သုတ္တံကျမ်း ၁၀

၃။ အကျင့်စာရိတ္တဆိုင်ရာ သုတ္တံစကား (၁၀:၂၂:၁၆)

          ဤနေရာမှစ၍ ရှေ့ဆက်ကျမ်းပိုဒ်များသည် ဖတ်ရှုသိရှိရုံမျှသာ မဟုတ်ဘဲ့၊ တွေးတောဆင်ခြင်၍ ဘဝအသက်တာတွင် အသုံးချဖို့ မှာထားသည်။ ၁၀:၁ မှ ၂၂:၁၆ တွင် သုတ္တံစကားပေါင်း (၃၇၅) ပါရှိသည်။ ကျမ်းပိုဒ်တခုတိုင်းတွင် ထူးခြားလေးနက်မှုရှိသည်။ ကျမ်းပိုဒ်အများစုသည် ကျမ်းပိုဒ်တစ်ခုတည်းတွင် “သို့သော်” ဟူသော စကားလုံးခံလျက် အဆိုစကားနှင့် ဆန့်ကျင်ဘက်အား တွဲထားသည်။ ရှောလမုန်၏ အဖိုးတန်အတွေးအမြင်များကို ဟေဗြဲကျမ်းမူတွင် ရှောလမုန်၏သုတ္တံစကားဟုခေါင်းစဉ်တပ်ထားသည်။

(က) ဖြောင့်မတ်ခြင်းနှင့် အဓမ္မမှုတို့ဆန့်ကျင်ပုံ (၁၀:၁၅:၃၃)

          ၁၀: သား၏ အပြုအမူများသည် မိဘတို့၏ ကျန်းမာရေးဖြစ်သည်။ မိဘများသည် မိမိတို့သားကို ပေါလု (ပညာရှိ) ကဲ့သို့ ဖြစ်စေချင်ကြသည်။ ယုဒ (သားမိုက်) ကဲ့သို့ မဖြစ်စေချင်ကြ။ ထိုသားနှစ်ယောက်သည် ပျော်ရွှင်ခြင်းနှင့် ကြေကွဲဝမ်းနည်းခြင်း ပုံဆောင်ကြသည်။

၁၀:  ဥစ္စာဘဏ္ဍာသည် ထာဝရတည်မြဲခြင်းမရှိ။ အဆုံးတွင် စိတ်ပျက်ခြင်းသာ ဖြစ်စေပါသည်။ သေခြင်းတရားရောက်လာသောအခါ လိုက်ပါပျက်စီးသွားသည်။ ဆုံးခန်းတိုင် ရောက်သွားသည်။ အခြားတဘက်တွင်မူ ဖြောင့်မတ်ခြင်းပါရမီက သေခြင်းလက်မှ ကယ်နှုတ်နိုင်သည်။ ထိုစကားကို အဓိပ္ပါယ်(၂)မျိုး နားလည်နိုင်သည်။ အပြစ်ဒုစရိုက်လောကမှာ ကယ်ထုတ်နိုင်သည်။ သို့မဟုတ် အသစ်တဖန်မွေးဖွားခြင်း၏ အပြင်ပန်းလက္ခဏာ အထောက်အထားအဖြစ် ထာဝရအသက် ရမည့်အကြောင်း ပြသခြင်းဖြစ်သည်။

၁၀: ယေဘူယျအားဖြင့် ဘုရားသခင်က ဖြောင့်မတ်သူများအား ငတ်သေခွင့်မပြု ဟု နားလည်ရသည်။ ဒါဝိဒ်က “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းခံရသည့်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည့်အကြောင်းကို ငါသည် အသက်ပျိုသည့်ကာလမှစ၍ အိုသည့်တိုင်အောင် မမြင်စဖူး”(ဆာ ၃၇:၂၅) ဟုဆိုထားသည်။ ထိုစကားသည် “အဓမ္မလူများသည် ငတ်မွတ်ပျက်စီးကြသည်” (RSV)ဟူသော ကျမ်းစကားနှင့် အဓိပ္ပါယ်အတူတူ ဖြစ်သည်။

၁၀:   အပျင်းထူသူ၊  စည်းစနစ်မရှိသူသည်  ဆင်းရဲမွဲတေသည်။ ဇွဲ့လုံ့လရှိ၍ ကြိုးစားသူသည် ကြွယ်ဝချမ်းသာသည်။

          ၁၀:  နွေဦးရာသီသည် ကောက်ရိတ်ချိန်ကာလဖြစ်သည်။ ထိုကာလတွင် လယ်ထွန်ခြင်း၊ စပါးစိုက်ခြင်းသည် မိုက်မဲခြင်းဖြစ်သည်။ လယ်သမားနားချိန်သည် ကောက်စိုက်ပြီးချိန်မှ စပါးရိတ်သိမ်းချိန်ကြားကာလ ဖြစ်သည်။ သခင်ယေရှုကလည်း တပည့်တော်များအား “စပါးရိတ်ခြင်းအလို့ငှါ လယ်ပြင်တို့သည် ယခုပင် ဝင်းဝါလျက်ရှိသည်ကို မျှော်၍ ကြည့်ကြလော့” (ယော ၄:၃၅)ဟု ဆိုသည်။

          ၁၀: မိမိကြဲသည့်အတိုင်း ရိတ်ရမည်ဟု လူကြီးသူမစကား ဆိုထားသည်။ မြင့်မြတ်သော အသက်တာတွင် မျိုးကြဲလျှင် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာခံစား၍ လုပ်ဖော်ဆောင်ဖက်များ၏ ချီးမွမ်းစကားလည်း ကြားရမည်။ ဘရိုင်းသီးများ မျိုးကြဲလျှင် ဆူးဖြင့် ဖုံးအုပ်လိမ့်မည်။ ထိုအဖြစ်သနစ်ကို ဟာမန်ဇာတ်လမ်းတွင် သက်သေအထင်အရှား တွေ့ရသည်။ သူ့ပါးစပ်ကို ရုန့်ရင်းကြမ်းတမ်းခြင်းက ဖုံးအုပ်၍ သေရွာသို့ လားခဲ့သည် (ဧသ ၇:၈-၁၀)။

၁၀: မြင့်မြတ်သောအသက်တာ စွဲလန်းခြင်းက လူကို မင်္ဂလာရှိစေ၏။ မကောင်းသောသူ၏ နာမည်သည် ပုပ်စပ်နံစော်၏။ မိဘတိုင်းသည် မိမိတို့သားကို ယုဒရှကာရုဒ် မဖြစ်စေချင်ကြ။ ပေါလုဖြစ်စေချင်ကြသည်။

၁၀:   ပညာရှိသောသူသည် သူတပါး၏ အကြံကောင်းဉာဏ်ကောင်းများကို လှိုက်လှဲစွာ ခံယူ သည်။ လူမိုက်မူကား ထိုသို့မဟုတ်။ သင်ယူတတ်ချင် လိုချင်စိတ်မရှိသောကြောင့် အားမနာလျှာမကျိုး ပြန်ပတ်သက်သည်။ ပျက်စီးခြင်းလမ်းကိုသာ စိတ်ဝင်စားသည်။

၁၀:  ဖြောင့်မတ်သောသူလျှောက်သောဘဝခရီးလမ်းသည် ပြေလွင်၍ ဘေးရန်ကင်းရှင်းသည်။ လိမ်လည်လှည့်ဖျားကောက်စားတတ်သူ၏ ဘဝလမ်းခရီးသည် ချိုင့်ဗွက်ထူပြော၍ လူတကာက ရှုံ့မဲ့ကြသည်။

၁၀:၁၀ ဆန့်ကျင်ဘက်စကားနှစ်ခုယှဉ်ပြထားသည်။ RSV ကျမ်းမူတွင် “မဟုတ်မမှန်သော စကားပြောသူသည် ပြဿနာဖန်တီးသူဖြစ်၍၊ ပွင့်လင်းစွာ ပြောတတ်သူသည် ရန်ကင်းစေသည်”ဟု ဆိုသည်။ မျက်စိမှိတ်ပြခြင်းဆိုသည်မှာ မရိုးသားသည့်သဘော၊ လျှို့ဝှက်သည် အကြံအစည် ဖြစ်သည်။ ထိုသို့ပြုလုပ်သူများသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးသူများ ဖြစ်သည်။

၁၀:၁၁  ဖြောင့်မတ်သူ၏နှုတ်သည် အသက်စမ်းရေ ဖြစ်သည်။ ထွက်သမျှသော ပြောစကားစမ်းရေက ငြိမ်သက်ခြင်း၊ ချမ်းမြေ့ခြင်း၊ ဖူလုံခြင်းပေးသည်။ မတရားသောသူ၏ နှုတ်ထွက်စကားသည် လိမ်လည်လှည့်ဖျားခြင်း၊ နာကျင်စေခြင်းနှင့် အဓိကရုဏ်း ဖြစ်ပေါ်စေသည်။

၁၀:၁၂  မုန်းတီးစိတ်သည် အပြစ်ခွင့်လွှတ်ခြင်း မပြုတတ်။ မိမိကိုယ်ကို နာကျင်စူးရှစေသည်။ အနာဟောင်းကိုလည်း ဆွတတ်၍ ခိုက်ရန်ဖြစ်ပွားစေသည်။ ချစ်စိတ်မူကား သူတပါးအပြစ်၊ အားနည်းချက်များကို မမြင်တတ်။ နားလည်ခွင့်လွှတ်လေ့ရှိသည်။ အတင်းအဖျင်းမပြောသကဲ့သို့ ထိန်းထိန်းသိမ်းသိမ်း ပြုပြင်တတ်သည်။ ဆူပွတ်သော အိုးကိုလည်း မမှောက်အောင် ကိုင်တွယ်နိုင်သည်။

၁၀:၁၃ ဉာဏ်ပညာရှိသူနှင့် စကားစမြည်ပြောခြင်းသည် အသိဉာဏ်တိုးပွားသည်။ သူတပါးကို ကူညီရာရောက်သည်။ ဉာဏ်မဲ့သောစကားမူကား သူတပါးကို အကျိုးမပြုသည့်အပြင် ကြိမ်လုံးကိုသာ ယူဆောင်တတ်သည်။ မလိမ္မာသူ၏ ကျောကုန်းသည် ထိုကြိမ်လုံးနှင့် ထိုက်တန်သည်။

၁၀:၁၄  ဉာဏ်ပညာရှိသူများသည် ကြားသမျှကို ပညာအဖြစ် မှတ်ယူကြသည်။ ဘဝသင်ခန်းစာအဖြစ် သိမ်းဆည်းထားကြသည်။ လူမှန်၊ နေရာမှန်၊ အချိန်အခါမှန် ပြောဆိုတတ်သည် (မ ၇:၆ နှင့်ယှဉ်ဖတ်ပါ။) လူမိုက်စကားသည် ခိုက်ရန်ဖြစ်ပွားခြင်း၊ ဘေးဒုက္ခနှင့် ပြဿနာများကိုသာ သယ်ဆောင်သည်။ သူကိုယ်တိုင်သည် ပြဿနာကောင်၊ ဗိုလ်ကောင်၊ လာဘ်တိတ်ကောင် ဖြစ်သည်။

၁၀:၁၅  ချမ်းသာသူသည် ချမ်းသာသထက်ချမ်းသာ၍ ဆင်းရဲသူသည် မွဲတေသထက်မွဲတေရသည်။ ငွေကို ငွေဖြင့် ဆောက်တည်သော်လည်း ဆင်းရဲသားသည် ကျောကုန်းဖြင့် ဘဝစသဖြင့် ကျောမွဲသထက်မွဲသည်။ ငွေရှိသူသည် အလုံးအရင်းဖြင့် ကုန်သွယ်သဖြင့် ပိုမိုအင်အားကြီးသည်။ ဆင်းရဲသားသည် တပတ်နွမ်းအဝတ်အထည် တော၌သံသရာလည်နေသည်။ လူ့ဘဝ၌ ကြုံတွေ့ရသောမြင်ကွင်း ဖြစ်သည်။ သို့သော် ဆင်းရဲသားများသည် ချမ်းသာခြင်းလမ်းကို မတွေ့ကြ။

၁၀:၁၆ သမ္မာအာဇီဝ စီးပွားရေးလုပ်ငန်းသည် ကောင်းကြီးမင်္ဂလာခံစားသည်။ မရိုးမသားသောစိတ်ဖြင့် အမြတ်အစွန်းကိုပါ ရှာဖွေသူများသည် အပြစ်ဒုစရိုက်ရွာသို့ ခရီးသွားသူများ ဖြစ်သည်။ ခရစ်ယာန်လက်သမားနှင့် မယုံကြည်သူယမကာဆိုင် စားပွဲထိုးကို ယှဉ်ကြည့်ပါ။ လက်သမားအလုပ်သည် သမ္မာအာဇီဝအလုပ်ဖြစ်၍ ချွေးနှီးစာဖြင့်ရသော ဝင်ငွေသည် တန်ဖိုးရှိသည်။ လက်သမားအလုပ်က သူများအကျိုးကိုလည်း ဖြည့်ဆည်းပေးသည်။ စားပွဲထိုးအလုပ်သည် သူများကို ပျက်စီးစေသောအလုပ် ဖြစ်သည်။ အလုပ်များများပိုလုပ်၏။ ဒုစရိုက်များလေလေ ဖြစ်သည်။ အပြစ်ကြီးလေလေ၊ ဒုက္ခများလေလေဖြစ်သည်။

၁၀:၁၇  ဆုံးမဩဝါဒစကားကို နာခံသူ၏ အသက်တာခရီးသည် ဖြောင့်ဖြူးသည်။ သူတပါးစကားကို မထီမဲ့မြင်ပြု၊ အကြံဉာဏ်လက်မခံသူသည် ပျက်စီးခြင်းရောက်သကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးစေသည်။

၁၀:၁၈  မုန်းတီးစိတ်ကို ဖုံးကွယ်ထားသူနှင့် အိမ်နီးနားချင်းကို အတင်းအဖျင်းပြောသူအား နှိုင်းယှဉ်ပြထားသည်။ ပထမလူသည် ကြောင်သူတော်ဖြစ်၍ ဒုတိယလူသည် လူမိုက်ဖြစ်သည်။ ထိုသူနှစ်ယောက်စလုံးတွင် ရွေးချယ်စရာမတွေ့။ ဤကျမ်းချက်မှ သင်ခန်းစာမှာ ယုံကြည်သူများသည် မုန်းတီးစိတ် လုံးမမရှိရေးဖြစ်သည်။

၁၀:၁၉  စကားပြောလေ အမှားများလေ ဖြစ်သည်။ စပါး၊ စပါး၊ စပါးထဲက ဆန်စေ့ရ၊ စကား၊ စကားထဲက ဇာတိပြသည်။ ပေါက်တတ်ကရလေဖောခြင်းကို သတိထားရမည်။ လိုချင်တပ်မက်သော လေသံသည် မကြာခဏ ရန်ရှာတတ်သကဲ့သို့ ယုံကြည်မှုကိုလည်း ​လျော့နည်းစေသည်။ အပြစ်ဒုစရိုက်ဘက်သို့ ခြေလှမ်းသည် စကားအရာဖြင့် သူများခေါင်းပေါ်ရောက်ဖို့ ကြိုးစားသူသည် လူ့ဗလာဖြစ်သည်။

လူရှေ့သူရှေ့တွင် စကားချုပ်တည်းနိုင်သူသည် ပညာရှိသုခမိန် ဖြစ်သည်။ သူတပါးအထင်သေးခြင်း၊ ကဲ့ရဲ့ခံခြင်းမှ မိမိကိုယ်ကို ကာကွယ်သည်။ အပြစ်ဒုစရိုက်မှ ကင်းဝေးသည်။ ပညာရှိသူသည် မိမိနှင့်မဆိုင်၊ မလိုသောနေရာတွင် စကားမပြော။

၁၀:၂၀ ဖြောင့်မတ်သူ၏ စကားက သူ့ကို ရောင်ပြန်ဟပ်သည်။ သူ့စကားက ဂုဏ်သိက္ခာထိန်ဝါစေသည်။ လူမိုက်၏စကားမူကား တန်ဖိုးမရှိ။ အချည်းအနှီး စီးဆင်း၍ သူများကိုလည်း အကျိုးမပြု။

၁၀:၂၁ ဤကျမ်းချက်နှင့် ပတ်သက်၍ ဆရာကြီးတပါးက “လူကောင်းသည် မိမိကိုယ်သာမက အခြားသူများကိုလည်း အလုပ်အကျွေးပြုသည်။ ဒုစရိုက်မူကား မိမိကိုယ်ကိုပင် အသက်မပွေးနိုင်”ဟုဆိုသည်။

မိုက်သောသူဆိုသည်မှာ ငတ်မွတ်ခေါင်းပါးခြင်း၊ တပါးသူကို အကျိုးအပြုသည့်အပြင် တောင်းရမ်းသူကို ဆိုလိုသည်။

၁၀:၂၂ ထာဝရဘုရားကောင်းကြီးမင်္ဂလာသည် သုခကြွယ်ဝချမ်းသာခြင်းအစစ် ဖြစ်သည်။

ထိုမင်္ဂလာတရားသည် သုခချမ်းသာအမှန် ဖြစ်သောကြောင့် ဘယ်သောအခါမှ ဝမ်းနည်းစရာမတွေ့ရ။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများတွင် ကြေကွဲဝမ်းနည်းခြင်း မပါဝင်သည်မှာ မှန်ကန်ပါသလား။

ထိုမေးခွန်းနှင့်ပတ်သက်၍ အဓိပ္ပါယ်အမျိုးမျိုး ရှင်းပြစရာရှိပါသည်။

၁။ ဘုရားသခင်သည် ဝမ်းနည်းခြင်း မပေးပါ။ ဝမ်းနည်းကြေကွဲခြင်း၊ ဖျားနာခြင်းနှင့် ဆင်းရဲဒုက္ခများသည် စာတန်မာရ်နတ်ထံမှ လာပါသည်။ ဘုရားသခင်က ထိုအကုသိုလ်များအား ဘုရားသားသမီးများထံသို့ ကျရောက်ခွင့် ပြုထားသည်။

၂။ ကြေကွဲဝမ်းနည်းခြင်းသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာနှင့်အတူတူ မရှိနိုင်။ ထို့ကြောင့် ဘုရားသခင်နှင့် ဝေးကွာနေသူများထံသို့သာလျှင် ရောက်ရှိနိုင်သည်။

၃။ အခြားအနက်ဖွင့်ဆိုချက်တစ်ခုမှာ ပင်ပန်းစွာလုပ်ကိုင်ခြင်းတည်းသာလျှင် ဘာမှမဖြစ်နိုင် (RV နှင့် RSVမှတ်စု)။ ဤနေရာတွင် ပင်ပန်းခြင်းသည် ဘုရားသခင်နှင့်ဝေးကွာခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားကောင်းကြီး မခံစားနိုင်။ ပင်ပန်းစွာ ဆောက်လုပ်သောအိမ်သည် ကောင်းပါသည်။ သို့သော် ဘုရားသခင်မပါရှိလျှင် အချည်းအနှီးဖြစ်သည် (ဆာ ၁၂၇:၁-၂ တို့နှင့် ယှဉ်ဖတ်)။

၁၀:၂၃ ထိုလူမိုက်သည် ဒုစရိုက်ပြုလုပ်ရာတွင် ပျော်ရွှင်သည်။ သူတပါးဒုက္ခရောက်လျှင် အပျော်ဆုံးဖြစ်သည်။ ဉာဏ်ကောင်းသောသူသည် ပြုလေရာအမှုတိုင်း၌ ဆင်ခြင်ချင့်ချိန်သည်။

၁၀:၂၄ မတရားသူသည် သူပြုခဲ့သည့်အတိုင်း ကပ်ဆိုးများ အစုလိုက်အပြုံလိုက် ကျရောက်လာသည်။ ဖြောင့်မတ်သောသူတောင့်တသော အကျိုးကား ဘုရားသခင်ပေးတော်မူမည်။ ထိုအကြောင်းကို C.S Lweis ကဤသို့ ဆိုသည်။

          နောက်ဆုံးတွင် ရွှင်လန်းခြင်း သို့မဟုတ် တုန်လှုပ်ခြင်းနှင့် မျက်နှာချင်းဆိုင် ကြုံတွေ့ရသည်။ ကောင်းကြီးမင်္ဂလာ သို့မဟုတ် အရှက်တကွဲ အကျိုးနည်းခြင်း ရင်ဆိုင်ရမည်။ မည်သူမျှ ရှောင်လွဲ၍မရ၊ မိမိပြုသည့်အတိုင်း ပြန်လည်ခံစားရမည်။၁၄

၁၀:၂၅  မတရားသောသူ၏ လုပ်ဆောင်ချက်များသည် မယ်မယ်ရရ ပြသစရာမရှိ။ လေပွေကဲ့သို့ တဟုန်ခြင်းတွင် လွင့်စင် ပျောက်ကွယ်သွားသည်။ သို့သော် ဖြောင့်မတ်သောသူသည် ကျောက်ဆောင်ကဲ့သို့ခိုင်မြဲ တည်တံ့သည်။ ဆိုးဝါးသော ပတ်ဝန်းကျင်က မည်မျှတိုက်ခတ်ပါစေ မတုန်လှုပ်နိုင်။

၁၀:၂၆ အချဉ်သီးက သွားကျိန်းစေ၍ မီးခိုးက မျက်စိစပ်စေသည်။ ထိုကဲ့သို့ပင် လူပျင်းသည် ဆန်ကုန်မြေလေးသာဖြစ်သည်။ ဘာမှအကျိုးမပြု။ ခိုင်းစား၍မရ။ စိတ်မချနိုင်။ သူတပါးအား အနှောင့်အယှက်ဒုက္ခသာ ဖြစ်စေသည်။

၁၀:၂၇ ဘုရားတရားကိုင်းရှိုင်းခြင်းသည် အသက်ရှည်စေသည်။ မတရားသူများသည် သက်တမ်းတိုသည်။ အသတ်ခံရခြင်း၊ မမျှော်လင့်သော ဘေးဆိုးကြုံတွေ့ခြင်း ကြုံတွေ့ရသည်။ အရက်သေစာမူးယစ်ဆေးဝါးနှင့် ရောဂါဖြစ်စေသော မဆင်ခြင်မှုများတို့ကြောင့် လူ့လောကတွင် ကြာကြာမနေရကြ။

၁၀:၂၈ ဖြောင့်မတ်သူများသည် မင်္ဂလာတရားကို မျှော်လင့်ကြသည်။ လူမိုက်များမှာ ထိုသို့မဟုတ်ကြ။ စိတ်ပျက်အားငယ်ခြင်း၊ အနိဌာရုံနှင့်အဆိုးကိုသာ တွေးမျှော်တတ်ကြသည်။ ထိုအကြောင်းကို က ဤသို့ သရုပ်ဖော်သည်။

မဟာအလက်ဇန္ဒြားကြီးသည် ကမ္ဘာကြီးတခုလုံး တိုက်ခိုက်သိမ်းပိုက်သော်လည်း တင်းတိမ်ကျေနပ်ခြင်းမရှိသေး။ ဆက်လက်စစ်တိုက်ခိုက်ရာ မရှိသဖြင့် ပျင်း၍ငိုကြွေးသည်။ ထို့ကြောင့် စိတ်ထောင်းကိုယ်ကြေ၍ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့ရသည်။ ဟန်နိဘော စစ်သူကြီးသည် ရွှေ () တင် လက်ဆောင်ယူလာသော စစ်သားများကိုလည်း နည်းပေးသည်ဟု ဆို၍ အကုန်သတ်ပစ်ခဲ့သည်။ နောင်တွင် အဆိပ်သောက်၍ သေဆုံးသည်။ ရောမစစ်ဘုရင် ဂျူးလီယက်စီဇာသည်လည်း မြို့ပြနိုင်ငံပေါင်း (၈၀၀) ရာကျော် တိုက်ခိုက်အောင်မြင်ခဲ့သော်လည်း အချစ်ဆုံးမိတ်ဆွေ၏ လက်ချက်ဖြင့် သွေးအိုက်ထဲတွင် အသက်ပျောက်ခဲ့သည်။ ဥရောပတခွင်လုံး အောင်မြင်ခဲ့သော စစ်ဘုရင်နပိုလီယံ သည်လည်း ဆင်းရဲချို့တဲ့စွာ ဘဝ နိဂုံးချုပ်ခဲ့ရသည်။၁၅

စင်စစ် ဆိုးယုတ်သူများ၏ ဘဝနိဂုံးသည် ပျက်စီးခြင်းဖြင့် အဆုံးသတ်ကြသည်။

၁၀:၂၉ ထာဝရဘုရားသခင်၏ တရားတော်သည် ဖြောင့်မတ်သူများ၏ ဘဝအား  မျှော်စင်ကဲ့သို့လှပခိုင်မာစေ၍ မတရားသူများကို ဒုက္ခရောက်စေသည်။ ကျွန်ဖြစ်စေသည်။ သူများခိုင်းဖတ်ဖြစ်စေသည်။

ဣသရေလတို့ တိုင်းတပါးသားများ၏ ဖမ်းဆီးကျွန်ပြုခဲ့ပုံကို သင်ခန်းစာ ရယူနိုင်ပါသည်။

၁၀:၃၀  ဖြောင့်မတ်သူများနှင့်အတူ ဘုရားသခင်ရှိ၍ ဆိုးယုတ်သူများကိုမူကား ပကြဉ်ခြင်းခံရသည်။ ဤကျမ်းချက်နှင့်ပတ်သက်၍ အထွေအထူးနှင့် ပြစရာမလို။ ဣသရေလသမိုင်းကြောင်းကို ကြည့်လျှင် လယ်ပြင်မှာ ဆင်ကောင်သွားသကဲ့သို့ ပေါ်လွင်ထင်ရှားနေပါသည်။

၁၀:၃၁   ပညာရှိစကားသည်   သစ်ပင်ကောင်းနှင့်တူသည်။  အသီးအပွင့်များ သီးပွင့်၍   လူတိုင်းအား အကျိုးဖြစ်ထွန်းစေသည်။ လူမိုက်စကားမူကား မည်သည့်နေရာတွင်မှ အသုံးမဝင်။ နေရာမရ။ ဂရုစိုက်ခြင်းမခံရ။

၁၀:၃၂   လူများသည် နှစ်လိုဖွယ်ရာစကားများကို ကြားသိချင်ကြသည်။ ပျော်ရွှင်ဖွယ်ရာ သတင်းစကားသည် ကလေးသူငယ်များထံမှကြားရ၍ ဆောက်တည်ဖွယ်ရာ သုတ္တံစကားသည် ပညာရှိထံမှ ကြားရသည်။ မတရားသောသူမူကား ဘုဂလန့်စကားသာ ပြောတတ်သည်။ ရန်စကားပြောဖို့သာ လျှာသွက်သည်။

Previous Article
Next Article