ကမ္ဘာဦးကျမ်း ၃၇

() ယောသပ် (၃၇:၅၀:၂၆)

၁။ ကျွန်အဖြစ် အရောင်းခံရခြင်း (အခန်း ၃၇)

          ၃၇:၁၇ယာကုပ်အမျိုးအနွယ်၏ အတ္ထုပတ္တိဟူမူကား ဆိုသည်မှာ အခန်း ၂၅-၃၅တွင် ယာကုပ်အတ္ထုပတ္တိဖော်ပြခဲ့သော်လည်း အခန်းကြီး (၃၆)တွင် ဧသောအကြောင်း ကြားဝင်သောကြောင့် ပြန်လည်ဆက်စပ်ခြင်းဖြစ်သည်။ အခန်းကြီး ၃၇ မှ စ၍ ယာကုပ်၏သား ယောသပ်အကြောင်းကို ကမ္ဘာဦးကျမ်း အဆုံးထိ ဆက်လက်ရေးသားထားသည်။

ယောသပ်သည် သခင်ခရစ်တော်ပုံဆောင်သော ဓမ္မဟောင်းကျမ်းမှ အကောင်းဆုံး ပုံလက္ခဏာ ဖြစ်သည်။ A.W.Pink က ယောသပ်နှင့် ခရစ်တော် အား (၁၀)ကြိမ်တိုင် ပုံနှိုင်းထားသည်၂၈။ AdoHaberson က(၁၂၁)ကြိမ် ပုံနှိုင်းထားသည်။ ဥပမာအားဖြင့် ဖခင်က ယောသပ်အား ချစ်ခင်မြတ်နိုးပုံ (ငယ် ၃) အစ်ကိုများ၏ အပြစ်ဒုစရိုက်ပြစ်တင်ပုံ (ငယ်၂) အစ်ကိုများက မနာလိုမုန်းတီး၍ ရန်သူများ လက်ထဲသို့ ရောင်းစားပုံ (ငယ် ၄၊၂၆-၂၈) မတရားသဖြင့် အပြစ်စီရင်ခြင်း ခံရပုံ (အခန်း ၃၉) တိုင်းသူပြည်သားများအား ကယ်တင်သူဖြစ်လာပုံနှင့် အစာရေစာအတွက် ဝိုင်းဝန်းခယကြပုံ (၄၁:၅၇) အစ်ကိုများက ငြင်းပယ်ပထုတ်သည့်ကာလအတွင်းတွင် တစ်ပါးအမျိုးသားများထံ၌ ကောင်းစားပုံ (၄၁:၄၅) တို့ကို တွေ့ရသည်။

အဆင်းအရောင်ထူးခြားသော အင်္ကျီ (အမြိတ်အနားလှပသောဝတ်ရုံရှည် RSV)သည် ဖခင်၏ ချစ်ခင် မြတ်နိုးခင်း အမှတ်လက္ခဏာဖြစ်၍ အစ်ကိုများ၏ မနာလို အမုန်းပွားခြင်း သင်္ကေတဖြစ်သည်။ ယောသပ်၏ ပထမ အိပ်မက်မှာ ကောက်လှိုင်းတစ်ဆယ့်တစ်စည်းက အငယ်ဆုံးသော ကောက်လှိုင်းကို ဦးညွှတ်ကြသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ အစ်ကို(၁၁)ယောက အငယ်ဆုံးသော ယောသပ်ကို ဦးညွှတ်ကြမည့်အကြောင်း ဖြစ်သည်။ နောက်အိပ်မက်တစ်ခုမှာ နေ၊ လနှင့်တကွ ကြယ် ဆယ့်တစ်လုံးတို့သည် သူ့အားရှိခိုးကြသည်။ နေနှင့်လသည် ယာကုပ်နှင့်လေအာ (ရာခေလကွယ်လွန်သွားပြီ) ကိုယ်စားပြုသည်။ ကြယ်ဆယ့်တစ်လုံးမှာ သူ့အစ်ကိုများ (ငယ် ၉-၁၁) ဖြစ်သည်။

၃၇:၁၈၂၈ သိုးကျောင်းနေကြစဉ် အစ်ကိုများက ယောသပ်အား သတ်ပစ်ရန် တိုင်ပင်ကြံစည် ကြသည်။ သို့သော် ရုဗင်က လက်သွေးမစွန်းစေဘဲ၊ ကျင်းနက်ထဲသို့ ပစ်ချရန် အကြံပေးသောကြောင့် မသတ်ပစ်တော့ဘဲ အဝတ်အစားချွတ်ယူက ဒေါသန်အနီးရှိ ရေတွင်းပျက်ထဲသို့ ပစ်ချလိုက်ကြသည်။ စကားများနေကြစဉ် အဲဂုတ္တုပြည်သို့ ကုန်ကူးမည့် ဣရှမေလအမျိုးအနွယ်များ တွေ့ကြသဖြင့် ထိုသူများထံသို့ ရောင်းစားရန် ယုဒက အကြံပြုသည်။ ရေတွင်းနက်မှ ပြန်ဆယ်ထုတ်၍ ရောင်းစားလိုက်ပြန်သည်။ ဤနေရာတွင် ပါရှိသော ဣရှမေလအမျိုးကို မိဒျန်းအမျိုး (သူကြီး ၈:၂၂-၂၄)ဟုလည်း ခေါ်သည်။

၃၇:၂၉၃၆ မိဒျန်လူမျိုးထံသို့ ရောင်းစားကြစဉ် ရုဗင်သည် အနီးအနား၌မရှိ။ ခဏကြာတွင် ရုဗင်ပြန်ရောက်၍ ယောသပ်ကို ငုံ့ကြည့်သောအခါ မရှိသဖြင့် မေးမြန်းခါမှ အကြောင်းစုံသိသည်။ ဖခင်အား မည်သို့ပြန်ပြောရမည်နည်းဟု တိုင်ပင်ကြသည်။ ဆိတ်တစ်ကောင်ကို သတ်၍ ဆိတ်သွေးအား ယောသပ်၏ အင်္ကျီတွင် သုတ်လိမ်းကာ သားရဲက ယောသပ်ကို ကိုက်ချီသွားကြောင်း ညာပြောကြသည်။ ယာကုပ်သည်လည်း ဆိတ်သားရေဝတ်၍ သူ့အစ်ကိုဟန်ဆောင်ကာ ဖခင်ဣဇာက်အား လိမ်ညာခဲ့ဘူးသည် (၂၇:၁၆-၁၃)။ ယခုတဖန် ဝဋ်လည်လေပြီ။ ဆိတ်သွေးဖြင့် သူ့သားယောသပ်၏ အင်္ကျီကို သုတ်လိမ်း၍ အလိမ်အညာ ပြန်အပတ်ခံနေရပြန်ပြီ။ လိမ်ညာခြင်းသည် ကိုယ့်ရှူးကိုယ်ပတ်တတ်သည်။ မိဒျန်ကုန်သည်များသည် ဘုရားသခင်၏ အစီအမံတော်နှင့်အညီ ယောသပ်အား အဲဂုတ္တုပြည်သို့ ခေါ်ဆောင်သွားကြပြီး ဖာရောဘုရင်၏အမတ် ကိုယ်ရံတော်တပ်မှူး ပေါတိဖာထံသို့ ရောင်းချကြသည်။ လူများ၏ မနာလိုမုန်းထား အမျက်ဒေါသများကို နာမတော်ချီးမွမ်းဖို့ ဘုရားရှင်က အသုံးပြုတတ်သည်။ နာမတော် မချီးမွမ်းနိုင်သူများအား ချီးမွမ်းကိုးကွယ်ရာ ဖြစ်စေတတ်သည် (ဆာ ၇၆:၁၀ ကိုလည်းကြည့်)။

Previous Article
Next Article