ဟောရှေအနာဂတ္တိကျမ်း ၁၀

၁၀: တချိန်က စပါးဆန်ရေ စပျစ်ရည်ပေါများကြွယ်ဝခဲ့သော ဣသရေလသည် ရှိရှိသမျှကို ရုပ်တုဆင်းတုကိုးကွယ်ခြင်း၌ အတိုးချအသုံးပြုခြင်း၊ ဌာပနာအဖြင့် မြေကြီး၌ မြှုပ်နှံခြင်းတို့ကြောင့် ဆင်းရဲသထက်ဆင်းရဲ၍ မွဲပြာကျမည်။ အထည်ကြီးပျက်ဖြစ်မည်။ ဘုရားသခင်ကစိတ်နှခွရှိသူ၊ လျှာနှစ်ခွရှိသူဟု ရှုတ်ချထားသည်။ သူတို့ စိတ်နှလုံး၊ သူတို့အပြစ်ကို ဘုရားရှင်စီရင်မည်။

          ၁၀: ဣသရေလများသည် အုပ်စိုးသူ အရှင်သခင်ကို အလိုမရှိသောသူများဖြစ်သည်။ ထိုအချက်အားဖြင့် စည်းမရှိကမ်းမရှိ၊ အထိန်းအကွက်မဲ့သူများ၊ ပရမ်းပတာနေလိုကြမှန်းသိသာသည်။ စင်စစ်သိနာတောင်ပေါ်မှာ မောရှေနှင့် အာရုန်ထံသို့ ပညတ်တရားပြဌာန်းပေးထားသည်။ ခေတ်တလျှောက်လိုက်နာ စောင့်ထိန်းမှုရှိသော်လည်း မကြာခဏစိတ်ရူးပေါက်၍ ပြည့်တန်ဆာမကဲ့သို့ ဖောက်ပြန်တတ်သည်။ ယခုတရားနည်းလမ်းတကျ ရှင်ဘုရင်အုပ်စိုးခြင်းကို လက်မခံလိုတော့၊ အုတ်ကြားမြက်ပေါက် နေလိုကြပြီ။ တရားနည်းလမ်းတကျ နေထိုင်ကြခြင်းဖြင့် ဝိညာဉ်ရေးရာ၌ တိုးတက်ခြင်းကို မထိန်းသိမ်းဘဲ ယခုဆုတ်ယုတ်ကျဆင်းကြပြီ။ မွဲချင်သည့်ခွေး ပြာပုံတိုးကြသည်။ သူတို့သည် -(၁) ဘုရားသခင်(ဘုရားအုပ်စိုးခြင်း) (၂)မောရှေ (ပရောဖက်နှင့် ပညတ်တရားပြဌာန်းသူ) (၃)​ယောရှု(ဝိညာဉ်ရေးရာနှင့် စစ်မှုရေးရာစစ်သူကြီး) (၄) တရားသူကြီးများ (တရားနှင့်လူမျိုးတော်အုပ်ချုပ်ရေး) (၅)ဘုရင်များ (ဧကရာဇ်စနစ်) တို့ကို ဆန့်ကျင်ကာ၊(၆) ဘုရင်မရှိ(မင်းမဲ့၊အုပ်စိုးသူကင်းမဲ့)သော အခြေသို့ရောက်ကြပြီ။။ ဟာလာဟင်းလင်း အချည်းနှီး ကျမ်းကျိန် အဆိပ်ပင်ရေလောင်းသကဲ့သို့ အပြိုင်းပြိုင်း ပေါ်ပေါက် ဖြစ်ထွန်းလာမည်။

          ၁၀: အမြတ်တနိုးထား ကိုးကွယ်ကြသော ဗေသလရွှေနွားသူငယ်ရုပ်ကိုလည်း အာရှုရိတို့က ယူဆောင်သွားမည်။ ဣသရေလတို့အား ဒုက္ခပင်လယ်မှ ကြိမ်ဖန်များစွာ ကယ်တင်သော ဘုရားသခင်ကို ချစ်ခင်မြတ်နိုးကိုးကွယ်ရမည့်အစား အသက်မရှိ၊ ပျက်စီးတတ်သော နွားသူငယ်ရုပ်ကို တန်ဖိုးထားကြသည်။ ထိုနွားသူငယ်ရုပ်အတွက် လူတကာတို့ ငိုကြွေးမြည်တမ်း၍၊ ယဇ်ပုရောဟိတ်တို့ တုန်လှုပ်ကြမည်။ အကြောင်းမူကား ရန်သူတို့က ထိုဘုန်းကို လုယူသွားကြပြီ။ ထို့ကြော င့်ဘုရားသခင် ထိုသူတို့အား အရေးယူတရားစီရင်ခြင်းသည် အံ့သြစရာမဟုတ်။ ရှမာရိဘုရင်များသည်လည်း ပျက်စီးကြမည်။ တောင်ပေါ်ရှိရုပ်တုဆင်းတုများ ပြိုလဲကြမည်။ လူများသည် ခိုကိုးရာမဲ့ ထိတ်လန့်ကြသဖြင့် “အို၊ တောင်ကြီး၊ တောင်ငယ်တို့ ငါတို့အပေါ်သို့ပိကြပါ” ဟု အော်ဟစ်ကြလိမ့်မည်။

          ၁၀:၁၀ ဧဖရိမ်မျိုးသည် ဘုရင်မင်းမျိုးနှင့်အတူ မိမိတို့အပြစ်ကြောင့် ဂိဗာမြို့တွင် အပြစ်ခံရကြဘူးပြီ(တရား၂၀)။ သို့ဖြင့် ဣသရေလအမျိုးသည် သူ့သမိုင်းတွင် အပြစ်ဒုစရိုက် မှတ်တမ်းဝင်ခဲ့သည်။ ယခုအခါ ဘုရားသခင်က လူမျိုးတိုင်းအပြစ်ဒုစရိုက် ပြုကြသည်ဟု ဆိုထားသည်။

          ၁၀:၁၁ ဧဖရိမ်ကို ကျင့်သားရ၍ စပါးနင်းနယ်နေသော နွားမတန်းနှင့် ခိုင်းနှိုင်းထားသည်။ သို့သော် ယုဒထမ်းပိုးအောက်သို့ ပို့ဆောင်ဦးမည်။ ပင်ပန်းကြီးစွာ လုပ်ဆောင်ခိုင်းဦးမည်။

          ၁၀:၁၂၁၅ တစ်ခုတည်းသော လွတ်မြောက်ရာနည်းလမ်းမှာ နောင်တစိတ်ဖြင့် ဘုရားသခင်ကို ရှာဖွေခြင်း ဖြစ်သည်။ သို့သော် ဣသရေလအမျိုးသည် ကိုယ်တိုင်အားသွန်ခွန်စိုက် မရိတ်သိမ်းဘဲ၊ စစ်သူရဲများကို မှီခိုအားကိုးတတ်သော အကျင့်ရှိသည်။ တိုင်းတခွင်တွင် ရုန်းရင်းဆန်ခတ်စစ်ပွဲ ဖြစ်မည်။ မြို့ရိုးခံတပ်ဟူသမျှ ပြိုလဲပျက်စီးမည်။ ရှမာရိအမျိုးတို့ ပျက်စီးကြ၍ သူတို့ဘုရင်လည်း ကွပ်မျက်ခံရမည်။ အပိုဒ်ငယ်(၁၄)တွင် ဖော်ပြသော ရှာလမန်မင်းသည် Shalmaneser IIIမင်းဖြစ်သည်။ အချို့က ဆင်တူယိုးမှား နာမည်မောဘဘုရင် Salamaner ဖြစ်သည်ဟု ထင်မြင်ကြသည်။

Previous Article
Next Article