ဟောရှေအနာဂတ္တိကျမ်း နိဒါန်း

          “ဤဟောရှေအနာဂတ္တိကျမ်းတွင် အပြစ်ဒုစရိုက်၏သဘော သကန်သရုပ်မှန်နှင့် ဘုရားမေတ္တာတော် တုနှိုင်းမဲ့ပုံကို ကွက်ကွက်ကွင်းကွင်းတင်ပြထားသည်။ ဖတ်ရှုသူတိုင်း စိတ်နှလုံးကြွေပြုန်းမတတ် နာကျင်ခံစားကြရသည်။ အလေးအနက်ဆင်ခြင် ရှုမှတ်သောအခါ အပြစ်ဒုစရိုက်က ဘုရားသခင်စိတ်နှလုံးတော်အား ဒဏ်ရာအနာတရဖြစ်စေကြောင်း နားလည်ရသည်။”

G. Campbell Morgan

၁။ စံတော်မီဝိသေသလက္ခဏာ

ဤကျမ်းသည် ဝတ္ထုဇာတ်လမ်းမဟုတ်သော်လည်း ဝတ္ထုဆန်ဆန် ဇာတ်လမ်းပြောနည်းကို ကြားညှပ်ရေးသားထားခြင်းမှာ အနှစ်သာရ၌ ထူးခြားလေးနက်သည်။ဇာတ်ကြောင်းကို ခပ်တိုတိုပြောရလျှင် ဟောရှေသည် ဂေါမာ ဟူသောအမျိုးသမီးနှင့် အိမ်ထောင်ကျပြီး ယေဇရေလ၊ လောရုဟာမာနှင့် လောအမ္မိဟူသော သားသမီး ၃-ယောက်ထွန်းကားသည်။ ဂေါမာသည် လင်သားအပေါ်သစွာမရှိ၊ မကြာခဏဖောက်ပြန်သော်လည်း ဟောရှေက ဂေါမာအား အချစ်ကြီးချစ်နေဆဲ ဖြစ်သည်။ မြေနိမ့်လှံစိုက်ခံရာ ရာဂတဏှာကျွန်ဘဝမှ ကယ်ထုတ်သည်။

ကျမ်းစာသား ၁:၂ အတိုင်းဆိုလျှင် ဘုရားသခင်က ပရောဖက်ဟောရှေအား ပြည့်တန်ဆာမ ဂေါမာကို လက်ထပ်ခိုင်းသဖြင့် မယားအဖြစ် သိမ်းဆည်းသည်။

သို့ရာတွင် ကျမ်းစာသုတေသီအများစုက ဤစိတ်သဘောထားကို နားမလည်နိုင်ကြပေ။ မြင့်မြတ်စုံလင်တော်မူသော ဘုရားသခင်က သူ၏ပရောဖက်ကို နိမ့်ကျယုတ်ညံ့သည့် ပြည့်တန်ဆာမအား ဇနီးမယားအဖြစ်ယူခိုင်းပါမည်လား။ ထိုသို့ ရွံရှာဘွယ်ကောင်းသော အမှုကိစ္စကို ပရောဖက်ဟောရှေက ဘာကြောင်းလက်ခံပါသလဲ။ ထိုအကြောင်းနှင့်ပတ်သက်၍ စဉ်းစားစရာအချက် (၃) ချက်တွေ့ရပါသည်။

၁။ ပထမအချက်အနေဖြင့် ပကတိစာသားအတိုင်း အဓိပ္ပါယ်အတည့်မကောက်ဘဲ ပြည့်တန်ဆာတမျှသစ္စာ  ပျက်ယွင်း ဖောက်လွဲဖောက်ပြန် တတ်သော ဣသရေလလူမျိုးအပေါ်၌ ဘုရားသခင်ထားသည့်မေတ္တာတော်ကို ပုံဥပမာထားခြင်းဟု ယူဆသည်။ သို့သော်လည်း စကားပြောဟန်အရေးအသားမှာ ဟေရှာ၊ ၇:၃ နှင့် ယေရမိ၊ ၁၃:၁တို့၌ တွေ့ရသည့် ဟန်အတိုင်းဖြစ်သည်။ ၎င်းကျမ်းစကားများတွင် ဘုရားသခင်က သူ့ပရောဖက်များအား တိုက်ရိုက်စေခိုင်းခဲ့ခြင်းဖြစ်ပေသည်။ ၎င်းတို့ကို ပုံဆောင်ချက်သက်သက်ဖြစ်သည်ဟု မည်သူကမျှ မပြောခဲ့ပါ။ ဤနေရာ၌ တကယ့်သမ္မာတရားမှာ ဝတ္ထုဇာတ်လမ်းက ဒုစရိုက်သား ဣသရေလတို့အပေါ် ဘုရားမေတ္တာတော် ကြီးမားကြောင်း စာပေပန်းချီ ကွန့်မြူးချယ်သ ထားခြင်းဖြစ်သည်။ ဝတ္ထုဇာတ်လမ်းသက်သက်မျှသာ ဖြစ်သည်ဟု ယူဆလျှင်မှားယွင်း လိမ့်မည်။

၂။ ဒုတိယရှုတောင့်မှာ ဘုရားသခင် ဟောရှေအား အမှန်တကယ်စေခိုင်းသဖြင့် ဟောရှေကလိုက်နာ လုပ်ဆောင်သည်။ ကျမ်းစာ၏ အနှစ်သာရကို စာဖတ်သူတိုင်း သိမြင်နိုင်ပါသည် (မှတ်စု ၂ ကိုလည်းကြည့်)။ ကျမ်း၏ရည်မှန်းချက်မှာ ကယ်တင်ခြင်းတရား အကြောင်းဖြစ်သည်။ ထိုကယ်တင်ခြင်းတရားသည် ပရောဖက်ဟောရှေတွေ့ကြုံ ခံစားခဲ့ရသော ဝမ်းနည်းပူဆွေးဖွယ်ရာဖြစ်ရပ် တို့၏ အရင်းအမြစ်များကို ဖြောင့်မတ်ခြင်းသို့ရောက်စေသည်။

၃။ တတိယအမြင်မှာ ဟောရှေသည် မူလမိန်းမကောင်းတစ်ဦးကို ထိမ်းမြားလက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင်မှ ထိုမိန်းမ လော်လီဖောက်ပြားသွားခြင်းဖြစ်သည်ဟူသော အမြင်ဖြစ်သည်။ ဤသဘောအတိုင်းဆိုလျှင် ပရောဖက်ဟောရှေနှင့် သူ့မယားဂေါမာဆက်နွယ်မှုကို ယေဟောဝါဘုရားနှင့် သစွာပျက်ဖောက်ပျက်သော ဣသရေလလူမျိုးအကြား ဆက်နွယ်မှု အဖြစ် ပီပြင်စွာ ပုံဖော်နိုင်သည်။ ခရစ်ယာန်ထိမ်းမြားခြင်းနှင့် ပတ်သက်သော ပရောဖက်ကြီး (နှင့်ကျမ်းစာ)၏ “စံထားမှု” နှင့်လည်းဆီလျော်လိမ့်မည်။ ဤအမည်ကိုင်စွဲသူများက မူလကပင် စာရိတ္တပျက် မိန်းမရွှင်မှန်း  သိပါလျက် ပေါင်းဖက်ခဲ့သော ယိုယွင်းသည့် အိမ်ထောင်ရေးအတွက် ပရောဖက်ဟောရှေသည် ဤမျှထိသောက ပရိဒေဝဖိစီးလောင်မြှိက်စရာ အကြောင်းမရှိဟု ထင်မြင်ကြသည်။

သို့သော် ၁:၂ တွင် “သင်သွား၍ ပြည့်တန်ဆာမိန်းမနှင့်တကွ သူဘွားမြင်သောသားသမီးတို့ကို သိမ်းပိုက်လော” ဟူသော အတိအလင်းဖော်ပြချက်က ဤအယူအဆကို ဆန့်ကျင်လျက် ရှိသည်။

ဖြစ်တန်စရာ အကြောင်းတရားမှာ-အလွန်တရာ စက်ဆုတ်ရွံ့ရှာဖွယ် အကျင့်ပျက်သူပြည်တန်ဆာမနှင့် လက်ထပ်ပေါင်းသင်းရခြင်းအဖြစ်ကို အပြစ်ဒုစရိုက်နွံထဲမှ ဣသရေလ (နှင့်အသင်းတော်) အား ကျေးဇူးတော်အားဖြင့် ဆယ်ယူကယ်တင်သောဘုရားရှင်နှင့် ခိုင်းနှိုင်းပမာပြုထားခြင်း ဖြစ်ဖွယ်ရှိသည်။ ဘုရားရှင်က ပရောဖက်တကာထက် သာလွန်သန့်ရှင်းသတည်း။

မည်သည့်ရှုတောင့်ဖြင့်ကြည့်သည် ဖြစ်စေ၊ ဝတ္ထုဇာတ်လမ်းသွားထက် ပရောဖက်ပြုချက်ကို နားလည်ဖို့ အဓိကပိုကျသည်။ စာသားကိုသာမက ပုံဆောင်ချက်ကိုလည်းမြင်ဖို့ လိုသည်။ အပြစ်ဒုစရိုက်၌ ညစ်နွမ်းသော လေလွင့်ဣသရေလလူတို့အပေါ် အံ့သြဖွယ်ကျေးဇူးတော် သက်ရောက်သကဲ့သို့ အပြစ်သားတို့သည် ဆိုးယုတ်ခြင်းထဲမှ ဘုရားမေတ္တာတော်ထံ လှည့်ပြန်လာလျှင် လက်ကမ်းကြိုလင့်မည်သာတည်း။

၂။ ကျမ်းရေးသူ

ဟောရှေသည် ဗေရိ၏သားဖြစ်သည်။ သူ့နာမည်၏ အဓိပ္ပါယ်အရင်းမှာ ယောရှုဖြစ်၍ ၊ ဂရိစကားယေရှုနှင့် တူသည်။ ကယ်တင်ခြင်းဟူလည်း အဓိပ္ပါယ်ရသည်။ ဟောရှေဆိုသည့် အမည်ပညတ်နှင့် အညီ နိုင်ငံတော်တည်ထောင်သောအခါ ယေဟောဝါဘုရား၌ ကယ်တင်ခြင်းရရှိကြမည် အကြောင်းကို ဟောပြောသည်။ ဟောရှေ၏ ပရောဖက်ပြုချက်ပစ်မှတ်မှာ မြောက်ပိုင်းဣသရေလလူတို့ထံ ဖြစ်သော်လည်း တောင်ပိုင်း ယုဒလူမျိုးများထံသို့လည်း ပျံ့နှံ့ခဲ့သည်။

၃။ အချိန်ကာလ

ဣသရေလဘုရင် ယောရှု၏သား ဒုတိယယေရောဗောင်နှင့် ယုဒရှင်ဘုရင်သြဇိ၊ ယောသံ၊ အာခတ်နှင့် ဟေဇကိမင်းများလက်ထက်၌ ပရောဖက်ပြုခဲ့ခြင်းဖြစ်သည်။ ဘီစီ ၈-ရာစုနှစ်အတွင်း၌ ဆယ်စုနှစ်များစွာထင်ရှားခဲ့သည်။ R.K. Harrison က “ဘီစီ-၇၅၃ နောက်ပိုင်း ရှမာရိပြည်ပြိုလဲသည့် ဘီစီ-၇၂၂ အကြားဖြစ်မည်” ဟု ခန့်မှန်းထားသည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

အာရှုရိတို့ မြောက်ပိုင်းနိုင်ငံတော်ကို ကျူးကျော် ဝင်ရောက်လာသဖြင့် ရှမာရိပြည် ပြိုလဲပျက်သုဉ်းမည့်အကြောင်း ဟောရှေတင်ကြိုဟောပြောသည်။

သူ့ဇနီးဂေါမာ သစ္စာဖောက်၍ ပွဲစျေး၌ ဒုစရိုက်ပျော်ပါးသောအခါ ဘုရားသခင်က ဟောရှေအားပြန်လည်ရွေးယူခဲ့သည်။ အိမ်ပြန်ခေါ်၍ကောင်းကြီးပေးစေသည်။ ဤအဖြစ်သနစ်သည်ကား ဘုရားသခင်နှင့် (ဧဖရိမ်၊ ယာကုပ်၊ ရှမာရိဟုလည်းခေါ်သည့်) ဣသရေလတို့၏ဆက်ဆံရေးကို ဖော်ကျူးနေသည်။ ဤတိုင်းသူပြည်သားများသည် သစ္စာမရှိ၊ ကတိပျက်ယွင်း၍ ရုပ်တုကိုးကွယ်ကာ အကျင့်စာရိတ္တ ယုတ်ညံ့သူများ ဖြစ်ကြပြီ။။ နှစ်များစွာ အုပ်စိုးမင်းပြုသူကင်းမဲ့၍ ယဇ်ပူဇော်မှုမရှိ ဖြစ်မည်။ ဤကားလက်ရှိအခြေအနေဖြစ်သည်။

သို့သော်အနာဂတ်၌ နောင်တတရားဖြင့် ဘုရားရှင်ထံပြန်လှည့်လာလျှင် ကရုဏာတော်ကို ခံစားကြရမည်။ ဧဖရိမ်သည် ဘုရားသခင်ထံပြန်ရောက်ရှိ၍ ထာဝရသက်သာခြင်းအခွင့် ခံရကြမည်။ ရုပ်တုကိုးကွယ်ခြင်းနှင့် ဖောက်ပြန်ခြင်းတို့မှ အစဉ်ကင်းလွတ်မည်။ Henry Gehman က ဤသို့ဆိုထားသည်။

လူသားတို့၏အပြစ်ဒုစရိုက်က မဟန့်တားနိုင်၊ မပျက်ပြယ်စေနိုင်သည့် ဘုရားသခင်၏ကရုဏာတော်ကို ဟောရှေထုတ်ဖော် တင်ဆက်ခဲ့သည်။ ဟောရှေကျမ်း အနှစ်ချုပ်မှာ ဘုရားသခင်၏ အားကြီးသော မေတ္တာတော်သည် ဣသရေလတို့အား ငြိမ်းအေးသုခသို့ မပို့ဆောင်သေးသရွေ့၊ လျော့နည်းပျက်ပြယ်ခြင်း၊ အနားယူခြင်းမရှိ ဟူသောအချက်ဖြစ်သည်။

ထိုနည်းတူ G. Campbell Morgan ကလည်း ဘုရားသခင်၏မေတ္တာတော်ကြီးမားပုံကို ဤသို့ဖွဲ့ဆိုထားသည်။

ပရောဖက်ပြုချက်တိုင်း၏ အထွတ်အထိပ်အရာကို သူ့အပေါ်ချစ်ခင်ကျွမ်းဝင်သူတို့အား ဘုရားရှင်က သိစေလိုသည်။ ၎င်းမှာဘုရားသခင်၏ အဆုံးမဲ့ကရုဏာထုံမွမ်းသော မေတ္တာတော်နှင့် အမျက်တော်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မေတ္တာတော်သည် ဘုရားစိ်နှလုံ:အဆုံးစွန် အလိုဖြစ်သော တရားဖြောင့်မှန်စွာ စီရင်ခြင်းမှထွက်ပေါ်သည့် အမျက်ဒေါသနှင့်ယှဉ်နေသည်။ အချစ်အားကြီးသူသည် အမျက်လည်းကြီ:တတ်သောကြောင့် ဤကျမ်းချက်များတွင် ဘုရားသခင်၏ ကရုဏာဒေါသ စိတ်ရင်းသဘောထားနှင့် ရင်ခုန်သံကိုကြားရခြင်း ဖြစ်သည်။

ပါဝင်သောအချက်များ

၁။  ဟောရှ၏ သားသမီး(၃) ယောက်နာမည်ကိုဖော်ပြလျက် ဣသရေလတို့၏ ငြင်းပယ်ခြင်းကို ပုံဖော်ခြင်း (၁:၁-၉)။

၂။  ဣသရေလတို့ပြန်လည်စုစည်းစေမည့်ကတိတော် (၁:၁၀-၂:၁)။

၃။  ဣသရေလများ သစ္စာမတည့်တည်မှုကြောင့် ကြောက်မက်ဖွယ်ရာ တရားစီရင်ခြင်းခံရ ကြမည့်အကြောင်းသတိပေးချက်(၂:၂-၁၃)။

၄။  ဣသရေလတို့ကောင်းစားမည့်အကြောင်း (၂:၁၄-၂၃)

၅။  ဟောရှေမိန်းမပြန်လည်ရွေးနှုတ်ခြင်းသည် ဣသရေလတို့ ယေဟောဝါဘုရားထံ ပြန်လည် ရောက်ရှိမည့် အကြောင်း အတိတ်နိမိတ် (အခန်း ၃)။

၆။  လူမျိုးတော်ပေါ် မကျေနပ်မှုများ (၄:၁၀)။

(က) လူမျိုးများအပြစ်ဒုစရိုက် (၄:၁-၆)

(ခ)ယဇ်ပုရောဟိတ်များ၏အပြစ်ဒုစရိုက်များ (၄:၇-၁၁)

(ဂ) ရုပ်တုဆင်းတုကိုးကွယ်သူများ (၄:၁၂-၁၄)

(ဃ) ယုဒလူမျိုးသို့ သီးသန့်ဖျောင်းဖျက်ချက် (၄:၁၅-၁၉)

(င) ယဇ်ပုရောဟိတ်၊ လူပရိသတ်နှင့် ဘုရင့်မိသားစုတို့၏ ဆိုးညစ်သော အပြုအမှုများ(၅: ၁-၇)

(စ) ဣသရေလနှင့်ယုဒလူများအား တရားစီရင်မည့်သတိပေးချက်နှင့် နောင်တရရန်                 အချိန်ပေးစောင့်မျှော်နေခြင်း(၅:၈-၁၅)။

(ဆ) ဣသရေလတို့နောင်တ ရရန်ဖျောင်းဖျခြင်း(၆:၁-၃)။

(ဇ) ဣသရေလနှင့်ယုဒတို့ မိုက်တွင်းနက်ခြင်း (၆:၄-၁၁)

(စျ) ဣသရေတို့၏အတွင်းသရုပ် ဆိုးညစ်ပုံ ( အခန်း၇)

(ည)ရုပ်တုကိုးကွယ်ခြင်းကြောင့် ကျူးကျော်တိုက်ခိုက်ခံရမည်ဟု သတိပေးခြင်း(အခန်း၈)

(ဋ) မိမိတို့ဆိုးညစ်မှုကြောင့် ဣသရေလတို့ ဖမ်းဆီးကျွန်ပြုခြင်းခံရမည်(၉:၁-၁၀:၁၅)

။ အမျက်ဒေါသကြားမှဘုရားသခင်၏ ကရုဏာတော်(အခန်း၁၁-၁၃)

၈။ ကောင်းကြီးမင်္ဂလာ၌ ဝမ်းမြောက်နိုင်ရန် ဣသရေလတို့နောင်တရဖို့တိုက်တွန်းခြင်း(အခ်း၁၄)

Previous Article