ဒံယေလအနာဂတ္တိကျမ်း ၈

၈။ ဒံယေလ၏ ဗျာဒိတ်တော် ဆိတ်နှင့်သိုး (အခန်း၈)

၈:၁-၄ နောက်(၂)နှစ်ကြာသောအခါ ဒံယေလဗျာဒိတ်မြင်ရပြန်သည်။ သိုးထီးနှင့် ဆိတ်ထီးတစ်ကောင်မြင်ရသည်။ ဦးချိုနှစ်ချောင်းရှိသော သိုးထီး၏ရူပါရုံမှာ Medo နှင့် Persian ဘုရင်ဖြစ်သည်။ ဦးချိုနှစ်ချောင်းသည် တဖက်နှင့်တဖက်မညီ။ တဖက်တို တဖက်ရှည်ဖြစ်နေသည်။ Persian ဘုရင်ကဘုန်းတန်ခိုး ပိုမိုပြည့်စုံမည့် လက္ခဏာဖြစ်သည်။ ထိုသိုးထီးသည် အနောက်အရပ်၊ မြောက်အရပ်နှင့်ရှေ့အရပ်များကို အောင်နိုင်သည်။ ခုခံနိုင်စွမ်းရှိကြပုံမရ။

၈:၅-၈ ထို့နောက်ဆိတ်ထီး(ဂရိ-မာကေဒေါနိ) သည် နောက်အရပ်မှထွက်လာ၍ မြေကိုမနင်းဘဲ၊ လေအဟုန်ကဲ့သို့ မြေကြီးတပြည်လုံးကို ကျော်လွှား၏ ဆိတ်ထီးတွင် စွမ်းအားထက်မြက်တောင့်တင့်သော ဦးချို(မဟာအလက်ဇန္ဒား) ရှိသည်။ ထိုဆိတ်ထီးသည် သိုးထီးကိုဝှေ့ခတ် နှိမ်နင်း အောင်မြင်လေသည်။ မဟာအလက်ဇန္ဒားကွယ်လွန်သောအခါ သူ့တိုင်းပြည်ကို စစ်သူကြီးလေးပါးက လေးပိုင်းခွဲစိပ် သိမ်းပိုက်ယူကြသည်။ ခွန်အားကြီးလွန်း၍ဦးချိုကျိုးပဲ့ခြင်း၊ ထူးဆန်းသောဦးချိုလေးချောင်းပေါက်၍ ကောင်းကင်အရပ်လေးမျက်နှာသို့ ပြခြင်း၏ နိမိတ်လက္ခဏာဖြစ်သည်။

၈:၉-၁၄ ထိုလေးချောင်းများထဲမှ ဦးချိုတစ်ချောင်းသည် အခြားဦးချိုတစ်ချောင်းထဲပေါက်ခြင်းမှာ အန္တိသြခုဧပိဖနိမင်း Antiochus Epiphanes ဖြစ်သည်။ အရှေ့အရပ်၊ တောင်အရပ်နှင့်ပါလေတိန (ပါလက်စတိုင်း) ပြည်များသို့ မျက်နှာပြုသည်။ အပိုဒ်ငယ် ၁၀ သည် ယုဒများကို ညှဉ်းပန်းနိုပ်စက်ခြင်းအကြောင်းဖြစ်သည်။ ယေရုရှလင်တွင် ဝတ်ပြုကိုးကွယ်မှုရပ်ဆိုင်းစေခြင်းဖြင့် ဘုရားအားပြစ်မှားသည်။ သန့်ရှင်းသောဗိမာန်တော်ကို  လည်း ရှုတ်ချသည်(ငယ်၁၁,၁၂)။ ထိုအဖြစ်ဆိုးသည် ရက်ပေါင်း(၂၃၆၀)ထိ ကြာရှည်ဦးမည်ဟု ဟောပြောခဲ့သည်။ ဤအဖြစ်အပျက်သည် ဘီစီ ၁၇၁ နှင့်  ၁၆၅ အကြားတွင် ဖြစ်ပေါ်ခဲ့သည်။

၈:၁၅-၁၇ ဒံယေလသည် ဤဗျာဒိတ်ရူပါရုံ၏ အဓိပ္ပါယ်ကို ချက်ချင်းနားမလည်သဘောမပေါက်သော ကြောင့်ကောင်းကင်တမန် ဂါဗြေလက လာရောက်ရှင်းလင်းပြောရသည်။

၈:၁၈-၂၆ ဒံယေလသည် ဘုရားသခင်၏လူ၊ ရဲစွမ်းသတ္တိပြည့်စုံသူဖြစ်သော်လည်း ကောင်းကင်တမန်ရောက်လာသောအခါ ကြောက်ရွံ့တုန်လှုပ်လျက် မြေသို့ပြပ်ဝပ်၍ မိန်းမောတွေဝေသည်။ ဤကျမ်းစကားသည် ဘုရားသခင်၏ဘုန်းတန်ခိုးနှင့် သန့်ရှင်းစင်ကြယ်မှု သယ်ဆောင်လာသော ကောင်းကင်တမန်ကို လူသားများက မဖူးမြော်ဝံ့ရဲသည့်အကြောင်း၊ ဆင်ဖြူ့မျက်နှာ ဆင်မဲ့မကြည့်ဝံ့သည့်အကြောင်း ဖြစ်သည်။ ဗျာဒိတ်ရူပါရုံအကြောင်းကို အငယ် ၁၉-၂၂ တွင်ရှင်းပြထားသည်။ အပိုဒ်ငယ် ၂၃မှစ၍ အန္တိသြခုဧပိဖနိမင်း Antiochus Epiphanes ၏ အနာဂတ်ကံကြမ္မာကိုရှင်းပြသည်။ ရဲရင့်သောမျက်နှာရှိ၍ ဘေးဒဏ်ကြီးကာလတွင် သန့်ရှင်းသူများအား ညှဉ်းပန်းနိုပ်စက်မည့်သူဖြစ်သည်။ ကောက်ကျစ်စဉ်းလဲ၍ မာနထောင်လွှားသည်။ ပရိယာယ်များသည်။ သခင်တို့၏သခင် (သခင်ယေရှုခရစ်တော်)တကိုလည်း ဆန့်ကျင်လိမ့်မည်။ သို့သော်လည်း လူ့လက်ဖြင့်ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးလိမ့်မည်ဟု ဒံယေလအားရှင်းပြသည်။

၈:၂၇ ထိုဗျာဒိတ်ရူပါရုံကို မြင်ရပြီးသောအခါ ဒံယေလသည် အံ့အားသင့်ခြင်းများစွာဖြင့် ရက်ပေါင်းများစွာမောပန်းနုံးချိသွားသည်။

Previous Article
Next Article