ဓမ္မရာဇဝင်ဒုတိယစောင် ၁၁

၂။ ဒါဝိဒ်ကျဆင်းခြင်း (အခန်း ၁၁၊၁၂)

(က) ဗာသရှေဘနှင့် ဥရိယအပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း (အခန်း ၂၂)

၁၁:  ဒါဝိဒ်၏ လူစိတ်မဆန်ဖေါက်ပြန်ပုံ ကို Matthew Henry က ဤသို့ဆိုထားသည်။ (၁) မိမိအလုပ်ကို မေ့လျှော့လာသည်။ (၂) စိတ်အလိုလိုက် လွယ်သည်။ (၃) လိုချင်တပ်မက်သော မျက်စိရှိသည်။၁၃ ကိုယ်တိုင်ဦးဆောင်၍ အမ္မုန်ရန်သူကို တိုက်ခိုက်သင့်သော်လည်းမလိုက်။ အိမ်တွင်ဇိမ်ခံနှပ်နေကာ စစ်သူကြီး ယွာဘကိုသာ မြေပြင်သို့ စေလွှတ်သည်။ အချိန်အားနေလျှင် စုံစမ်းနှောက်ယှက်ခြင်း ဝင်တတ်ပါသည်။ တညနေခင်းတွင် နန်းတော်မှ ပတ်ဝန်းကျင် ငေးကြည့်ရာမှာ လှပကျော့ရှင်းသော မိန်းမတဦးကိုလှမ်းမြင်သည်။ ထိုမိန်းမသည် ဥရိယ၏ မိန်းမ ဗာသရှေဘဖြစ်၍ ရေချိုးနေသည်။ ကြောက်မက်ဖွယ်ရာ ဒါဝိဒ်၏ ကိုယ်ကျင့်တရားမှာ ထိုမိန်းမအား ချက်ချင်းခေါ်ယူပြီး ခြေတော်တင်သည်။ အိမ်ပြန်ရောက်သောအခါ ထိုမိန်းမသည် စင်ကြယ်ခြင်း အမှုပြုရသည်။ ကိုယ်လေးလက်ဝန်ရှိလာသောအခါ ဒါဝိဒ်သို့ သတင်းပေးသည်။

၁၁:၁၃  ဒါဝိဒ်မင်းသည် သူ့အပြစ် ဒုစရိုက်ကို ဖုံးကွယ်ဖို့ကြိုးစားသည်။ ယွာဘ၏ စစ်မြေပြင်သတင်း တိုးတက်မှုကို သိရှိလိုဟန်ဖြင့် ဥရိယအား ရှေ့တန်း စစ်မြေပြင်မှ နောက်တန်းသို့ ပြန်ခေါ်သည်။ ဥရိယအား ဧည့်ခံကြိုဆိုပြီးနောက် အိမ်ပြန်လွှတ်၍ မိန်းမနှင့်အတူ အိပ်ခိုင်းသည်။ ကလေးမျက်နှာမြင်သောအခါ ဥရိယက သူ့ရင်သွေးဟု ထင်မှတ်စေသည်။ သို့သော် ထင်တိုင်းမပေါက်။ ဥရိယသည် အိမ်သို့မပြန်ဘဲ၊ နန်းတော်လှေကားထိပ်တွင် အိပ်သည်။ သူ့အပေါင်းအဖေါ် စစ်မြေပြင်တွင် ဗွက်လူးနေသည့်အချိန်တွင် အခွင့်ကောင်းယူ၍ သားမယားနှင့် မပျော်ပိုက်လို။ ဒါဝိဒ်က နောက်တဆင့်ကြိုးပမ်းချက်ဖြင့် ဥရိယအား အရက်မူးအောင် တိုက်ပြီး အိပ်ပြန်ခိုင်းပြန်သည်။ သို့သော် ဥရိယသည် မူးသာမူးပြီး၊ မရူး။ ဒါဝိဒ်မင်း၏ မလှိမ့်တပတ်လှည့်ကွက်ထဲသို့မဝင်။

၁၁:၁၄၁၇  ဒါဝိဒ်သည် အယုတ်ညံ့ဆုံး လမ်းစဉ်ကို ကြံဖန်တော့သည်။ ဥရိယအား သေရာသေစေကြောင်း ယွာဘထံသို့ စာရေး၍ ဥရိယကိုယ်တိုင်သွားပို့ စေသည်။ ဥရိယအား ရန်သူနှင့် မျက်နှာချင်းရင်ဆိုင် တိုက်ပွဲတွင် ဦးဆောင်ခိုင်းသည်။ ရန်သူများနှင့် လုံးထွေးနေစဉ် ဘေးနံတပ်မှုးဆုတ်ခွာစေခြင်းဖြင့် ဥရိယအား ရန်သူ့သတ်ကွင်းထဲသို့ စစ်ကျွံစေသည်။ ဘုရင့်အမိန့်တော်အတိုင်း ယွာဘလည်း လိုက်ရှာသည်။ တိုက်နည်းပရိယာယ်သည် ပြောင်လှောင်စရာ ဖြစ်လာသည်။ ဥရိယကျဆုံးသောကြောင့် ရည်ရွယ်ချက်အောင်မြင်သည်။

၁၁:၁၈၂၁  ယွာဘက စစ်ရေးနိမ့်ကြောင်း ဒါဝိဒ်မင်းထံ သတင်းပို့သောအခါ ဒါဝိဒ်စိတ်ဆိုးသည်။ မြို့ရိုးနားသို့ မချဉ်းကပ်ရကြောင်း မသိဘူးလား၊ ဂိဗောင်၏သား အဘိမလက်မြို့ရိုးနားကပ်၍ကျောက်ခဲဖြင့် ထုသတ်ခံခဲ့ရသည့် ဇာတ်လမ်း သင်ခန်းစာမရဘူးလား (သူကြီး ၉:၅၀-၅၅ ကိုကြည့်) ဟု အပြစ်ဆိုသည်။ သို့သော် ဟိတ္တိသာ ဥရိယသားစစ်မြေပြင်တွင် ကျဆုံးကြောင်းသတင်း စကားဖြင့် ယွာဘက ဒါဝိဒ်၏ ဒေါသကို ဖြေလျှော့သည်။ ထိုစကားကြောင့် တနေကုန် စစ်ရေးရှုံးနှိမ့်ခြင်း သတင်းကို ဒါဝိဒ် အရေဖျော်ပစ်သည်။

၁၁:၂၂၂၅  ယွာဘလွှတ်လိုက်သော ခြေမြန်တော်က ဒါဝိဒ်အား စစ်မြေပြင်သတင်း အသေးစိတ်ကို တင်ပြသည်။ ဥရိယကျဆုံးသည့် အကြောင်းကိုလည်း သတင်းပို့သည်။ ဒါဝိဒ်မင်းက ဥရိယကျဆုံးသည့် သတင်းနှင့် ပတ်သက်၍ ဝမ်းနည်းအားလျှော့ခြင်း မရှိကြနှင့်။ စစ်သားဟူသည် တိုက်ပွဲမှာသေဖို့ မွေးဖွားခြင်းဖြစ်သည်။ အားယူ၍ ဆက်တိုက်ကြဟု မှာလိုက်သည်။ ဒါဝိဒ်စကားသည် မှန်သင့်သလောက်မှန်သော်လည်း အတွင်းစိတ်မှာ အပြစ်ဖုံးကွယ်ခြင်းဖြစ်သည်။

၁၁:၂၆၂၇  ယုဒထုံးစံအတိုင်း ဥရိယ၏ ရက်လည်ဆွမ်းသွတ်ပြီးမြောက်သောအခါ ဒါဝိဒ်သည် ဗာသရှေဘအား မိဘုရားအဖြစ် သိမ်းပိုက်သည်။ များမကြာမှီ ကလေးမျက်နှာလည်း မြင်ရသည်။

ဒါဝိဒ်ဘဝတွင် အပြစ်အနာစာ ဗလဗွကြုံတွေ့ရသော်လည်း ဘုရားသခင်ပေါ် သစွာမယွင်းမှုကို ပြသပါသည်။ ဘုရားသခင်၏ လူများသည် အပြစ်ပြုမှားမိသော်လည်း ဘုရားသခင်ကို သစ္စာမဖေါက်ရ (Daily Notes of the Scripture Union).

Previous Article
Next Article