တောလည်ရာကျမ်း ၁၁

() တပ်တွင်းတွင် ပုန်ကန်ကြခြင်း (အခန်း ၁၁)

       ၁၁: လူအပေါင်းတို့သည် ဘုရားသခင်၏ ဆောင်ရွက်ပေးခဲ့မှုများကို စောဒကတက်ချင်ကြသည်။ ထိုအကြောင်းကို အပိုဒ်ငယ်(၁)တွင် တဖန်လူတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကိုပြုကြသဖြင့်ဟု သဲလွန်စပေးထားသည်။ မကျေနပ်သူများမှာ ပဋိညာဉ်သေတ္တာနှင့် အလှမ်းဝေးသူများ ဖြစ်သည်။ ဘုရားသခင်၏ အမျက်တော်မီးကျရောက်သဖြင့် တပ်အစွန်အဖျားရှိလူများ သေကြေပျက်စီးကြသည်။ ထိုသို့ မီးလောင်သော အရပ်ကို တဗေရ (မီးလောင်ခြင်း)ဟု ခေါ်တွင်သည်။ KJV နှင့် NKJV ကျမ်းများတွင် မကျေမနပ်ဖြစ်နေသူအချို့ မီးလောင်သေဆုံးကြသည်ဟု ဆိုသည်။ ASV ကျမ်းက တပ်ပြင်နားရှိ လူများမီးလောင်သေဆုံးကြသည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်သည် ဘုရားသခင်က သက်ညှာစွာ သတိပေးခြင်းဖြစ်သည်။

၁၁: တဖန် တပ်အတွင်းစည်းရှိ လူများ မကျေမနပ်ဖြစ်ကြပြန်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရောနှောလျက်ပါသော တပါးအမျိုးသားစုဟု ဆိုထားသည်။ အဲဂုတ္တုပြည်မှ ထွက်လာကြစဉ် မယုံကြည်သူအချို့ အုတ်ရောရော ကျောက်ရောရော ပါလာကြသည်။ ဣသရေလတို့အမျိုးထဲတွင် ရောနှော၍ ဣသရေလအချို့ကို သွေးထိုးကြသည်။ အဲဂုတ္တုပြည်မှ ထွက်လာကတည်းက နေ့စဉ်မန္နမုန့် တစ်မျိုးတည်းသာ စားရသောကြောင့် ငြီးငွေ့သည်ဟု ဆန္ဒပြကြသည် (ဆာ ၇၈:၁၇-၃၃ တွင်ဤအဖြစ်အပျက်ကို ရည်ညွှန်းထားသည်)။

ယေရှုခရစ်တော်ကျွေးသော မိုးကောင်ကင်မုန့်သည် ထူးပေစွ။

ကျေးဇူးတရားနားမလည် ပုန်ကန်ကြပေလင့်

ကိုယ်တော်ဘုရားမေတ္တာမပျက်

သာ၍ ထူးဆန်းသည်မှာ

အထံတော်မှ လေလွင့်ထွက်ပြေးချင်ကြသည်

ပုန်ကန်ခြားနားချင်ကြသည်

သို့သော်အပြစ်များကို ခွင့်လွှတ်တော်မူဆဲ။

၁၁:၁၀၁၅ မောရှေသည် ဤပုန်ကန်ဆန္ဒပြမှုကို သူ့အစွမ်းအစဖြင့် မကိုင်တွယ်နိုင်သောကြောင့် ဦးစွာ ဘုရားသခင်ကို တမ်းတဆုတောင်းသည်။ ပရိသတ်သည် မဖြစ်နိုင်သော ကိစ္စ၊ အမဲသားတောင်းဆိုကြသည်။ အဘယ်သို့ဆောင်ရွက်ပေးနိုင်မည်နည်း။ ဤပြဿနာမှ လွတ်မြောက်ခြင်းငှါ သေခွင့်ပေးပါဟု ဆုတောင်းသည်။

၁၁:၁၆၁၇ ဘုရားသခင်၏ ပထမအဖြေစကားမှာ မောရှေ၏ ဝန်ထုပ်ဝန်ပိုးအား ထမ်းကူကြဖို့ အသက်ကြီးသော ဣသရေလလူကြီး(၇၀)ကို ရွေးချယ်ခိုင်းသည်။ အချို့ကျမ်းစာပညာရှင်များက ထိုအဖြေသည် မောရှေအတွက် အကောင်းဆုံးအဖြေဟုတ်ပါသလားဟု ထောက်ကြသည်။ ဘုရားသခင် အမိန့်တော်ရှိလျှင် အရာခပ်သိမ်းဖြစ်နိုင်ပါသည်။ မောရှေသည် သူ့လုပ်ဆောင်ချက်အားနည်းသောအခါ ဝိညာဉ်တော် အစွမ်းလည်း ယုတ်လျော့သည်ဟု ဆိုကြသည်။ မောရှေသည် ယောက္ခမ၏ အကြံပေးချက်အတိုင်း စီမံခန့်ခွဲမှု အာဏာအား ခွဲဝေပေးသည် (ထွ ၁၈:၂၅၊ တရား ၁:၉-၁၅)။ အသက်ကြီးသော (လူ ၇၀)သည် ဝိညာဉ်ရေးရာ ဝန်ထုတ်ထမ်းကူဖို့ ဖြစ်သည်။ ထိုနှစ်ခုကို မရောနှောမိပါစေနှင့်။

၁၁:၁၈၂၃ လူများ တောင်းဆိုကြသည့်အတိုင်းအသားဝလင်စွာ စားကြရမည်ဟု ဘုရားရှင်က အဖြေပေးသည်။ တစ်နပ်တလေစားရခြင်း မဟုတ်။ နှာခေါင်းမှ အမဲသားနံ့ ထွက်အောင် တစ်လလုံး စားရမည်ဟု ဆိုသည်။ မည်သို့ဖြစ်နိုင်မည်နည်းဟု မောရှေက ဘုရားရှင်ကို ပြန်မေးသောအခါ ငါ့ကတိတော် ဘယ်အခါ ပျက်ဘူးသလဲ၊ ကြုံတွေ့ခံစားခဲ့ကြပြီ မဟုတ်လောဟု ဘုရားရှင်ဖြေသည်။ သိနာတောင် ခရီးတလျှောက် ဘုရားသခင်က အံ့ဩဖွယ်ကောင်းအောင် ကျွေးမွေး ထောက်ပံ့ခဲ့သည်မဟုတ်လော။ အမှန်စင်စစ် မောရှေသည် ဘုရားသခင်အား စောဒကမတက်သင့်ပါ။ ယနေ့ယုံကြည်သူများသည်လည်း ဆင်ခြင်တုံတရား လွတ်ကင်းသောအခါ ဘုရားသခင်အား လျှပ်တပြတ် မေးခွန်းထုတ်တတ်ကြသည်ကို သတိပြုရမည်။

၁၁:၂၄၃၀ အသက်ကြီးသော လူ(၇၀)စုဝေးကြသောအခါ ဘုရားသခင်၏ ဝိညာဉ်တော် ဆင်းသက်လာပြီး မောရှေသို့ ပေးထားသော ဝိညာဉ်တော်တချို့တစ်ဝက်ကို ထိုလူအုပ်သို့ မျှဝေပေးလိုက်သည်။ ထိုလူကြီး(၇၀)များသည် ဝိညာဉ်တော်နှင့် ပြည့်ဝသွားကြသဖြင့် ပရောဖက်ပြုကြသည်။ ထိုလူ(၇၀)ထဲတွင် စာရင်းပါသော်လည်း ရှေ့သို့ထွက်မလာဘဲ တပ်ထဲတွင် ကျန်ရစ်နေသော ဧလာဒပ်နှင့် မေဒပ် တို့သည်လည်း တပ်ထဲတွင် ပရောဖက်ပြုကြသည်။  ဤအံ့ဖွယ်အမှုအရာသည် မောရှေနှင့်သာ သက်ဆိုင်သည်ဟု မောရှေ၏လက်ထောက် ယောရှုက ထင်မှတ်သဖြင့် မောရှေအား တားခိုင်းသည်။ သို့သော် မောရှေက မတား။ ဘုရားရှင်နာမတော်၌ အမှုတော်ပြုခြင်းကျယ်ပြန့်မှု ဖြစ်သည်ဟုဆိုသည်။

၁၁:၃၁၃၅ ကတိတော်ပြုထားသည့် အမဲသားကို ငုံးအုပ်ဖြင့် ပြည့်စုံစေသည်။ အပိုဒ်ငယ် ၃၁တွင် ထုနှစ်တောင် ဆိုသည်မှာ ငုံးသားရံထားလျှင် ထုသုံးပေရှိသည်ဟု ဆိုသည်။ တစ်နေ့ ခရီးပတ်လည် တစ်ခုလုံး ငုံးဖြင့်ပြည့်နှက်သည်။ ပင်လယ်မှ ဆောင်ခဲ့သည်ဆိုသည်မှာ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် ငုံးသည် ကုန်းသတ္တဝါဖြစ်သည်။ သင်္ဘောနစ်လုမတတ်ဟုဆိုလိုသည်။ သို့မဟုတ် ဘယ်အရပ်က ရောက်လာမှန်းမသိဟု ဆိုလိုခြင်းဖြစ်နိုင်သည်။ လူပရိသတ်အပေါင်းသည် အသားငတ်ကြီးကျသဖြင့် အလုအယက်သိမ်းဆည်းကြသည်။ သို့သော် ထိုသူများ၏ အပြုအမူကို ဘုရားရှင်စိတ်တော်နှင့် မတွေ့သဖြင့် ငုံးသားစားသူများ ပလိပ်ရောဂါကျစေပြီး သေကြေကြသည်။ ထို့ကြောင့် ထိုအရပ်ကို သင်္ချိုင်းကုန်းမြေဟု အဓိပ္ပါယ်ရသော တိဗြုတ်ဟတ္တဝါဟု နာမည်တွင်သည်။ ထိုမှ ဆက်သွားကြသော် ဟာဇရု၏ အရပ်သို့ စခန်းချကြပြန်သည်။ (ငယ် ၃၅)။

Previous Article
Next Article