သုတ္တံကျမ်း ၁၅

၁၅: အခန်းကြီး(၁၅)သည် အဓိကအားဖြင့် စကားအလိမ္မာအကြောင်း ဖြစ်သည်။ ယဉ်ကျေးသောစကား၊ ဖြည်းညှင်းညင်သာသောစကား၊ သိမ်မွေ့သောစကားသည် ပေါက်ကွဲမည့် အမျက်ဒေါသအား ဖြေလျှော့စေနိုင်သည်။ ကြီးသောပြဿနာကိုလည်း သေးငယ်စေနိုင်သည်။ ကြမ်းတမ်းသောစကားတခွန်းသည် ပြောသူ၏အဆင့်အတန်း ဇာတိရုပ်ကို ပြသသည်။ ကြမ်းတမ်းသောစကားကြောင့် ကိုယ်ထိလက်ရောက် ရန်ပွဲဖြစ်ရသည်။ Spurgeon ကဤသို့ ရှင်းပြသည်။

တခါတွင် ခြံစည်းရိုးအခိုင်အမာကာထားသော အိမ်တွင်နေခဲ့စဉ် အိမ်ဘေးနားမှ ခွေးတကောင်သည် ကူသန်းသွားလာလေ့ရှိသည်။ အပင်များကို ဖျက်ဆီးမည်စိုးသောကြောင့် တညနေတွင် ခြံထဲလျှောက်လည်စဉ် ထိုခွေးကို ဒုတ်ဖြင့် လှမ်းပစ်လိုက်သည်။ အိမ်ပြင်မောင်းထုတ်လိုက်သည်။ သို့သော် ထိုခွေးသည် အိမ်သို့ မပြန်ဘဲ ကျွန်တော်ပစ်လိုက်သော ဒုတ်ကို ခြေရင်းတွင် လာချပေးသည်။ အမြီးမနှံ့နှံ့ဖြင့် ကျွန်တော့်မျက်နှာကို မော်ကြည့်သည်။ ကျွန်တော်ဘာလုပ်ရမည်နည်း။ အရှုံးပေးရသည်။ ကောင်းသောခွေးကလေးဟု ခေါ်၍ ကျောကုန်း ပွတ်ပေးလိုက်သည်။ ကျွန်တော်ပြုမူခဲ့သော ရိုင်းစိုင်းမှုများအတွက် နောင်တရမိသည်။၂၃

၁၅: ပညာရှိပါးစပ်မှ နှစ်လိုဖွယ်သတင်းစကားများ ထွက်ပေါ်လာသည်။ စကားပြောရမည့်အချိန်၊ နေရာ၊ အကြောင်းအရာများကို အံဝင်ဂွင်ကျ ပြောဆိုတတ်သည်။ လူဗာလများ၏ နှုတ်ဖျားများမှ မိုက်မဲသောစကားများ ကြားရတတ်သည်။

၁၅: ထာဝရဘုရားသခင်သည် သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်သည်။ အရာခပ်သိမ်း ဖြစ်ပျက်နေပုံကို တွေ့မြင်သိရှိသည်။ နေရာတိုင်းကိုမြင်သည်။ ဘုရားသခင်ရှေ့မှာ မမြင်ကွယ်ရာအရပ်မရှိ။ နတ္ထိရသောနာမ။ လူတွေ၏ အကြံအစည်အပြောအဆို၊ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။ အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ သိသည်။ ထို့ကြောင့် ဒါဝိဒ်မင်းက “ထိုသို့သော ဉာဏ်သည် အံ့ဖွယ်ဖြစ်၍ အကျွန်ုပ် မတတ်နိုင်ပါ။ မြင့်မြတ်သည်ဖြစ်၍ အကျွန်ုပ်မမီနိုင်ပါ” (ဆာ ၁၃၉:၆)ဟု ဆိုသည်။

၁၅:  ဖြည်းညှင်းညင်သာသော၊ ယဉ်ကျေးသိမ်မွေ့သောစကားသည် စိတ်နှလုံးရွှင်လန်းစေသည်။ ဆောက်တည်ရာ ဖြစ်စေသည်။ နိုးကြားစေသည်​ေ ရုန့်ရင်းကြမ်းတမ်းသောစကားများ နားထဲ သံရည်ပူ လောင်းထည့်သကဲ့သို့ ပူလောင်သည်။ စိတ်ဝိညာဉ်ကို နာကျင်စေသည်။

၁၅:  ဤကဲ့သို့သော လူမိုက်ကို အထက်ပါ ကျမ်းချက်များတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဖခင်၏ အတွေးအခေါ်၊ ဝတ်စားဆင်ယင်ပုံနှင့် သွန်သင်ဆုံးမချက်များကို ခေတ်မမီတော့ဘူးဟု အာခံတတ်သော သားဆိုးသမီးမိုက် ဖြစ်သည်။ လိမ္မာရေးခြားရှိသော သားသမီးမူကား မိဘစကားကို မြေဝယ်မကျ နားထောင်၍ ပြုပြင်သည်။ သမာပညာရှိသူသည် လိမ္မာအသထက် လိမ္မာ၍ ယဉ်ကျေးသထက်ယဉ်ကျေးသည်။ ဘေးလူစကားထက် မိဘစကားသည် ပိုမိုအဖိုးတန်ပါသည်။

၁၅: မည်ကဲ့သို့သော ဆင်းရဲကြပ်တည်းကာလ ရောက်စေကာမူ ဘုရားတရားသိသော အိမ်ထောင်မိသားစုသည် ဉာဏ်ပညာသမ္မာတရား၌ တည်ကြ၏။ အိမ်ထောင်မိသားစု စည်းလုံးချစ်ခင်ကြသည်။ စည်းစိမ်ဥစ္စာရတနာ အမွေမပေးနိုင်လျှင်လည်း သားသမီးများသို့ ဝိညာဉ်ရေးရာ အမွေရတနာ ပေးထားခဲ့ကြသည်။

မတရားသဖြင့်ရရှိသော စီးပွားဥစ္စာသည် ဘေးဒုက္ခအနှောင့်အယှက် အမြဲတန်းရင်ဆိုင်ရသည်။ သူကိုယ်တိုင်သာမက မိသားစုများသို့လည်း သက်ရောက်နိုင်သည်။ အာခန်မိသားစုကို သင်ခန်းစာယူကြည့်ပါ (ယောရှု)။

၁၅: ပညာရှိနှင့်စကားပြောလျှင် အသိဉာဏ်ပွားများ၏။ လူမိုက်နှင့်စကားပြောလျှင်မူကား အချည်းအနှီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူမိုက်ခေါင်းထဲတွင် ဘာမှမရှိ။ အခွံသက်သက် ဖြစ်သည်။

၁၅: စိတ်သဘောရင်းမပါ။ ရိုးရာထုံးတမ်းစဉ်လာနှင့် လူမြင်ကောင်းအောင် ပူဇော်ခြင်းအကြောင်းကို ရှင်းပြထားသည်။ ဆိုးယုတ်သောသူများသည် ဈေးကြီးသော ပူဇော်သက္ကာယူဆောင်လာကြသော်လည်း ဘုရားသခင်ကလက်မခံ၊ ကောင်းကြီးမပေး။ ပထမဦးစွာ အသက်တာ သန့်ရှင်းစင်ကြယ်ဖို့  ကိုယ်တော်ဘုရား အလိုတော်ရှိသည်။ “နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ကောင်း၏” (၁ရာ ၁၅:၂၂)။  စိတ်နှလုံးနှိမ့်ချစွာ ဆုတောင်းသောပညာရှိများ၏ အသံကို ဘုရားရှင် နားညောင်းတော်မူ၏။ “ဘုရားသခင်နှစ်သက်တော်မူသော ယဇ်ကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အို ဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ” (ဆာ ၅၁:၁၇)။

၁၅:   မတရားသူလျှောက်သောလမ်းကို ဘုရားသခင် စက်ဆုပ်ရွံရှာသည်။ နှုတ်ကပတ်တော်အတိုင်း လိုက်လျှောက်သူများကို ဘုရားသခင် အားရနှစ်သက်တော်မူသည်။

၁၅:၁၀ ဤသုတ္တံစကားကို အဓိပ္ပါယ်နှစ်မျိုး ကောက်ယူနိုင်သည်။ လူ(၂)မျိုး ရှင်းပြထားသည်။ ပြုန်မနူး (ပြင်ဆင်ပေး၍မရသူ)နှင့် ရိုးဖြောင့်သူ (သမ္မာလမ်းလိုက်သူ) ဖြစ်သည်။ ပြုတ်မနူးများသည် ကြပ်တည်းသောစည်းကမ်းကို မလိုက်နာကြသဖြင့် ပျက်စီးခြင်း သေဘေးကြုံရမည်။ ရိုးဖြောင့်သူများသည် ဆင်းရဲကြပ်တည်းသော စည်းကမ်းကလနားကို လိုက်နာကြသောကြောင့် ပျက်စီးခြင်းဘေးရန်မှ လွတ်ကင်းသည်ဟု နားလည်နိုင်သည်။ သို့မဟုတ် လူတယောက်သည် နာခံသောအခါ ဘေးရန်ကင်းရှင်း၍ ဆုံးမခြင်း မနာခံလျှင် ပျက်စီးသည်ဟု အဓိပ္ပါယ်ကောက်ယူနိုင်သည်။ မူလဟေဗြဲကျမ်းမူတွင် အဓိပ္ပါယ်နှစ်ခွ ရှိသည်။

၁၅:၁၁ မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံ (Sheol and Abaddon) ဆိုသည်မှာ လူ့မျက်စိဖြင့် မမြင်နိုင်သောသေခြင်း တမလွန်ဘဝဖြစ်သည်။ ဘုရားသခင်သည် သေခြင်းနှင့်သေခြင်း၏အခြားတဘက်၌ ဘဝကို သိမြင်သူဖြစ်သည့်အတိုင်း လူသားများ၏ အကြံအစည်၊ အသိဉာဏ်များကိုလည်း အကုန်အစင်သိသည်။ “ငါတို့ကို စစ်ကြောတော်မူသော၁၅:သူရှေ့၌ မထင်ရှားသောအရာ တစုံတခုမှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ့ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏” (ဟေဗြဲ ၄:၁၃)။

၁၅:၁၂  မထီမဲ့မြင်ပြုသူများသည် မိမိကို သွန်သင်ဆုံးမသူများထံသို့ မချဉ်းကပ်ချင်ကြ။ အကြံဉာဏ်မရလိုကြ။ သို့သော် ဘေးလူစကားကိုမူ နားထောင်ကြသည်။ ထိုကဲ့သို့ အဖိုးတန်ပညာကိုမလို။ အချည်းအနှီးစကားသာ လိုချင်သောကြောင့် ပျက်စီးခြင်းကိုသာ ကြုံတွေ့ရသည်။

၁၅:၁၃ ရွှင်လန်းသောစိတ်နှလုံးသည် ချိုသာသောမျက်နှာထားရှိသည်။ စိတ်ဓါတ်ကျသူ၏ မျက်နှာထားသည် ရှုံ့တွ ရွဲ့စောင်းသည်။ မျက်နှာအစင်းအကြောင်းထင်၍ အသက်မကြီးမီ အိုစာသည်။

၁၅:၁၄ ဉာဏ်ကောင်းသော စိတ်နှလုံးသည် လေ့လာသင်ယူလိုစိတ် အမြဲရှိသည်။ လူမိုက်၏ ပါးစပ်မူကား ဖရုဿဝါစာများကို ပြောလေ့ရှိသည်။ မိုက်မဲသောစကားများထွက်သည်။ “ပညာရှိသူသည် ရေမြင့်လေ ကြာတင့်လေဖြစ်၍ လူမိုက်သည် ပုပ်သထက်ပုပ် ပျက်သထက်ပျက်သည်”။

၁၅:၁၅  အကောင်းမြင်ဝါဒနှင့် အဆိုးမြင်ဝါဒ ယှဉ်ပြထားသည်။ အဆိုးမြင်ဝါဒီသမားများသည် အနှုတ်လက္ခဏာ စကားပြောလေ့ရှိသည်။ စိုးရိမ်ကြောက်လန့်ခြင်း၊ မဖြစ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းများကိုသာ ဖက်တွယ်သည်။ “ဘူး”တလုံး အမြဲဆောင်ထားသည်။  အကောင်းမြင်ဝါဒီသမားသည် ရွှင်လန်းသောစိတ်နှလုံးဖြင့် အမြဲအောင်ပွဲခံသည်။  မည်သည့်အခြေအနေ အချိန်အခါတွင်မဆို စိတ်ပါဝင်စားစွာ ကြံစည်လုပ်ဆောင်သည်။

၁၅:၁၆ ဆင်းရဲမွဲတေသော်လည်း ဘုရားသခင်ကို ချစ်ကြောက်သူသည် ချမ်းသာလျက် ဘုရားတရားမသိသူထက် မွန်မြတ်သည်။ ဘဝတန်ဖိုးရှိသည်။ ချမ်းသာခြင်းနောက်တွင် အနှောင့်အယှက်ပယောဂ လိုက်လာတတ်သည်။ ယုံကြည်ခြင်းအသက်တာမူကား ပုံမှန်ဖြစ်သည်။

၁၅:၁၇ အချင်းချင်း ငြူဆူလျက် နွားတကောင်လုံး စားသုံးခြင်းထက် ချစ်ခြင်းမေတ္တာပါသော သက်သက်လွတ် အစားအစာ စားခြင်းက ပိုမြိန်သည်။ “မသဒ္ဓါရေစာကျွေးသော ကြက်ကောင်လုံးကျော်ထက် စေတနာဖြူစင်စွာ ကျွေးသော ဟင်းသီးသင်းရွက်က ပို၍ အာဟာရ ဖြစ်စေသည်” (Moffatt)။

ဆူဖြိုးအောင် ကျွေးထားသောအမဲသားကို အကောင်းဆုံး စားသောက်ဖွယ်အဖြစ် တင်စားခြင်း ဖြစ်သည်။

  Joseph R.Sizoo က ဤသို့ဆိုသည်။

ကျွန်တော်တွေ့မြင်ဖူးသမျှသော အမေရိကန်ပြည်မှ အသာယာဆုံးမြို့သို့ အလည်တခေါက်  သွားခဲ့ပါသည်။ အိမ်ထဲတွင် အီတလီပြည်လုပ် မီးဖိုချောင်အသုံးအဆောင်၊ ဘယ်လဂျီယံပြည်လုပ် ပုံဖော်ထိုးအဝတ်ပန်းချီကားများ၊ အရှေ့တိုင်းကြမ်းခင်းကော်ဇောပွများသည် ဆေးရောင်လှလှ ချယ်ထားသော ခမ်းမနှင့် ပနာတင့်တယ်လှပါပေသည်။ ဤကဲ့သို့ ဂေဟာတွင် စိုးစံနေထိုင်သူသည် အဘယ်မျှ စိတ်ရွှင်လန်း သာယာမည်နည်း။ သို့သော် ထိုသို့မဟုတ်။ သန်းကြွယ်သူဌေးဖြစ်ကြသော်လည်း လင်နှင့်မယား စကားမပြောကြ။ ထိုနေချင်ဖွယ်နေရာသည် မုန်းတီးခြင်းနေရာ ဖြစ်နေသည်။ အချင်းချင်း မချစ်ခင်ကြသကဲ့သို့ ဘုရားသခင်ကိုလည်း ချစ်ကြောက်ရိုသေခြင်း မရှိကြ။ အဘယ်မျှ ဝမ်းနည်းဖွယ်ကောင်းသနည်း။ (Our Daily Bread)

၁၅:၁၈  ဒေါသကြီးသူသည် ရန်များသည်။ ပညာရှိသူသည် သူတပါးအမျက်ဒေါသကို ရှောင်တိမ်းသဖြင့် ရန်ရှင်းသည်။ အမျက်ဒေါသတခါထွက်ခြင်းဖြင့် ပျော်ရွှင်သော နေ့ရက်တရာ ဆုံးရှုံးနိုင်သည်။

၁၅:၁၉  ပျင်းရိသောသူသွားရာလမ်းတွင် ဆူးညှောင့်ခလုတ်နှင့်  အခက်အခဲများထူပြောသည်။ မဖြေရှင်းနိုင်သောပြဿနာများနှင့် စိုးရိမ်စရာ ပေါများသည်။ ထို့ကြောင့် ဘာမှ ပြီးမြောက်အောင် မလုပ်နိုင်။ ဖြောင့်မတ်သောသူများသွားရာလမ်းသည် အဆင်ပြေချောမောသည်။ အဝေးပြေးလမ်းမကြီးအတိုင်း ဖြောင့်ဖြူးသည်။

၁၅:၂၀ လိမ္မာရေးခြားရှိသောသားသည် အဘ၏ဂုဏ်ယူစရာဖြစ်သည်။ မိုက်သောသားသည် မိခင်ကို မထီမဲ့မြင်ပြုသည်။ နာခံခြင်းမရှိ။ ဆိုးမိုက်သဖြင့် အမေ့မျက်ရည်ကျစေသည်။

၁၅:၂၁ ဉာဏ်မရှိသောသူသည် မိမိမိုက်မဲမှုတွင် ကျေနပ်တင်းတိမ်သည်။ ပတ်ဝန်းကျင်ကို မကြည့်မလေ့လာ။ မိမိအလုပ်ထက်ကောင်းသောအလုပ်ကိုမမြင်။ ဉာဏ်ရှိသောသူမူကား တိုးတက်ရာတိုးတက်ကြောင်းနှင့် ခေတ်ကာလအခြေအနေကို အစဉ်လေ့လာသည်။ စိတ်ထားပြည့်ဝ၍ ကြိုးစားရှာဖွေသည်။

သိုးသည် ခြောက်သွေ့သောနေရာတွင် သပ်ယပ်စွာ အစာရှာနေစဉ် ဝက်သည် ရွှံအိုင်တွင် လူးနေတတ်သည်။

၁၅:၂၂  ပတ်ဝန်းကျင်ကိုမကြည့်၊ သူများကိုမတိုင်ပင်ဘဲ၊ ခေါင်းတငုံ့ငုံ့လုပ်နေသူသည် လုပ်ငန်းပျက်စီးတတ်သည်။ သတင်းအချက်အလက်ကျယ်ပြန့်စွာ လေ့လာ၍ အကြံဉာဏ်ရယူသူများသည် လုပ်ငန်းတွင်ကျယ်သည်။  အတွေ့အကြုံရှိသူများမှ ရှောင်ရှားရမည့်အချက်များ သိရှိသဖြင့် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်နိုင်သည်။

၁၅:၂၃ အခြေအနေ၊ အချိန်အခါနှင့် လိုက်လျောညီထွေ ပြောသောစကားသည် သူတပါးကို ကူညီရာရောက်သည်။ ပြောသင့်သောစကားကို အချိန်မီပြောခြင်းသည် သင့်တင့်လျှောက်ပတ်၏။ မင်္ဂလာစကားပေတည်း။ ဟေရှာ ၅၁:၄ “ငါသည် ပင်ပန်းသောသူအား မစခြင်းငှါ စကားပြောတတ်မည့်အကြောင်း”ဟူသော ကျမ်းစကားနှင့် ယှဉ်ဖတ်ပါ။

၁၅:၂၄  ပညာရှိလျှောက်သောလမ်းသည် အသက်တာလမ်းခရီး ဖြစ်သည်။ အောက်သားများသွားရာလမ်း၊ မရဏာလမ်းနှင့် ကင်းဝေးလျက် ပျက်စီးခြင်းနှင့်လည်း ကင်းစင်သည်။ လျှောက်လှမ်းဖို့ရွေးချယ်ရမည့် လမ်းနှစ်သွယ်ကို ပြန်လည်သတိရပါ။

၁၅:၂၅  ဘုရားသခင်သည် မာနထောင်လွှားသော၊ မောက်မာသူများ၏ လယ်မြေအိမ်ယာများကို ပျက်စီးစေတတ်၏။ သို့သော် မုဆိုးမနေရာကိုမူ လုံခြုံစေသည်။ မရှိဆင်းရဲသားများကို ကြည့်ရှုသည်။

၁၅:၂၆  မတရား၊ ဆိုးညစ်သူများ၏ အကြံအစည်နှင့် လုပ်ငန်းကို ဘုရားသခင် စက်ဆုပ်ရွံရှာသည်။ စင်ကြယ်သောသူတို့၏ စကားနှင့် စိတ်နှလုံးကို နှစ်သက်တော်မူသည်။

၁၅:၂၇   ဤသုတ္တံစကားသည် မတရားသဖြင့် စီးပွားရှာစားသော၊ မရိုးမဖြောင့် လာဘ်ပေးလာဘ်ယူ လုပ်စားသူများကို ရည်ညွန်းသည်။ ထိုသို့ မရိုးမဖြောင့် ရရှိသော ဝင်ငွေက အဆီအသားမဖြစ်စေပါ။ မမျှော်လင့်သော အကုသိုလ်များ မိမိအိမ်သို့ ယူဆောင်သူများ ဖြစ်သည်။ တံဆိုးလက်ဆောင်မယူ၊ လာဘ်ပေးလာဘ်ယူကင်းရှင်းသူများသည် လိပ်ပြာသန့်သန့်နေကြသဖြင့် ပျော်ရွှင်သော အသက်တာရှိကြသည်။

၁၅:၂၈  လူလိမ္မာများသည် စကားမပြောမီ စဉ်းစားသည်။ မည်သို့ခွန်းတုန့်ပြန်ရမည်ကို ဆင်ခြင်သည်။ လျှာဖြင့် စကားမပြော။ ဦးနှောက်ဖြင့်ပြောသည်။  ဉာဏ်တိမ်သူမူကား၊ ရှေ့နောက်မကြည့်။ ရှည်ရှည်ဝေးဝေးမစဉ်းစားပါ။ ပါးစပ်ထဲရှိရာ အကုန်လျှောက်ပြောသည်။ ညစ်ညမ်းသောစကား၊ မလျှော်သောစကားမတွေး။ အသံမြည်လျှင် ကျေနပ်သည်။

၁၅:၂၉  ဘုရားသခင်သည် မတရားသော သူများနှင့်မပတ်သက်။ မတရားသောသူများ၏ ဆုတောင်းသံကို နားမညောင်း။ ပူဇော်သက္ကာများကို လက်မခံ။ မိဿဟာယဖွဲ့ခြင်းမပြု။ ယုံကြည်သူများ၏ စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းသံများကိုမူ နားညောင်းသည်။ “ဘုရားသခင်သည် လူဆိုးတို့စကားကို နားမထောင်။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်သို့ လိုက်သူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။” (ယော ၉:၃၁)။

၁၅:၃၀ ဉာဏ်ပညာရှိသူသည် အတွေးအမြင်ကျယ်ပြန့်သည်။ လူတိုင်း၏ စိတ်နှလုံးကို ရွှင်လန်းစေသည်။ အသိဉာဏ်တိုးပွားစေသည်။ ကောင်းသောသတင်းစကားသည် စိတ်နှလုံးကို ရွှင်မြူးစေသည်။ ရိုးတွင်းခြင်ဆီပြည့်စေ၍ ခွန်အားဖြည့်ပေးသည်။

၁၅:၃၁  ပညာရှိဆုံးမစကားနာခံသူ အကြံဉာဏ်ရယူသူသည် အောင်မြင်ကြီးထွားသည်။ သမ္မာကျမ်းစာသွန်သင်ချက်နှင့်  ဧဝံဂေလိသတင်းစကားများသည်  ဘဝဆောက်တည်ရာ သတင်းကောင်းများ ဖြစ်သည်။ ကြိုးစားသင်ယူ ဆင်ခြင်ပါ။

၁၅:၃၂ တရားတော်ကို မကြည်ညို၊ ပညာရှိအကြံပေးချက်များကို ပစ်ပယ်သူများသည် မိမိကိုယ်ကို ရှုတ်ချရာရောက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ပျက်စီးခြင်းနောက်သို့  လိုက်လျှောက်သည်။ အကြံပေးစကားလက်ခံသူ၊ မိမိကိုယ်ကို ဆင်ခြင်သူသည် တိုးတက်ရာတိုးတက်ကြောင်း ရှာဖွေဖြည့်ဆည်းနေသူ ဖြစ်သည်။

၁၅:၃၃  ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်းသည် ဉာဏ်ပညာကို ဆည်းပူးခြင်း ဖြစ်သည်။ မိမိကိုယ်ကို နှိမ့်ချခြင်းသည် ဂုဏ်အသရေ တိုးတက်ရာဖြစ်သည်။

Previous Article
Next Article