ယောရှုမှတ်စာ ၉

() ဂိဗောင်သားများနှင့်မဟာမိတ်ပြုခြင်း (အခန်း၉)

:၂၇ ဣသရေလတို့၏ စစ်ရေးအောင်ပွဲသတင်းကြောင့် ယော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ မင်းများသည် စိုးရိမ်ထိတ်လန့်ကြသဖြင့် အချင်းချင်းမဟာမိတ်ဖွဲ့၍ ဣသရေလတို့အား ပုန်ကန်တော်လှန်ရန် တိုင်ပင်ကြသည်(ငယ်၁၊၂)။ သို့သော် ထိုမင်းများအနက်မှ ခေဖိရာ၊ ဗေရုတ်နှင့် ကိရယတိယာရိမ်မင်းများသည် ဆန့်ကျင်ပုန်ကန်ခြင်းဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးမရနိုင်ဟု ခံယူကာ မဟာမိတ်ပြုရန် ဆုံးဖြတ်ကြသည်(ငယ်၃၊၁၇)။ ပုန်ကန်သောင်းကျန်းသူများဟူသရွေ့ ဣသရေလတို့က ကျူပင်ခုတ်ကျူငုတ်မကျန် ရှင်းပစ်လေ့ရှိကြောင်းကိုလည်း သိရှိထားကြသည်။ ခါနန်ပြည်ပမှ လူများကိုမူ သက်ညှာလေ့ရှိသည်ဟု သတင်းကြားသိထားကြသည် (တရား၂၀:၁၀-၁၅)။ သို့ကြောင့် ယောရှုနှင့်တကွ ဣသရေလ စစ်မက်ဗိုလ်ပါများအား ဖျားယောင်းသိမ်းသွင်းရန် ချဉ်းကပ်လာကြသည်။ ရပ်ဝေးမြေခြားမှ ရောက်ရှိလာဟန်ဆောင်လျှင် အသက်ဘေးမှလွတ်ကြမည်ဟု ကြံဆကြသည်။

သို့ကြောင့် ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်အစားများ၊ ကြိုးပြတ်လိမ်ရွဲ့သော ဘိနပ်များစီးလာပြီး၊ မှိုတက်၊ သိုးစော်နံသောမုန့်ထုတ်များယူဆောင်လာကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဣသရေလတို့သည် ဘုရားသခင်အားမေးလျှောက်တိုင်ပင်ခြင်းမရှိကြဘဲ ဂိဗောင်သားများနှင့် ကတိကဝတ်ပြုလိုက်ကြသည်။ နောက်သုံးရက်ကြာလာသောအခါ ဖြစ်ကြောင်းကုန်စင် ဗူးပေါ်သကဲ့သို့ ပေါ်လာသောကြောင့် ဣသရေလတို့က ထိုလူလိမ်များအား အသက်ရန်ရှာကြသည်။ သို့သော်လူကြီးမင်းများက ခွင့်မပြု။ ဂိဗောင်သားများနှင့် မဟာမိတ်ဖွဲ့ဖို့ အချင်းချင်းတိုင်ပင် ညှိနှိုင်းကြသည်။ သို့ကြောင့် ထိုသူများအား ယဇ်ပလ္လင်အမှုတွင် ထင်းခွေ၊ ရေခပ်တောက်တိုမယ်ရခိုင်းဖို့ ခေါ်ထားလိုက်ကြသည်။

ယောရှုနှင့်လူကြီးမင်းများသည် အလိမ်ခံရမှန်းသိလာကြသော်လည်း နှုတ်ကျွံပြီးသောကတိ ပြန်မဖျက်ချင်ကြ။ နောင်တွင် ရှောလုနန်းတက်လာသောအခါ ဂိဗောင်သားများကို ရမယ် ရှာပြီး အရေးယူ အပြစ်ဒဏ် ပေးလိုက်သည် (၂ရာ၂၁)။

Previous Article
Next Article