ယေဇကျေလအနာဂတ္တိကျမ်း ၄၃

() အနှစ်တထောင်ဝတ်ပြုကိုးကွယ်ခြင်း( အခန်း၄၃၊၄၄)

၄၃:၁−၅ ယေဇကျေလကျမ်းအစောပိုင်း ၁၁:၂၃ ၌ ဘုန်းတော်တိမ်တိုင်သည် ယေရုရှလင်ဗိမာန်တော်မှ ရွေ့လျားသွားသည်ဟုဆိုခဲ့သည်။ သို့သော်လည်း သခင်ခရစ်တော်နိုင်ငံတော် တည်ထောင်အုပ်စိုးဖို့ ပြန်ကြွလာသည့်အခါ ဣသရေလဘုရားသခင်၏ ဘုန်းတော်သည် ခရစ်တော်နှင့် အတူပြန်လည်ပါလာမည်။

၄၃:၆−၉ ကိုယ်တော်ဘုရား၏ လူများအလယ်တွင် ဘုရားသခင်ကိုယ်တိုင်စိုးစံမည်။ အဘယ်သူကမှ ဝိညာဉ်ရေးရာတွင် နိုင်ထက်ကလူပြုနိုင်တော့ မည်မဟုတ်။ ဘုရားသခင်၏ ဗိမာန်တော်အရိပ်အဝန်းအောက်၌ ညစ်ညမ်းသောအမှုတို့ကို ပြုကြတော့မည်မဟုတ်။

၄၃:၁၀−၁၂ ဣသရေလအမျိုးသားတို့သည် ကိုယ့်ဒုစရိုက်အပြစ်ကြောင့် အိမ်တော်ကိုရှက်ကြောက်ဖွယ် ဖြစ်စေခဲ့သော်လည်း အိမ်တော်သစ်ပန္နက်ပုံစံပုံသဏ္ဍာန်အစီအမံကို ရှုမြင်ခွင့်ရကြမည်။ နောင်တ ရသည်နှင့် တပြိုင်နက် သူတို့အား မျှော်လင့်ချက်အသစ်ပေးအပ်မည်။ (ယနေ့ယုံကြည်သူများသည်လည်း ဤနည်းတူပြုသင့်သည်)။ ဝန်းကျင်ရှိတောင်တကာထက်မြင့်သော တောင်ထိပ်ပေါ်၌ တည်မည့် ဗိမာန်တော်သည် အသန့်ရှင်းဆုံးဖြစ်ကြောင်း လူတို့အား ပြောပြရပေမည်။

ဘုရားရှင်ဘုန်းတော်၏ စစ်မှန်သော မြင်ကွင်းက ကျွန်ုပ်တို့၏ အပြစ်ဒုစရိုက်အပေါ် ကျွန်ုပ်တို့ရှက်ကြောက် ခြင်းဖြစ်ပေါ်စေပါသည်(ငယ်၊၁၀)။

 

ဤအကြည့်သည် ပေတရုအားညွတ်နူးစေခဲ့

ဤမျက်နှာကို သတေဖန်တွေ့မြင်ခဲ့

ဤနှလုံးသားပင် မာရိနှင့် အတူငိုကြွေးခဲ့

အဓမ္မတရားတို့ဆွဲဆောင်ခြင်းမှ ရုန်းထွက်စေရာ။

အမည်မသိစာဆို

၄၃:၁၃−၁၇ ယဇ်ပလ္လင်ပြင်အတိုင်းအတာကို ရှင်းပြသည်။ ယဇ်ပလ္လင်ကို ယဇ်ပလ္လင်အလယ်၌ တည်ထား၍ မီးအမြဲတောက်လောင်နေရသည်။ ယဇ်ပလ္လင်ဗဟိုမှ ဦးချိုလေးချောင်းထောင်တက်သည်။ အခြားယဇ်ပလ္လင်များနှင့်မတူဘဲ၊ အမြင့်လေးတောင်(ခြောက်ပေ)ရှိသည်။ သီးသန့်ဆောက်လုပ်ထားသည့် လှေကားထစ်မှ ယဇ်ပလ္လင်ပေါ်တက်ရသည်။ လူတိုင်းတက်ရောက်ခွင့်မပြုဘဲ ကန့်သတ်ထားသည်။ အလွန်မြင့်သဖြင့် ယဇ်ပလ္လင်ထိပ်သို့ တက်လှမ်းရန် သီးသန့်လမ်းပြင်ဆင်ရသည်။

၄၃:၁၈−၂၇ နောက်တစ်ခုမှာ ယဇ်ကောင်အသွေးဖျန်း၍ ပူဇော်ခြင်းအမှုကို ဣသရေလပြည်သူတရပ်လုံ:တို့က (၇)ရက်တိုင်စီရင် ကျင်းပရသော အရေးပါသည့်ပွဲဖြစ်သည်။ ဓမ္မဟောင်း ကျမ်းတွင်လည်း ထပ်ခါတလဲလဲတွေ့ရသည်။ ထွ၊၂၉:၃၇၊ဝတ်၊၁၈:၁၁၊၁၅၊၁၉၊၃၃။ ၃ရာ၊၈:၆၂−၆၅နှင့်၆ရာ၊၇:၄−၁၀ တို့တွင်ဖတ်ရှုနိုင်သည်။ (၇)ရက်ပတ်လုံး ပွဲခံပြီး’နောက် ရှစ်ရက်မြောက်သောနေ့တွင် ပုံမှန်မီးရှို့ယဇ်ပူဇော်ခြင်း လုပ်ရသည်။

အခန်းအဆုံးပိုင်းတွင် ဘုရားရှင်က နှစ်သိမ့်စကားဖြင့် အားပေးထားသည်။ သူတို့၏ ယဇ်ပူဇော်သက္ကာများသာ လက်ခံသည်မဟုတ်၊ သူတို့ကိုလည်း ဘုရားရှင်လက်ခံမည်ဟု ဆိုပါသည်။

ထိုခေတ်က ယဇ်ပရောဟိတ်များမှာ ဇာဒုတ်၏ သားများဖြစ်သည် (ငယ်၁၉)။ ဇာဒုတ်သည် ဒါဝိဒ်နှင့် ရှောလမုန်အပေါ် မယိမ်းမယိုင်သစ္စာစောင့်ထိန်းခဲ့သူ ဖြစ်သောကြောင့် သားစဉ်ဆက်တိုင်အောင် ချီးမြှောက်ခံရခြင်း ဖြစ်ဟန်ရှိသည်။

Previous Article
Next Article