ယေဇကျေလအနာဂတ္တိကျမ်း ၁၆

() ယေရုရှလင်မင်္ဂလာဆောင်ဥပမာ (အခန်း ၁၆)

          ၁၆:၁−၇ ဤနေရာ၌ ယေရုရှလင်မြို့ကို လူတစ်ဦးအသွင်ပုံသဏ္ဍာန် ဇာတ်ကြောင်းလှန်ပြသည်။ အမိအဖက မလိုလား၊ သန့်ရှင်းမှုမပြုဘဲ စွန့်ပစ်ထားသည့် သွေးလူးလူးကလေးငယ်ကို ဘုရားသခင်က သနားချစ်ခင်ကာ ကောက်ယူပြုစုကျွေးမွေးခဲ့သဖြင် တသွေးတမွေးစိုပြေစွာ လှလှပပ ကြီးပျင်း အရွယ်ရောက်ခဲ့ပြီ။

၁၆:၈−၂၂ ကညာပျိုသည် လှပခြင်းအင်္ဂါနှင့်ပြည့်စုံ၍ ချစ်ခင်နှစ်လိုဘွယ်ကောင်းသောအခါ ယေဟောဝါဘုရားသည် ကိုယ်တော်တိုင်သိမ်းပိုက်၍ စင်ကြယ်သော ထိမ်းမြားခြင်း ပြုသည်။ ဂရုစိုက်ကြင်နာ ယုယစောင့်ရှောက်သည်။ သို့သော်လည်း ကညာပျို ယေရုရှလင်သည် လှသွေးမာန်ထောင်လွှားလျက် ဘုရားရှင်ကိုစွန့်ခွါပြီး ရုပ်တုနောက် ကောက်ကောက် ပါလိုက်သွားသဖြင့် လူတကာနှင့်ဆက်ဆံသော ပြည့်တန်ဆာမ ဖြစ်ခဲ့ချေပြီ။

၁၆:၂၃−၃၄ ဘုရားသခင်ထံပါးတွင် သစွာရှိရှိနေမည့်အစား အဲဂုတ္တု၊ အာရှုရိနှင့် ခါလဒဲကုန်သည် များနှင့် ရောနှောဆက်ဆံ၍ အကျင့်ပျက် ဖောက်ပြန်လော်လီလေပြီ။ လူတကာနှင့် ပျော်ပါးရန် အခကြေးစားလိုက်သော မိန်းမပျက်ဖြစ်နေပြီ။ ထိုသို့သော မိန်းမကို မည်သူဆက်ဆံချင်မည်နည်း။ ဖြစ်နိုင်သည်မှာ သူမပိုင်ဆိုင်သမျှ အဖိုးတန်ပစ္စည်းများကို ပေးမည်ဆိုလျှင်တော့ ရချင်ရမည်။ အချို့က မိမိရှိသမျှ စည်းစိမ်ဥစ္စာကို ဘုရားသခင်ထံပေးအပ်၍ ထက်ကောင်းကင်ဘဏ္ဍာရတနာအဖြစ် စုဆောင်းခြင်းဖြစ်သည်ဟု ညာဝါးဆိုကြသည်။ လောကစည်းစိမ်နှင့် ထာဝရဆုလက်ဆောင်ပျောက်ဆုံးသည်အကြောင်း ရောထွေးပစ်သည်။ ယခင်အမှုကိစ္စသည် ဝိညာဉ်ရေးရာ အနိုင်အထက်ပြုကျင့် ခံရခြင်းဟုဆိုသည်။ ကောင်းကင်ဘဏ္ဍာအတွက်ဆိုလျှင် အဖိုးစားနားကြီးကြီးမားမားပေးရမည်။

၁၆:၃၅−၄၃ ထိုသို့တပါးအမျိုးသားများထံသို့ အခကြေးငွေယူ၍ ပျော်ပါးလိုက်စားသည့် ပြစ်ဒဏ်ကြောင့် သူ့ခန္ဓာတစ်ကိုယ်လုံး ညစ်ညမ်းသွားချေပြီ။ ညစ်ညမ်းမှုနင့်အညီ အပြစ်စီရင်ခြင်း ခံရမည်။ ဘုရားကို ပစ်ပယ်၍ လောကီအလိုနောက်သို့ သစွာဖောက်ထွက်ပြေးသူများသည် သူတို့ချစ်ခင်တပ်မက်လှသော လောက၏ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ဤကား အလေးအနက်ထားရမည့် ကျမ်းစာသတိပေးစကား ဖြစ်သည်(ယာ၊ ၄:၄−၁၀)။

၁၆:၄၄−၅၂ ယေရုရှလင်(ယုဒ)တို့၏ ဒုစရိုက်အပြစ်များသည် အခြားသောလူမျိုး ဟိတ္တိ၊ အာမောရိ၊ ရှမာရိ သို့မဟုတ် သောဒုံမြို့ထက်ပိုမို ဆိုးညစ်သည်။ သောဒုံမြို့၏ အဆိုးရွားဆုံးဒုစရိုက်မှာ ဖိုမလိင်ကိစ္စ လွန်ကျူးကြခြင်း ဖြစ်သည်။ အစားအသောက်ငမ်းငမ်းတက်ခြင်းနှင့် ရုပ်တုဆင်းတု ကိုးကွယ်ခြင်းလည်းပါသည်။ ဤအပြစ်ဒုစရိုက်တစ်ခုတည်းကို ယနေ့ခေတ်၌ ဆိုးရွားစွာကြုံတွေ့ နေရပြန်သည်။ Feinberg ကဤသို့ထောက်ပြထားသည်။

သောဒုံမြို့တွင် အမြစ်တွယ်ခဲ့သော အပြစ်ဒုစရိုက်သည် မည်မျှအမြစ်စွဲနေသည်မသိ။ ယနေ့ကာလ တိုင်အောင် အစို့အညျောင့်တို့က ပြူထွက်နေဆဲ။ ဘုရားရှင်က သောဒုံမြို့အား အစာရေစာဖူလုံစွာ ပေးခဲ့သည်(က၊၁၃:၁၀) သို့သော် ထိုအလျှံပယ် ခံစားရသော ကောင်းချီးမင်္ဂလာများကို ကိုယ်ကျိုးအတ္တအတွက် လက်ဝါးကြီးအုပ်ခဲ့သည်။ အခြားချို့တဲ့ လိုအပ်နေသူများ မျှတပေးဝေဖို့ အစီအစဉ်မရှိခဲ့။ ကိုယ်ချင်းစာနာမှုကင်းမဲ့၍ တကိုယ်ကောင်းဆန်ခဲ့သည်။ ထိုအမှုအရာတို့ကို ဘုရားရှင်တွေ့မြင်သောကြောင့် သူ့စရိုက်နှင့်သူ သွားစေခဲ့သည်(က၊၁၈:၂၁)၁၇

၁၆:၅၃−၅၈ သို့သော်လည်း ဘုရားသခင်သည် သံယောဇဉ်မပြတ်နိုင်သောကြောင့် သောဒုံ၊ ရှမာရိနှင့် ယေရုရှလင်မြို့များကို တနေ့သောအခါတွင် ပြန်လည်ထူထောင်စေမည်။ အပိုဒ်ငယ် ၅၃ ၌ပါရှိသည့် မြို့ပြကြီးများ ပြန်လည်ထူထောင်ခြင်းတွင် ဆိုးသွမ်းယုတ်မာသူများ ပြန်လည်ထူမတ်ခြင်း မဟုတ်ပါ။

၁၆:၅၉−၆၃ ဘုရားသခင်သည် သူ့လူများနှင့် နိစ္စထာဝရ မပျက်ပြယ်သော ပဋိညာဉ်သစ်ဖွဲ့ဆိုမည်။ ထိုအခါယုဒလူမျိုးသည် တချိန်က မလိမ်မာ ဖောက်ပြန်ခဲ့သော ရုပ်တုကိုးကွယ်ခြင်း အကျင့်ဟောင်းအတွက် အရှက်ရမည်။ ဤပဋိညာသစ်သည် ချို့ယွင်းချက်မရှိသော ပဋိညာဉ်၊ ဘိုးဘေးများသို့ ပြုထားသော ပဋိညာဉ်အညီဖြစ်၍ နောင်အနာဂတ်ကာလတွင် အမှန်တကယ် ပြည့်စုံလိမ့်မည်။

Previous Article
Next Article