ကမ္ဘာဦးကျမ်း ၁၄

၁၄:၁၂ ဤကျမ်းချက်ပါရှိသော စစ်ပွဲမတိုင်မီ (၁၃)နှစ်ကာလတွင် ခေဒေါလုလောမာ (ပါရှန်ဘုရင်)က ပင်လယ်သေ(ဆားပင်လယ်) ပတ်ဝန်းကျင်ရှိ မြို့ပြနိုင်ငံများကို လွှမ်းမိုးအုပ်စိုးခဲ့သည်။ (၁၃)နှစ်ပြည့်မြောက်သည့်နှစ်တွင် ()နိုင်ငံက ခေဒေါရလောမာ မင်းအား ပုန်ကန်တိုက်ခိုက်ကြသည်။ ထို့ကြောင့် ခေဒေါရလောမာဘုရင်သည် ဗာဗုလုန်ဒေသရှိ အခြားဘုရင် (၃)ပါးနှင့် မဟာမိတ်ဖွဲ့သည်။ ပင်လယ်သေ အရှေ့ဘက်ခြမ်းရှိနိုင်ငံ၊ အနောက်ဘက်ကမ်းနှင့် မြောက်ဘက်ရှိ သောဒုံနှင့်ဂေါမူရ မြို့ပြနိုင်ငံများနှင့် ပူးပေါင်းသည်။ စိဒ္ဒိမ်ချိုင့်ဝှမ်းတွင် သဲကြီးမဲကြီး စစ်ဖြစ်ခဲ့ကြသည်။ ထိုအရပ်ဒေသသည် ရေညှိအကျအချွဲပြည့်သောတွင်းများပေါများသည်။ ပုန်ကန်ခြင်းခံရသူများက သူပုန်များအား နှိမ်နင်း အောင်ပွဲခံကြသည်။ သောဒုံမြို့နှင့်တကွ မြို့ပြပြည်ရွာများ လုယူသွားကြသည်။ လောတလည်း ဖမ်းဆီးခြင်း ခံရသည်။

၁၄:၁၃၁၆ ထိုသတင်းစကား အာဗြဟံကြားသိသောအခါ ရဲမက်ဗိုလ်ပါစုဆောင်း၍ လူ(၃၁၈)ယောက်ဖြင့် ထိုးစစ်နိုင်သူမြောက်ဘက်အရပ်ရှိ ဒန်လူမျိုး နောက်သို့ ဒလကြမ်း လိုက်စစ်ဆင်သည်။ ဒမာသက်မြို့အနီးတွင် မှီ၍ ထိုသူများကို သုတ်သင်ချေမှုန်းပစ်သည်။ ဖမ်းဆီးသွားသော လောတ ကိုလည်း ပြန်လည် ကယ်ထုတ်သည်။ ဖောက်ပြန် သူများသည် မိမိကိုယ်သာ ဒုက္ခရောက်သည်မဟုတ်။ အပေါင်းအသင်း အချွေအရံများကိုလည်း ဘေးဒုက္ခပေးပါသည်။ အာဗြဟံက လောတအား ဓါးလက်နက်ဖြင့် ကယ်ထုတ်သည်။ နောင်တွင် ကြားခံဆုတောင်းပေးခြင်းဖြင့် ကယ်ထုတ်ဦးမည် (အခန်း ၁၈-၁၉)။

၁၄:၁၇၁၈ ထိုသို့တိုက်စစ်ဆင်နွှဲ၍ အောင်ပွဲနှင့်အတူ အာဗြဟံပြန်လာသောအခါ သောဒုံဘုရင်က ခရီးဦးကြိုပြုသည်။ ကြီးမားသော ဝိညာဉ်စစ်ပွဲ အောင်ပွဲ ခံသောအခါ စာန်မာရ်နတ်က မကြာခဏ စုံစမ်းသည်ကို သတိပြုရမည်။ အမြင်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်ရှာလင်မင်းကြီး မေလခိဇေဒက်သည် မုန့်နှင့်စပျစ်ရည်ဖြင့် အာဗြဟံအားဂုဏ်ပြုညစာ တည်ခင်းပေးသည်။ ကယ်တင်ရှင် ယေရှုသခင်၏ ဒဏ်ရာဒဏ်ချက်များ အမှတ်တရ သင်္ကေတပြုသော မုန့်နှင့်စပျစ်ရည်သည် ရှေးဦးကတည်းက ယုံကြည်သူများနှင့် ပတ်သက်နေသည်ကို သတိပြုမိကြမည်။ ကိုယ်တော်ဘုရားပေးဆပ်ခဲ့သော အသွေးတော် အသားတော်က စုံစမ်းမှုပေါင်းစုံမှ ကယ်နှုတ်ပေးသည်။ အားအင်သစ် ဘဝသစ်ဖြစ်စေသည်။

မေလခိဇေဒက် ဆိုသောနာမည်၏ အဓိပ္ပါယ်မှာ ဖြောင့်မတ်ခြင်း၏ ဘုရင်ဖြစ်၍ ရှာလင် ဆိုသည်မှာ (ယေရုရှလင်၏ အတိုကောက်စာလုံး) ငြိမ်သက်ခြင်းဟု အနက်ရသည်။ ထို့ကြောင့် ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်း၏ ဘုရင်ဟု အဓိပ္ပါယ်ရသည်။ မေလခိဇေဒက်သည် ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်း အစစ်အမှန်ဖြစ်သော ခရစ်တော်၊ အမြင့်ဆုံးသော ယဇ်ပုရောဟိတ်ကို ပုံဆောင်ပါသည်။ ဟေဗြဲ ၇:၂ တွင် မေလခိဇေဒက်သည် “အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက်အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့်တူသည်” ဟုဆိုထားရာ ဤအချက်သည် ထိုမင်း၏ ယဇ်ပုရောဟိတ်အမှုအရာနှင့်သာ သက်ဆိုင်သည်။ ယဇ်ပုရောဟိတ်အမှုအရာသည် များသောအားဖြင့် ဆွေစဉ်မျိုးဆက် ဆက်ခံလေ့ရှိသည်။ သို့သော် မေလခိဇေဒက်မင်း၏ ယဇ်ပုရောဟိတ် အရိုက်အရာသည် မိဘဘိုးဘွားမှ အမွေဆက်ခံခြင်းမဟုတ်။ မှတ်တမ်းမှတ်ရာတွင် သီးသန့်ဖြစ်နေသည်။ သူမှအစပြုခြင်းမဟုတ်သကဲ့သို့ အဆုံးလည်းမဟုတ်။ ခရစ်တော်၏ ယဇ်ပုရောဟိတ် အရိုက်အရာခံယူခြင်းမျိုး ဖြစ်သည် (ဆာ ၁၁၀:၄၊ ဟေဗြဲ ၇:၁၇)။

၁၄:၁၉၂၀ မေလခိဇေဒက်မင်းက အောင်ပွဲခံ အာဗြဟံအားကောင်းကြီးမင်္ဂလာပေး သကဲ့သို့ အာဗြဟံကလည်း ဥစ္စာရှိသမျှထဲမှ ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်၏ ယဇ်ပုရောဟိတ်ထံသို့ ပေးလှူ ဆက်သသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ဟေဗြဲ(၇)တွင် လေးနက်သောဝိညာဉ်ရေးရာဖွဲ့နှောင်မှုအဖြစ် ရှင်းပြထားသည်။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် အာရုန်၏ ဘိုးဘေးဖြစ်သည်။ အာရုန်၏ ယဇ်ပုရောဟိတ်အရာ နိမိတ်ပြခြင်းဖြစ်သည်။ မေလခိဇေဒက်က ကောင်းကြီးပေးခြင်းမှာ အာရုန်၏ ယဇ်ပုရောဟိတ်အရာထက်မေလခိဇေဒက်၏ယဇ်ပရောဟိတ်အရာ ကြီးမြတ်ကြောင်း သက်သေပြသည်။ အဘ်ကြောင့်ဆိုသော် လူတကာကို ကောင်းကြီးပေးနိုင်သော လူမျိုးစု၏ ဘခင်ကြီးအားကောင်းကြီးပေးနိုင်သူဖြစ်သည်။ မေလခိဇေဒက်သို့ ဆယ်ဘို့တစ်ဘို့ ပေးလှူခြင်းသည် အာရုန်၏ ယဇ်ပုရောဟိတ်အရာ ထက်ကြီးမြတ်ကြောင်းထင်ရှားသည်။ အဘယ်ကြောင့် ဆိုသော် ဆယ်ဘို့တစ်ဘို့သည် သာ၍ကြီးမြတ်သူကို ပေးလှူရစမြဲ ဖြစ်သည်။

၁၄:၂၁၂၄ သောဒုံမင်းက ပစ္စည်းကိုယူပါ လူကိုချမ်းသာပေးပါ ဟုဆိုသောအခါ အာဗြဟံက “အပ်ချည်တမျှင်၊ ခြေနင်းကြိုးတစ်ပင်မှစ၍ မယူပါ” ဟုပြန်ပြောပါသည်။ စာတန်သည် ယုံကြည်သူများအား ဥစ္စာပစ္စည်းများဖြင့် ဖျားယောင်းဖျက်ဆီးလေ့ရှိသည်ကို သတိပြုရမည်။

Previous Article
Next Article