ဟောရှေအနာဂတ္တိကျမ်း ၇

(စျ) ဣသရေလတို့၏ အတွင်းသရုပ်သကန်ဆိုးညစ်ပုံ(အခန်း၇)

          : ဧဖရိမ်တို့သည် လိမ်လည်ကောက်ကျစ်ခြင်း၊ လုယက်ဓါးပြတိုက်ခြင်း၊ မုသာစကားဆိုခြင်း၊ အကျင့်ဆိုးယုတ်ခြင်း၊ သူတပါးအိမ်ရာ ပြစ်မှားဖောက်ပြန်ခြင်း ၊ မူးယစ်သောက်သုံးခြင်းအပြစ်များကြောင့် မရှုမလှ ပြိုလဲပျက်စီးမည်။ တော်ဝင်နန်းနွယ်များသည်လည်း အများသူငါနှင့်မခြား လောဘရမက် တောက်လောင်သူများ ဖြစ်သည်။

          :၁၀ ဧဖရိမ်တို့သည် နိုင်ငံရပ်ခြားသူများနှင့် သွေးနှော အိမ်ထောင်ပြုကြသည်။ ရရှိသောဘုရားပေးအခွင့်အရေးထူးကို ညစ်ထေစေကြသည်။ အပြစ်တင်ခံရမည်ကိုမရှက်ကြောက်ကြ။ ပုံပမာနှိုင်းရလျှင် ဧဖရိမ်တို့သည် တစ်မျက်နှာသာ ကျက်သောမုန့်ပြားကဲ့သို့ ဖြစ်သည်။ တစ်မျက်နှာသည် သင့်ပျံ့မွှေးကြိုင်လျက် စားချင့်စဖွယ်ဖြစ်သော်လည်း အခြားတစ်မျက်နှာသည် အစိမ်းပကတိဖြစ်နေသည်။ စင်စစ်ဧဖရိမ် အမျိုးသည် သုံး၍ မရတော့။ ပြုတ်မနူးအသီး ဖြစ်သည်။ လုံးဝပျက်စီးပြီ။

          :၁၁­-၁၂ ဧဖရိမ်သည် ဉာဏ်မရှိမိုက်မဲသောချိုးငှက်နှင့် တူသည်။ အဲဂုတ္တုပြည်နှင့် အာရှုရိပြည်သို့ စစ်ကူတောင်းသော်လည်း မရကြ။ ဘုရားသခင်က လှောင်ချိုင့်ထဲ ထည့်၍ အပြစ်ပေးဦးမည်။

          :၁၃၁၄ ဘုရားသခင်ထံတော်မှ အဝေးသို့ပြေးကြသည်။ နောင်တသံဝေဂရခြင်း အလျဉ်းမရှိ၊ အိပ်ရာထဲမှမြည်တမ်းကြသော်လည်း စိတ်နှလုံးပါ၍မဟုတ်။ နောင်တသံဝေဂရ၍ စိတ်နှလုံးနာကျင်စွာဖြင့် အော်မြည်တမ်းတခြင်းမဟုတ်။ ကျေးငှက်တိရစ္ဆာန်များ ဒဏ်ရာရရှိသည့်အခါနာကျင်၍ ဘာသာဘာဝအတိုင်း အော်မြည်ခြင်းမျိုး ဖြစ်သည်။

          :၁၅၁၆ ဘုရားသခင်က အောင်မြင်ခြင်းနည်းလမ်း နိသျှည်းများဖြင့် သွန်သင်ဆုံးမခဲ့သည်။ လောကအောင်မြင်နည်းနှင့် ခွန်အားဗလ​ပေးခဲ့သည်။ သို့သော်လည်း နားမလည်။ ရုပ်တုဆင်းတုကိုးကွယ်ခြင်း၌ မိုက်မဲနေကြဆဲ။ ထို့ကြောင့် အဲဂုတ္တုပြည်တွင် ခံစားရသကဲ့သို့ ကဲ့ရဲ့မှု ခံယူဦးမည်။

Previous Article
Next Article