ဓမ္မရာဇဝင်ပဋ္ဌမစောင် ၆

() ပဋိညာဉ်သေတ္တာပြန်လည်ရရှိခြင်း (အခန်း ၆၊၇)

          : ခုနှစ်လအတွင်းမှာ ဖိလိတ္တိတို့သည် ပဋိညာဉ်သေတ္တာတော်အား မထိရဲမကိုင်ရဲလောက်အောင် အကုသိုလ်ဝင်ကြသည်။ သို့ကြောင့် မူလပိုင်ရှင် ဣသ​ရေလတို့ ပြန်ပေးချင်စိတ်ပေါက်လာသည်။ အဖိုးတန်ပစ္စည်း ဆိုသော်လည်း ကိုယ်နှင့်မထိုက်လျှင် ကောင်းကျိုးမပေး ခိုက်တတ်သည်။ ပြန်ပေးခြင်းနည်းလမ်းမှလွဲ၍ အခြားနည်းလမ်းမတွေ့။ ယဇ်ပုရောဟိတ်များနှင့် နိမိတ်ဖတ်ဆရာများ ခေါင်းချင်းဆိုင် တိုင်ပင်နေကြပြီ။ လက်ချည်းဗလာလွှတ်လိုက်၍ မဖြစ်။  ဖိလိတ္တိပြည်မှာ ပြုခဲ့သောရောဂါဆိုးများ ကြွင်းကျန်နေဦးမည်။ သို့ကြောင့် ဒုစရိုက်မြေပူဇော်သက္ကာပြုကြမည်။ ဖိလိတ္တိမင်းများ ဦးရေအတိုင်း ရွှေမြင်းသရိုက်နာပုံ ငါးခုနှင့် ရွှေကြွက်ငါးကောင် ပူဇော်လိုက်ရသည်။ ကြွက်ပေးလှူရခြင်းမှာ ပလိပ်ရောဂါသည် ကြွက်ကြောင့်ဖြစ်ရသည်။ ထို့ကြောင့် ကြွက်ကိုပေးလှူလိုက်လျှင် ပလိပ်ရောဂါပါသွားသည့် အတိတ်နိမိတ်သည် ဣသရေလတို့၏ဘုရား ယေဟောဝါဘုရားလက်ထဲ၌သာ တည်သည်ဟု ယဇ်ပုရောဟိတ်များက ခံယူကြသည်။ သို့ကြောင့် ဖာရောမင်းနှင့် အဲဂုတ္တုပြည်သားတို့ကဲ့သို့ ခေါင်းမာ၍ ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုသောကြောင့် မူလနေရာမှန်ပုံမှန် အနေအထားသို့ပြန်ရောက်ခြင်းက ပိုကောင်းသည်ဟု နားလည်ခံယူကြသည်။

:၁၂ ယဇ်ပုရောဟိတ်များနှင့်နိမိတ်ဖတ်သူများက ဖိလိတ္တိပြည်တွင် ထိုကဲ့သို့ မြင်းသရိုက် နာ အကုသိုလ်ကျရောက်ခြင်းသည် ပဋိညာဉ်သေတ္တာကြောင့် ဟုတ်မမှန် ဆန်းစစ်ကြသည်။ နို့စို့သူငယ်ရှိ၍ တစ်ခါမှလှည်းမဆွဲဖူးသော နွားမနှစ်ကောင်ကို လှည်းအသစ်ဆွဲခိုင်းသည်။ နို့စို့နွားကလေးများကိုတင်းကုပ်တွင် ချည်ထားခဲ့ကြသည်။ ထိုလှည်းသစ်ပေါ်တွင် ပဋိညာဉ်သေတ္တာနှင့် ပူဇော်သက္ကာပြုသောရွှေတန်ဆာများ တင်ပေးလိုက်သည်။ လှည်းမောင်သူမပါဘဲ ထိုလှည်းကိုမောင်းလွှတ်လိုက်သည်။ ထိုနွားမများသည် လမ်းတွင် တကြော်ကြော်အော်သော်လည်း လမ်းဘေးဘယ်ညာ လမ်းလွဲခြင်းမပြု။ ဗေသရှေမက်မြို့သို့ တန်းတန်းမတ်မတ် သွားကြသည်။ သို့ကြောင့် ဖိလိတ္တိပြည်တွင် မြင်းသရိုက်နာကျရောက်ခြင်းသည် ပဋိညာဉ်သေတ္တာကြောင့် မှန်ကန်ကြောင်းအတည်ပြုကြသည်။

:၁၃၁၈ ဗက်ရှေမက်မြို့ဝင်ခါနီးနေပြီ။ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာကို မောင်းသူမရှိသောလှည်းက တင်ဆောင်လာကြောင်း တွေ့ကြသောအခါ လေဝိသားတို့သည် ဝမ်းသာအားရပျော်ရွှင် ထခုန်ကြသည်။ ထိုလှည်းကို ထင်းမီးအဖြစ်သုံး၍ နွားမနှစ်ကောင်ကို မီးရှို့ရာယဇ်ကောင်အဖြစ် ပူဇော်သက္ကာပြုသော နေရာကို ကျောက်တိုင်ဖြင့် အမှတ်တရစိုက်ထူထားကြသည်။

ဤနွားမများနှင့်ဗက်ရှေမက်မြို့အကြောင်းတွင် ဝိညာဉ်ရေးရာသင်ခန်းစာအများအပြားရရှိပါသည်။ ဘုရားသခင်အမှုဆောင်များသည် သားမယားအိမ်ယာများကိုပစ်ပယ်ပြီး ဧဝံဂေလိသတင်းစကား ဟောပြောကြရာတွင် ရည်မှန်းချက်လမ်းမသွေဘဲ၊ ပန်းတိုင်ရောက်အောင် တစိုက်မတ်မတ်လုပ်ဆောင်ရသည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းသတင်းစကား ကြားသိရသောအခါ မယုံကြည်သူများသည်လည်း ပျော်ရွှင်ချမ်းမြေ့စရာဖြစ်သည်။ သာသနာပြုများသည် အမှုတော်အတွက်ပြင်ဆင်ကြရသည်။ ဆက်ကပ်ကြရသည်။

:၁၉၂၁ သို့သော် ဗက်ရှေမက်သားတို့သည် ပဋိညာဉ်သေတ္တာတော်အား စင်ကြယ်စွာပြုစု ထိမ်းသိမ်းခြင်းမပြုဘဲ၊ စပ်စု၍အထဲကို ဖွင့်ကြည့်ကြသောကြောင့် လူပေါင်းငါးသောင်းခုနစ်ဆယ် ပွဲခြင်းပြီးလဲသေကြသည်။ ဗက်ရှေမက်သားတို့သည် မစပ်စုရဲကြတော့ပါ။ ပဋိညာဉ်သေတ္တာတော်နားကိုလည်း မသွားရဲကြ။ သို့ကြောင့် ကိရယတ်ယာရိမ်မြို့သားများအား ပဋိညာဉ်သေတ္တာတော်လာယူကြရန်လှမ်းမှာ လိုက်ကြသည်။ (ဗက်ရှေမက်တွင် လူပါင်း ငါးသောင်းခုနစ်ဆယ်သေကြခြင်းသည် စဉ်းစားစရာ ဖြစ်သည်။ ယောရှဖတ် Keil, Delitzsch နှင့်အခြားကျမ်းသုတေသီပညာရှင်ကြီးများက လူပေါင်းခုနစ်ဆယ်သာ ဖြစ်သည်။ ဟေဗြဲကျမ်းမူများတွင် လူပေါင်း ငါးသောင်းမတွေ့ရဆိုကြသည်)။

Previous Article
Next Article