ဆာလံကျမ်း ၇

ဆာ၇၊ ဖိစီးနှိပ်စက်ခြင်းအော်မြည်သံ

ဟေဗြဲကျမ်းမူတွင် ဗင်္ယာမိန်အမျိုး ကုရှနှင့်ပက်သက်၍ ဒါဝိဒ်သီဆိုသော Shiggaion ဟုခေါ်သည်။F.W.Meyer က Shiggaion ဆိုသည်မှာ ကံဆိုးမိုးမှောင်ကျရောက်၍ ကြံရာမရသည့်အချိန်မှာ မသိစိတ်မှအန်ထွက်လာသော ခံစားချက်ဖြစ်သည်ဟုဆိုသည်။ကုရှသည် ရှောလု၏အမျိုးဖြစ်၍ လက်ရုံးတော်လည်းဖြစ်သည်။ ဒါဝိဒ်၏အံ့ဘွယ်ရန်သူတဦးလည်းဖြစ်သည်။NKJV ကျမ်းမှုက Shiggaion ကို အထူး အာရုံပြုခြင်းMeditation ဟု ပြန်ဆိုထားသည်။

၇း၁-၂ ထပ်ချပ်မကွာလိုက်လာကြသော ရန်သူများ၏လက်ထဲမှ ကယ်လွှတ်ပါရန် ဘု ရားရှင်ထံဆုတောင်းသည်။ တနည်းအားဖြင့် ခိုကိုးရာမဲ့အထီးကျန်သိုးသငယ်နှင့်တူသည်။ ခြင်္သေ့စာဖြစ်တော့မည့်သနားစရာသိုးသတ္တဝါလေးနှင့် တူပေသည်။

၇း၃-၅ ကုရှက ဒါဝိဒ်ကိုရာဇဝင်လူဆိုးသဖွယ်သတ်မှတ်သည်။ အထူးသဖြင့် ရှောလုက လိုက်လံ နှိမ်နှင်းသည့်ကိစ္စတွင် တသဘောတည်းရှိခဲ့သည်။ သူ့ တွင်မတရားသဖြင့် ကျူးလွန်ခြင်းမရှိ။ သူ့လက် တွင်အဓမ္မမှုအလျဉ်းမကပ်။ အခွင့်အရေးရရှိသည့်တိုင်အောင် ဘိသိက်ပေးထားသော ရှင်ဘုရင်ကိုလက်စားမချေ။ အကယ်၍ ထိုအပြစ်မျိုးကျူးလွန်မှားမိပါက၊ရန်သူများအားရကျေနပ်သည့်အတိုင်း ပြုကြပါစေ။အဖမ်းခံအသတ်ခံပါမည်။

၇း၆-၈ သို့သော်လည်း ထိုသို့မဟုတ်မှန်သောကြောင့် ဘုရားရှင်တော်တရားစီရင်တော်မူပါ။ အပြစ်မရှိသည့် သူကို ရန်ရှာဒုက္ခပေးသော ရန်သူများအားအရေးယူအပြစ်ပေးတော်မူပါ။ တရားကြားနာပေးရန် ဘုရားရှင်ကို တိုင်တည်သည်။ လူပေါင်းများစွာတို့က တရားကြားနာရန် စုရုံးနေကြပြီ။ ယေဟောဝါဘုရားရှင်က တရားပလ္လင်တွင် နေရာယူ၍လူများကိုတရားစီရင်တော်မူသည်။ ဒါဝိဒ်သည် ဖြောင့်မတ်သူဖြစ်သည့် အတိုင်းဖြောင့်မတ်တည်ကြည်စွာ တရားစီရင်ပေးရန်တောင်းလျှောက်သည်။ ဤစကားသည်မုသာပါသည်ဟု ယူဆနိုင်သည်။ ဒါဝိဒ်သည်ဘဝတလျှောက်လုံးတွင် ဖြောင့်မတ်သန့်ရှင်းသည်ဟုမဆိုလိုပါ။ ရန်သူများ၏ စွပ်စွဲချက်နှင့် ပက်သက်၍ အပြစ်ကင်းစင်သည်၊ စင်ကြယ်သည်ဟု ဆိုလိုသည်။

၇း၉-၁၁ အပိုဒ်ငယ် ၉ သည် ဖိစီးနှိပ်စက်ခြင်းခံနေရသော ဘုရားသခင်၏လူများအော်မြည်ကျအသံဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် ဒုစရိုက်ကုန်ဆုံး၍တရားမျှတခြင်းအုပ်စိုးစိုးစံမည့်အချိန် ယုံကြည်သူတို့ဆုတောင်းနေကြသည်။ နိုင်ငံတော်တည်ထောင်ဖို့ ခရစ်တော်ကြွလာသောအခါ ထိုနေ့ရက်ရောက်လာမည်။ထိုနေ့ရက်တွင် လူ့အတွေးအမြင်၊ အပြုအမူများကိုသိတော်မူသော ဖြောင့်မတ်သောအရှင်ဘုရားသခင်ကတရားတော်နှင့်အညီစီရင်တော်မူမည်။ ဖြောင့်မတ်သူများကို ကွယ်ကာ၍ ဆိုးယုတ်သူများကိုမူ နေ့စဉ်အမျက်ထွက်တော်မူမည်။

၇း၁၂-၁၃ ဘုရားရှင်တွင် ခိုင်ခံ့သောရဲတိုက်ရှိသည်။ မတရားသော သူများနောင်တမရလျှင်ဓါးတော်များ မြနေအောင်သွေးမည်။ လေးမြားတို့ဖြင့် ဒဏ်ခတ်ဖြိုခွင်းမည်။ ဘုရားရှင်လက်နက်များဖြင့် ပွဲချင်းပြီးသေဘွယ်ရာဖြစ်သည်။

၇း၁၄-၁၆ မည်သို့ဖြစ်စေကာမူ ရန်သူများသည် မိမိတို့ပြုသည့်အတိုင်း ရိတ်ကြမည်ဟု ဒါဝိဒ်ယုံကြည်သည်။ အပြစ်ကို သန္ဓေတည်မွေးဘွားကြသည့်အတိုင်း အပြစ်၌သေလွန်ကြမည်။ ထိုရန်သူများသည်ဆာလံဆရာကို ဖျက်ဆီးဖို့ဦးစွာ အကောက်ကြံကြသည်။ မတရားသော အကြံ အစည်ထုတ်ကြသည်။မကောင်းမှုကို မွေးဘွားသန့်စင်ကြသည်။ သို့သော်ထိုအပြုအမူများက ကိုယ့်အတတ်ကိုယ်စူးမည်။ မိမိထောင်ထားသော ထောင်ချောက်ထဲသို့ ပြန်ကျမည်။ဘေးဒုက္ခရောက်၍ မျက်ကလဲ ဆံပြာဖြစ်ကြမည်။ဆာလံဆရာအပေါ်သို့ မတရားကြံစည်သမျှသည်မိမိတို့ ခေါင်းပေါ်သို့ ပြန်လည်ကျရောက်မည်။

၇း၁၇ ထိုသောအခါတရားတော်အတိုင်းစီရင်ချက်ကို အောက်မေ့ဆင်ခြင်၍ ဒါဝိဒ်သည် စိတ်နှလုံးရွှင်လန်းစွာဖြင့် ဘုရားရှင်ကိုချီးမွမ်းမည်။ အမြင့်ဆုံးသောထာဝရဘုရား၏ နာမတော်ကို ထောမနာပြုသီဆိုမည်။ အစွမ်းရှိသမျှဖြင့် ဘုရားရှင်၏ဂုဏ်တော်ချီးမွမ်းမည်။

Previous Article
Next Article