တရားသူကြီးမှတ်စာ ၉

: အဘိမလက်(ငါ့အဖေဘုရင်ဟုအနက်ရသည်)သည် ဂိဒေါင်၏သားတစ်ယောက်ဖြစ်သည်။ ဣသရေလတို့၏ တရားသူကြီးမဟုတ်သော်လည်း မထိုက်မတန် အာဏာသိမ်းပိုက်သူဖြစ်သည်။ အာဏာရယူဖို့ မည်သည့်အရာမဆို ရက်စက်ဝံ့သူဖြစ်သည်။ ညီအငယ်ဆုံး ယောသံမှလွဲ၍ ကျန်ညီအကို (၆၉)ဦးကို ကွပ်မျက်ပစ်သည်။ ဘုမသိဘမသိ ရှေခင်တောသားများကို စည်းရုံးသိမ်းသွင်းပြီး ရာထူးတက်ယူသည်။ ဘုရင်သဖွယ်စိုးစံသည်။ အပိုဒ်ငယ်(၂)တွင် ပါရှိသည့်သား(၇၀)ကို အပိုဒ်ငယ်(၅)တွင် အကုန်သတ်ပစ်သည် ဆိုသည်မှာ အကြမ်းဖျဉ်းခေါ်ဆိုခြင်းဖြစ်သည်။ အတိအကျ ကိန်းဂဏန်းမဟုတ်။

:၁၅ ဤကျမ်းချက်တွင် ပုံဆောင်ချက် သင်ခန်းစာအများအပြားရှိသကဲ့သို့ လေးနက်သော အဓိပ္ပါယ်များလည်းရှိသည်။ ဓမ္မဟောင်းကျမ်း သင်ခန်းစာတစ်ခုသာရှိကြောင်း Jensen က ဤသို့ဆိုသည်။

အဘိမလက်၏ သတင်းစကားကြားသိသောအခါ ယောသံသည် ဂေရဇိမ်တောင်ပေါ်မှ အောင်လွင်ပြင်ရှိ လူထုပရိသတ်အပေါင်းသို့ အော်ဟစ်စကားဆိုသည်။ သူ့ရင်ထဲမှ ထွက်လာသော စကားသံများကို ပရိသတ်ကြီးက ကောင်းစွာ နားစွင့်ကြသည်။ သူ့စကားများသည် ထူးခြားစိတ်ဝင်စားဖွယ်ရာ ပုံဥပမာများဖြစ်သည်။ လူအများသိမြင်သော သစ်ပင်ကို ရှင်ဘုရင်အဖြစ် တင်မြှောက်ရသည်ဟုဆိုသည်။ ဖခင် ဂိဒေါင်နှင့် သူ့အကိုများကို သံလွင်ပင်နှင့် ခိုင်းနှိုင်းတင်စားသည်။ သဖန်းပင်၊ စပျစ်ပင်များသည် ဉာဏ်ပညာရင့်ကျက်ကြသောကြောင့် အများပြည်သူက ရှင်ဘုရင်အဖြစ် လာရောက် ကမ်းလှမ်းသော်လည်း မထိုက်တန်ကြောင်း ဝန်ခံ၍ ငြင်းဆိုကြသည်။ ဉာဏ်ပညာမရှိ၊ ရင့်ကျက်တည်ငြိမ်ခြင်းမရှိသော လူဆိုးလူသွမ်းမူကား၊ အများပြည်သူ ချီးမြှောက်ခြင်းကို မစောင့်၊ မျက်နှာမထောက်ထားဘဲ၊ အတင်းအဓမ္မ သဘော သိမ်းယူကြသည်။ အကယ်၍ သစ်ပင်များက မင်းမတင်မြှောက်လျှင် မိုးမြေမီးရှို့မည့်သူ ဖြစ်သည်။

:၁၆၂၁ အကယ်၍ သူ့အကိုများကို သတ်ဖြတ်ကြခြင်းသည် မှန်ကန်သော လုပ်ဆောင်ချက်မှန်လျှင် ပြည်သူများသည် မင်းသစ်အပေါ်တွင် အမှန်ဧကန် ပျော်ရွှင်ကြရလိမ့်မည်ဟု ယောသံက ဆိုသည်။ သို့သော်လည်း ထိုစကားအတိုင်း မဟုတ်လျှင် အဘိမလက်နှင့် ရှေခင်သားများသည် အချင်းချင်း ပြည်တွင်းစစ်ဖြစ်ပွားကြမည်ဟု ဆိုသည်။

:၂၂၃၃ ယောသံစကားသည် သွေးထွက်အောင်မှန်သည်။ သုံးနှစ်ကြာလာသောအခါ ဘုရားသခင်က အဘိမလက်နှင့် ရှေခင်သားများကြားသို့ ဝိညာဉ်ဆိုးစေလွှတ်သည်။ ဘုရားသခင်သည် ဝိညာဉ်ဆိုးတို့၏ အရှင်သခင်မဟုတ်သော်လည်း ဘုန်းတန်ခိုးအာဏာသက်ရောက်စေနိုင်သည်။ အထူးသဖြင့် မကောင်းဆိုးဝါးများ အသုံးချစရာရှိသည့်အခါ အစေခိုင်းသည် (၁ရာ ၁၆:၁၄၊ ၃ရာ ၂၂:၁၉-၂၃ တု့ကို ယှဉ်ဖတ်ပါ)။ ရှေခင်လူများသည် အနီးအနားပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာသူ ခရီးသည်များအား လုယက်ဓါးပြတိုက်ကြသည်။ ထိုသို့ မတရား ငွေရှာကြခြင်းမှာ အဘိမလက်ကောက်ခံသော ဝန်ထုပ်ဝန်ပိုးကြီးပေးဆက်ဖို့ (ငယ် ၂၅)ဖြစ်သည်။ ဧဗက်၏ သားဂါလက အဘိမလက်သည် မည်သူနည်း၊ မည်သည့်လူစားမျိုးဖြစ်၍ ရှေခင်သားတို့က အခွန်အတုတ် ဆက်သရသနည်း ဟု အော်ဟစ်ကြုံးဝါးသည်။ အဘိမလက်၏ လူယုံတော်မြို့အုပ် ယေဗုလက အဘိမလက်မင်းအား တိတ်တဆိတ်သွားရောက် တိုင်တန်းပြီး၊ ရှေခင်မြို့အား စီးနင်းရန် အကြံသွားပေးသည်။

:၃၄၄၀ နောက်တစ်နေ့ နံနက် မြို့တံခါးဝသို့ ဂါလရောက်ရှိသောအခါ တောင်ပေါ်မှ လူအုပ်ကြီးပြေးဆင်းလာကြသည်။ ပထမဦးစွာ ယေဗုလက တစ်ဘက်တွင် လူအုပ်ရိပ်လှမ်းမြင်ရသည်။ ထိုလူအုပ်ကြီးသည်လည်း ပြေးဆင်းလာကြသည်။ ယေဗုလက စိမ်ခေါ်တိုက်ခိုက်ကြရာ ဂါလ၏လူအများအပြား သေကြေပျက်စီးကြသည်။ တိုက်ပွဲပြီးဆုံးသွား၍ အဘိမလက်၏ လူများသည် မြို့ထဲသို့ ပြန်သွားကြသည်။

:၄၁၄၄ အဘိမလက်သည် အရုမမြို့တွင် ရှိနေသည်။ ဇေဗုလသည် ဂါလတို့ညီအကိုများအား ရှေခင်မြို့မှ တစ်ဖက်လှည့်ဖြင့် မောင်းထုတ်သည်။ နောက်တစ်နေ့တွင် ရှေခင်သားများ မြို့ထဲမှ ထွက်လာကြသောအခါ အဘိမလက်တို့ လူအုပ်သည် လူစုသုံးစုခွဲ၍ ဂါလ၏လူများအား ကင်းပုန်းဝပ်တိုက်ခိုက်ကြသည်။ လူအုပ်စုတစ်စုက မြို့ထဲနှင့်အဆက်အသွယ်မရနိုင် ဖြတ်တောက်ရေး တာဝန်ယူသည်။ ထိုသို့ဖြင့် အဘိမလက်တို့သည် အောင်မြင်သော ကင်းပုန်းစစ်ဆင်နွှဲခဲ့ကြသည်။

:၄၅ တိုက်ပွဲပြီးဆုံးသောအခါ ရှေခင်မြို့သည်လည်း ဖွတ်ဖွတ်ကြေနေသည်။ မြို့သူမြို့သားများ သေကြေကြသည်။ မြို့လည်းပြာကျသည်။ မြို့ကိုဆားပတ်ဖြန်းခြင်းဆိုသည်မှာ အဘိမလက်၏ ရက်စက်မှုသင်္ကေတဖြစ်သည်။ တစ်သက်လုံး စိုက်ပျိုးလုပ်ကိုင်စားသောက်မရအောင် ပြုလုပ်ခြင်းဖြစ်သည်။

:၄၆၄၉ ရှေခင်မြို့မျှော်စင်သည် ဗေရိတ်ဘုရားကျောင်းအနီးတွင် ရှိသည်။ မြို့သူမြို့သားများသည် ဗေရိတ်ဘုရားကျောင်းဝင်းကျယ်ထဲသို့ ပုန်းခိုကြသည်။ ထိုသတင်းကြားသိသောအခါ အဘိမလက်သည် သူ၏လူများနှင့်အတူ ဇလမုန်တောင်မှ သစ်ကိုင်းသစ်ခက်များ သွားထမ်းလာကြပြီး၊ ဗေရိတ်ဘုရားကျောင်းကို မီးရှို့ကြသည်။ လူပေါင်းတစ်ထောင်ကျော် သေကြေပျက်စီးမီးလောင်ကြသည်။

:၅၀၅၇ အဘိမလက်သည် ကံကြမ္မာငင်ဖို့ သေဗက်မြို့ကို စီးနင်းဖို့ ကြိုးစားပြန်သည်။ မြို့သူမြို့သားများသည် မြို့ရိုးပိတ်၍ ပုန်းအောင်းကြသည်။ အဘိမလက်သည် မြို့ရိုးအား မီးရှို့ဖျက်ဆီးရန် ချဉ်းကပ်ပြင်ဆင်နေစဉ် မြို့သူတစ်ဦးသည် မြို့ရိုးပေါ်မှ အဘိမလက်ဦးခေါင်းပေါ်သို့ ကျောက်ဆုံ ပစ်ချသည်။ အဘိမလက် ခေါင်းကွဲ၍ သေလုမတတ်ဒဏ်ရာ ရရှိသည်။ မိန်းမတစ်ယောက်၏ ခဲပေါက်သတ်မှုဖြင့်သေလျှင် သိက္ခာကျသောကြောင့် အဘိမလက်သည် တိုက်ပွဲတွင် ကျဆုံးသည့်ဟန်ဖြင့် သူ့တပည့်အား သူ့ကို သတ်ခိုင်းသည်။ ယောသံပြောစကားအတိုင်း အဘိမလက်ကြုံတွေ့သည်။

သူတစ်ပါးကို ဓားဖြင့် သတ်သူသည် ကံတူအကျိုးပေးခံစားရသည်။ အဘိမလက်သည် သူ့အကိုများကို ကျောက်ဆုံတစ်ဆုံတွင် အကုန်သတ်ပစ်ခဲ့သည် (ငယ် ၅)။ ထိုကဲ့သို့ပင် သူလည်း ခေါင်းပေါ်မှ ကျောက်ဆုံဖြင့် ထုသတ်ခြင်းခံရပြန်သည်။ သူများကို အသက်သတ်သည့်အတိုင်း ကိုယ့်အသက်ပေးရသည်။

Previous Article
Next Article