ဓမ္မရာဇဝင်ပဋ္ဌမစောင် ၁၇

() ဂေါလျက်အားအနိုင်ယူခြင်း (အခန်း ၁၇)

          ၁၇:၁၁ ဂါသမြို့မှ မလှမ်းမကမ်းယေရုရှလင် အရှေ့တောင်ဘက်တွင် ဖိလိတ္တိလူများသည် ရှောလုအား တိုက်ခိုက်ရန် အင်အားအလုံးအရင်းဖြင့် တပ်ဖွဲ့နေကြသည်။ ရှောလုဦးဆောင်သော ဣသရေလတပ်ဖွဲ့သည် ဧလာချိုင့်ဝှမ်းတွင်စုဖွဲ့ကြသည်။ ဖိလိတ္တိတပ်ထဲမှ ဂေါလျက်အမည်ရှိသော အားကောင်းမောင်းသန် လူညိုထွားကြီးသည် တောင်ကုန်းပေါ်သို့ တက်၍ ဣသရေလစစ်သားများအား စီးချင်းထိုးဖို့ စိမ်ခေါ်သည်။ ဣသရေလဘက်က တစ်ယောက်မှမလှုပ်။ ဂေါလျက်သည် အရပ် ၉ပေ၉လက်မ ရှိ၍ အလေးချိန် ၁၇၅ပေါင်ခန့်ရှိသော စစ်လက်နက်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည်။ ခေါင်းပေါ်တွင် ဆောင်းထားသော သံစစ်ခမောက်သည် ၁၅ပေါင်လေးသည်။ ကိုယ်ခန္ဓာအလေးချိန်ပေါင် ၆၀၀၊ ၇၀၀ခန့် ရှိသောကြောင့် သူ့အတွက် လေးလံသော စစ်လက်နက်ပစ္စည်းဟူ၍ မရှိ။ သို့ကြောင့် တော်ရုံ၊ တန်ရုံသာမန်လူက မယှဉ်ဝံ့ကြ။

၁၇:၁၂၃၀ ဒါဝိဒ်၏ အကိုသုံးယောက်သည် စစ်မှုထမ်းများဖြစ်သောကြောင့် ဂေါလျက်၏ ခွန်အားဗလကြီးထွားပုံ၊ ကြောက်မက်ဖွယ်ရာကောင်းပုံ ပြောစကားများကြားဖူးနားဝရှိသည်။ ထိုဂေါလျက်တွင် ထူးခြားဆန်းပြားသည့် မည်သည့်အစွမ်းအစရှိကြောင်း ဒါဝိဒ်က မေးမြန်းလျှာရှည်သောအခါ အကိုအကြီးဆုံး ဧလျာဘက ငေါက်ငမ်းလေ့ရှိသည်။ ဂေါလျက်အကြောင်းကြားလျှင် တုန်လှုပ်ကြသည်။ နာမည်မျှပင်မခေါ်ရဲကြ။ ထိုသို့သောလူမျိုးကို ဒါဝိဒ်တွေ့ချင်သည်။ မျက်နှာချင်းရင်ဆိုင်တိုက်ခိုက်ရမည့် အခွင့်အရေးစောင့်မျှော်နေသည်။

၁၇:၃၁၄၀ ထိုဂေါလျက်ကို တစ်ဦးချင်းရင်ဆိုင် စီးချင်းထိုးဝံ့သူ ကျေညာမောင်းခတ်လိုက်လံရှာဖွေသောအခါ ဒါဝိဒ်တစ်ယောက်သာ တွေ့သည်။ ရှောလုမင်းရှေ့သို့ ရောက်လာကြသောအခါ ရှောလုက ဒါဝိဒ်၏ ခွန်အားဗလကို ကြည့်၍ စိတ်ပျက်မိသည်။ သို့သော်လည်း ဘုရားသခင်၏ စွမ်းအားဖြင့် အနိုင်ယူနိုင်ကြောင်း ဒါဝိဒ်က ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ဒါဝိဒ်သည် သိုးထိန်းကျောင်းစဉ် ခြင်္သေ့နှင့်ဝံကို တိုက်ခိုက်အောင်နိုင်ခဲ့ဖူးသည်။ ဘုရားသခင်ကို အားကိုးသည်။ သူအားကိုးသော ဘုရားသခင်၏ ဘုန်းတန်ခိုးအစွမ်းကို လူအများရှေ့တွင် သက်သေထူချင်သည်။ ရဲဝံ့စွန့်စားစွာရင် ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်သဖြင့် ဂေါလျက်အား ရင်ဆိုင်တိုက်ခိုက်ရန် ဝတ်ဆင်ရမည့် စစ်လက်နက်ပစ္စည်းများ ရှောလုက ထုတ်ပေးသည်။ သို့သော် ဒါဝိဒ်က ထိုလက်နက်ပစ္စည်များမယူ။ ချောမွတ်သော ကျောက်လောက်စာလုံး ငါးလုံးနှင့် လောက်လွှဲကို ကိုင်ဆောင်လျက် ဘုရားပေးခွန်အားဖြင့် ရင်ဆိုင်သည်။

၁၇:၄၁၅၄ လူ့ဘီလူးကြီးဂေါလျက်က ချာတိတ်ဒါဝိဒ်အား တွေ့မြင်သောအခါ ဣသရေလလူများက သူ့အား မထီမဲ့မြင်ပြုသည်ဟု ခံယူသည်။ ဂေါလျက်က ဒါဝိဒ်အား ဝါးစားပစ်မည်ဟု ခြိမ်းခြောက်သည်။ သို့သော် ဒါဝိဒ်က အလျဉ်းမကြောက်။ ဘုရားသခင်က အောင်ပွဲပေးမည်ဟု အပြည့်အဝယုံကြည်သည်။ ဒါဝိဒ်နားသို့ ဂေါလျက်ချဉ်းကပ်လာသောအခါ ဒါဝိဒ်က ဂေါလျက်နဖူးအား လောက်စာလုံးဖြင့် ပစ်ထည့်လိုက်သည်။ ဂေါလျက်သည်ရှေ့သို့ မှောက်ရက်လဲကျသည်။ ဒါဝိဒ်သည် ဂေါလျက်ဓါးကိုအမြန်ဆွဲနှုတ်ယူပြီး၊ ဂေါလျက်လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။ ထိုအခါ ဖိလိတ္တိစစ်သားများ ထွက်ပြေးသွားကြသဖြင့် ဣသရေလတို့က လိုက်လံချေမှုန်းကြသည်။

၁၇:၅၅၅၈ ဤကျမ်းချက်သည် ရှုပ်ထွေးသောကျမ်းပိုဒ်ဖြစ်သည်။ ၁၆:၂၁တွင် ရှောလုက ဒါဝိဒ်အား ချစ်ခင်မြတ်နိုးသောကြောင့် အနားသို့ခေါ်ထား၍ စစ်လက်နက်ဆောင်ခိုင်းထားသည်ဟု ဆိုသည်။ ဤကျမ်းချက်တွင် ဤသူငယ်ကို မသိဟုဆိုပြန်သည်။ သို့ကြောင့် မည်သူ့သား မသိဟု ဆိုလိုဟန်ရှိသည်။ ရှောလုသည် ဒါဝိဒ်မိသားစုအကြောင်းကို မသိလေရော့သလား။ William က ဤသို့ဆိုထားသည်။

ရှောလုက ဂေါလျက်ကို အောင်မြင်သူ၏ မိဘများသည် ဘုရင့်အခွန်အတုတ် ကင်းလွတ်ကြရ   မည့်အပြင် ထိုသူကိုလည်း ဘုရင့်သမီးတော်နှင့် ပေးစားမည်ဟု ကတိပြုထားသည်။ သို့ကြောင့် ဒါဝိဒ်၏ မိဘများအား ဂုဏ်ပြုသောအားဖြင့် မည်သူ့သားများလဲကွယ်ဟု အံ့ဩချီးမွမ်းဆိုခြင်းဖြစ်ပေမည်။၁၇

ထိုသဘောထားကို ၁၈:၁၈ က ထောက်ခံထားကြောင်းတွေ့ရသည်။ ဒါဝိဒ်က သူသည် ဘုရင့်သားမတ်တော် တော်စပ်ရအောင် သူ့မိဘများသည် မူးမတ်ရာလူကုံထံများမဟုတ်ဟု ဝန်ခံထားသည်။ ထိုအကြောင်းကို Michael Griffiths က ဤသို့တင်ပြသည်။

ယောနသန်(အခန်း၁၄)နှင့် ဒါဝိဒ်တို့နှစ်ဦးစလုံးရှေ့တွင် ဘုရားရှင်ကို ယုံကြည်ခြင်းပါရှိသည်။ ထိုသို့ဖြင့် အောင်ပွဲဆင်နိုင်ကြခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလတွင်လည်း သင်ခန်းစာယူသင့်သည်။ မိမိအစွမ်းဖြင့် မတတ်နိုင်သော ရန်သူအား အောင်မြင်နည်းလမ်းစဉ်ဖြစ်သည်။ သင်ရှေ့တွင် သခင်ယေရှုရပ်တည်နေလျှင် သင်လည်း ရဲစွမ်းသတ္တိရှိသွားမည်။ ပြုမူသမျှတိုင်း၌ ဘုရားရှင်ပါရှိမည်။ ယုံကြည်သူများရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးမည်။၁၈

Previous Article
Next Article