တိတုသြဝါဒစာ ၁

၁။ နှုတ်ခွန်းဆက်ခြင်း (:)

          : ရှင်ပေါလုသည် ဘုရားသခင်၏ ကျွန်နှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်သည်။ အကြီးဆုံးသော သခင်၏ ကျွန်နှင့်သခင်ဘုရား၏ စေတမန်ဖြစ်သည်။ ပထမရာထူးသည် ဝန်ခံခြင်းဖြင့်ဖြစ်၍  ဒုတိယရာထူးသည် ဆက်ကပ်ခြင်းဖြင့်ဖြစ်သည်။

ရှင်ပေါလု၏ အမှုတော်ဆောင်ခြင်း ပန်းတိုင်မှာ ဘုရားသခင်၏ စီမံခွဲခန့်ခြင်းကို ယုံကြည်န်နှင့် သမ္မာတရားကို ပို၍ သိရှိနားလည်ကြရန် ဖြစ်သည်။ ယုံကြည်မှုထက်သန်ခြင်းဆိုသည်မှာ ပထမဦးစွာ အသက်တာ ပြောင်းလဲခြင်းဖြစ်၍ ကယ်တင်မှုရရှိခြင်း ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် သမ္မာတရားသိကျွမ်းခြင်း ဖြစ်သည်။ တမန်တော်ကြီး၏ အဓိကရည်ရွယ်ချက်မှာ (၁)ဧဝံဂေလိ – ဘုရားသခင်၏ အစီအမံကို ယုံကြည်လက်ခံခြင်း၊ (၂)သွန်သင်ခြင်း – သမ္မာတရားကို လေးနက်စွာ သိရှိခြင်း ဖြစ်သည်။ ထိုရည်ရွယ်ချက်သည် (မ ၂၈:၂၀)ပါ “လူမျိုးတကာတို့အား ငါ့တပည့်ဖြစ်စေလော့” ဟူသော ကျမ်းပိုဒ်၏ ပဲတင်သံဖြစ်သည်။ ထိုကျမ်းစကားသည် မေတ္တာရပ်ခံခြင်းမဟုတ်ပါ။ အမိန့်ပေးခြင်းဖြစ်သည်။ အချို့သော ကျမ်းစကားများသည် နားလည်ရန်ခက်ခဲသည်၊ အငြင်းပွားစရာဖြစ်သည်။ ဆင်ခြင်စရာဖြစ်သည်၊ တိုတိုပြောရလျှင် ဘုရားသခင်က လူတိုင်းအား ခရစ်တော်၌ အခြေပြုစေချင်သည် (ဧ ၁:၄)။

ဘုရားသခင်အား ယုံကြည်ခြင်းနှင့် သမ္မာတရားအား သိကျွမ်းခြင်းအပြင် မုသာနှင့်ကင်းစင်သော ဘုရားသခင်၌ ကျင်လည်ရမည်ဟု ထပ်ကွန့်ထားသည်။ ဆိုလိုသည်မှာ ခရစ်ယာန်များသည် ဟန်ပန်မလုပ်၊ မုသာကင်းရှင်းရမည်။ မုသာမပါ လင်္ကာမချောဟူသော စကားကို ပစ်ပယ်ရမည်။ ခိုင်မာသော ယုံကြည်ခြင်းသည် လက်တွေ့အသက်တာတွင် အလိုတော်အတိုင်း စင်ကြယ်သန့်ရှင်းရသည်။ ထို့ကြောင့် သင်းအုပ်သည် တရားဒေသနာက အနိုင်မယူစေနှင့်ဟု ဆိုသည်။ “ပလ္လင်တော်ပေါ်မှ ဒေသနာဟောကြားနေစဉ် ပရိသတ်က ဒေသနာမဆုံးစေချင်ကြ ဘုရားကျောင်း အပြင်ဘက်၌ တွေ့ကြသောအခါ ဘုရားကျောင်းထဲ၌ ပြန်မတွေ့ချင်ကြတော့ပါ။”

: ရှင်ပေါလု၏ စေစားချက်သည် တတိယမဟာစေစားချက်သဖွယ် ဖြစ်လာသည်။ ဧဝံဂေလိပြုခြင်း၊ သွန်သင်ခြင်းသာမက အနာဂတ်ကာလတွက် ထာဝရအသက်မျှော်လင့်ခြင်း ရှိကြရန်လမ်းညွှန်သည်။

မျှော်လင့်ခြင်းသည် မျက်မှောက်ပစ္စုပ္ပန်ကာလနှင့် အနာဂတ်ကာလ နှစ်ခုစလုံးအတွက် ဖြစ်ကြောင်း ဓမ္မသစ်ကျမ်းက ဆိုထားသည်။ မျှော်လင့်ခြင်းသည် နေရာသေချာခြင်း မရှိသော်လည်း ခရစ်တော်အား ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်သောအခါ ယခုမျက်မှောက်၌ပင် ထာဝရအသက်ပိုင်ဆိုင်ကြသည်။ (ယော၅:၂၄)။ ကိုယ်တော်၏ ရွေးနှုတ်ခြင်း အမွေတော်ခံများလည်းဖြစ်ကြသည်။ သို့သော် ထာဝရအိမ်တော် မရောက်မချင်း ပြည့်စုံသော ပျော်ရွှင်ခြင်း ခံစားရဦးမည်မဟုတ်။ အနိစ္စသေခြင်း၊ အနာရောဂါ၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ဒုက္ခဝေဒနာကင်းဝေးရာ ထာဝရအသက်ကို အစဉ်မပြတ်မျှော်လင့်နေကြရမည် (ဖိ ၃:၂၀-၂၁၊ တိ ၃:၇)။

ဘုရားသခင် ကတိပြုထားသော မျှော်လင့်ချက်သည် သေချာသည်။ ဘုရားသခင်သည် မုသာနှင့် ကင်းစင်၍ ကတိတော်နှင့် ပြည့်စုံလာသည်။ နှုတ်ကပတ်တော် ယုံကြည်ရန် စွန့်စားစရာမလိုပါ။ ဖန်ဆင်းခံ သတ္တဝါများက ဖန်ဆင်းရှင်အား ယုံကြည်ခြင်းထက် ခိုင်လုံသော အကြောင်းအရာမရှိပါ။

ထာဝရအသက်ရှိကြောင်းကို အချိန်ကာလမစမီ ကတည်းက ဘုရားရှင်တော် ကတိပေးထားပါသည်။ ထိုအကြောင်းကို ဤသို့ နားလည်နိုင်သည်။ သခင်ယေရှုအား ယုံကြည်သူတိုင်းသည် ထာဝရအသက်ရကြမည်ဟု ကတိတော်ပြုခဲ့သည်။ သို့မဟုတ် က ၃:၁၅တွင် ကတိတော်ပြုထားသော မေရှိယသခင်တွင် ကယ်တင်ခြင်း ကောင်းကြီးမင်္ဂလာနှင့် ပြည့်စုံသည်။ ဤအချက်များသည် အချိန်ကာ မရေတွက်မီဖြစ်သော အကြောင်းအရာ၊ သို့မဟုတ် ကြီးကြပ် ကန့်သတ်ခြင်း မပြုသော မင်္ဂလာတရား ဖြစ်သည်။

: တော်လျော်သော အချိန်ဆိုသည်မှာ အတိတ်ကအချိန်ကို စီမံခွဲခန့်ပြီးသည့်အတိုင်း ထာဝရအသက်ပေးဖို့ရန် ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဓမ္မဟောင်းကာလတွင် ထာဝရအသက်ကို ပွင့်လင်းစွာ ထုတ်ဖော်ခြင်းမရှိပါ။ သေခြင်းနောက်တွင် ဖြစ်မည့်အရာဟုသာ မပီဝိုးတဝါး ထင်မှတ်ခဲ့သည်။ သို့သော်ကယ်တင်ရှင်ဘုရား ကြွလာသောအခါ ထိုအယူအဆသည် နေလာနှင့်ပျောက်ကုန်သည်။ “ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်း အကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ” (၂တိ ၁:၁၀)။ ရှင်ပေါလု နှင့်တမန်တော်များကလည်း ကယ်တင်ရှင်သခင်ဘုရား၏ မိန့်မှာချက်များကို အရပ်တကာသို့ ဟောပြောပျံ့နှံ့စေခဲ့ကြသည်။ ထိုသို့ပြုခြင်းသည် ကိုယ်တော်၏ စေစားချက်အား နာခံခြင်းဖြစ်သည်။

: ဤစာစောင်သည် ပေါလုက ယုံကြည်ခြင်း၌ သားတပည့်ဖြစ်သော တိတုသို့ ပေးစားဖြစ်သည်။ တိတုဆိုသူမှာ မည်သူနည်း။

ရှင်ပေါလု၏ ပေးစာ(၃)စောင်ကို ကိုးကား၍ ခွဲခြားစိတ်ဖြာ အဖြေရှာကြပါစို့။ ဂရိဖွား (ဂလ ၁၂:၃)ဖြစ်၍ ယေရှုခရစ်တော်၌ အသစ်တဖန် မွေးဖွားသူဖြစ်သည်။ ရှင်ပေါလု၏ သွန်သင်ခြင်းဖြင့် ပြောင်းလဲသူ ဖြစ်သည်(၁တိ ၁:၄)။ စစ်မှန်သော သတင်းကောင်းကို မည်သို့လက်ခံရရှိသနည်း။ ရှင်ပေါလုသည် ကယ်တင်ခြင်းမှတပါး အခြားအကြောင်းအရာ သင်ပေးခြင်းမရှိပါ။ အခြားတစ်ဘက်တွင် ယုဒအယူဝါဒ၌ အရေဖျားလှီးမှသာလျှင် ဘုရားသခင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ရကြောင်း ခံယူသည့်ကာလဖြစ်သည်။ တိတုသည် ထိုအယူနှစ်ခုအကြားတွင် ဗျာများနေပုံရသည်။ ပေါလုနှင့်ဗာနဗက တိတုကို ယေရုရှလင်သို့ ခေါ်ဆောင်သွားကြသည် (ဂလာ ၂:၁)။ အခြားတမန်တော်များ၊ သင်းအုပ်များနှင့် တွေ့ဆုံစေကြသည်။ တပါးအမျိုးသား တိတုသည် ယုဒထုံးတမ်းစဉ်လာအား လိုက်နာရန်မလိုဟု အသင်းတော်ကောင်စီက ဆုံးဖြတ်ကြသည်(တ၂၅:၁၁)။ ထုံးတမ်းစဉ်လာ လိုက်နာရုံမျှဖြင့် တပါးအမျိုးသားသည် ယုဒလူမျိုးမဖြစ်နိုင်သကဲ့သို့ ယုဒလူမျိုးသည်လည်း တပါးအမျိုးသား မဖြစ်လာနိုင်ပါ။ ယေရှုအား ယုံကြည်ခြင်းဖြင့်သာ ထိုလူမျိုးနှစ်မျိုးစလုံး အသစ်သော သတ္တဝါဖြစ်နိုင်သည်။

ထို့နောက်ပိုင်းတွင် တိတုသည် ပေါလု၏ အားကိုးရဆုံး ညာလက်ရုံးဖြစ်လာကာ၊ ကောရိန္သုနှင့် ဂရိအရပ်ဒေသများတွင် စွန့်စွန့်စားစား ဆက်ကပ်သူဖြစ်သည်။ ပထမတွင် ဧဖက်မှ ကောရိန္သုသို့ စေလွှတ်သည်။ ဖရိုဖရဲဖြစ်နေသော အသင်းတော်နှင့် ကိုယ်ကျင့်သိက္ခာပျက်ပြားခြင်းကို ကိုင်တွယ်ဖြေရှင်းစေသည်။ မက်ဆီဒိုးနီးယားတွင် ပေါလုနှင့် ပြန်ဆုံတွေ့သောအခါ ကောရိန္သုသားများက ဧည့်ဝတ်ကျေပြွန်မှု သတင်းကြားရ၍ ဝမ်းမြောက်မိသည် (၂ကော ၂:၁၂-၁၃၊ ၇:၅-၇၊၁၃-၁၆)။ တိတုအား မက်ဆီဒိုးနီးယားမှ ကောရိန္သုသို့ တဖန်ပြန်လွှန်သည်။ ဤအကြိမ်တွင် ယေရုရှလင် ဆင်းရဲနွမ်းပါးသော သန့်ရှင်းသူများအတွက် အလှူလိုက်ခံရသည် (၂ကော ၈:၆၊၁၇၊၁၂:၁၈)။ ထို့ကြောင့် ပေါလုက တိတုအား “ငါ၏ အပေါင်းအဖော်၊ လုပ်ဖော်ဆောင်ဖက်” (၂ကော ၈:၂၃)ဟု ခေါ်သည်။ ရှင်ပေါလုနှင့် တိတုတို့ ဂရိတွင် အတူတကွနေခဲ့ကြပုံကို မသိရသော်လည်း ပထမအကြိမ် ရောမ၌ ထောင်ကျပြီး နောက်ပိုင်းဖြစ်နိုင်သည်။

တိတုအကြောင်းကို (၂တိ ၄:၁၀)တွင် နောက်ဆုံး အကြိမ်တွေ့ရသည်။ ဒုတိယအကြိမ် ပေါလုထောင်နန်းစံသောအခါ တိတုလည်းပါဝင်သည်။ ထို့နောက်တွင်ကား ဒါလမာတီးယား (ယခု ယူဂိုစလားဗီးယား)သို့ စေလွှတ်သည်။ ကျမ်းစာအထောက်အထား ရှာဖွေသောအခါ တစ်ဦးတစ်ယောက်သည်။ စေလွှတ်လိုက်ပုံရသည်။

ပေါလုက တိတုအား ဆက်ဆံသော ယုံကြည်ခြင်းအားဖြင့် ငါ့သားဟု ခေါ်သည်။ ထိုစကားအရ ပေါလုသည် တိတုပြောင်းလဲခြင်း၌ အထောက်အကူပစ္စည်းဟု ဆိုလိုဟန်ရှိသည်။ တိမောသေကိုလည်း ယုံကြည်ခြင်းဖြင့် ငါ့သား(၁တိ ၁:၂)ဟု ခေါ်သည်။ ပထမဆုံးစတွေ့တွေ့ခြင်း တိမောသေအား ခေါ်ယူခြင်းဖြစ်နိုင်သည် (တ ၁၆:၁)။ ထို့ကြောင့် ဤလူငယ်သည် ရှင်ပေါလု၏ ဝိညာဉ်ရေးရာ အသက်တာကို ရှုမှတ်လိုက်နာခြင်းဖြင့် ယုံကြည်သူဖြစ်လာခြင်း ဖြစ်သည်။

ထို့ကြောင့် ရှင်ပေါလုက ထိုလက်ထောက်များအား ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းရှိစေချင်သည်။ ဤနေရာတွင် ကျေးဇူးတော် ဆိုသည်မှာ ဘုရားသခင်၌ ခွန်အားယူ၍ အသက်တာအား ဆက်ကပ်ခြင်းဖြစ်သည်။ ကရုဏာတော်ဆိုသည်မှာ အနက်ရှိုင်းဆုံးသော နှလုံးသည်းပွတ်၌ ကိန်းဝပ်ခြင်းဖြစ်သည်။ ငြိမ်သက်ခြင်း ဆိုသည်မှာ စိုးရိမ်ပူပန်ခြင်း သောကဗျာပါဒနှင့် အရေဖျားလှီးခြင်းတွင် စိတ်စနိုးစနှောင့် ဖြစ်ခြင်းတို့မှ ကင်းလွတ်ခြင်းဖြစ်သည်။ ထိုမင်္ဂလာများသည် ဘုရားသခင်နှင့် ယေရှုခရစ်တော်ထံပါးမှ မင်္ဂလာတရားဖြစ်သည်။ ခမည်းတော်နှင့် သားတော်သည် ကျေးဇူးတော် ကရုဏာတော်နှင့် ငြိမ်သက်ခြင်း ဖြစ်ပေါ်ရာ အရင်းအမြစ်ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်၌ ခမည်းတော်နှင့် သားတော်သည် တန်းတူရည်တူဖြစ်သည်။

၂။ ဝတ်ပြုအစည်းအဝေးမှ သင်းအုပ်များ (:)

          : ကရေတေကျွန်းမှ ရှင်ပေါလု ထွက်ခွာသောအခါ အခြေတကျငြိမ်သက်စွာ ဆက်လက်ရှိစေချင်သည်။ မိစ္ဆာဆရာများ၏ သွန်သင်ချက်များ ပပျောက်စေချင်သည်။ အသင်းတော်အား ဝိညာဉ်ရေးရာ၌ ကြီးထွားစေချင်သည်။ ထို့ကြောင့် တိတုအား ထားပစ်ခဲ့ခြင်းဖြစ်သည်။

ကရေတေကျွန်းသို့ မည်သို့ခရစ်ယာန်ဝါဒရောက်သည်ကို မသိရပါ။ ယေရုရှလင်မြို့ ပင်တေကုတ္တေနေ့၌ သန့်ရှင်းသော ဝိညာဉ်တော် ကျရောက်စဉ်တွင် ကရေတေသားမား ထိုနေရာ၌ ရောက်ရှိနေကြောင်း ဖြစ်နိုင်သည် (တ၂:၁၁)။ ကြားသိတွေ့မြင်ရသော သတင်းကောင်းများဖြင့် ကရေတေတွင် အသင်းတော်ဖွဲ့စည်းကြခြင်း ဖြစ်နိုင်သည်။

ပေါလုသော်၎င်း၊ တိတုသော်၎င်း၊ ကရေတေသို့ မရောက်ရှိခဲ့ဖူးကြပါ။ ပေါလုသည် ထောင်သားဘဝဖြင့်သာ ရောက်ခဲ့ဖူးသည် (တ၂၇:၁၂)။ တမန်တော်များကလည်း ထိုထောင်သားဘဝဖြင့် ရောက်ရှိသည့်အကြောင်းမှတပါး အခြားအထောက်အထားမရှိပါ။

ပေါလုသည် အီတလီမှ ကရေတေသို့ ရေလမ်းခရီးဖြင့် သွားရာတွင် အာရှ(ယခုအနောက်တူရကီ) ဒေသကိုရောက်သည်။ ကရေတေကျွန်းတွင် တိတုကိုထားခဲ့သည်၊ (တ၁:၅)။ အာရှမြို့တော် ဧဖက်သို့ ခရီးဆက်နှင်သည်။ ဧဖက်မြို့တွင် မှားယွင်းသော အယူအဆများ ပြုပြင်ပေးရန် တိမောသေအား တာဝန်ပေးသည် (၁တိ ၁:၃-၄)။ ထို့နောက် Aegean ပင်လယ်ကိုဖြတ်၍ မက်ဆီးဒိုးနီးယားသို့ ခရီးဆက်သည်၊ (ဖိ၁:၂၆)။ နောက်ဆုံးတွင် ဂရိအနောက်တောင်ဒေသမှ Nicopolis သို့ခရီးဆက်သည်။ ထိုနေရာတွင် ဆောင်းရာသီတစ်ခုလုံး တိတုနှင့်အတူ သီတင်းသုံးဖို့ ရည်ရွယ်သည် (တိ၃:၁၂)။

Honor က ထိုကရေတေကျွန်းတွင် မြို့ပေါင်း ၁၀၀ခန့်ရှိ၍ အသင်းတော် မြောက်များစွာ ရှိသည်ဟု ဆိုသည်။ ထိုအသင်းတော်တိုင်းတွင် သင်းအုပ်များ လိုနေသည်။

သင်းအုပ်များ

ဓမ္မသစ်ကျမ်းပါ သင်းအုပ်ဆိုသည်မှာ ခရစ်ယာန်အသက်တာ ရင့်ကျက်၍ ကိုယ်ကျင့် သိက္ခာပြည့်စုံသူ၊ ဒေသန္တရအသင်းတော်အား ဦးစီးဦးဆောင်ပြုနိုင်သူဖြစ်ရသည်။ သင်းအုပ်ဟူသည်မှာ ဂရိဝေါဟာရ presbuteros မှ အင်္ဂလိပ်ဘာသာ presbyter သို့ အနက်ပြန်ဆိုခြင်းဖြစ်၍ ဝိညာဉ်ရေးရာ ရင့်ကျက်သူဟု အဓိပ္ပါယ်ရသည်။ ဂရိဝေါဟာရ episkopos ကို “bishop” “overseer” or “guardian” ဟု ပြန်ဆိုကြသည်။ ထိုဝေါဟာရများသည်လည်း သင်းအုပ်နှင့် အတူတူဖြစ်၍ ဘုရားသခင်၏ သိုးအုပ်ကို စောင့်ထိန်းသူများဖြစ်သည်။

Elders နှင့် bishops များသည် ယေဘူယျအားဖြင့် အတူတူဖြစ်ကြောင်း အောက်ပါကျမ်းချက်များဖြင့် နားလည်ရသည်။ (တ၂၀:၁၇)တွင် ပေါလုက ဧဖက်အသင်းတော် သင်းအုပ်များကို သင်းအုပ်များ (presbuteroi)ဟု ခေါ်၍၊ ထိုသူများကိုပင် (အငယ်၂၈)တွင် အအုပ်အချုပ် ခန့်ထားတော်မူသောသူ (episkopoi) ဟု ခေါ်သည်။ ပေတရုကလည်း ထိုနည်းသူ သင်းအုပ်များ (၁ပေ ၅:၁-၂)ဟု သုံးနှုန်းထားသည်။ (၁တိ၃)တွင် ပါရှိသည့် bishop (episkopoi) နှင့် (တိ၁)တွင် ပါရှိသည့် elders (presbuteroi)တို့၏ အရည်အချင်းများသည် အတူတူဖြစ်သည်။

ယခုခေတ်ကာလတွင် “bishop” သည် နယ်မြေတစ်ခုတွင် ရှိသော အသင်းတော်များ (သာသနာနယ်) ကို ဦးဆောင်သူအဖြစ်သုံးကြသည်။ သို့သော် ဓမ္မသစ်ကျမ်းတွင် ထိုအဓိပ္ပါယ်မျိုးတစ်ခါမှ မသုံးခဲ့ပါ။ သမ္မာကျမ်းစာအရ အသင်းတော်များကို ဦးဆောင်သော သင်းအုပ်မဟုတ်ဘဲ၊ အသင်းတော်တစ်ပါးမှ သင်းအုပ်များသာဖြစ်သည်။

ယနေ့ကာလရှိ အမှုတော်ဆောင်များ၊ တရားဟောဆရာ၊ ဓမ္မဆရာနှင့် ဒေသန္တရအသင်းတော်များကို အုပ်ချုပ်ရေး ဥသျှောင်များနှင့် မရောထွေးစေလိုပါ။ ကနဦးအသင်းတော်တွင် ထိုပုဂ္ဂိုလ်မျိုးမရှိပါ။ မူလအသင်းတော်များတွင် စုဝေးသူများမှာ သန့်ရှင်းသူများ bishop များနှင့် သင်းထောက်များဖြစ်သည် (ဖိ၁:၁)။ ၂ရာစုနှစ်တိုင်အောင် သာသနာ့ဘောင် သတ်မှတ်ခြင်း မရှိခဲ့သေးပါ။

ဓမ္မသစ်ကျမ်းမှ အမှုတော်ဆောင် (pastor)များသည် ခရစ်တော်ပြန်လည် ကြွမြန်းပြီးနောက်တွင် အမှုတော်မြတ် ထမ်းဆောင်ရန် သီးသန့်လက်ဆောင်ပေးထားသူများ ဖြစ်သည် (ဧ ၄:၁၁-၁၂)။ pastor နှင့် elders များသည် ဘုရားသခင်၏ သိုးစုများကျွေးမွေး စောင့်ရှောက်သူများဖြစ်၍ ဆင်တူရိုးမှားဖြစ်သည်။ သို့သော် လုံးလုံးလျားလျား မတူညီပါ။ pastor သည် ခရီးလှည့်လည်၍ အမှုတော်ထမ်းဆောင်နိုင်သည်။ Elder သည် ဒေသန္တရအသင်းတော် တစ်ပါးပါးတွင် အခြေတကျ နေထိုင်သည်။

Elders ၏ ဝတ္တရား၏ အသေးစိတ်ပြပါမည်။

၁။        အသင်းတော်အား ဘုရားသခင်အတွက် ထိန်းကျောင်းစောင့်ရှောက်သည်။ (တ၂၀:၂၈၊ ၁တိ ၃:၅၊ ၁ပေ၅:၂)

၂။         ကြောက်လန့်ခြင်း မရှိအောင် အသင်းတော်ကို ကာကွယ်သည်။ အတွင်းရန်၊ အပြင်ရန်မပေါ်ရန် လုံခြုံမှုပေးသည်။ (တ၂၀:၂၉-၃၁)

၃။        အသင်းတော်ကို ဦးဆောင်စီမံသည်။ သို့သော် မောင်းနှင်ခြင်းမဟုတ်။ လမ်းညွှန်သည်။ (၁သက် ၅:၁၂၊ ၁တိ ၅:၁၇၊ ဟေဗြဲ ၁၃:၇-၁၇၊ ၁ပေ ၅:၃)

၄။        နှုတ်ကပတ်တော်ဟောပြောသည်။ ခိုင်မာသော အယူအယူဝါဒကို သွန်သင်သည်။ ခိုင်မာသော  အယူဝါဒကို သွန်သင်သည်။ သမ္မာတရားနှင့် ဆန့်ကျင်သည့်အရာများကို ငြင်းပယ်သည် (၁တိ ၅:၁၇၊ တိ ၁:၉-၁၁)။

၅။        အယူဝါဒနှင့် ကိုယ်ကျင့်သိက္ခာအား မျှတအောင် စီရင်သည် (တ၁၅:၅၊ ၁၆:၄)။

၆။        သိုးစုများ၏ အတုယူဖွယ်ရာ အသက်တာရှိသည် (ဟေဗြဲ ၁၃:၇၊ ၁ပေ ၅:၃)။

၇။        စုံစမ်းနှောင့်ယှက်ခြင်း ခံရ၍ ယိမ်းယိုင်နေသူများအား ​ဆောက်တည်ရာ မစသည်၊ (ဂလာ ၆:၁)

၈။        ဒေသန္တရ အသင်းတော်ရှိ ဝိညာဉ်များအား ကြည့်၍စောင့်ရှောက်သည် (ဟေဗြဲ ၁၃:၁၇)

၉။        ဆုတောင်းခြင်းဖြင့် အမှုတော်ပိုမိုကျယ်ပြန့်စေသည်။ အထူးသဖြင့် နာမကျန်းရောဂါသည်များ ဆုတောင်းပေးခြင်းဖြင့် ဘုန်းတော်ထင်ရှားစေသည်။ (ယာ ၅:၁၄-၁၅)

၁၀။      နွမ်းပါးသော သန့်ရှင်းသူများအား စောင့်ရှောက်ဖေးမသည် (တ ၁၁:၃၁)။

၁၁။      ဘုရားသခင်ထံမှ ရရှိသော ဆုလက်ဆောင်များအား ဝေငှသည်၊ (၁တိ ၄:၁၄)။

ကနဦးအသင်းတော်တွင် သင်းအုပ်များကို တမန်တော်များက စီမံခွဲခန့်သည်။ (တ၁၄:၂၃၊ တိ၁:၅)။ သို့သော် တမန်တော်များသည် လူတစ်ယောက်အား သင်းအုပ်အရာ ခန့်အပ်ပိုင်ခွင့် အမိန့်အာဏာရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ လူ့အလိုဆန္ဒအားဖြင့်ဆိုလျှင် လူတိုင်း bishop တက်ဖြစ်နိုင်သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ကသာလျှင် bishop အစောင့်အရှောက် ကြည့်သူအား စီမံခွဲခန့်နိုင်သည်၊ (တ၂၀:၂၈)။ လူသည် အမှုတော်သို့ ဆက်ကပ်နိုင်သည်၊ (၁တိ ၃:၁)။ သို့သော် ဘုရားသခင်၏ အလိုတော်နှင့် လူ့ဆန္ဒအား ခွဲခြားနားလည်နိုင်သည်။

တမန်တော်များကာလတွင် ဒေသန္တရအသင်းတော် ပေါ်ထွန်းလာကြသောအခါ အသင်းတော်များ၌ သင်းအုပ်များမရှိပါ။ အချိန်ကာလရွေ့လျောလာသောအခါ ဘုရားရှင်က အရေးကြီးသော အမှုတော် လုပ်ငန်းစီစဉ်သည်။ ဓမ္မသစ်ကျမ်း ရေးသားခြင်း မရှိမီ သင်းအုပ်၏ အရည်အချင်းနှင့် တာဝန်ဝတ္တရားများ မသိရှိကြ။ တမန်တော်နှင့် လက်ထောက်များသာ သိကြသည်။ ထိုအချက်ပေါ်တွင် မူတည်၍ သင်းအုပ်ရာထူး ပေါ်ပေါက်လာသည်။

ယနေ့ခေတ်ကာလတွင် ဓမ္မသစ်ကျမ်း အပြည့်အစုံရှိသည်။ သင်းအုပ်ဟူသောအရာနှင့် အဓိပ္ပါယ် သိရှိနားလည်ခဲ့ကြသည်။ အမှုတော်တွင် တက်ကြွစွာ ဆက်ကပ်သူကို သင်းအုပ်အဖြစ် ခန့်အပ်ကြသည် (၁သက် ၅:၁၂)။ သူ့စကားကို နာခံကြသည် (ဟေဗြဲ ၁၃:၇)။ ထိုသို့ ခွဲခန့်ခြင်းအတွက် အသိအမှတ်ပြုဖို့ လိုအပ်ပါသည်။

သင်းအုပ်တွင် ပြည့်စုံရမည့် အရည်အချင်းကို (၁တိ ၃:၁-၇)နှင့် ဤတိတုဩဝါဒစာတွင် တွေ့ရသည်။ ဤအရည်အချင်းများနှင့် အမှန်တကယ် ပြည့်စုံမှ သင်းအုပ်ဖြစ်ရမည်ဆိုလျှင် ယနေ့ကာလတွင် သင်းအုပ် လုပ်​ဆောင်မည့်သူ တစ်ယောက်မှ မရှိဟု ဝေဖန်သံ တစ်ခါတရံကြားရသည်။ ထိုအယူအဆသည် သမ္မာကျမ်းစာကို အထင်အမြင်သေးရာရောက်ပါသည်။ အရည်အချင်းများသည် တိကျစွာ တိုင်းတာရန် မလွယ်ကူပါ။ သမ္မာကျမ်းစာကို ဝေဖန်ရာရောက်၍ ထိုသို့ဝေဖန်ခြင်းသည် မိမိအသိ ဉာဏ်အဆင့်အတန်း နိမ့်ကျကြောင်း အထုတ်ဖြေပြခြင်း ဖြစ်သည်။

:၁၆ သင်းအုပ်များသည် အပြစ်တင်စရာမရှိသူ ဖြစ်ရမည်ဟူသော စကားသည် မင်္ဂလာစကားဖြစ်သည်။ ဘာသာရေးအယူဝါဒတွင်ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအကျင့်သိက္ခာတွင် ဖြစ်စေ လက်ညှိုးထိုးစရာမရှိသူဖြစ်ရသည်။ ထိုသို့ဆိုရာတွင် ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ရမည်ဟု ဆိုလိုခြင်း မဟုတ်။ လောကသားများ ဖြစ်သည့်အားလျော်စွာ အပြစ်ရှိနိုင်ကြပါသည်။ သို့သော် ထိုအပြစ်များကို ဘုရားသခင်၌ ဝန်ချတောင်းပန်ခြင်း အစဉ်ပြုနေရမည်။

ဒုတိယအချက်မှာ မယားတယောက်တည်း ရှိရမည်။ ထိုအချက်ကို သဘောပေါက်စေရန် ရှင်းပြပါမည်။ (၁) လူသည် အိမ်ထောင်ပြုရမည်။ (၂) မိမိကြင်ယာကို မကွာရ။ (၃) ကွာပြီးမှလည်း ပြန်၍ မယူရ။ (၄) ပထမမိန်းမ မသေသေးဘဲလျက် နောက်မိန်းမမယူရ။ (၅) မိန်းမအများအပြားမယူရ။ (၆) မယားငယ်၊ မယားမြှောင်မထားရ။ (၇) မိမိအိမ်ထောင်ဖက်အပေါ်တွင် သစ္စာရှိ၍ ကိုယ်ကျင့်သိက္ခာတွင် နမူနာစံပြဖြစ်ရသည်။

အိမ်ထောင်ပြုပြီးသောအခါ သားသမီးထွန်းကားရမည်။ အယ်ကြောင့်ဆိုသော် ကျမ်းစာတွင်ရရှိသော သားသမီးများသည် ယုံကြည်သူများ ဖြစ်ရမည်ဟု ဆိုထားသည်။ ထို့ကြောင့် သင်းအုပ်သည် အိမ်ထောင်မိသားစု အရေးအရာကိုလည်း ပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းတတ်ရသည်။ ဤကျမ်းပိုဒ်က အိမ်ထောင်မရှိသူအား သင်းအုပ်မလုပ်ရန် ဟန့်တားခြင်းမှာ သံသယဖြစ်ဖွယ်ရာရှိသည်။

အထူးသဖြင့် မိမိအိမ်ထောင်အား ကွာရှင်းခြင်းမပြုရန် အထူးတားမြစ်သည်။ အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ သွန်သင်ချက်ထဲတွင် တစ်ဦးကိုတစ်ဦးနှိမ့်ချဖို့ သွန်သင်ထားသည် (မ ၅:၃၂၊၁၉:၉)

ကွာရှင်းပြီးသော အိမ်ထောင်ဖက်ကို ပြန်လည်ယူဖို့ကိုလည်း လုံးဝပိတ်ပင်သည်။ ဥပမာအားဖြင့် မယုံကြည်သူ အမျိုးသမီးကကွာရှင်းသော ယုံကြည်သူကို မည်သူလက်ထပ်ချင်မည်နည်း။ ထိုအမှုအရာမျိုးတွင် ယုံကြည်သူ၌ ဝတ္တရားမရှိပါ။ ပထမအိမ်ထောင်ကွာရှင်း ပြတ်စဲပြီး၊ ထိုမယုံကြည်သူ နောက်ထပ် အိမ်ထောင်ပြုပြီးလျှင် ထိုယုံကြည်သူသည် အသစ်အိမ်ထောင်ပြုခွင့်ရှိပါသည်။

အကယ်၍ သင်းအုပ်သည် ပထမဇနီးကွယ်လွန်လျှင် နောက်အိမ်ထောင်ပြုခွင့်ရှိသည်။ ထိုအကြောင်းကို (၁ကော ၇:၃၉)တွင် “မိန်းမသည် မိမိခင်ပွန်း မသေမှီကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင်မူကား မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏ မယားဖြစ်ခြင်းငှါ အခွင့်ရှိ၏” ဟု ဆိုထားပါသည်။

မယားတစ်ယောက်တည်းရှိရသည် ဆိုခြင်းကြောင့် မယားပြိုင်၊ မယားငယ် မယားမြှောင်မရှိရပါ။ ခပ်တိုတိုပြောရလျှင် သင်းအုပ်၏ အိမ်ထောင်ရေးသည် သိုးစု၏ အတုယူစရာ နမူနာဖြစ်ရသည်။

ဆက်လက်၍ သူ၏ သားသမီးများသည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်းလွတ်ရမည် ဟု ဆိုသည်။ ထိုကျမ်းစကားသည် မိဘများက သားသမီးများကို အလိုတော်နှင့်အညီ သွန်သင်ရမည့် ဝတ္တရားဖြစ်သည်(သု ၂၂:၆)။ အိမ်ထောင်မိသားစုကို အလိုတော်နှင့်အညီ ကောင်းမွန်စွာ ပြုစုထိန်းကျောင်းပါက မိဘများပုံစံချသည့်အတိုင်း ကြီးပြင်းလာကြမည်။ အကယ်၍  သားသမီးများအား ကယ်တင်ခြင်းမရလျှင် နှုတ်ကပတ်တော်နှင့်အညီ သွန်သင်ရမည်။ ညင်သာသော စည်းကမ်းဖြင့် ထိန်းကျောင်းရသည်။ ခက်ထန်မာကြောခြင်း အတင်းအဓမ္မရိုက်သွင်းခြင်း မပြုလုပ်ရပါ။

အကယ်၍ သားသမီးများက မိဘစကားကို နာခံခြင်းမပြုဘဲ ပုန်ကန်လျှင် သမ္မာကျမ်းစာသည် အိမ်တံခါးဝသို့ ရောက်သွားပြီ။ ထိုသင်းအုပ်၏ ဝန်ခံခြင်းနှင့် နှိမ့်ချခြင်းသည်လည်း အပြစ်ပြောစရာဖြစ်သည်။ မိမိအိမ်ထောင်မိသားစုကို မထိန်းကျောင်းနိုင်သော သင်းအုပ်သည် သင်းအုပ်နှင့် မထိုက်တန်။ အသင်းတော်ကို မည်သို့ပြုစုမည်နည်း။ (၁တိ ၃:၅)

သားသမီးများ နာခံခြင်းရှိ၍ လိမ္မာရေးခြားရှိခြင်း နှင့်ပတ်သက်၍ မေးစရာရှိပါသည်။ မိဘရင်ခွင်ရှိသားသမီးအတွက် အဆင်ပြေနိုင်သော်လည်း မိဘနှင့်အတူတူမနေရသော သားသမီးများ မည်သို့ လုပ်ရမည်နည်း။ မိဘအုပ်ထိန်းမှုသည် အနီးမှာဖြစ်စေ၊ အဝေးမှာဖြစ်စေ အကျိုးသက်ရောက်မှုရှိနေပါသည်။

: သင်းအုပ်သည် ဘုရားသခင်၏ အစေခံ ဖြစ်သည်။ အမှုတော်ဆောင်ရာထူးသည် လိုက်လံကြည့်ရှု ကြပ်မတ်ရန်မဟုတ်။ ဘုရားသခင်၏ အသင်းတော်တွင် ဘုရားအမှုအရာ၌ အသုံးခံ အထောက်အကူ ပစ္စည်းဖြစ်သည်။ ထို့ကြောင့် အပြစ်တင်စရာမရှိသူဖြစ်ရသည်။ သာမန်လူသားဖြစ်သော်လည်း ဓမ္မရေးရာနှင့် ကိုယ်ကျင့်သိက္ခာ နှစ်ခုစလုံးတွင် စံပြဖြစ်ရမည်။ တစ်ကိုယ်ကောင်းဆန်သူမဖြစ်ရ။ အကယ်၍ ခေါင်းမာသူ၊ တယူသန်ဖြစ်နေလျှင် မှန်ကန်သော ဦးဆောင်မှု ပေးနိုင်မည်မဟုတ်။ သင်းအုပ်ဟူသည် အယူဝါဒတွင် သက်ဦးဆံပိုင် ဧကရာဇ်မဟုတ်ပါ။ တည်ငြိမ်ရင့်ကျက်သူ ဖြစ်ရသည်။

စိတ်ဆတ်သူမဖြစ်ရ။ အကယ်၍ စိတ်ဆိုးလွယ်လျှင် စိတ်ရှည်သည်းခံခြင်း လေ့ကျင့်သင်ကြားရမည်။ အကယ်၍ အမျက်ဒေါသထွက်လျှင်လည်း မပေါက်ကြားစေရ။

အရက်သေစာ ကင်းရှင်းရမည်။ အချို့ ရိုးရာ ယဉ်ကျေးမှုအရ အရက်သေစာ သောက်သုံးခြင်းသည် ဧည့်ဝတ်ပျူငှါခြင်းဖြစ်သည်။ သို့သော် သမ္မာကျမ်းစာသည် လူတိုင်း ယဉ်ကျေးမှုတိုင်းအတွက် ရေးသားခြင်း ဖြစ်သည်ကို နားလည်ရမည်။ တိုင်းနိုင်ငံအများအပြားတွင် ခရစ်ယာန်များသည်လည်း အရက်ပျော့နှင့် ဘီယာသောက်သုံးကြသည်။ ထိုအကျင့်သည် ကြောက်မက်ဖွယ်ရာဖြစ်သည်။ မိမိကိုယ်ကို ထိန်းချုပ်မှု ပျက်ပြားသွားစေနိုင်သည်။

အရက်ပျော့ဝိုင် သောက်သုံးခြင်းနှင့် မသင့်မလျော်သောက်သုံးခြင်းအကြား ထူးခြားမှုကို ကျမ်းစာတွင် ဖော်ပြထားသည်။ ကာနမြို့မင်္ဂလာဆောင်ပွဲတွင် ဝိုင်အိုးထဲသို့ ရေဖြည့်ရန် ယေရှုက စေခိုင်း (ယော၂:၁-၁၁)သည်မှာ ပရိသတ်များသောက်သုံးဖို့ ယေရှုကခွင့်ပြုခြင်းဖြစ်သည်။ ရှင်ပေါလုကလည်း တိမောသေအား ဓာတ်စာအဖြစ် မှီဝဲရန် (၁တိ ၅:၂၃)တိုက်တွန်းခဲ့သည်။ (သု ၃၁:၆ ကိုလည်းကြည့်)။ မသင့်မလျော် ဝိုင်သောက်သုံးခြင်းနှင့် အရက်သေစာ သောက်စားခြင်းကို ရှုတ်ချထားသည် (သု ၂၀:၁၊ ၂၃:၂၉-၃၁)။ လုံးဝသောက်သုံးခြင်း မပြုရဟု တားမြစ်ခြင်းမရှိသော်လည်း သောက်စားလျှင် ညီအကိုများ၏ ထိမိ၍ လဲစရာအကြောင်းရှိသည် (ရော ၁၄:၂၁)ဟု ဆိုထားပါသည်။ အမေရိကမြောက်ပိုင်းရှိ ခရစ်ယာန်အများအပြားသည် ဤအရက်သေစာ သောက်စားခြင်းကို မရှောင်လွှဲနိုင်ကြ။

သင်းအုပ်များလည်း ဝိုင်လုံးဝမသောက်ရဟု တားမြစ်ချက် မရှိပါ။ သို့သော် သောက်သုံးလျှင် ပိုမို သောက်ချင်လာပြီး ပျက်စီးခြင်းရောက်သွားနိုင်သည်။

ရုန်းရင်းဆန်ခတ် ဖြစ်စေနိုင်သည်သာမက ခိုက်ရန်ဖြစ်ပွားစေနိုင်သည်။ ဂုဏ်သိက္ခာ ထိခိုက်စေသည်။ အသင်းသားများ၏ မထီလေးစားခြင်းဖြစ်စေသည်။ ထို့ကြောင့် သင်းအုပ်များသည် လုံးဝရှောင်ကြဉ်သင့်သည်။

သင်းအုပ်သည် ငွေတပ်မက်ခြင်း မရှိရ။ ကြွယ်ဝချမ်းသာရန် လောဘမကြီးရ။ လစာဝင်ငွေ ထည့်မတွက်ရ။ ထိုအကြောင်းနှင့် ပတ်သက်၍ Samuel Johnson က ဤသို့ဆိုထားသည်။ “သမ္မာအာဇီဝနည်းဖြင့် မဟုတ်၊ လိပ်ပြာမသန့်ဘဲ ရရှိသောရွှေသည် ကြာရှည်မခံ၊ အရောင်ပျက်၍ ပျက်စီးတတ်သည်”။ စစ်မှန်သော သင်းအုပ်သည် ပေါလုကဲ့သို့ “သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည် တပ်မက်ခြင်းမရှိ” (တ၂၀:၃၃)ဟု ကြွေးကြော်နိုင်ရသည်။

: သင်းအုပ်သည် ဧည့်ဝတ်ပျူငှာရသည်။ ဧည့်သည်သောင်လာများ ပုဂ္ဂိုလ်ရေး အခက်အခဲရှိသူများ စိတ်နှလုံးပင်ပန်းဆင်းရဲသူများအတွက် အမြဲတံခါးဖွင့်ထားရသည်။ ပျော်ရွှင်သော ခရစ်ယာန်များ၏ မဿဟာယဖွဲ့ရာ အာဂန္တုများ ခရီးဦးကြိုရာ၊ သခင်ဘုရားကိုယ်တိုင် ကိန်းဝပ်ရာဖြစ်ရသည်။

နောက်တစ်ခု သူတော်ကောင်းနှင့် အဆွေဖွဲ့သော သူဖြစ်ရသည်။ သင်းအုပ်၏ နှုတ်ခွန်းဆိုစကား၊ ပြုမူလှုပ်ရှားပုံ၊ ပေါင်းသင်းဆက်ဆံရေးများသည် အရိပ်မဖြစ်ရ။ မေးခွန်းထုတ်စရာမဖြစ်ရ။ အမှားသရုပ်ပြမဖြစ်ရ။

ဣန္ဒြေစောင့်သူလည်းဖြစ်ရသည်။ ပညာရှိ သတိရှိရသည်။ အမြော်မြင်ရှိရသည်။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရသည်။ အတွေးအမြင်သည် သင့်တင့်လျောက်ပတ်၍ မိမိကိုယ်ကို ထိန်းသိမ်းရမည်။ သိက္ခာရှိရမည်ဟု (တိ ၂:၂၊၅၊၆၊၁၂) တို့တွင် ဖော်ပြထားသည်။

ပေါင်းသင်းဆက်ဆံရေးတွင်လည်း ကောင်းမွန်ရသည်။ အထူးသဖြင့် ဘုရားသခင်နှင့် ဆက်ဆံရာတွင် စင်ကြယ်ဖြောင့်မတ်ရသည်။ မိမိကိုယ်ကို ထိန်းကျောင်းနိုင်ရသည်။ ထိုအကြောင်းကို (ဂလာ ၅:၂၂၊၂၃)တွင် “ဝိညာဉ်အသီးအပွင့်ဆိုသည်မှာ မိမိကိုယ်ကို ထိန်းချုပ်ခြင်းဖြစ်သည်။” ဆိုလိုသည်မှာ ခရစ်တော်အား နာခံခြင်းဖြင့် မိမိဆန္ဒကို ထိန်းချုပ်ခြင်း ရှိရမည်ဟု ပြောခြင်းဖြစ်သည်။ ထို့ကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ရန်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးနှင့် စည်းကမ်းရှိခြင်း ပေါင်းစပ်ခြင်းဖြင့်သာ ဖြစ်နိုင်သည်။

: သင်းအုပ်သည် ယုံကြည်ခြင်းအားကြီးသူ ဖြစ်ရသည်။ သခင်ယေရှု၏ သွန်သင်ချက်ဝိညာဉ်ရေးရာနှင့် ဓမ္မသစ်ကျမ်းမှ တမန်တော်များ သွန်သင်ချက်များကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရသည်။ သို့မှသာလျှင် ခိုင်မြဲသော အယူဝါဒနှင့် ဆန့်ကျင်ဘက် သမ္မာတရားအကြားတွင် ခိုင်ခံ့စွာ ရပ်တည်နိုင်မည်။

ဖော်ပြပါအချက်များသည် ဒေသန္တရအသင်းတော်တွင် ဝိညာဉ်ရေးရာ လမ်းညွှန်ချက်များဖြစ်သည်။ ပိုဂ္ဂိုလ်ရေးအစွမ်းအစ၊ ပညာအရည်အချင်း၊ လူမှုဆက်ဆံရေး၊ စီးပွားရေးအကြောင်း မပါရှိပါ။ စည်ပင်သာယာ အလုပ်သမား၊ အိမ်ဖော်နှင့် လူမှုရေးအရ မထင်မှတ်သူများလည်း ဝိညာဉ်ရေးရာတွင် သင်းအုပ်ဖြစ်နိုင်ကြပါသည်။ လူ့အပေါ်ယံကြောမြင်ဖြင့် မဖြစ်နိုင်သောအရာများသည် ဝိညာဉ်ရေးရာတွင် အမှန်တကယ်ဖြစ်လာနိုင်ပါသည်။ စီးပွားရေးရာတွင် အရည်အချင်းတူညီနေလျှင်လည်း ဝိညာဉ်ရေးရာ ရင့်ကျက်သူသည် အသင်းတော်ကို ဦးစီးဦးဆောင်နိုင်သည်။

တစ်ခုဖော်ပြချင်သည်မှာ ဘုရားသခင်စီရင်ခန့်အပ်သော သင်းအုပ်သည် လူတောသူတောတွင် ပြောရေးဆိုခွင့်ရှိသူ၊ ငွေကြေးရှာနိုင်သူ၊ အဆောက်အဦးပြင်ဆင်ဆောက်လုပ်သည့် ကန်ထရိုက်တာမဟုတ်ပါ။ ဝိညာဉ်ရေးရာ ရင့်ကျက်၍ အသင်းတော်ကို ဦးဆောင်နိုင်သူ၊ တိုက်တွန်းနှိုးဆော်နိုင်သူ၊ ပဲပြင်ထိန်းကျောင်းနိုင်သူ ဖြစ်သည်။

၃။ ဝတ်ပြုအစည်းအဝေး၌ မှားတတ်သောအရာများ (:၁၀     )

          :၁၀ ကနဦးအသင်းတော်တွင် ဝိညာဉ်ရေးရာ လွတ်လပ်ခြင်းရှိသည်။ ဆိုလိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်မှု၌ လူတိုင်းပါဝင်ခွင့်ရှိသည်။ ပေါလုက ဝတ်ပြုအစည်းအဝေးအစပြုခြင်းနှင့် ပတ်သက်၍ (၁ကော၁၄:၂၆)တွင် “ညီအကိုတို့ အဘယ်သို့နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းကို ဆိုရသောသူ၊ ဆုံးမဩဝါဒစကားကို ရသောသူ၊ အခြားသော ဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကိုရသောသူ၊ အနက်ဖော်ပြရာကို ရသောသူ အသီးသီးရှိကြသည်ဖြစ်၍ ခပ်သိမ်းသော အမှုတို့ကို တည်ဆောက်ခြင်းအလို့ငှါ စီရင်ကြလော့” ဟုဆိုထားပါသည်။ ထို့ကြောင့် ဝတ်ပြုအစည်းအဝေးများတွင် ဘုရားသခင်၏ ဝိညာဉ်တော်ပြသည့်အတိုင်း လူတိုင်းပါဝင်ကြရသည်။ နမူနာစံပြဖြစ်သည်။ လူ့အစဉ်အလာ၊ လူ့ဇာတိ ချဉ်းနင်းဝင်ရောက်လာသောအခါ မဖွယ်မရာသောအမှု၊ မှားယွင်းသောအယူဝါဒ၊ မဆီလျော်သော အပြုမူများဖြစ်လာသည်။ သန့်ရှင်းသော ဝိညာဉ်တော်လည်း မပါရှိသည့် အစည်းအဝေးဖြစ်ပါသည်။

ကရေတေကျွန်း အသင်းတော်တွင် ထိုကဲ့သို့ဖြစ်လာသည်။ ထို့ကြောင့် ဝိညာဉ်တော်၏ ဦးဆောင်မှု အထူးလိုအပ်ကြောင်း သိမြင်သည်။ အရည်အချင်းပြည့်ဝသော သင်းအုပ်များလိုအပ်ကြောင်း တွေ့ရှိသည်။ ထို့ကြောင့် ဒေါင်ဒေါင်မြည်သော သင်းအုပ်များ စီရင်ခန့်အပ်ရန် အကြောင်း ဖန်လာသည်။

တမန်တော်များ၏ သွန်သင်ချက်ကို မနာခံသူ၊ ငြင်းပယ်သူများစွာ ပေါ်ပေါက်လာသည်။ အရေမရ၊ အဖတ်မရ အချည်းနှီးစကားပြောဆို၍ လှည့်ဖျားတတ်သူအများရှိလာသည်။ ပြောစကားများသည်လည်း ဝိညာဉ်ရေးရာ အကျိုးမရှိ၊ သမ္မာတရားကို အဓမ္မဖျက်ဆီး၍ အမှားမှားအယွင်းယွင်း ဖြစ်ကြသည်။

ထိုသို့ သမ္မာတရားကို အဓိကဖျက်ဆီးသူများမှာ အရေဖျားလှီးသူများဖြစ်သည်။ ခရစ်ယာန်ဘာသာတရားကို ယုံကြည်ဟန်ရှိသော ယုဒလူမျိုးများ ဖြစ်သည်။ ခရစ်ယာန်ဘာသာကို ယုံကြည်သော်လည်း ယုဒရိုးရာ ထုံးတမ်းစဉ်လာ၌ ကျင်လည်နေသေးသူများဖြစ်သည်။ ထိုအယူအဆသည် ခရစ်တော်၏ ပြီးပြည့်စုံသော အမှုတော်ကို အသိအမှတ်မပြုရာ ရောက်ပါသည်။

:၁၁ ထိုသူများသည် ခရစ်ယာန်လက်တော်နားထိ ရောက်လာသူများသာ ဖြစ်သည်။ အသင်းတော်သည် ဒီမိုကရေစီအဖွဲ့အစည်းမဟုတ်၊ လွတ်လပ်စွာ ပြောဆိုခွင့်အား တားမြစ်သည်ဟု ခံယူကြသည်။ တစ်မိသားစုလုံးကို မှောက်လှန်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အယူဝါဒကို အကျိုးမယုတ်စေဘူးလား။ ဘာသာရေးသမားများ၏ သည်းခြေကိုက်ဖြစ်သည် (၂တိ ၃:၆)။ သူတို့ကြံရွယ်ချက်သည်လည်း ထိုအတိုင်းဖြစ်သည်။ ငွေကြေးနှင့်စီးပွားရေးကို ခုတုံးလုပ်စားကြသည်။ ဟောကြားသော သတင်းစားများသည်လည်း လူကို အခြေပြုသည်။ ငွေကြေးဥစ္စာပေးလှူခြင်းဖြင့် ဘုရားရှေ့မှာ မျက်နှာပန်းလှသည်ဟု ပြောတတ်ကြသည်။ မရိုးမသား ငွေကြေးရယူရန် မဖွယ်မရာ သွန်သင်ကြသည်။

:၁၂ ထို့ကြောင် ပေါလုက တိတုအား ဆက်ဆံပတ်သက်ရမည့်သူများအား သတိထားခိုင်းသည်။ ကရေတေတွင် မဟုတ်မမှန်၊ မဖွယ်မရာသင်ဆရာများသည် ဟုတ်မှန်သည့် သမ္မာတရားရှင်များသဖွယ် လွှမ်းမိုးကြီးစိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဘီစီ ၆၀၀ ခန့်က လူသိထင်ရှားကျော်ကြားခဲ့သော ပရောဖက်တစ်ပါး စပ်ဆိုခဲ့သည့် ကဗျာကိုးကား၍ ကရက်သားမြဲ၊ မုသာစွဲလမ်း၊ သားရဲကြမ်းကြုတ်၊ တုတုတ်လူယုတ်ပေဟု ပေါလုက ဆိုခဲ့သည်။ ကရေတေကျွန်းသားကဲ့သို့ လူမျိုစုမှလွဲ၍ လူမျိုးတိုင်းတွင် အမျိုးသား လက္ခဏာရှိကြသည်။ ကရေတေကျွန်းသားများအတွက် မုသာသည် အကျင့်လက္ခဏာဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များကဲ့သို့ နေထိုင်၍ စရိုက်ကြမ်းတမ်းသည်။ ပင်ပန်းစွာ သွားလာလုပ်ကိုင်ပြီး ဓလေ့စရိုက် ကြမ်းကြုတ်သည်။ အစားအသောက် ကြမ်းတမ်းသည် မီးဖိုချောင်နှင့် ဗိမာန်တော်ကိုလည်း မခွဲခြားတတ်။

: ထို့ကြောင့် တမန်တော်ကြီးက သူတို့အကျင့်စရိုက်ကို ပုံကြမ်းဖော်ထားသည်။ တိတုသည် မခုတ်မထွင်လယ်မလုပ်ဖူးသည့် တောရိုင်းမြေတွင် သာသနာပြုရန် ခွန်အားအသင့်မရှိသေးပါ။ ထို့ကြောင့် တိတုအား ထိုနယ်မြေခံသားများနောက်သို့ မပါသွားဖို့ သတိပေးလိုက်သည်။ အဘယ်ကြောင့် ဆိုသော် တိတု၏ ဧဝံဂေလိသတင်းစကားသည် ဒေသခံများ၏ မြော်လင့်ချက်နှင့် ဆန့်ကျင်နိုင်သည်။ ထို့ကြောင့် တိတုအား “သမ္မာတရားကို စွန့်သောသူတို့၏ ပညတ်ကို အမှုမထားဘဲ ယုံကြည်ခြင်း၌ စင်ကြယ်စေခြင်းငှါ ကြပ်တည်းစွာ ဆုံးမပြစ်တင်လော့” ဟု အကြံဉာဏ်ပေးခဲ့သည်။ တစ်နေ့သောအခါ ကရေတေကျွန်းသားများသည် နမူနာယူဖွယ်ရာ ယုံကြည်သူများဖြစ်လာသည်သာမက ဒေသန္တရအသင်းတော်တွင် ဘုရားရှင်၏ သင်းအုပ်များ ဖြစ်လာကြသည်။ ဤကျမ်းပိုဒ်သည် ခက်ခဲကြမ်းတမ်းသော အရပ်ဒေသတွင် မျိုးစေ့ကြဲသူများအား သတ္တိခွန်အားရရှိစေသည်ဟု ယုံကြည်မိပါသည်။ အခက်အခဲပြဿနာ၊ ဆင်းရဲကြမ်းတမ်းခြင်း၊ ဒုက္ခပြဿနာများကို ကျော်လွန်၍ ကျေးဇူးတော်နှင့်ဆိုင်သော ဝိညာဉ်အသီးအပွင့်များ သီးပွင့်ဝေဆာနိုင်ကြပါမည်။

:၁၄ ယုဒ ဒဏ္ဍာရီများနှင့် လူ့ပညတ်ချက်များသည် သမ္မာတရားနှင့်လွဲနေကြောင်း သတိပေးပါသည်။ ယုဒဝါဒီများသည် သီးသန့်ဘာသာရေး ကမ္ဘာသဖွယ် ရပ်တည်၍ သန့်ရှင်းသောအစာ၊ မသန့်ရှင်းသောအစာ၊ ဥပုသ်နေ့နှင့် ဝတ်ပြုခြင်းနည်းနာများတွင် ဗျာများနစ်မြောနေကြသူများ ဖြစ်သည်။ ထိုအကြောင်းကို (ကော ၂:၂၃)တွင် “ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့် မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်းနှင့်ဆိုင်၍ ပညာရှိယောင်ဆောင်ကြ၏” ဟု ဆိုထားပါသည်။

:၁၅ နောက်တစ်ခုသတိပေးချက်မှာ အဓိပ္ပါယ်ကောက်ယူလွဲမှားခြင်း၊ အများအပြားပေါ်ပေါက်လာမည့်အကြောင်း ဖြစ်သည်။ တမန်တော်ကြီးက သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း၊ အကျင့်အားဖြင့် ဘုရားသခင်ကို ငြင်းပယ်ကြ၏။ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ နားမထောင်သူ၊ ကောင်းမှုတစ်ခုကို ပြုတတ်သည့်ဉာဏ်မရှိသူဖြစ်ကြ၏ ဟု သတိပေးထားသည်။

စင်ကြယ်သောသူတို့အား ခပ်သိမ်းသော အရာတို့သည် စင်ကြယ်စေလျက်ရှိ၏ ဆိုသည်မှာ ဘေးရန်အန္တရာယ်မရှိသော သမ္မာတရားပြည့်စုံသည့် ပတ်ဝန်းကျင်ကို ဆိုလိုသည်။ အရာခပ်သိမ်းတို့သည် စင်ကြယ်ခြင်းမရှိကြပါ။ ထိုသို့ဆိုလျှင် မည်သည့်အရာက စင်ကြယ်နိုင်ပါသနည်း။ ထိုအကြောင်းကို ဝတ္ထုဇာတ်လမ်းနှင့် ရုပ်ရှင်ကားများတွင် အမျိုးမျိုး ပုံဖော်တင်ဆက်ကြသည်။ ထိုအကြောင်းကို (၂ပေ ၄:၁၆)တွင် “ကြွင်းသောစာ၏အနက်ကို မှောက်လှန်ကြသည်” ဟု ဆိုထားသည်။

ထိုအကြောင်းကို ဤကျမ်းပိုဒ်တွင် ဖော်ပြထားသည်။ အရာခပ်သိမ်းသည် စင်ကြယ်ခြင်းမရှိ၊ ဖောက်ပြန်ခြင်းရှိကြသည်ဟု ကျမ်းစာက ရှုတ်ချထားသည်။ ထိုပုစ္ဆာဆန်သောစကားကို သမ္မာအလင်း၌သာ နားလည်နိုင်သည်။ သို့သော် လူသည် အရာခပ်သိမ်းနှင့် ကင်းရှင်းရမည်ဟု ပေါလုက မဆိုပါ။ ယုဒထုံးတမ်းစဉ်လာအောက်တွင် အရာခပ်သိမ်းသည် ဖောက်ပြန်ခြင်းရှိ၍ အပြစ်မကင်းနိုင်ဟု ဆိုသည်မှာ မှန်သော်လည်း ခရစ်ယာန်အသက်တာတွင်မူ အရာရာသည် ကျေးဇူးတော်အောက်၌ ရှိပါသည်။ ဥပမာအားဖြင့် ရှေးယခင်တွင် ဝက်သားမစားရန် တားမြစ်ထားသည်။ ထိုပညတ်ချက်သည် ဓမ္မဟောင်းကာလ၌ ပြဌာန်းချက် ဖြစ်သည်။ ဓမ္မသစ်ကာလ၌မူ ယေရှုခရစ်တော်အားဖြင့် အားလုံးပြောင်းလဲကုန်ပြီ (မာ ၇:၁၅)။ မာ ၇:၁၉ တွင် အစာအာဟာရအားလုံးသည် စင်ကြယ်သည်ဟု ပြောထားပါသည်။ ထိုအကြောင်းကို ပေါလုက “အစားအသောက်အားဖြင့် ဘုရားသခင်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစားကိုသုံးကာမျှဖြင့် မြတ်သည်မဟုတ်။ ရှောင်ကာမျှဖြင့်လည်း မြတ်သည်မဟုတ်” (၁ကော ၈:၈) ဟု ထပ်ဆိုထားသည်။ စကားအတိုင်းအစားအစာဟူသမျှသည် စင်ကြယ်သည်ဟု ခံယူလျှင်အသစ်တဖန် မွေးဖွားသူများအတွက် မသန့်ရှင်းသော အစာမရှိတော့ပါ။ သို့သော် မယုံကြည်သောသူတို့သည် အဘယ်အရာမျှ မစင်ကြယ်။ သူတို့နှလုံးသားသည်လည်း မစင်ကြယ်။ လူသည် အစားအစာကြောင့် မစင်ကြယ်သည်မဟုတ်ပါ။ နှလုံးသားအားဖြင့် မစင်ကြယ်ဖြစ်ရသည် (မာ ၇:၂၀-၂၃)။ အကယ်၍ စိတ်နှလုံးမစင်ကြယ်လျှင် သခင်ယေရှု၌လည်း မစင်ကြယ်နိုင်။ ထိုသူအတွက် စင်ကြယ်သောအရာဟူ၍ မရှိနိုင်။ မည်သည့်အစားအစာမှ စင်ကြယ်ခြင်းမရှိ။ ထို့ထက်ကောင်းသောအရာမှာ ရိုးရာဓလေ့ထုံးတမ်းစဉ်လာနှင့် နိယာမတရားတွင် မွေ့လျော်ခြင်းမရှိဘဲ၊ ကယ်တင်ခြင်းတရား ပြောင်းလဲဖို့လိုသည်။ လူသည်ပျက်စီးဖောက်ပြန်တတ်သော အနိစ္စတရားဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်ရမည်။ ရုပ်ခန္ဓာနှင့် စိတ်သဘောထားများသည် ပြောင်းလဲတတ်သော အရာများဖြစ်သည်။ ပြင်ပရုပ်လက္ခဏာများ ပြောင်းလဲဖောက်ပြန်တတ်သည်မှာ သံသယ ဖြစ်စရာမရှိပါ။ ထို့ကြောင့် စိတ်နှလုံးကို ဦးစားပေးရသည်။

:၁၆ ယုဒဝါဒီသမားများသည် မှားယွင်းသောဆရာများဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို သိဟန်ဆောင်ကြသော်လည်း လက်တွေ့ဘဝတွင် ငြင်းပယ်ကြသည်ဟု ကျမ်းစာက ဆိုထားခြင်းဖြစ်သည်။ ယုံကြည်သူ ခရစ်ယာန်ဟု အမည်ခံယူကြသော်လည်း လုပ်စားသူများဖြစ်သည်။ ကျမ်းစာက ဆိုးညစ်ခြင်း၊ မနာခံခြင်းနှင့် အရည်အချင်းမပြည့်မီသူများဟု ဆိုသည်။ ဘုရားသခင်အမြင်တွင် သူတို့အပြုအမူသည် ပေါက်ပန်းဈေးသည်၊ ခေါင်းရွက်ဗျက်ထိုးများဖြစ်သည်။ ဘုရားရှင်လူအတွက် သာဓုခေါ်စရာ တစ်ကွက်မှမရှိ။ ခရစ်ယာန်အနေဖြင့် ထိုသို့ ပက်ပက်စက်စက် ပြောသင့်ပါသလား။ ကရုဏာဒေါသဖြင့် ပြောခြင်းဖြစ်၍ ပြောသင့်သည်။ ချစ်ခြင်းမေတ္တာသည် အပြစ်အပေါ်၌ မထွန်းလင်းနိုင်။ ဤလူများသည် ဧဝံဂေလိသတင်းကို ပြက်ရယ်ပြုသူ၊ သခင်ယေရှုနှင့် ကရာနီအမှုတော်ကို မထီလေးစားသူ၊ လူ့ဝိညာဉ်ကို တန်ဖိုးမထားသူများ ဖြစ်သည်။ အပြစ်ဒုစရိုက်အိုးများ ဖြစ်သည်။

Previous Article
Next Article