ဓမ္မရာဇဝင်ပဋ္ဌမစောင် ၁၄

() ရှောလု၏အလျင်စလိုကတိ (အခန်း ၁၄)

          ၁၄:၁၅ တစ်နေ့သ၌ ယောနသန်သည် ဖခင်ထံ သတင်းပို့ခြင်းမရှိဘဲ၊ ကိုယ်ရံတော်နှင့်အတူ ဖိလိတ္တိတပ်ဖွဲ့အား တိတ်တဆိတ်ချဉ်းကပ်သွားရောက်သတ်ဖြတ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် စွန့်စားခြင်း မဟုတ်။ မိုက်ရူးရဲခြင်းဖြစ်သည်။ သို့သော် ယောနသန်ကို ဘုရားသခင်က အောင်မြင်မှုပေးခဲ့သည်။ တိုက်ပွဲ အောင်မြင့်ဖို့သည် အရေအတွက်အပေါ်တွင်မမူတည်။ ကြံရည်ဖန်ရည်ယုံကြည်ခြင်းပေါ်တွင် မူတည်သည်ဟု ခံယူသည်။ အောင်အတိတ်အောင်နိမိတ် ယုံကြည်ခြင်းလိုသည်။ ထိုသို့ယုံကြည်ခြင်းရှိသည့်အတိုင်း ယောနသန်သည် ယုံကြည်ခြင်းလက်ဆောင်ရရှိသည်။ ယောနသန်တို့ ဆရာတပည့် နှစ်ယောက်ကို ဖိလိတ္တိတို့က စစ်ပြေးများဟုထင်ကာ လက်ရပ်ခေါ်ကြိုဆိုကြသည်။ ဖိလိတ္တိတို့ထံရောက်သည်နှင့် လူနှစ်ဆယ် သုတ်သင်ပစ်လိုက်သည်။ သို့ဖြင့်ဖိလိတ္တိတပ်ထဲတွင် ရုန်းရင်းဆန်ခတ် ဝရုန်းသုန်းကား ဖြစ်ကုန်သည်။ ယောနသန်၏ ယုံကြည်ခြင်းအဖြေကို အငယ်၆ တွင် တွေ့ရသည်။ ကိုယ်ရံတော်၏ ကျိုးနွံသစ္စာရှိမှုကို အငယ် ၇ တွင် တွေ့ရသည်။

၁၄:၁၆၂၃ ထိုအမှုအရာကို တွေ့မြင်နေသော ကင်းစောင့်က ရှောလုထံ သတင်းပို့သည်။ စစ်သားများ လူစစ်ဆေးသောအခါ ယောနသန်နှင့်တပည့်ပျောက်နေကြသည်။ သို့ကြောင့် ရှောလုသည် သစ္စာပြုရန် ယဇ်ပုရောဟိတ်အဟိယအား ပဋိညာဉ်သေတ္တာချက်ချင်းယူဆောင်လာခိုင်းသည်။ (NKJV Margin တွင် Septuagint အတိုင်း ပဋိညာဉ်သေတ္တာသင်တိုင်းဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ပဋိညာဉ်သေတ္တာသည် ထိုကာလထိ ကိရယတ်ယာရိမ်တွင် ရှိနေသည်)။ သို့သော်ပဋိညာဉ်မပြုဖြစ်။ တပ်ဝင်းရှိလူများက တောင်းဆိုကြသဖြင့် ချက်ချင်းပြန်လည် ရုပ်သိမ်းလိုက်သည်(ငယ်၁၉)။ ဖိလိတ္တိတို့အား တိုက်ခိုက် အောင်မြင်ခြင်း အခွင့်ကို ဘုရားသခင်ပေးသနားတော်မူသည်ဟု ခံယူလိုက်သည်။ သို့ဖြင့် စစ်ဦးကာလတွင် ထွက်ပြေး တိမ်းရှောင် နေသော ဣသရေလစစ်သားများသည်လည်း  ပုန်းအောင်းတိုက်ခိုက် ကြသည်။ စစ်အောင်နိုင်သူဘက်တွင် ပါဝင်အောင်ပွဲခံချင်ကြသော်လည်း ယောနသန်သည် သဲတရှပ်ရှပ်ဆီတဝင်းဝင်း ဖြစ်နေသည်။

၁၄:၂၄၃၀ တိုက်ပွဲပြီးဆုံးသောအခါ စစ်တပ်တစ်တပ်လုံး ညနေစာမစား ဥပုသ်စောင့်ကြရန် ရှောလုအမိန့် ထုတ်ပြန်သည်။ အမိန့်ကိုလည်း ကျိန်စာတိုက်ထားသည်။ ရန်သူနှင့် ရင်ဆိုင်နေစဉ် အစာရှောင်ခြင်းသည် ကြီးလေးသော ဆင်းရဲဒုက္ခဖြစ်သည်။ ထိုကာလမျိုးတွင် ပျားရေတစ်စက် ရေတစ်မှုတ်သည် ကြီးမားသောခွန်အားဖြစ်စေသည်။ ယောနသန်ရောက်လာသောအခါ ဖခင်၏အမိန့်ကျိန်စာကို မသိသဖြင့် လှံဖျားဖြင့် ပျားရည်ခံ၍ စားသည်။ အမှန်စင်စစ် ထိုအမိန့်သည် ဣသရေလတို့၏ စစ်ရေးအောင်မြင်မှုကို အဟန့်အတားပြုသော မိုက်မဲမှု ဖြစ်သည်။

၁၄:၃၁၄၂ ရှောလု၏ စစ်မြေပြင်စည်းကမ်းသည် ယောနသန်ကို အကျဉ်းအကြပ်ရောက်စေသည်သာမက ဣသရေတစ်တပ်လုံးလည်း ဒုက္ခရောက်စေသည်။ တိုက်ပွဲပြီးဆုံးသည်နှင့်တပြိုင်နက် စစ်နိုင်သော ဣသရေလတပ်ဖွဲ့ဝင်များသည်တွေ့ရာ တိရစ္ဆာန်များကို ဘီလူးသဘက်စီးဝင်သည့်ပမာ ငတ်ငတ်ပြတ်ပြတ်ဖြင့် သတ်ဖြတ်စားသောက်ကြရသည်။ အူနုချေးခါး၊ အသွေးမရှောင်စားပစ်ကြသည် (အသွေးမလွန်ဘဲအသား မစားရန် ဝတ် ၁၇:၁၀-၁၄ နှင့်တရား ၁၂:၂၃-၂၅ တွင်ပြဌာန်းထားသည်)။ ထိုအကြောင်းအရာကို ရှောလုကြားသိသောအခါ အပြစ်တင်သည်။ ကျောက်ဆောင်ကြီးယူ၍ ထိုနေရာတွင် ယဇ်ပလ္လင်တည်လိုက်သည်။ ထိုနေ့ညတွင် ရှောလုသည် ဖိလိတ္တိလူတို့အား လိုက်စစ်ဆင်နွဲမည့်အကြောင်း ဘုရားသခင်ထံ ခွင့်တိုင်သည်။ သို့သော် အဖြေစကားမကြားရ။ သို့ကြောင့် တပ်စခန်းထဲတွင် အမိုက်အမှား ဒုစရိုက်တစ်ခုခုရှိကြောင်း ရိပ်မိသည်။ လူအပေါင်းအား ရှောလုက ခေါ်ယူစစ်ဆေးသည်။ အကယ်၍ ငါ့သားယောနသန်သည် အပြစ်ပြုလျှင်လည်း ခွင့်မလွှတ်ဟု ကြိမ်းဝါးသည်။

၁၄:၄၃၄၆ ယောနသန်က သူပျားရည်လျက်စားမိသည့်အကြောင်း ရှင်းပြသောအခါ ဖခင်ကသေဒဏ် အမိန့်ချသည်။ သို့သော်ပရိသတ်များက ယောနသန်ဘက်၌ ဘုရားသခင်ရှိသောကြောင့် တိုက်ပွဲအောင်မြင်ခဲ့သည့်အကြောင်း ထောက်ပြကြသည်။ ရှောလု၏ ကျိန်စာကို ဖောက်ပြန်မိသောကြောင့် စစ်မြေပြင်သူရဲကောင်းအား သတ်ဖြတ်လျှင် မည်သို့ရှိမည်နည်း။ သို့ဖြင့် ယောနသန်သည် အသက်ချမ်းသာရာရသည်။ ထိုသို့မလိုလားအပ်သော အမှုကိစ္စတွင် ကြန့်ကြာသောကြောင့် ဖိလိတ္တိသားများ ထွက်ပြေးလွတ်မြောက်ကုန်သည်။ သို့ဖြင့် ဒုတိယအကြိမ် အောင်ပွဲလက်လွှတ်ရသည်။

၁၄:၄၇၅၂ အပိုဒ်ငယ် ၄၇-၄၈သည် ရှောလု၏ စစ်ရေးအောင်ပွဲများပြန်နွေးခြင်းဖြစ်သည်။ နောက်သုံးပိုဒ်သည် ရှောလု၏ မိသားစုအရေးဖြစ်သည်။ နောက်ဆုံးကျမ်းပိုဒ်သည် ရှမွေလက ၁ရာ ၈:၁၁တွင် ပရောဖက်ပြုထားသည့် ဣသရေလသားတို့ စစ်ဘေးစစ်ဒဏ်သင့်ကြမည့်အကြောင်း ဖြစ်သည်။

Previous Article
Next Article