ထွက်မြောက်ရာကျမ်း ၁၈

() မောရှေနှင့်ယေသရော (အခန်း ၁၈)

          ၁၈:၁၂ဤအခန်းကြီးသည် ထွက်မြောက်ရာကျမ်းတွင် တမူထူးခြားလေးနက်သော အခန်းဖြစ်သည်။ မန္နမုန့်၊ တောင်​ဝှေး၊ ခရစ်တော်လူသားခံယူခြင်း၊ အသေခံတော်မူခြင်းနှင့် သန့်ရှင်းဝိညာဉ်တော်ဆင်းသက်ခြင်း အကြောင်းများ ကြားသိခဲ့ကြသည်။ ယခုမစ၍ ခရစ်တော်ဘုရား ဘုန်းတန်ခိုးထင်ရှားမည့်အကြောင်း တွေ့ရမည်။ မောရှေသည် ခရစ်တော်ဘုရားအုပ်စိုးမည့်အကြောင်းကို ပုံဆောင်သည်။ မောရှေ၏ သားများသည် ယုဒလူမျိုးကို ပုံဆောင်၍ သူ့ယောက္ခမ ယေသရောသည် တစ်ပါးအမျိုးသားများကို ကိုယ်စားပြုပါသည်။ မောရှေ၏ သတို့သမီး ဇိပေါရထိမ်းမြားခြင်းသည် ယုဒအမျိုးနှင့်တစ်ပါးအမျိုးသားမခွဲခြားသော ခရစ်တော်၏သတို့သမီးအသင်းတော်ကို ပုံ​ဆောင်သည်။ ထိုသူများသည် ခရစ်တော်ဘုရား အနှစ်တစ်ထောင် အုပ်စိုးခြင်း ရောက်သောအခါ ကောင်းကြီး မင်္ဂလာ ခံစားကြမည့်သူများဖြစ်သည်။

ဤအဖြစ်အပျက်များသည် သမိုင်းရှုထောင့်မှတ်တမ်းမှတ်ရာများသာ မဟုတ်ပါ။ အပိုဒ်ငယ် (၅)တွင် ​ယေသရောသည် မောရှေနှင် တွေ့ဆုံရန် သိနာတောင်ပေါ်သို့ ရောက်ရှိလာကြောင်း တွေ့ရသည်။ ထိုနေ့ရက်ကာလထိ ဣသရေလလူမျိုးသည် သိနာတောင်ပေါ်သို့ မရောက်ရှိကြသေးပါ (၁၉:၂)။ မောရှေ တစ်ပါးတည်း သိနာတောင်ပေါ်တွင် ယေဟောဝါဘုရားသခင်နှင့် တွေ့ဆုံခြင်းသည် အခြားပြင်ပ ပယောဂ အနှောင့်အယှက် မဖြစ်စေရန် ဖြစ်သည်ဟု ကျမ်းစာပညာရှင် တစ်ပါးက ဆိုဖူးသည်။ မောရှေသည် အဲဂုတ္တုပြည်သို့ သွားစဉ်တွင် သူ့သားမယားအား ယောက္ခမထံ အပ်နှံခဲ့သည်။ ယခုယောက္ခမယေရောသက သမီး၊ မြေးများကို ပြန်လည်ခေါ်ဆောင်လာရောက်အပ်နှံသည်။ သို့ကြောင့် ယောသရောသည် စစ်မှန်သော ဘုရားတရားသိသူ ဖြစ်ကြောင်း ထင်ရှားသည်။ အချို့ကျမ်းစာပညာရှင်များက ယေဟောဝါဘုရား ကိုးကွယ်ရန် အဆင်သင့်ရှိနေသူဟု သတ်မှတ်ခံယူကြသည်။

၁၈:၁၃၂၇ မောရှေက ဣသရေလလူအပေါင်းတို့၏ အမှုအရာများ တစ်နေကုန်တစ်နေခမ်း စီရင်နေပုံကို တွေ့သောအခါ ယေသရောက သူ့သားမက်အား ဤသို့အကြံပြုသည်။ သူ့အား ကူညီပံ့ပိုးနိုင်မည့် အသက်ကြီးသူများ ရွေးချယ်ခိုင်းသည်။ ထိုသူများသည် ဘုရားသခင်ကို ကြောက်ရွံ့သူ၊ သစ္စာတရားပြည့်စုံသူ၊ လောဘရွံရှာသူ၊ တတ်စွမ်းနိုင်သောသူဖြစ်ရသည်။ ထို့အပြင် လူအုပ်ကြီးကိုလည်း တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ ဆယ်ယောက်အုပ် အစရှိသဖြင့် အဆင့်ဆင့်ဖွဲ့စည်းခိုင်း၍ ခေါင်းဆောင်တစ်ဦးစီ အသီးသီး ခန့်ထားစေသည်။ ကိုင်တွယ်အုပ်ချုပ်ပုံ စည်းစနစ်ကိုလည်း သင်ကြားသည်။ ထိုသို့ဖြင့် မောရှေသည် ဝန်ပေါ့သွားသည်။ အချို့ကျမ်းစာ ပညာရှင်များက ယေသရော၏ အကြံပြုချက်သည် ဘုရားသခင်၏ အကြံပေးခြင်းဖြစ်သည်ဟု ယူဆကြသည်။ အချို့က ဘုရားသခင်၏ ကျေးဇူးတော်မပါရှိလျှင် လက်ထောက်ကောင်း မရှိနိုင်ဟု မှတ်ချက်ပြုကြသည်။ ယခုအချိန်ထိအောင် ဘုရားသခင်သည် မောရှေအား ဘုရားသခင်နှင့် လူအကြား ဆက်ဆံရေးသံတမန်ကြီးအဖြစ် သဘောမထားသေး။ ဘုရားသခင် မိတ်ဆွေအဖြစ် ဆက်ဆံသည်။ ထို့ကြောင့် မောရှေပြုလုပ်စီရင်သမျှသည် ဘုရားသခင် ကိုယ်တော်တိုင် ပါဝင်စီရင်သကဲ့သို့ သဘောထားခံယူသည်။

Previous Article
Next Article