ယောဘဝတ္ထု ၃၉

၃၉:၁-၈ ကျေးဌက်တို့၏ အသက်ရှင်ပုံ၊ တောင်ဆိတ်တို့၏ သားမွေးပုံ၊ ဆက်သမင်တို့၏ ဘဝကျင်လည်ပုံ မည်သူမှ အသေအချာမသိကြသော်လည်း ဘုရားသခင်အကုန်သိသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ဖန်ဆင်းသောလက်ရာများဖြစ်သည်။ တောမြင်းရိုင်းများကို အပြေးသန်အောင်မည်သူလေ့ကျင့်ပေးသနည်။ ထိုတော တိရစ္ဆာန်များသည် မြို့ပြ လူတန်းစား၏အသံဗလံ ဆူညံမှုကို မနှစ်သက် တိတ်ဆိတ်ငြိမ်သက်ခြင်းကို ကြိုက်ကြသည်။ မြက်ခင်းလွင်ပြင်နှင့် စိမ်းလန်းသောတောင်ကုန်းတောင်တန်းများတွင် မွေ့လျော်ကြသည်။ မည်သူက စီမံခန့်ခွဲပေးသနည်။

၃၉:၉-၁၈ တောနွားရိုင်းကို ထွန်ယက်စိုက်ပျိုးဖို့ လှည်းဆွဲဖို့ခိုင်းနိုင်ပါသလား။ ဌက်ကုလားအုပ်၏ တောင်ပံ အရေးကြီးပုံကို သိသလား။ ဌက်ကုလားအုပ်သည် ရောက်လေရာမှာ ပြွက်ကနဲဥချထားပစ်၍ မိုက်မဲသည်ဟု ဆိုနိုင်သော်လည်း၊  အပြေးတွင်မြင်းများက လိုက်မမှီနိုင်သည်ကို သိပါသလား။ ဘုရားသခင်၏ လက်ရာတော်များဖြစ်သည်။

၃၉:၁၉-၂၅ တိုက်ပွဲဝင် စစ်မြင်းများ အကြောင်းသိပါသလား။ ကုန်းနှီးတင်ခံရသောအခါတိုက်ပွဲဝင်ရမှန်းသိကြသည်။ (ဇောင်းထကြသည် NKJV Marg)။  စိုးရိမ်ကြောက်လန့်ခြင်းမရှိ။ စစ်ခရာတံပိုး မူတ်သံကြားလျှင် တိုက်ပွဲရှိရာသို့ ဒုန်းစိုင်းပြေးကြသည်။ ခုန်ပေါက်ပြေးလွားကြသည်။ ဓါးနှင့်လှံဘေးရန်ကိုလည်း မကြောက်ကြ။

၃၉:၂၆-၄ဝ ကြိုက်ရာအရပ်သို့ ပျံသန်းနိုင်အောင် စွန်ရဲကို ယောဘက သင်ပြပေးပါသလား။ ရွေလင်းယုန် ငှက်၏ကျောက်တောင်ထိပ်ပေါ်သိုက်မြုံတည်ခြင်းသည်လည်။ ယောဘ၏ သွန်သင်ခြင်းလား။ အဝေးမှသားကောင်ကို ရှာကြည့်တတ်သည်။ သားသမီးများကိုလည်း အစာရှာတတ်အောင်သင် ပေးတတ်သည်။

Previous Article
Next Article