်ခံရခက်ပါသည်။ ပေါလုသည် ကောရိန္သုသားများထဲမှ အကူ အပံ့ရရန် အခွင့်အရေးရှိသော်လည်း ကောရိန္သုသားများက မပေးလှူကြ။ သူကိုယ်တိုင်ကလည်း မတောင်းဆို။ ကူပံ့ဖို့လည်း ပေါလုရွေးချယ်ခြင်းမဟုတ်။ ဘုရားသခင်လက်တော်ဖြင့် ခန့်အပ်ခြင်း ဖြစ်သည်။ မိစ္ဆာဆရာများကမူ ကောရိန္သုများထဲမှ မြူးမြူးမြက်မြက် အသီးအပွင့်ခံစားကြသည်။ သို့သော်လည်း ပေါလုအတွက် ဆုလက်ဆောင် ရှာမတွေ့။

ထိုအကြောင်းကို Knox က “မိမိရွေးချယ်ရာအလုပ်ဆိုလျှင် အခကြေးငွေတောင်းဆိုရသည်။ အမိန့်အရစေခိုင်းခြင်းဖြစ်လျှင်မူကား တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။” ဟုဆိုသည်။

Ryrie ကမူ ဤသို့ဆိုသည်။

ပေါလုသည် ဧဝံဂေလိတရားမဟောပြောဘဲမနေနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ဟောပြောရန် ခန့်အပ်ထားသူဖြစ်သည်။ အခကြေးငွေမရလည်း ဟောမြဲဟောနေမည်။ ဧဝံဂေလိ တရားဟောပြောနေလျှင် ကျေနပ်နေသူဖြစ်သည်။ (လု ၁၇:၁၀ နောက်ပိုင်းကိုကြည့်)”၂၈

:၁၈  ထိုသို့ဆိုလျှင် ဧဝံဂေလိတရားဟောကြားခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးခံစား သနည်း။ အခကြေးငွေမပေးဘဲ ခရစ်တော်အကြောင်း ဝေငှသက်သေခံခွင့်ရသည်။ သက်သေခံခွင့် ဧဝံဂေလိဟောခွင့်သည် အကျိုးရရှိသည်။ တဘက်တွင် အသက်မွေးဝမ်းကြောင်းအတွက် ရွက်ဖျင်တဲ ချုပ်လုပ်ခြင်းဖြင့် ဝင်ငွေရသကဲ့သို့ တဘက်တွင် ကောရိန္သုသားများကို ဧဝံဂေလိတရားဟောကြား သည်။ ဧဝံဂေလိလိုက်လံဟောကြားသူဟူ၍ ရသမျှ အခွင့်အရေးကို သိမ်းကြုံးမယူပါ။

အကျဉ်းချုံး၍ပြောရလျှင် ပေါလုသည် လုပ်သင့်သည်နှင့် လုပ်ထိုက်သည်ကို သိမြင်ပိုင်းခြား ထားသည်။ ဆင်းရဲချို့တဲ့ခြင်းက ဧဝံဂေလိတရားဟောကြားခြင်းကို အနှောက်အယှက်မဖြစ်စေလို။ ဧဝံဂေလိတရားကို ပျော်ရွှင်စွာဟောမြဲဟောသည်။ ထိုသို့အခွင့်အရေးမခံစားရသောအခါ တစ်ခါတစ်ခါ အခက်အခဲ အကြပ်အတည်းနှင့်ကြုံတွေ့သည်။ သို့သော်လည်း ပြောမထွက်ပါ။ ကောရိန္သုသားများကို အခကြေးငွေမယူဘဲ ဧဝံဂေလိသတင်းကောင်းဟောပြောသည်။ စေတနာသန့်သန့်ဖြင့် ဟောပြော သည်။ သူ၏စားဝတ်နေရေးပြဿနာဖြေရှင်းရန် တစ်ဖက်တလမ်းအားဖြင့် ရွက်ဖျင်တဲချုပ်လုပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် သူ့ကိုယ်သူတမန်တော်အစစ်အမှန်အဖြစ် အသိအမှတ်မပြုခြင်းမဟုတ်။ အမှုတော်ဆောင်များ၏ အမြင့်ဆုံးသော ဂုဏ်အင်လက္ခဏာပြသခြင်းဖြစ်သည်။

အခန်းငယ် ၁၉-၂၂ တွင် ဧဝံဂေလိတရားဟောပြောခြင်း၌ အခွင့်အရေးမယူ၊ အနာခံပုံကို ရေးထားသည်။ ပေါလုသည် သမ္မာကျမ်းစာ၏ အရေးကြီးသောအပိုင်းကို တင်လှူပူဇော်လိုက်နာ သည်ဟုမဆို။ ဖြောင့်မတ်ခြင်းနည်းလမ်းများကိုလည်း မပစ်ပယ်။ တရားနာပရိသတ်များ ဘဝင်ကျလက်ခံနိုင်သည့် နည်းဗျူဟာကို လိုက်နာဖို့ဝန်မလေး။ သို့သော် သမ္မာတရားနှင့် စရိတ် လက္ခဏာများကို ရောထွေးရှက်တင်ခြင်း မပြု။

:၁၉ ပေါလုသည် လူတိုင်းနှင့်လွတ်ကင်းသော လူလွတ်ဖြစ်သည်။ မည်သူကမှ စိုးမိုး ချုပ်ချယ်ခြင်းမပြုနိုင်။ သို့သော်လည်း လူတကာအား အောင်မြင်ဖို့ရန် လူတကာတို့၏ ကျွန်ဖြစ် ပြန်သည်။ လူတိုင်းအား ဧဝံဂေလိတရားဝေငဌအကျိုးပြုခြင်းဖြင့် ကျွန်ခံသည်။ ထိုသူများ၏ ဝိညာဉ် များ ခရစ်တော်ထံသို့ ပို့ဆောင်ရန်ကျွန်ခံသည်။

:၂၀ ယုဒလူမျိုးများအကြားတွင် ယုဒလိုနေခြင်းဖြင့် ယုဒများကို ရယူသည်ဆိုခြင်းမှာ ယုဒများကိုရယူဖို့သူ့ကိုယ်သူ မောရှေပညတ်တရားအောက်သို့ ပြန်လည်ပို့ဆောင်သည်ဟု ဆိုခြင်း မဟုတ်။ ယုဒလူမျိုးများ၏ဓလေ့စရိုက်အစဉ်အလာများကို မပစ်ပယ်ဟုဆိုခြင်းဖြစ်သည်။ ထိုသို့ဖြင့် တိမေသေနှင့်တိတုတို့အရေဖျားလှီးရသည်။ ထိုသို့ပြုမူခြင်းသည် ဧဝံဂေလိတရားတော်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းဖြစ်သည်။ ပေါလုသည် တိတုအား အရေဖျားလှီးရန် အတင်းမတိုက်တွန်းပါ (ဂလာ ၂:၃)။ တိမောသေကို တိုက်တွန်းသည်။ ယုဒများအကြားတွင် တရားဒေသနာ ဟောပြောနိုင်ရန် ယုဒလူမျိုးများ လက်ခံနိုင်သည့် အမူအကျင့်ရှိဖို့လိုသည်။ တရားနာပရိတ်သတ်၏ လက်ခံမူရရှိအောင် ဦးစွာပြင်ပန်းလက္ခဏာမှစ၍ ပြင်ဆင်ရသည် (တ ၁၆:၃)။

ပညတ်တရားကို မဆည်းကပ်သော်လည်း ပညတ်တရားကို ဆည်းကပ်သူများကဲ့သို့ စည်းရုံး သိမ်းသွင်းနိုင်ရန် ပညတ်တရားဆည်းကပ်သူများကဲ့သို့ ပြုကျင့်လိုက်လျောရသည်။ ပညတ်တရား ဆည်းကပ်သူဆိုသည်မှာ ယုဒလူမျိုးကို ဆိုလိုသည်။ ယုဒနှင့် လိုက်လျောညီထွေဆက်ဆံရသည့် အကြောင်းကို ဤကျမ်းပိုဒ်အစပိုင်းတွင် ပါရှိပြီးဖြစ်သည်။ နောက်ပိုင်းကျမ်းပိုဒ်တွင် အဘယ်ကြောင့် ထပ်ကြော့သနည်း။ ပထမပိုင်းကျမ်းပိုဒ်၏ဆိုလိုရင်းမှာ ယုဒရိုးရာထုံတမ်းစဉ်လာအကြောင်း ဖြစ်သည်။ ဒုတိယပိုင်းသည် ဘာသာရေး ရှုဒေါင့်ဖြင့်ဖော်ပြခြင်းဖြစ်သည်။

ဤနေရာတွင် စကားချပ်ထည့်ချင်သည်။ ပေါလုသည်လည်း ယုဒလူမျိုးဖြစ်သောကြောင့် ပညတ်တရားအောက်မှ မွေးဖွားကြီးပြင်းလာသူဖြစ်သည်။ ပညတ်တရားစောင့်ထန်းခြင်းဖြင့် ဘုရားသခင်၏ အလိုတော်ရှာကြံသူဖြစ်ခဲ့သည်။ ပညတ်တရားသည် သူ့အပြစ်များကိုသာ ထုတ်ဖော် ပြသနိုင်သည်။ ပညတ်တရားအကြောင်းနားလည်၍ ကယ်တင်ခြင်းမပေးနိုင်ကြောင်း သိရှိသောအခါ ဘုရားသခင်ကသာကယ်တင်နိုင်ကြောင်း သိရှိသည်။ သို့ကြောင့် ပညတ်တရားဆည်းကပ်ခြင်းကို စွန့်လွှတ်ကာ ယေရှုခရစ်တော်ကို ယုံကြည်လက်ခံလာသည်။ ပညတ်တရား ချိုးဖောက်မှုအပြစ်၏ အဖိုးအခကို ယေရှုကလက်ဝါးကပ်တိုင်ပေါ်တွင် ပေးချေခဲ့ပြီးဖြစ်သည်။

အသက်တာပြောင်းလဲလာသောအခါ ပညတ်တရားဆည်းကပ်ခြင်းသည် ကယ်တင်ခြင်း နည်းလမ်းမဟုတ်ကြောင်းနှင့် ကယ်တင်ခြင်းလမ်းစဉ်လည်းမဟုတ်ကြောင်း၊ ထင်ရှားစွာ သိမြင်သည်။ ယုံကြည်သူများသည် ပညတ်တရားအောက်မှာ ရှိကြသူများမဟုတ်။ ကျေးဇူးတော် အောက်မှာ ရှင်သန်နေသူများဖြစ်သည်။ ကျေးဇူးတော်အောက်မှာ နေခြင်းဆိုသည်မှာ သွားချင်ရာ သွား၍ လုပ်ချင်ရာလုပ်ခွင့်ပြုခြင်းမဟုတ်။ စိတ်ရူးတည်ရာမလုပ်ဖို့ ကျေးဇူးတော်ကလည်း ထိန်းကျောင်းပေးပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကိန်းအောင်းသောကြောင့် အကျင့်သစ် လူသစ်ဖြစ်ရသည်။ ပညတ်တရားချိုးဖောက်ခြင်း၏ အပြစ်ဒဏ်ကိုလည်း မစဉ်းစား၊ စင်ကြယ်သော အသက်တာကိုသာ လိုလားသည်။ သူ့အတွက်အသေခံ၍ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်ကို သာချစ်ခင်သည်။ ပညတ်တရား၏အကျိုးဆက်သည် အကြောက်တရားဖြစ်၍ ကျေးဇူးတော်၏ ရလာဒ်သည် ချစ်ခြင်းမေတ္တာဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် အကြောက်တရားနှင့် နှိုင်းယှဉ်လျှင် အရှေ့နှင့်အနောက် နေ့နှင့်ညပမာခြားနားသည်။ ချစ်ခြင်းမေတ္တာရှိသူသည် ဘယ်သောအခါမှ ရက်စက်ကြမ်းကြုတ်ခြင်းမကြုံရ။ ထိုအကြောင်းကို Arnot ကဤသို့ဆိုသည်။

ဝိညာဉ်များစုစည်းအောင်မြင်ခြင်း ဘုရားသခင်၏နည်းလမ်းမှာ နက္ခတ်တာရာများ မိမိတို့ ပတ်လမ်းကြောင်းပြေးလွှားနေသည့်စနစ်နှင့်တူသည်။ ဂြိုလ်နက္ခတ်တာရာများ မိမိတို့လမ်းကြောင်း ပေါ်တွင်လွတ်လပ်စွာပြေးလွှားနေကြသည်။ တစ်ခုနှင့်တစ်ခု ဆက်သွယ်ချည်နှောင်ခြင်းမရှိသော်လည်း ဗဟိုချက်မကို ဗဟိုပြု၍ လည်ပတ်နေကြသည်။ လူ့မျက်စိဖြင့် မမြင်နိုင်သောနိယာမဥပဒေသ၌ တည်မှီကြသည်။ ထိုကဲ့သို့ပင်မျက်စိဖြင့် မမြင်နိုင်သောနိယာမဥပဒေသ၌ တည်မှီကြသည်။ ထိုကဲ့သို့ ပင် မျက်စိဖြင့်မမြင်နိုင်သော ချစ်ခြင်းမေတ္တာသည်လည်း ချည်နှောင်မှုခိုင်မြဲသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားများကို အပြစ်နွံထဲမှ ရွေးနှုတ်ပြီးဖြောင့်မတ်သော အသက်တာသို့ပို့ဆောင်ပါသည်။ ၃၀

ကျမ်းပိုဒ် ဒုတိယပိုင်းကို ပြန်ကောက်ကြည့်ရအောင်။  “ပညတ်တရားကို ဆည်းကပ်သူအား ရရှိနိုင်ရန် ပညတ်တရားဆက်ကပ်သူကဲ့သို့ပညတ်တရားထိန်း၏” ဟုဆိုသည်။ ပေါလုသည် ယုဒများအတူနေသောအခါ လူပေါင်းစိတ်ခွာလုပ်သည်။ ယုဒများကဲ့သို့နေထိုင်စားသောက်သည်။ ဝက်သားရှောင်ကြလျှင်သူလည်းရှောင်သည်။ ဥပုသ်နေ့များတွင်လည်း ယုဒစုရပ်သို့သွား၍ လူထု အသံကို သွားရောက်နားထောင်သည်။ သို့သော်လည်း ယေရှုခရစ်တော်၌ အသက်တာပြောင်းလဲသူ ဖြစ်သည့် အားလျော်စွာပညတ်တရားအောက်၌ အသက်တာကို မရောက်စေပါ။ ပစ်မှတ်ပရိသတ်များ သခင်ယေရှုကိုတွေ့မြင်လာကြစေရန် သူတို့စရိုက်ကို လိုက်လုပ်သည်။ အမူအကျင့်၊ ဓလေ့ထုံးစံများ ကို လေးစားသည်။ လိုက်လုပ်သည်။

:၂၁ ဤကျမ်းပိုဒ်နှင့်ပတ်သက်၍ Ryric က ဤသို့ဆိုထားသည်။

ပေါလုသည် မျက်နှာနှစ်ဖက်ရှိသူမဟုတ်ပါ။ မျက်နှာများသူလည်း မဟုတ်ပါ။ လူအများအား ရှာကြခြင်းဖြစ်သည်။ ကျဉ်းမြောင်းသောရေမြောင်းသည် အနားသပ်မရှိသောရေမြောင်းထက် ရေစီးသန်သကဲ့သို့ ခရစ်တော်အတွက် သက်သေခံကောင်းပြသခြင်းဖြစ်သည်။ ၃၁

“ပညတ်တရားမဲ့သော သူတို့အကြား၌ ပညတ်တရားမဲ့သောသူကဲ့သို့နေ၏” ဆိုခြင်းမှာ ပညတ်တရားအလျဉ်းမရှိခြင်းမဟုတ်ပါ။ ခရစ်တော်၏ တရားကိုကျင့်သောသူဖြစ်သည်။ ပညတ်တရား မဲ့သူ ဆိုသည်မှာ တရားဥပဒေ ယဉ်ကျေးမှုမရှိ၊ မင်းမဲ့စရိုက်ကြီးနိုင်ငယ်ညှင်းခြင်းကို ဆိုလိုသည် မဟုတ်။ ယေဘုယျအားဖြင့် တစ်ပါးအမျိုးသားများကို ဆိုလိုသည်။ မောရှေပညတ်စောင့်ထိန်းသူများမှာ ယုဒလူမျိုး ဖြစ်သည်။ ပညတ်တရားစောင့်ထိန်းသူများတွင် တစ်ပါးအမျိုးသားများ မပါဝင်ပါ။ တစ်ပါးအမျိုးသားများနှင့် ဆက်ဆံရသောအခါ ပေါလုသည် တစ်ပါးအမျိုးသားများ ယဉ်ကျေးမှုအတိုင်း ရေလိုက်ငါးလိုက်နေသည်။ နှုတ်ကပတ်တော် ဟောပြောနိုင်အောင် အလယ်အလတ် လမ်းစဉ်လိုက်သည်။ အပေးအယူတည့်အောင်လုပ်သည်။ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ လမ်းစဉ် လိုက်သည်။ ပညတ်တရားမဲ့ ဆိုခြင်းမှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်းမဟုတ်။ ခရစ်တော်တရား ကို စောင့်ထိန်းပါသည်။ တနည်းအားဖြင့် မောရှေပညတ်ထုံကို ပစ်ပယ်၍ ခရစ်တော်၏ချစ်ခြင်း မေတ္တာ၊ အမှုတော်ကို ထမ်းဆောင်သည်။ ခရစ်တော်၏ မေတ္တာတရားကို ပညတ်တရားအဖြစ် ခံယူသည်။ ရောမပြည်မှာနေလျှင် ရောမသားကဲ့သို့ ကျင့်သည်။ တစ်ပါးအမျိုးသားများနှင့်အတူ နေထိုင်စဉ်တွင် တစ်ပါးအမျိုးသားများကဲ့သို့ နေထိုင်စားသောက်ပြောဆိုကျင့်ကြံသည်။ တစ်ပါး အမျိုးသားများ၏ ယုံကြည်မှု၊ ခင်မင်မှုကို ရယူသည် ပုဂ္ဂိုလ်ခင်မှ တရားမင်ကြသည်မဟုတ်လော။ ဤကျမ်းပိုဒ်၏ သတိပြုရန်အချက်မှာ ထိုကဲ့သို့ ဒေသခံများနှင့် လိုက်ရောသော်လည်း ယဉ်ကျေးမှု ကိုသာ လေးစားလိုက်လျောခြင်းဖြစ်သည်။ အယူဝါဒနှင့် အကျင့်လက္ခဏာမရောပါ။

:၂၂ ဤကျမ်းပိုဒ်သည် အားနည်းသူများနှင့်အထိမခံရွှေပန်းကန်များကို ရည်ညွှန်းခြင်း ဖြစ်သည်။ မိမိတို့မူလယုံကြည်ချက်အားအထိမခံအတိမ်းအစောင်းမခံသူများဖြစ်သည်။ အားနည်းသူ များနှင့် ဆက်ဆံသောအခါ အားနည်းသူကဲ့သို့ နေထိုင်သည်။၃၂ ထိုသို့နေထိုင်ခြင်းမှာ ထိုအားနည်း သူများ ဆွဲဆောင်စည်းရုံးနည်းဖြစ်သည်။ သက်သတ်လွတ်စားသည်။ အချို့ကဘာမှမရှောင်။ တစုံ တစ်ခုသော အမူအရာအားဖြင့် ကယ်တင်ခြင်းအလို့ငှာ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအမှုပြု၏ ဆိုခြင်းမှာ အရာခပ်သိမ်းဖြင့် ကယ်တင်ခြင်းရနိုင်သည်ဟု ဆိုခြင်းမဟုတ်။ ကယ်တင်ခြင်း သတင်းကောင်း ကြားပြောနိုင်ရန် လူမျိုးအသီးသီး၏ အကျင့်စရိုက်၊ ဓလေ့ထုံးစံများကို လိုက်လျော သည်ဟုဆိုသည်။ အချို့သောသူတို့ကို တစုံတစ်ခုသော အမူအရာအားဖြင့် ဆိုခြင်းမှာ ထိုသူများ အတွက် ကယ်တင်ခြင်းရရှိရန်မှာ ခရစ်တော်တစ်ပါးတည်း နည်းလမ်းသာရှိသည်ဟုဆိုလိုသည်။ မှတ်သားနာယူရမည့်အချက်မှာ ပျောက်ဆုံးသောဝိညာဉ်များ လိုက်လံ ဖမ်းဆီးရာတွင် ပစ်မှတ် ပရိသတ်နှင့် အနီးကပ်ဆုံးအသက်ရှင်ခြင်းဖြစ်သည်။ ဧဝံဂေလိသတင်းကောင်း ဟောပြောခြင်း၏ စစ်နည်းဗျူဟာဖြစ်သည်။

အပိုဒ်ငယ် ၂၃ မှ ၂၇ သည် ဝိညာဉ်ဆုလက်ဆောင်မျှော်လင့်ချက်မရှိသူများအား တင်းကြပ် သော စည်းမျဉ်းဖြင့် ထိန်းကျောင်းရသည့် သင်ခန်းစာဖြစ်သည်။ ကောရိန္သုယုံကြည်သူများကို ထိုနိယာမအတိုင်း ကိုင်တွယ် သွန်သင်ရသည်။

:၂၃ သတင်းကောင်းဝေငှနိုင်ရန် ထိုကဲ့သို့လိုက်ကျင့်ခြင်းဖြစ်သည်။ ပေါလု၏ အာသီသ စေတနာကို နောက်ကျမ်းပိုဒ်တွင် တွေ့ရသည်။ အဘယ်ကြောင့်ထိုသို့ပြုမူသနည်း။ ပစ်မှတ်ပရိသတ် က ဧဝံဂေလိတရားကြားနာလက်ခံ၍ နောင်ကာလထိုနေ့ရက်တွင် ဝိညာဉ်ဆုလက်ဆောင်ရရှိ နိုင်ကြရန် ဖြစ်သည်။

:၂၄ မကြာသောကာလ၌ ကောရိန္သုတွင်အားကစားပြိုင်ပွဲကြီးကျင်းပသည်မှာ သေချာသည်။ ကောရိန္သုယုံကြည်သူများသည် ထိုအားကစားပွဲကို ပါဝင်ဆင်နွဲမည့်သူများ ဖြစ်သည်။ အပြေးပြိုင်ပွဲ ဝင်သူတိုင်း ဆုရရှိကြသည်မဟုတ်။ ခရစ်ယာန်အသက်တာသည်လည်း မာရသွန် အပြေးပြိုင်ပွဲ ကဲ့သို့ ဖြစ်သည်။ အပြေးဝင်ပြိုင်သူတိုင်း ဆုရရှိကြသည်မဟုတ်။ စည်းကမ်းရှိရသည်။ ဇွဲနဘဲရှိရသည် ပန်းတိုင်ရှိရသည်။ သို့သော်လည်း ခရစ်ယာန်တိုင်းသည် ပထမဆုရရှိမည်ဟု ဆိုလိုခြင်း မဟုတ်။ ပန်းဝင်ကြရန် သွန်သင်ခြင်း ဖြစ်သည်။ ပေါလုကမိမိကိုယ်ကို ငြင်းပယ်၍ စိတ်အလိုမလိုက်သကဲ့သို့ လိုက်လုပ်ရသည်။ ကယ်တင်ခြင်းသည် ခရစ်ယာန်အသက်တာ ပန်းဝင်ခြင်း၏ ဆုလက်ဆောင် မဟုတ်ပါ။ ဆုလက်ဆောင်သည် သစ္စာရှိသော အမှုတော်အတွက် ဖြစ်သည်။ ကယ်တင်ခြင်း ဆိုသည်မှာ ယုံကြည်ခြင်း ရလာဒ်ဖြစ်သည်။ ယေရှုခရစ်တော်ကို လက်ခံယုံကြည်ခြင်းဖြင့် ဘုရားသခင်က အခမဲ့ပေးသော လက်ဆောင်ဖြစ်သည်။

:၂၅ မာရသွန်အပြေးပြိုင်ပွဲမှ နပမ်းလုံးပွဲသို့ ရောက်ကြပြီ။ ပြိုင်ပွဲဝင်သူသည် ပြိုင်ပွဲဝင်ရန် လေ့ကျင့်ရေးကာလတွင် စည်းစနစ်ကျန ကောင်းမွန်ရသည်။ နပမ်းသမားက လေ့ကျင့်ရေးဆရာကို “ဆေးလိပ်သောက်၊ အရက်သောက်၍ မရဘူးလား”ဟု မေးသည်။ ဆရာသမားက “သောက်လို့ရ ပါတယ်။ ဒါပေမယ့် ရှုံးမှာသေချာတယ်” ဟု ဖြေသည်။ ထိုကဲ့သို့ပင် ခရစ်ယာန်အသက်တာတွင်လည်း အနိုင်ယူအောင်ပွဲခံနိုင်ရန် ပေါလုက တဆင့်ပြီးတဆင့် သွန်သင်ပေးသည်။ အောင်ပွဲခံ ပန်းဦးရစ် သရဖူကို ညွှန်ပြသည်။ ပန်းဦးရစ်သရဖူမှာ ပန်းပွင့်၊ သစ်ရွက်များဖြင့် မွမ်းမံသီကုံးခြင်း ဖြစ်သည်။ မကြာခင်ညှိုးနွမ်းမည်။ သို့သော် ထိုပန်းကုံး၏ တန်ဖိုးကိုဆိုလိုခြင်း မဟုတ်။ အောင်မြင်မှုပန်းတိုင်ကို ဆိုလိုခြင်း ဖြစ်သည်။

အသက်တာ ကောင်းကြီးမင်္ဂလာ ပန်းဦးရစ် သရဖူ ကျေးဇူးတော် ချီးမွမ်းပါသည်။ လူ့ပန်းကုံး သည် ပွင့်ချပ်လွှာကြွေ ညှိုးနွမ်းလွယ်သော်လည်း သားတော်ပေးသောသရဖူသည် နိုင်ငံတော်၌ ထာဝရ ခံစားရာတည်း။

Horatius Bonar.

:၂၆ ပေါလုက “ပန်းတုံးတိုင်ထိအောင် ပြေးဝင်ရသည်။ လက်သီးကိုလည်း အချည်းအနှီး မဖြစ်စေလိုသည့်လက်ဝှေ့ သမားကဲ့သို့ဖြစ်ရသည်”ဟုဆိုထားသည်။ ပေါလုက အမှုတော်ဆက်ကပ် ခြင်းအား အရေးမပါအရာမရောက်မဖြစ်စေချင်။ ဆန်ကုန်မြေလေး မဖြစ်စေချင်။ ထိထိရောက်ရောက် ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်စေချင်သည်။ သူကိုယ်တိုင်လည်း မျက်ဝါးထင်ထင်အကျိုး သက်ရောက်စေသည်။ အချိန်နှင့်ခွန်အားကို အလဟဿမဖြုန်း၊ ပစ်လစက်ခတ်မလုပ်၊ ဖြစ်ကတက်ဆန်းမပြု။

:၂၇ အခြားသူများကို ပြိုင်ပွဲဝင်ကြရန် ဖိတ်ခေါ်ပြီးနောက် မိမိကိုယ်တိုင် ပြိုင်ပွဲဝင်ရန် စံချိန်မမီသူမဖြစ်ခင်။ ခရစ်ယာန်အသက်တာတွင် မိမိကိုယ်ကို ထိန်းကျောင်းဖို့၊ စည်းစနစ်ကောင်းမွန် ဖို့ အမှန်တကယ်လိုအပ်ပါမည်။ မိမိကိုယ်ကို ကျမ်းမာကြံခိုင်အောင် သက်လုံကောင်းအောင် လုပ်ရသည်။

အခြားသူများကို လိုက်လံတရားဟောပြောသော်လည်း မိမိကိုယ့်ကိုမူ ပေမမီဒေါက်မမီသူ မဖြစ်ချင်။ အခြားသူများကို ကယ်တင်ခြင်း ဝေငှနိုင်သော်လည်း မိမိကိုယ်ကိုမူ ပျောက်ဆုံးသူ မဖြစ်ချင်။

အချို့က အရည်အချင်းမမီ၃၃ ဆိုသည်မှာ ထာဝရပစ်ပယ်ခြင်းဖြစ်သည်ဟု ပစ်ပစ်ခါခါပြော ကြသည်။ မည်သို့ပင်ဖြစ်စေ၊ အရည်အချင်းမမီသူက၊ အခြားသူများအား ကယ်တင်ခြင်းရရှိအောင် သွန်သင်သည်ဆိုသည်မှာ မဖြစ်နိုင်ပါ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကိုယ်တိုင်အသက်တာ မပြောင်းလဲသူက အခြားသူအား အသက်တာ ပြောင်းလဲအောင် မလုပ်နိုင်ပါ။ အမှန်စင်စစ် ထိုစကား သည် မိစ္ဆာဒိဋ္ဌိဆရာသမားများကို ပြောလိုဟန်ရှိသည်။ မိစ္ဆာဆရာများသည် အသစ်တဖန်မွေးဖွား စေခြင်း မစွမ်းနိုင်ကြ။ ဟောသမျှပြောသမျှသည် သဲထဲရေသွန်ခြင်း ဖြစ်သည်။

တတိယ အချက်အနေဖြင့် ပေါလု၏ စကားသည် ကယ်တင်ခြင်း နှင့်မဆိုင်။ အမှုတော် ထမ်းဆောင်ခြင်းသာ ဖြစ်သည်။ သူသည် ဝိညာဉ်ဆုလက်ဆောင်နှင့် ကင်းဝေးအောင် ဘယ်သော အခါမှ ပျောက်ဆုံးမည် မဟုတ်ဟု သံဓိဋ္ဌာန် ချသည်။ အရည်အချင်းမမီဟူသော စကားလုံးသည် အားကစား ပုံဥပမာ ဖြစ်သည်။ တစ်ပါးသူများဟောပြောခြင်း ဆိုသည်မှာ ဘုရားသခင်က ပေါလုအား အသုံးပြုခြင်းကို ရည်ညွှန်းသည်။

မိမိကိုယ်ကို ထိန်းကျောင်းမည့်အကြောင်းပြောလျှင် ဣသရေလများကို သတိရသည်။ အခန်း ၁၀ တွင် ဣသရေလများ၏ နမောနမဲ့၊ ဖရိုဖရဲ၊ ပစ်စလက်ခတ်နေပုံ၊ ဗိုသီဗတ်သီနေကြပုံတို့ကို ထုတ်ဖော်ထားသည်။

ဣသရေလတို့၏အထူးအခွင့်အရေးကို (ငယ် ၁-၄)တွင်း၎င်း၊ အပြစ်ဒဏ်များကို (ငယ်၅)တွင် ၎င်း၊ ကျရှုံးခြင်းကို (ငယ် ၆-၁၀)တွင်၎င်း၊ ထိုအပြစ်အပျက်အား သင်ခန်းစာယူရမည့်အကြောင်းကို (ငယ် ၁၁-၁၃)တွင်၎င်း၊ သွန်သင်ထားပါသည်။

Previous Article
Next Article