ရှောလမုန်သီချင်း ၇

၁၅။        ရှောလမုန်၏ချဉ်းကပ်မှုအရှုံးဖြင့်ပွဲသိမ်းခြင်း (၇း၁-၁၁)

၇း၁-၉ က ရှောလမုန်က သူမ၏အလှအပကြော့ရှင်းပုံ၊ နှစ်လိုစွဲမက်ဖွယ်ရာရှိုက်ကြီးဖိုငယ် အသွယ်သွယ်ပိုင်ဆိုင်ပုံ၊ အချစ်ညှို့အားထက်သန်ပုံတို့ကိုချီးမွမ်းသည်။ ဘုရင့်နေပြည်တော် တ၀ှမ်းမှာ တင်ပေါ်ကျော်ကြားကြောင်း နှိုင်းယှဉ်တင်စားကြသည်။ ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်၊ ဒမာသက်နှင့် ကာရမေလတောင်ကဲ့သို့ လှပခန့်ညားကျက်သရေပြည်စုံ၏။ ခန္ဓာကိုယ်သည် သံလွင်ပင်ကဲ့သို့ ပြေးဖက်ချင်စရာကောင်း၏။ ရင်သားအစုံသည်လည်း စွံပလွံသီးများနှယ် စွဲမက်ဘွယ်ကောင်း၏။ သင့်အနမ်းများသည် အကောင်းဆုံး စပျစ်၀ိုင်ကဲ့သို့ ချိုမြိန်၏။ အရသာကောင်းပါဘိ၏။

၇း၉ ခ-၁၀ သူငယ်မက ရှောလမုန်၏ မေတ္တာစကားကို ပြန်ရုပ်သိမ်းဖို့ စီရင်ချက်ချမှတ်သည်။ စပျစ်၀ိုင်သို့ချိုမြိန်သော သူမ၏အနမ်းသည် ဘုရင့်နန်းတော်အတွက်မဟုတ်။ အချစ်ဆုံးသူ့ရည်စား ချစ်သူအတွက် သာဖြစ်သည်။ သူမက သူ့ချစ်သူကို ပိုင်၍သူ့ချစ်သူကလည်း သူမကိုပိုင်ဆိုင်သည်။ ဘုရင်မင်းက မပိုင်ဆိုင်ပါ။ ထို့ကြောင့်ပြောပါရစေ။ သူမ၏အချစ်သည် သူ့ချစ်သူသိုးကျောင်းသား၏ မူပိုင်ဖြစ်သည်။

၁၆။        အသဲစွဲချစ်သူသိုးထိန်းနှင့် ပေါင်းဖက်ထွက်ခွာကြခြင်း (၇း၁၁-၈း၂)

၇း၁၁-၁၃ ချစ်သူသက်ထား သိုးကျောင်းသားရောက်လာချေပြီ။ ချစ်သူမောင်နှင့် လက်ချင်းတွဲချိတ် လယ်ကွင်းပြင်ဖြတ်လို့ရွာပြန်ခွင့်ရပြီ။ တူနှစ်ကိုယ်ယှဉ်လို့ဥယျာဉ်ခြံထဲ လျှောက်လှမ်းရပြီ။ နေ့သစ်ရောက်လျှင်စပျစ်နွယ်ခိုင်နှင့်သလဲဖူးငုံ တွေလိုက်ကြည့်ရမည်။ ချစ်သူမောင်အတွက် တယုတသိမ်းဆည်းထားသော အချစ်သီး၊ ပျော်ရွှင်မှုပန်းပွင့်တွေ ဆက်သရတော့မည်။ အချစ်ဖူးငုံရနံ့သက်များ လတ်ဆက်နေရဲ့။

Previous Article
Next Article