ဓမ္မရာဇဝင်ပဋ္ဌမစောင် ၃၀

() အာမလက်တို့အားအနိုင်ယူခြင်း (အခန်း၃၀)

          ၃၀: အာခိတ်မင်းနှင့်အတူ မြောက်ဘက်စစ်မျက်နှာသို့ ဒါဝိဒ်စစ်တိုက်ထွက်သွားကြောင်း သိကြသောအခါ အာမလက်တို့သည် နောက်ပိုင်းမှနေ၍ ဇိကလတ်မြို့ကို စီးနင်းသိမ်းပိုက်သည်။ မိန်းမများနှင့် ကလေးသူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ဇိကလတ်သို့ ဒါဝိဒ်ပြန်ရောက်သောအခါ ခွေးတစ်ကောင် ကြောင်တစ်ပြီးမတွေ့။ ဖိလိတ္တိတို့နှင့် ပေါင်းဖက်သောကြောင့် ဘုရားသခင်က အရေးယူအပြစ်ပေးခြင်းများလား။ ဒါဝိဒ်သည် အကြီးအကျယ်စိတ်ထိခိုက်သည်။ သူများကောင်းစားဖို့ ကူညီသော်လည်း အခြားသူများက သူ့ကို ဒုက္ခပေးကြသည်။ ဤဆင်းရဲဒုက္ခသည် ဘုရားသခင်မှ လွဲ၍ မည်သူကမှ ဖြေဆေးမပေးနိုင်။ ဘုရားသခင်က ဖြေဆည်ရာပေးနိုင်ကြောင်း ယုံကြည်သည်။ “ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကိုစည်းပေးတော်မူမည်” (ဟော ၆:၁)ဟု ခံယူသည်။

၃၀:၁၅ ဒါဝိဒ်သည် ဘုရားသခင်ထံအားကိုးတကြီးဖြင့် မေးလျှောက်ပြီးနောက် အောင်စိတ်ဖြင့် အာမလက်တို့နောက်သို့ ထပ်ချပ်လိုက်စစ်ဆင်သည်။ ဇိကလတ်သို့ ပြန်လာကြစဉ် သုံးရက်တိတိကြာညောင်း ခရီးပန်ကြပြီးဖြစ်သောကြောင့် ဗေသော်ချောင်းသို့ရောက်သောအခါ အင်အားသုံးပုံတစ်ပုံလူနှစ်ရာခန့်သည် အားပြတ်၍ မလိုက်နိုင်ကြ။ ချောင်းဘေးမှာ ကျန်ရစ်ခဲ့ကြသည်။ ယောက်ျားတို့မာန်သေခါမှ လျှော့သောကျန်စစ်သည်တော် လေးရာဖြင့် ဆက်လိုက်ကြသည်။ လယ်ကွင်းပြင်တွင် ငတ်ပြတ်နေသော အဲဂုတ္တုသား တစ်ယောက်တွေ့ရှိရာ အစာရေစာကျွေးမွေးပြီ။ အာမလက်တို့ ဆုတ်ခွာရာလမ်းကြောင်းကို လိုက်ပြခိုင်းသည်။ ထိုသူငယ်သည် အာမလက်တို့ တပ်ဖွဲ့ထဲမှ အားမင်ကုန်ခမ်း၍ လမ်းတစ်ဝက်တွင် ကျန်ရစ်သူဖြစ်၍ အသက်အန္တရာယ်လုံခြုံပေးပါက လိုက်ပြမည်ဟုဆိုသည်။

၃၀:၁၆၂၅ အာမလက်တို့သည် ဇိကလတ်နှင့်ယုဒများထံမှ တိုက်ရိုက်သိမ်းပိုက်သော ပစ္စည်းများဖြင့် မိုးမမြင်လေမမြင် ခြိမ့်ခြိမ့်သဲအောင်ပွဲခံကြသည်။ သောက်စားမူးယစ်ကခုန်ကြသည်။ ဒါဝိဒ်တပ်ဖွဲ့က ကျားသစ်အုပ်ပမာ ဝင်စီးကြသဖြင့် ကုလားအုပ်လေးရာဖြင့် ထွက်ပြေးသွားသောလူငယ်လူရွယ်များမှ တစ်ပါး အကုန်အစင် ချေမှုန်းသုတ်သင်ပစ်ကြသည်။ (၂၄)နာရီလုံးလုံး လက်ညောင်းမတတ် သုတ်သင်ရသည်။ ဇိကလတ်သားတို့ထံမှ သိမ်းဆည်းလုယူသွားသော ပစ္စည်းများသာမက၊ အာမလက်တို့ထံမှ ပြန်လည် သိမ်းဆည်းသော ပစ္စည်းအပါအဝင် ပြန်လည်သိမ်းဆည်းရယူကြသည်။ အာမလက်များထံမှ သိမ်းဆည်းရမိသော သိုးနွားများကို ဒါဝိဒ်ပိုင်အဖြစ် သတ်မှတ်ကြသည်။ ကျန်ပစ္စည်းများကို ကိုယ်စီဝေစုခွဲကြသည်။ ဗေသော်ချောင်းမှာ ကျန်ရစ်ခဲ့သူများအား စစ်အောင်နိုင်သူများက ဝေစုမခွဲပေးလိုကြ။ အားမတန်မာန်လျှော့ ငတ်ပြတ်၍ ကျန်ရစ်ခဲ့သူများလည်း အချိုးညီညီဝေပေးရမည်ဟု ဒါဝိဒ်အမိန့်ထုတ်လိုက်သည်။ စစ်ပွဲဝင်သူနှင့် အားပေးထောက်ပံ့သူလည်း အကျိုးတူခံစားခွင့်ရှိသည် (တော ၃၁:၂၇ ကိုလည်းကြည့်)။

၃၀:၂၆၃၁ ဇိကလတ်သို့ ပြန်ရောက်သောအခါ လက်ရဥစ္စာများကို ယုဒတစ်မျိုးသားလုံးသို့ ဖြန့်ဝေလိုက်သည်။ ဒါဝိဒ်သစ္စာခံမြို့ပြပြည်ရွာအနှံ့သို့ မျှဝေလိုက်သည်။ ဘုရားသခင်က ရန်သူများအပေါ် အောင်ခြင်း အခွင့်ပေးသည်ဟု ခံယူကြသည်။ ရှောလုထံသို့လည်း စစ်ပြေငြိမ်း ရင်းနှီးချစ်ကြည်စကားဆိုဖို့ ပြင်ဆင်ထားသည်။ စင်စစ်ထိုအချိန်တွင် ရှောလုသေသွားပြီဖြစ်သော်လည်း ဒါဝိဒ်မသိသေး။

Previous Article
Next Article