ဓမ္မရာဇဝင်စတုတ္ထစောင် ၁၈

၂။ ယုဒနိုင်ငံဖမ်းဆီးခံရခြင်း (အခန်း ၁၈၂၅)

(က) ဟေဇကိဘုရင် (အခန်း ၂၀)

အာခတ်၏သား ဟေဇကိမင်း သည် ဘီစီ ၇၁၆/၁၅-၆၈၇/၈၆ ထိ နှစ်ပေါင်း (၂၉) နှစ်ကြာ ယုဒဘုရင် အဖြစ် စိုးစံခဲ့သည်။ (၆ရာ ၂၉-၃၂၊ ဟေရှာ ၃၆-၃၉ တို့နှင့် ယှဉ်ဖတ်)။ ဤမင်းသည်လည်း အာခတ်မင်းနှင့် အတူ ဘီစီ ၇၂၉/၂၈-၇၁၆/၁၅ ထိ တွဲဘက် နန်းစံခဲ့သည်ဟု ယုံကြည်ရသည်။

၁။ ဟေဇကိမင်း၏ ဖြောင့်မတ်မှု (၁၈:)

၁၈:  ရှောလမုန်ဘုရင်ထက် ဟေဇကိမင်း၏ ဘုရားတရား ဆက်ကပ်ကြည်ညိုပုံက စာမျက်နှာ  ပိုယူသည်။ ၆ရာ ၂၉-၃၂ နှင့် ဟေရှာ ၃၆-၃၉ တွင် ဝိညာဉ်ရေးရာ ကြွယ်ဝပုံနှင့် နိုင်ငံရေးအောင်မြင်မှုတို့ ကို တွေ့ရမည်။

ဟေဇကိမင်းနန်းတက်ချိန်သည် အာရှုရိမင်း သြဇာရိပ် မကင်းချိန်ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှု အကြီးအကျယ်ပြုလုပ်သည်။ ရုပ်တုဆင်းတုဘုရား ကိုးကွယ်ခြင်းများကို မှောက်လှန်သည်။ တောင်ကုန်း ကိုးကွယ်ခြင်းများကို ဖျက်သိမ်းသည်။ တော ၂၁ ပါ ကြေးမြွေရုပ် ကိုလည်း ဖယ်ရှားသည်။ အဘယ်ကြောင့် ဆိုသော် ဣသရေလလူများက အမွှေးနံ့သာ ထွန်း၍ ပူဇော်ပသ နေကြသည်။ ထိုကြေးမြွေရုပ်ကို နေဟုတ္တန် ဟုခေါ်သည်။ အနက်မှာ ကြေးထည်ပစ္စည်း ဖြစ်သည် (NKJV Marg)။ ထာဝရဘုရားကို အမှန်တကယ် ယုံကြည် ကိုးကွယ်လာသည်နှင့် အညီ ယုဒဘုရင်များတွင် အကြီးမြတ်ဆုံးရှင်ဘုရင် ဖြစ်လာသည်။ ဟောရှိမင်းသည်လည်း ဒုစရိုက်မှုနှင့် မှားယွင်းကိုးကွယ်မှုများကို သုတ်သင်ဖယ်ရှား ခဲ့သောကြောင့် အကြီးမြတ်ဆုံး ဘုရင်ဖြစ်ခဲ့သည် (၂၃:၂၄-၂၅)။

၁၈:  အာရှုရိမင်း၏ ဝန်ထုတ်ဝန်ပိုးကိုလည်း ခေါင်းငုံ့ ၍လည်စင်း မခံတော့ပါ။ ဖိလိတ္တိပြည်ကို တိုက်ခိုက်သိမ်းပိုက်၍ စစ်အင်အားတောင့်တင်း ကြောင်းပြသည်။ မြို့ရိုးခံတပ်ကြီးများ အခိုင်အခံ့ တည်ဆောက်၍ ကင်းမျှော်စင်ကြီးများ နေ့ညဉ့်စောင့်ကြည့်စေသည်။

၂။ အဖမ်းခံရှမာရိသားများ (၁၈:၁၂)

၁၈:၁၂  ဟေဇကိမင်းနှင့် တိုက်ရိုက်မပတ်သက်သော်လည်း မဆီမဆိုင် အာရှုရိမင်း၏ ရှမာရိမြို့ သိမ်းပိုက်မှု ကြားညှပ်ပါရှိခြင်းသည် ဟေဇကိမင်း ပတ်လည်တွင် အန္တရာယ်များနေကြောင်း သမိုင်း နောက်ခံ ဇာတ်ခင်းပေးခြင်း ဖြစ်သည်။ အပိုဒ်ငယ် ၉နှင့် ၁၀ ကြားကာလသည် တနှစ်ကြာသည်ဟု ယူဆရသည်။ ရှမာရိမြို့ ဖမ်းဆီးသိမ်းသွားခြင်းသည် ဟေဇကိမင်း နန်းစံချိန် စတုတ္ထနှစ် နှောင်းပိုင်းကာလဖြစ်သည်။ နန်းစံသက် ဆဌမနှစ်ဆန်းပိုင်းတွင် ထိုအရေးအခင်းပြီးဆုံးသည်။ ထို့ကြောင့် သုံးနှစ်ကြာသည် ဟု ဆိုသည်။ ဘီစီ ၇၂၅-၇၂၂ တွဲ ဘက် ဘုရင်အဖြစ် ထမ်းဆောင်ပေမည်။

၃။ အာရှုရိဘုရင် သနာခရိပ်က ပထမအကြိမ် ကျူးကျော်ခြင်း (၁၈:၁၃၁၆)

၁၈:၁၃၁၆  အာရှုရိမင်း အကျဉ်းအကြပ်ရောက်သည့် ကာလဖြစ်သည်။ ဒုတိယ သာဂုန်မင်းသည် ဗာဗုလုန်ပုန်ကန်မှုတွင် ကျဆုံးသွားပြီ။ သာဂုန်မင်းကို ဆက်ခံသော သနာခရိပ်မင်းသည် ပါလေတိနနှင့် ဖိနိတ်ပြည်သို့ ချီတက်သည့် ဘီစီ ၇၀၁ နောက်ပိုင်းတွင်  ဖြစ်မည်။ သနာခရိပ်သည် မြို့ပေါင်း (၄၆)မြို့နှင့် လူနှစ်သိန်းအား ယုဒများထံမှ ဖမ်းဆီးသိမ်းလိုက်သည်။ ထို့ကြောင့် ဟေဇကိမင်းသည် မိမိပုန်ကန်မှုသည် မှားပါသည်ဟု ဝန်ချလျှက် ငွေအခွက်သုံးထောင် ရွှေအခွက်သုံးရာ  (ကြီးမားသော ပမာဏ) ပေး၍ ယေရုရှလင်မြို့ကို ကာကွယ်သည်။ သနာခရိပ် ကလည်း ယေရုရှလင် အနောက်တောင်ဘက်ရှိ အဲဂုတ္တုပြည် သွားရာမလှမ်းမကမ်း လာခိရှမှ ဟန်ရေးငင် တပြင်ပြင်နှင့် စောင့်နေသည်။

၄။ အာရှုရိဘုရင် သနာခရိပ်က ဒုတိယအကြိမ် ကျူးကျော်ခြင်း (၁၈:၁၇၁၉:၃၄)

၁၈:၁၇၁၉  ဟေဇကိမင်းသည် ယေရုရှလင်မြို့အား ခံတပ်ပြုပြင်တည်ဆောက်သည် (၆ရာ ၃၂:၅)။ ထိုသတင်းကို သနာခရိပ်ကြားသိသောအခါ ခြွင်းချက်မရှိ အညံ့ခံရန် စစ်ကိုယ်စားလှယ်များ စေလွှတ်သည်။ ယုဒလူကြီးသုံးဦးသည် သနာခရိပ်၏ စစ် ကိုယ်စားလှယ်များအား ထွက်ကြိုကြသည်။ NIV ကျမ်းမူတွင် “စစ်ဦးစီးချုပ်” ‘ဦးစီးအရာရှိချုပ်’ နှင့် ‘စစ်မြေပြင် ဗိုလ်ချုပ်ကြီး’ ဟုဆိုသည်။ NKJV ကျမ်းမူတွင် စစ်မြေပြင် ရာထူးအလိုက် တာတန် Tartan, ရာဗသာရိတ် Rabsaris, နှင့် ရာဗရှာခ Rabshakeh ဟုဆိုသည်။ ထိုဝေါဟာရများသည် လူပုဂ္ဂိုလ်နာမည်များ မဟုတ်ပါ။ ရာထူးဌာနန္တရများ ဖြစ်သည်။၂၁

၁၈:၂၀၂၅  ရာဗရှာခ စစ်သူကြီးက ဟေဇကိမင်းအား စော်ကားစကားဆိုသည်။ ပထမတွင် ဟေဇကိမင်းအား မြှောက်ပေးသယောင်နှင့် ချီးမွမ်းခြေကျောက်စကား ဆိုသည်။ နောက် အဲဂုတ္တုပြည် တည်းဟူသော ကျူပင်တောင်ဝှေးကျိုးကို မလောက်လေးမလောက်စား အားကိုးရသလားဟု အမြှီးလှန်ချိုးသည် (ငယ် ၂)။ တတိယစကားမှာ ဟေဇကိမင်းသည် တောင်ပေါ်က ဘုရားများကို ဖျက်ဆီးပြီး ဖြစ်သောကြောင့် အားကိုးစရာ ဘုရားလည်း မရှိတော့ဟု စော်ကားသည်။ အမှန်စင်စစ် တွေ့ရာတောင်ကုန်းများ ပေါ်တွင် တည်ထားသော ဘုရားသည် ဘုရားစစ်ဘုရားမှန် မဟုတ်၊ အုတ်ပုံထင်းပုံ များသာ ဖြစ်ကြောင်း ရာဗရှာခ စစ်ဗိုလ်ချုပ်ကြီး မသိရှာ။ ထို့ပြင် ဟေဇကိမင်း တွင် တိုက်ပွဲဝင်နိုင်သော စစ်သည်အင်အား နှစ်ထောင် မရှိနိုင်ကြောင်း လောင်းကြေးထပ်လိုက်သေးသည်။ အမှန်စင်စစ် ဟေဇကိမင်း တွင်လည်း မြင်းစစ်သည် အလုံအလောက် မရှိသောကြောင့် အဲဂုတ္တုမင်းအား မှီကိုးခြင်း ဖြစ်သည်။ နောက်ဆုံး စကားမှာ အာရှုရိများသည် ယုဒပြည်အား ဖျက်သိမ်းရန် ဘုရားသခင် စေလွှတ်လိုက်သော သူများ ဖြစ်သည်ဟု ဆိုသည်။

၁၈:၂၆၂၇  ယုဒအရာရှိမင်းများက ရာဗရှာခဗိုလ်ချုပ်ကြီးအား ဘေးလူများကြားသိမည် စိုးသောကြောင့် ဟေဗြဲဘာသာစကားဖြင့် မပြောဘဲ၊ ရှုရိဘာသာစကားဖြင့် ပြောရန် တောင်းပန်ကြသည်။ မြို့ရိုးပေါ်ရှိ ပြည်သားများ ကြားသိလျှင် စိတ်အားငယ် ကြောက်လန့်ကြမည် စိုးရိမ်သောကြောင့် လူအများ မသိသော ဘာသာစကားဖြင့် ပြောခိုင်းခြင်း ဖြစ်သည်။ သို့သော်လည်း ရာဗရှာခ ဗိုလ်ချုပ်သည် မြို့ရိုးအမြင့်ပေါ်သို့ တက်ပြီးအရွဲ့တိုက်၍ ညစ်ညမ်း ယုတ်ပတ်သော စကားများဖြင့် အော်ကြီးဟစ်ကျယ် ထပ်ပြောသည်။

၁၈:၂၈၃၇  ရာဗရှာခ ဗိုလ်ချုပ်သည်   မြို့ရိုးပေါ်မှ ပရိတ်သတ်များအား တိုက်ရိုက်စကားဆိုသည်။ ဟေဇကိမင်းပြောသော ထာဝရဘုရားသခင်က ကယ်တင်မည်ဟူသည့် စကားကို မယုံကြည်ကြနှင့် မိမိထံသို့ ရိုးသားစွာ အညံ့ခံလျှင် အသက်ချမ်းသာပေးသည့် အပြင် ယေရုရှလင်တွင်လည်း ယာယီဆက်နေခွင့် ပြုမည်။ အာရှုရိမင်း အဲဂုတ္တုပြည် သိမ်းပိုက်၍ ပြန်လာသောအခါ ပြည်သားများအား အာရှုရိပြည်သို့ ခေါ်ဆောင်၍ မိမိမွေးရပ်မြေကဲသို့ နေခွင့်ပြုမည်။ အာရှုရိလူများလွဲ၍ မည်သူမှ ကယ်မည့်လူမျိုး၊ ဘုရားမရှိဟု ဆိုသည်။ ပရိသတ်များက တခွန်းမှ မတုံ့ပြန်ကြ။ မျက်စိပေကလပ်၊ ပေကလပ်ဖြင့် ကြည့်နေကြသည်။ ယုဒအရာရှိမင်း သုံးဦးသည် ထိုစကားကို ဟေဇကိမင်းထံ သတင်းပို့ကြသည်။

Previous Article
Next Article