ယောရှုမှတ်စာ ၆

:၂၁ ခါနန်မြေတပြည်လုံးအား တိုက်ခိုက်သိမ်းပိုက်ရပြီ။ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းဟူ၍ စစ်နယ်မြေခွဲခြားသတ်မှတ်လိုက်သည်။ အလယ်ပိုင်းဒေသ၏ အချက်အခြာနေရာနှစ်ခုမှာ ယေရိခေါနှင့်အာဣမြို့ ဖြစ်သည်။

ယေရိခေါမြို့သည် မြို့ရိုးခံတပ်အခိုင်အခန့် ကာရံထားသည်။ သို့သော် မြို့သူမြို့သားများအတွက်သာ ခိုင်လုံသည်။ ဣသရေလလူများအတွက်မူ ခိုင်ခံ့ခြင်းမရှိ။ ပင်လယ်ရေမျက်နှာပြင်ညီမှ ပေပေါင်း ၈၀၀ခန့် နိမ့်သကဲ့သို့ စိတ်ဓာတ်ရေးရာလည်း နိမ့်ကျသူများဖြစ်သည်။ ဝါးလုံးခေါင်းထဲတွင် လသာနေသူများ၊ ကျွဲခြေရာ အိုင်ထဲတွင် ကမ္ဘာကျယ်နေသော ဖားသူငယ်များကဲ့သို့ ဖြစ်ကြသည်။ ယနေ့ယုံကြည်သူများ အသက်တာသည်လည်း ယေရိခေါသားများ စိတ်ဓာတ်မျိုးအား သင်ခန်းစာယူရှောင်ရှားသင့်သည်။ စုံစမ်းနှောင့်ယှက်ခြင်းရောက်လာသောအခါ လည်စင်းခံနေကြသည်။ အောင်နိုင်ဖို့ဘုရားသခင်က ယုံကြည်ခြင်း စိတ်ဓာတ်ပေးထားပါသည်။ ဘုရားသခင်ကိုသာ ယုံကြည်စိတ်ဖြင့် စိုက်စိုက်ကြည့်နေလျှင် မလွဲဧကန် အောင်ပွဲ ခံကြရမည်မှာ သေချာပါသည်။

ယေရိခေါသားများသည် ကျူးကျော်သူ ယုဒများ ချဉ်းကပ်လာကြောင်း သိရှိကြသောအခါ အတားအဆီးများ လုံခြုံရေးချထားကြသည်။ ကြွက်ပုန်းပုန်းကြသည်။ ဣသရေလတို့သည် ခြောက်ရက်လုံးလုံး ယေရိခေါမြို့ကို ဒူးကြီးပတ်ပတ်ဝေလှည့်ပတ်ကြပြီ၊ တချိန်တွင် ဂိလဂါလသို့ ပြန်လာကြသည်။ သတ္တမမြောက်နေ့ရက်တွင် မြို့ရိုးကို ခုနှစ်ကြိမ်လှည့်ပတ်ပြီးသောအခါ ယဇ်ပုရောဟိတ်များက ဆိတ်ချိုတံပိုး မှုတ်အချက်ပေးသည်နှင့် တပြိုင်နက် ဣသရေလလူ အားလုံးကလည်း ရုတ်ခြည်းထအောင်ကြသဖြင့် မိုးယံထိ ဘဝဂ်ညံသွားဦးသည်။ ထိုပဲ့တင်သံကြောင့် ယေရိခေါမြို့ရိုးပြိုလဲသွားသည်။ သို့ဖြင့် ဘုရားသခင်၏လူများ ယေရိခေါမြို့အား သိမ်းပိုက်သွားကြသည်။ အချို့ကျမ်းစာသုတေသီများက မြို့ရိုးပေါ်ထိအောင် ရွေ့လျားဓာတ်လှေကားသဖွယ် အုတ်ခင်း၍ တက်ကြခြင်းဖြစ်မည်ဟု ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ဣသရေလလူတို့၏ ယုံကြည်ခြင်းကို ထုတ်ဖော်လိုသည် (ဟေဗြဲ ၁၁:၃၀)။ အပိုဒ်ငယ် ၆နှင့် ၁၂အကြားတွင် ပဋိညာဉ်သေတ္တာဟူသော စကား(၇)ကြိမ် တိုင်အောင် ထပ်ခါတလဲလဲ သုံးထားသည်ကို သတိပြုပါ။

မြို့ထဲရှိသမျှသည် ကျိန်ခြင်းအမင်္ဂလာ သင့်ကြသဖြင့် ပျက်စီးသွားကြသည်။ ခါနန်မြေရှိ အဦးသီးများ အကုန်လုံး ဖျက်ဆီးပစ်ကြသည်။ ရွှေ၊ ငွေ၊ ကြေးနှင့် သံများကို ဘုရားသခင်၏ ဘဏ္ဍာတော်အဖြစ် သိမ်းဆည်းကြသည်။ ကိုယ်ပိုင်ပစ္စည်းအဖြစ် အလျဉ်းမယူရ။

ဘုရားသခင်က ခါနန်ပြည်သားများ၏ စိတ်သဘောထားကို သိမြင်သောကြောင့် ယေရိခေါမြို့ကို ဖျက်ဆီးခြင်းဖြစ်သည်။ အကျင့်ပျက်စီးခြင်းတူသော်လည်း ရာဟပ်မိသားစုတို့ ဘေးရန်ကင်းခြင်းမှာ ယုံကြည်ခြင်းကြောင့် ဖြစ်ကြောင်း နားလည်ရပါသည်။

:၂၂၂၇ ယုံကြည်ခြင်းက မြို့ရိုးကို ပြိုလဲစေနိုင်(ဟေဗြဲ ၁၁:၃၀)သကဲ့သို့ ရာဟပ်နှင့် မိသားစုကိုလည်း အသက်ဘေးမှ  လွတ်မြောက်စေနိုင်ပါသည် (ဟေဗြဲ၁၁:၃၁)။ ထို့ပြင် ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် ဒါဝိဒ်မင်းနွယ်မှတဆင့် ယေရှုခရစ်တော် ပေါက်ဖွားသန့်စင်စေပါသည် (မ ၁:၅-၆)။ ကျေးဇူးတော်သည် ကယ်တင်ခြင်းပေးရုံသာမက ချီးမြှောက်ခြင်း အာမခံချက်လည်း ပေးပါသည် (ရော ၈:၂၉-၃၀)။ ယုံကြည်ခြင်းသည် ကျေးဇူးတော်ခံစားရာဖြစ်သည်။

ရာဟပ်တို့မိသားစုလွတ်မြောက်ပြီးနောက် ယေရိခေါတစ်မြို့လုံးသည်လည်း မီးလောင်ပြာကျသွားသည်။ ယေရိခေါမြို့ပြန်လည်တည်ဆောက်သူသည် ကျိန်ခြင်းအမင်္ဂလာသင့်စေ။ သားဦးလက်ထပ်၍ မြို့ရိုးကိုတည်၍ သားထွေးလက်ထက်၌ မြို့ရိုးကိုစောင့်စေဟု ယောရှုက ကျိန်စာတိုက်ထားသည်။ ထိုကျိန်ခြင်းအမင်္ဂလာသည် ပြည့်စုံလာကြောင်း ၃ရာ ၁၆:၃၄ တွင်တွေ့ရသည်။

Previous Article
Next Article