တမန်တော်ဝတ္ထု ၂၅

၂၅: ပေါတိဖေတ္ထုသည် ရောမအင်ပါယာဧကရာဇ် နေရူးက အေဒီ ၆၀ ခုနှစ်တွင် ယုဒပြည်အားအုပ်ချုပ်ရန် ခန့်ထားခြင်းဖြစ်သည်။ ကဲသရိမြို့သည် ရောမအင်ပါယာ ရှုရိပြည်တွင် နိုင်ငံရေးအရ အချက်အချာကြသော နေရာဖြစ်သည်။ ယုဒပြည်သည် ထိုရှုရိပြန်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ (၃)ရက်ကြာသောအခါ ပေါတိဖေတ္တုရောက်ရှိလျက် ရုံးထိုင်စိုးစံသည်။ ဘာသာရေးဆရာကြီးများသည် ဖေတ္တုထံ ဝိုင်းအုံရောက်ရှိလာကြပြီး ပေါလုအား စွဲချက်တင်ကြသည်။

၂၅:  ပေါလု ထောင်နန်းစံသည်မှာ (၂)နှစ်ကြာညောင်းသော်လည်း မုန်းတီးစိတ်များ မပြေလျော့ကြသေး။ အကျဉ်းထောင်မှ ထုတ်ယူစဉ် လမ်းတဝက်တွင် ကင်ပုံးဝပ် လုယူတိုက်ခိုက်သတ်ဖြတ်မည့် အစီအစဉ်ကိုလည်း မမေ့ကြသေး။ အုပ်စိုးသူ မင်းအသစ် ရောက်ရှိလာသောအခါ၊ နိုင်ငံရေးအရပြည်သူ့အကြိုက်ဆောင်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ပေါလုအား ယေရုရှလင်သို့ ပို့ဆောင်ပေးရန် ယဇ်ပုရောဟိတ်ဆရာကြီးများဦးဆောင်၍ ယုဒများက သွားရောက်တောင်းဆိုကြပြန်သည်။ ယေရုရှလင်အသင်းတော်ကောင်စီသို့ ပို့ဆောင်ရန်ဟု ဟန်ဆောင်အကြောင်းပြသော်လည်း စင်စစ်မှာ ယခင်စီမံချက်အတိုင်း လမ်းတဝက်တွင် ကိစ္စတုံးစီရင်ရန်ဖြစ်သည်။

၂၅:  ဖေတ္တုက သူတို့ကြံစည်မှုကို မယုံသင်္ကာရှိသဖြင့် ပေါလုအား ကဲသရိမြို့တွင် ဆက်ထား၏။ ထိုဆန္ဒပြတောင်းဆိုသူများကိုလည်း မကြာခင် ထိုမြို့သို့ သူသွားမည်ဖြစ်၍ ပေါလုအား စွပ်စွဲစရာများရှိလျှင် ခေါင်းဆောင်များက လာရောက် တိုင်တန်းနိုင်ကြောင်း လိုက်လျောခဲ့သည်။

၂၅:  ဖေတ္တုသည် ယေရုရှလင်တွင် ဆယ်ရက်ကျော်မျှနေပြီးနောက် ကဲသရိမြို့ သို့ ပြန်လည်ရောက်ရှိလာသည်။ ရောက်ရောက်ချင်း နောက်တနေ့တွင် ပေါလုအား အပြင်းအထန် အသဲအသန် ဆန့်ကျင်စွပ်စွဲကြသော်လည်း ခိုင်လုံသော သက်သေအထောက်အထား မပြနိုင်ကြ။ ကျီးအာသကဲ့သို့ ဝိုင်းအာကြသည်။ ပေါလုကလည်း ပညတ်တော်သော်၎င်း၊ ဗိမာန်တော်သော်၎င်း၊ ကဲသာဘုရင်သော်၎င်း ပြစ်မှားကျူးလွန်ခြင်းမရှိဟု ချေပသည်။

၂၅:၁၁  ဆုံဖြတ်ချက်မချနိုင်သဖြင့် ဖေတ္တုက ပေါလုအား ယေရုရှလင်တွင် သွားရောက်အစစ်ခံနိုင်မည်လားဟု မေးသည်။ တရားဥပဒေအရ တရားခံ၏ သဘောတူညီချက် မရှိဘဲနှင့် တရားခုံရုံးတွင် စစ်ဆေးပိုင်ခွင့်မရှိပါ။ ထို့ကြောင့် ယေရုရှလင်မင်းတိုင်ပင် အမတ်များရှေ့တွင် အမှုစစ်ဆေးရန် သဘောတူ မတူတရားခံ၏ အခွင့်အရေးပေးလိုက်သည်။ အကယ်၍ သဘောတူလိုက်လျှင် အသက်ရှင်လျက် ယေရုရှလင်သို့ ရောက်မည်မဟုတ်ကြောင်း ပေါလုသိနေသည်။ အကယ်၍ ရောမအင်ပါယာအား သစ္စာဖောက်ဖျက်မိလျှင် အသက်ရှင်ခွင့်မပေးပါနှင့်။ အကယ်၍ အပြစ်တစုံတရာမတွေ့လျှင် ယုဒများလက်ထဲသို့ ဘာကြောင့် အပ်နှံရမည်နည်းဟု စောဒကတက်သည်။ ထို့နောက် ရောမနိုင်ငံသား အခွင့်အရေးကို အပြည့်အယူ၍ ကဲသာဘုရင်ထံ အယူခံဝင်ရန် လျှောက်လဲသည်။

ကဲသာဘုရင်က ပေါလုအား ဖြောင့်မတ်ကြောင်း စီရင်မည်ဟု ယူဆပါသလား။ သူသည် အပြစ်ကျူးလွန်ကြောင်း ဘုရားသခင်ရှေ့တွင် ပြသချင်သလား၊ လောကနိုင်ငံသာလက်မှတ်ကို မှီခိုခြင်းလား။ ရှင်ပေါလု တစ်ခုခုမှားယွင်းသည်ဟု ဆိုနိုင်ပါသလား။ ယတိပြတ် မပြေပြနိုင်ပါ။

၂၅:၁၂  ဖေတ္တုသည် အကြံပေးအရာရှိများနှင့်တိုင်ပင်ပြီး ပေါလု၏ စောဒကို လက်ခံလိုက်သည်။ ကဲသာဘုရင်ထံ အယူခံသဖြင့် ကဲသာဘုရင်ထံ သွားလော့ ဟု အမိန့်ချမှတ်လိုက်သည်။

၂၅:၁၃  နောက်များမကြာမီကာလတွင ဟေရုဒ်အဂြိပ္ပ(၂) မင်းကြီးနှင့် မိဖုရားဗေရနိတ်သည် ဖေတ္တုဘုရင်ခံ ရာထူးချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ အဂြိပ္ပသည် ဟေရုဒ်အဂြိပ္ပ(၁)၏ သားတော်၊ ယာကုပ်နှင့် ပေတရုကို ထောင်ချသတ်ဖြတ်သူ ဖြစ်သည်(တ ၁၂)။ သူ့မိဖုရားသည် ဣတ္ထိယမိန်းမအလှနှင့်မတူ တမူထူးခြားစွာလှပသူဖြစ်သည်။ သူ့ခေတ်သူ့အခါတွင် ပြိုင်ဘက်မရှိတင့်တယ်လှပသော အလှပိုင်ရှင်ဖြစ်သည်။ အကျင့်စာရိတ္တကိုမူ ကျမ်းစာတွင်ရှာမတွေ့။

၂၅:၁၄၁၆  ထိုသို့ ကဲသရိမြို့တွင် အလည်အပတ်ရောက်ရှိနေကြစဉ် ဖေတ္တုက ပေါလုပြဿနာအကြောင်းကို တင်ပြသည်။ ပထမဦးစွာ ယုဒလူမျိုးများက ရုံးတော်တွင် တိုင်ကြားခြင်းမပြုဘဲ၊ နိုင်လိုမင်းထက် မင်းမဲ့စရိုက်ပြုမူမှုများကို ရှင်ပြသည်။ ထို့နောက် ရုံးတော်တွင် စွပ်စွဲသူများနှင့် မျက်နှာချုင်းဆိုင်၍ အမှုကြားနာစစ်ဆေးသောအခါ ထိုပေါလုသည် သူ့ကိုယ်သူ လုံခြုံစွာ ချေပကာကွယ်နိုင်ကြောင်း တင်ပြသည်။

၂၅:၁၇၁၉  နောက်ဆုံစစ်ဆေးချက်အရ ပေါလုသည် ရောမအင်ပါယာ ဧကရာဇ်မင်းအား သစ္စာဖောက်ဖျက်ခြင်း၊ ပြစ်မှုကျူးလွန်ခြင်း မတွေ့ရှိပါ။ စွပ်စွဲချက်များမှာ ပြစ်မှုဥပဒေ၊ ရာဇဝတ်ကြောင်း မဟုတ်ဘဲ၊ ဘာသာတရားနှင့်ပတ်သက်၍၎င်း၊ ယေရှုဆိုသူအကြောင်းနှင့် ပတ်သက်၍၎င်း အငြင်းပွားခြင်းဖြစ်သည်။ ထိုယေရှုသည်သလွန်သော်လည်း အသက်ရှင်သည်ဟု ပေါလုက အခိုင်အမာပြောဆိုခြင်းဖြစ်သည်ဟုတင်ပြသည်။

၂၅:၂၀၂၂  ဖေတ္တုက ယေရုရှလင်သို့ သွားရောက်အစစ်အဆေးခံရန် ပြောသောအခါ ပေါလုက ကဲသာဘုရင်ထံသို့သာ အယူခံဝင်ချင်သည်။ ဤနေရာတွင် အခက်အခဲတွေ့ရသည်။ ထိုပေါလုကို ရောမသို့ပို့လျှင် မည်သည့်စွပ်စွဲချက်ဖြင့် ပို့ဆောင်ရမည်နည်း။ အဂြိပ္ပသည် ယုဒလူမျိုးဖြစ်သောကြောင့် ယုဒလူမျိုးဘက်မှ ရပ်တည်၍ တစုံတစ်ခုများ စီစဉ်ခိုင်းမည်လားဟု မျှော်လင့်ခြင်းဖြစ်သည်။

၂၅:၂၃  နောက်တနေ့တွင် အမှုကို တဖန်ကြားနာသည်။ အဂြိပ္ပသည် ဗေရနိတ်သို့ ထယ်ဝါစွာ ရောက်ရှိလာကြသည်။ စစ်သူကြီးများနှင့် မြို့မျက်နှာဖုံး ဂုဏ်ကျက်သရေရှိ လူကြီးမင်းများက ခြံရံကြသည်။ ထိုသူများရှေ့သို့ ပေါလုအား တင်သွင်းလာသည်။

၂၅:၂၄၂၇  ယုဒလူများ၏ ပေါလုအပေါ်စွပ်စွဲတောင်ဆိုချက်များကို ဖေတ္တုက တဖန်ပြန်လည် စစ်ဆေးကြားနာသည်။ ထို့နောက် ပေါလုအား ကဲသာဘုရင်ဘက်သို့ ဦးလှည့်တည်ပေးလိုက်သည်။ နေရူးဘုရင်ထံသို့ လျှောက်လဲရသည်မှာလည်း ဥပဒေလမ်းကြောင်းအရ  အရေးယူအပြစ်ပေးစရာ မတွေ့သဖြင့် အယူခံဝင်ခြင်းကြောင်း တင်ပြသည်။ ပေါလုအားစွဲချက်တင်စရာမတွေ့သဖြင့် တင်ပြခြင်းဖြစ်ကြောင်း စွဲချက်တင်စရာ တစုံတစ်ခုမရှိဘဲ၊ အကျဉ်းသားအား စေလွှတ်ရန် မသင့်လျောကြောင်း ဖြည့်စွက်ချွန်တွန်းလိုက်သည်။ ထိုသို့ သံတော်ဆင့်ခြင်းသည် တရားဥပဒေအရ လိုသည်ထက်ပိုနေသည်။ ယုဒများ၏ စွပ်စွဲချက်များသည်လည်း ရေပေါ်အရုပ်ရေးသကဲ့သို့ အရာမထင်။ အဂြိပ္ပိမင်းကလည်း ဆုံးဖြတ်ချက်ပေးရန် အခက်တွေ့နေသည်။

Previous Article
Next Article