ဆာလံကျမ်း ၇၆

ဆာ ၇၆၊ ဒေါသကုမ္မာက ဘုရားသခင်ချီးမွမ်းခြင်း

          အာရှုရိဘုရင် သနာခရိပ်က ဘီစီ ၇၀၁ခုနှစ်တွင် ယေရုရှလင်မြို့ကိုတခေါက်တိုက်ခိုက်ဖျက် ဆီးဖို့ခြိမ်းခြောက်ခဲ့သည်။ သို့သော်မြို့တော်အနားသို့ချဉ်းကပ်လာကြစဉ် ဘုရားသခင်၏ကောင်းကင် တမန်သည်သူတို့တပ်စခန်းချရာသို့ရောက်လာပြီး စစ်သားပေါင်း ၁၈၅,၀၀၀ယောက် သေကြေစေ ခဲ့သည်။

ထိုအကြောင်းကို Byron က “သနာခရိပ်ကျရှုံးခြင်း”ဟူသော ဂန္တဝင်မော်ကွန်းရေးထိုးခဲ့ သည်။ ဟေရှာ ၃၇:၃၆ တွင်လည်း ထိုအကြောင်းတွေ့ရသည်။ ဆာ ၇၆ကိုဖတ်ရှုလျှင် ထိုဇာတ်လမ်း ကို မိန်းမောဆွတ်ပျံ့ဘွယ်ရာတွေ့ရမည်။ ဆာလံကျမ်းကိုဆက်လက်ဖတ်ရှု့လေ့လာကြည့်ကြပါစို့။

၇၆: ယုဒတို့၏မြို့တော်နှင့်ဗိမာန်တော်ကို ဖြိုဖျက်မည့်ရန်သူများအား ဖယ်ရှားပေးသော ကြောင့်ယုဒလူမျိုးအကြားတွင် ဘုရားသခင်၏နာမတော်သည် ဟိုလေးတကြော်ထင်ရှားခဲ့သည်။ ဣသရေလတို့၏သမိုင်းစာမျက်နှာတွင် မမေ့ပျောက်နိုင်အောင် အခန့်သားနေရာယူထားသည်။

၇၆: ယေရုရှလင်ကိုငြိမ်သက်ခြင်းမြို့တော်၊ ဇိအုန်တောင်ကို ကိုယ်တော်စိုးစံရာဌာနတော် အဖြစ်ပြဌာန်းသည်။ ရန်သူများ၏ လေးမြှား၊ ဒိုင်းလွှား၊ ဓါးလှံလက်နက်သွားများ ကြွေပြုန်းရာ အရပ်ဖြစ်သည်။

ထိုတောင်သည်သားရဲသားများကျင်လည်သော တောင်ကုန်းတောင်တန်းများထက်မြတ်၏။ တပါးအမျိုးသားများစိုးစံရာထက်မြင့်၏။ တနည်းအားဖြင့် ဘုရားသခင်၏ယေရုရှလင်မြို့သည် ယုဒပြည်ကို ယှဉ်ပြိုင်အန်တုနေသော မြို့ပြပြည်ရွာများထက် ဘုန်းတန်ခိုးမြင့်မား၍ ကျက်သရေ တင့်တယ်သည်။

၇၅: အာရှုရိစစ်တပ်က မရှုမလှကြုံတွေ့ခဲ့ကြသည်။ စစ်သွေးစစ်မာန် အရူးထနေသူများ စစ်ဦးကျိုး၍ လက်နက်စွန့်ကာ ကိုယ်လွတ်ရုန်းပြေးကြပြီ။ မျက်စိတမှိတ်လျှပ်တပြတ်မှာ တန်ခိုးအစွမ်းမဲ့ ချိနဲ့ကုန်ပြီ။ ယာကုပ်ဘုရားကရန်သူများ၏ စစ်မြင်းများနှင့်ရဲမက်ဗိုလ်ပါများကို သေတွင်းသို့ အိပ်ပျော်စေကုန်ပြီ။

၇၆: အဘယ်သို့သောဘုရားပေနည်း။ အသံတော်သည်ကြောက်မက်ဘွယ်ကောင်းပေစွ။ အမျက်တော်တခါထွက်လျှင် တဖက်ရှိရန်သူများသည်အတုံးအရုံး ပြိုလဲကြသည်။ ကောင်းကင်ဘုံမှ တရားစီရင်သည်နှင့်ကမ္ဘာမြေကြီးသည် တုန်လှုပ်သည်။ သို့ဖြင့်ဘုရားသခင်သည် လူ့လောကတွင် ဖြောင့်မတ်သူများနှင့်မတရားသူများကို ခွဲခြားသည်။ မတရားသဖြင့်ဖိနှိပ်ခံလူတန်းစာကို ကယ်ထုတ်သည်။

၇၆:၁၀ အမျက်ဒေါသချောင်းချောင်းထွက်နေသော ဒေါသကုမ္မာများကလည်း ဘုရားသခင်ကို ချီးမွမ်းလာကြသည်။ အဘယ်သို့ချီးမွမ်းနိုင်ကြမည်နည်း။ ကျန်ကြွင်းသောဒေါသကိုလည်း မထုတ်ရဲတော့ဘဲ၊ ခါးပိုက်ဆောင်ဓါးလိုသိမ်းဆည်းထားကြမည်။

ဒေါသကုမ္မာများကလည်း နာမတော်ချီးမွမ်းကြမည်။

ကိုယ်တော်ကို ချစ်ကြောက်ရိုသေကြမည်။

လူ့လောကတွင် တေလေလွင့်ပါးသူများ

အထံတော်သို့ စုစည်းကြလို့

လူစိတ်ရိုင်းများ ယဉ်ပါးကာ

အချုပ်အခြာအာဏာ လေးစားကြမည်။

ဘုရားရှင်သည် ပလ္လင်တော်ပေါ်တွင် စိုးစံလို့

ယုံကြည်သူများ ဝတ်ပြုကိုးကွယ်စို့။

ငါသည် သင်၏ဘုရားမှန်ကြောင်း သိကြားစေ

ချစ်ကြောက်ရိုသေကြစေ ကိုယ်တော်မိန့် မှာထား၊

ကောင်းကင်ဘုံရှင် ဘုရားသခင်အုပ်စိုးမှုအောက်၌

ဝမ်းနည်းမျက်ရည်မရှိ။

လက်တော်ဖြင့် ထွေးပိုက်လို့

ဘယ်သူမှ ရန်မပြုနိုင်။

အထံတော်တွင် လုံခြုံလျက်နေ။

ရှေးစာဆိုတစ်ဦး

၇၆:၁၁က ဘုရားရှင်၏ကြီးမြတ်ခြင်းနှင့် ဘုန်းတန်းခိုးကိုမျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြ သော ယုဒများသည် ဘုရားသခင်ထံတော်သို့ သစ္စာပြုကြသည်။ ဝတ်ပြုရှိခိုးကြသည်။

၇၆:၁၁ခ၁၂ ယုဒလူများကို အမဲဖြတ်ဖို့ဝိုင်းဝန်းရန်ပြုခဲ့ကြသော တပါးအမျိုးသားမင်းရာဇာ များသည် စိတ်သဘောထားအပြောင်းကြီး ပြောင်းလဲလျက်လက်ဆောင်များ ယူလာကြသည်။ လူ့လောကသားတို့မယှဉ်နိုင်သည့် ကြီးမြတ်တော်မူသော ဘုရားရှင်ဖြစ်ကြောင်းဝန်ခံကြသည်။ ချီးမွမ်းကိုးကွယ်လာကြသည်။

Previous Article
Next Article