ဂလာတိသြဝါဒစာ ၄

() ကလေးသူငယ်များနှင့်သားများ (:၁၆)

: ဤနေရာတွင် ကြွယ်ဝချမ်းသာသောဖခင်က သားသမီးများကို အမွေပေးခြင်းပုံဥပမာ ရှင်းပြထားသည်။ ထိုသားသည် အရွယ်မရောက်သေးသရွေ့ကာလ ပတ်လုံး အမွေခံယူပိုင်ခွင့်မရှိ။ ကျွန်သဖွယ်နေရသည်။ အရွယ်မရောက်သောအခါမှသာလျှင် တရားဝင်အမွေခံယူပိုင်ခွင့် ရှိသည်။ လတ်တလော၌ စိတ်ကြိုက်စီရင်ပိုင်ခွင့် မရှိ။ အမွေထိန်း၏အုပ်ချုပ် မှုအောက်၌ နေရသည်။ သို့သော် အမွေလက်ခံဆုံးရှုံးခြင်းမရှိ။

၄:၃ ထိုအစဉ်အလာသည် ယုဒလူမျိုးများ၏ ထုံးတမ်းအစဉ်အလာဖြစ်သည်။ အရွယ်မရောက်သော သောကလေးသူငယ်များကို ပညတ်တရားဖြင့် ထိန်းကျောင်းရသည်။ ကျွန်သဖွယ်ရှိနေသည်။ လောကီတရားခုံအောက်၌ ကျွန်ခံကြ၏ ဆိုခြင်းမှာ ယုဒပညတ်တရား ထုံးတမ်းအစဉ်အလာများသည် ခရစ်တော်အား ဘုရားသခင် အဖြစ်မသိရှိကြသူများအကြား၌ စိုးမိုးသည်။ ကျောင်းမနေသေးသောကလေးများ ရုပ်ဝတ္ထုပစ္စည်းများဖြင့် သင်္ချာအရေအတွက် ပစ္စည်းနာမည်များသင်ယူ သကဲ့သို့ ဖြစ်သည်။ ပညတ်တရားသည် အပြင်ပန်းလက္ခဏာ ဖြစ်သည်။ ယုဒအစဉ်အလာများသည် ပြင်ပလက္ခဏာ ယာယီမျှသာဖြစ်သည်။ ခရစ်ယာန်အယူဝါဒသည် ဝိညာဉ်ရေးရာ၊ အတွင်းအဇ္ဈတ္တနှင့်ထာဝရကာလဖြစ်သည်။ ပြင်ပလက္ခဏာများက ကလေးသူငယ်များအား ကျွန်ပြုခြင်း ဖြစ်သည်။

၄:၄ အချိန်ကာစေ့ခြင်း ဆိုသည်မှာ ကောင်းကင်ဘုံရှင် အဘဘုရားသခင်က အမွေဆက်ခံခွင့် ကာလစေ့ရောက်ကြောင်း သိမှတ်ကြေညာသည့်အချိန်(ငယ်၂)ဖြစ်သည်။

ဤကျမ်းစာပိုဒ်နှင့်ပတ်သက်၍ ခရစ်တော်၏ဇာတိတော်အနည်းငယ် ဖွင့်ပြပါမည်။ ခရစ်တော်သည် ဘုရားသားတော် ဖြစ်သော်လည်း မိန်းမဝမ်းမှ ဘွားမြင်တော်မူခြင်း ကိုခံယူတော်မူသည်။ သခင်ယေရှုသည် သာမန်လူသားဖြစ်လျှင် မိန်းမဝမ်းမှ ဘွားမြင်ခြင်း ခံယူသော်မူသည်ဟု အထူးတလည် ပြောစရာလိုမည်လား။ ကိုယ်တော်ဘုရား ဘွားမြင်ခြင်းသည် သာမန်လူသားများ ဘွားမြင်ခြင်းနှင့်မတူ။ တမူထူးခြားပါသည်။

ဣသရေလလူမျိုးထဲတွင် ဘွားမြင်တော်မူသောကြောင့် ပညတ်တရားအောက်၌ ဘွားမြင်ခြင်းဖြစ်သည်။ သို့သော် ဘုရားသားတော်ဖြစ်သည်နှင့်အညီ ပညတ်တရားအောက်၌မနေ။ ကျေးဇူးတော် ကြီးမားသောအရှင် ဖြစ်သည့်အားလျှော်စွာ သူ့သဘောဖြင့် ပညတ်အောက်သို့ ရောက်သည်။ သက်တော်စဉ်ကို ပြသသည်။ ပညတ်တရား၏ ကျိန်ခြင်းမင်္ဂလာ၌ အသေခံ တော်မူခဲ့သည်။

၄:၅ ပညတ်တရား မစောင့်ထိန်းသူများကို ပညတ်တရားကအဖိုးအခတောင်းသည်။ ထိုအဖိုးအခမှာ သေခြင်းဖြစ်သည်။ ဘုရားသားဖြစ်ခွင့် မရလိုက်သူများသည် ထိုအဖိုးအခ ပေးခဲ့ကြရသည်။ သို့ကြောင့်ဘုရားသားတော် ခရစ်တော်သည် လူ့လောကသို့ကြွဆင်း၍ ဣသရေလလူမျိုးထဲတွင် ယေရှုအဖြစ် ခံယူကာ အပြစ်၏အဖိုးအခ သေဒဏ်ကို ပေးဆပ်ပေးခဲ့သည်။  ယေရှုခရစ်တော်သည် ဘုရားဖြစ်သော်ကြောင့် ခရစ်တော်၏သေခြင်းသည် ဝေနေယျသတ္တဝါအားလုံးအတွက် လုံလောက်သည်။ ကိုယ်စားပြုနိုင်သည်။ လူသားခံယူသောကြောင့် လူများကို ကိုယ်စားပြုနိုင်သည်။ ထိုအကြောင်း Govett က ”ခရစ်တော်ဘုရားသားတော်သည် လူသားတော်အဖြစ် ခံယူ၍ လူသားများ ဘုရားသားသမီးအဖြစ် ပြောင်းလဲခြင်းသည် အံဖွယ်ကျေးဇူးတော်ပါတကား” ဟု ဆိုသည်။

ပညတ်တရားအောက်၌ ကျွန်ဖြစ်နေသူသည် သားသမီးမဖြစ်နိုင်။ ခရစ်တော်သည် ထိုသူများအား ပညတ်တရား အောက်မှ ရွေးထုတ်၍ သားသမီးအဖြစ် မွေးစားသည်။ ဘုရားသခင်၏ ကလေးသူငယ်နှင့် ဘုရားသား ဟု သုံးနှုန်းသည်ကို သတိပြုပါ။ (ရော၈:၁၄၊ ၁၆နှင့် ယှဉ်ဖတ်ပါ) ယုံကြည်သူသည် ဘုရားသခင်၏ မိသားစုထဲ၌ သူငယ်အဖြစ် မွေးဖွားခြင်း (ယော၁:၁၂ကိုကြည့်) ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်၌ မွေးဖွားခြင်း ကိုဆိုလိုသည်။ ဘုရားသား ဖြစ်ချင်ရသည်ဟု မဆိုပါ။ ယုံကြည်သူများသည် ဘုရားမိသားစုဝင်ထဲသို့ မွေးစားခြင်း ခံရသူဖြစ်သည်။ ဘုရားသားဖြစ်ချိန်မှ စ၍ ဘုရား၏ အမွေတော် ဆက်ခံပိုင်ခွင့် ရှိသူများ ဖြစ်သွားသည်။ ခရစ်ယာန်များသည် အရွယ်မရောက်သေးသူများဖြစ်ကြောင်း၊ ဓမ္မသစ်ကျမ်းက သွန်သင်ထားပါသည်။ ထိုယုံကြည်သူတိုင်းအား အရွယ်ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက်နေပါသည်။

မွေးစားခြင်းဆိုသည့် စကားရပ်မှာ ရောမလူနေမှု စနစ် ဝေါဟာရစကား ဖြစ်သည်။ အမွေစား အမွေခံအဖြစ် ကောက်ယူမွေးစားခြင်း ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင်လည်း ထိုစကားရပ်အတိုင်း အရွယ်ရောက်သော သားသမီးများကဲ့သို့ ဘုရားသခင်၏ ကိတ္ထိမသားအဖြစ် မွေးစားခြင်း ဖြစ်သည်။

: ထိုသို့ဖြင့် ဘုရားသခင်သား ဖြစ်ကြရသောကြောင့် ဘုရားသခင်အား အဘဟု ခေါ်ခွင့်ရအောင် ပင်တေကုတ္တေနေ့တွင် ဘုရားသခင်က သန့်ရှင်းသောဝိညာဉ်တော်အား ယုံကြည်သူများထဲသို့ စေလွှတ်ခဲ့သည်။ ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်တော် ကိန်းဝပ်သောအခါ ဘုရားသခင်ကိုလည်း ရဲဝံ့စွာ’အဗ္ဗ၊အဘဟုခေါ်ဝံ့ကြသည်။ မည်သည့်ကျွန်ကမှ ဘုရားသခင်ကို အဘဟု မခေါ်ရဲကြပါ။ ဘုရားသခင်မိသားစု၌ ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်း ပြည့်ဝသည့်အကြောင်း ပြည့်စုံခြင်းဖြစ်သည်။ ဤကျမ်းပိုဒ် တွင်ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် သုံးပါးတဆူဖွင့်ပြထားသည်ကို သတိပြုရမည်။

: ယုံကြည်သူသည် ကျေးကျွန်မဟုတ်ပါ။ ပညတ်တရားအောက်မှာမရှိပါ။ ဘုရားသားဖြစ်ရပြီ။ ဘုရားသားဖြစ်သည်နှင့်အညီ ဘုရားသခင်၏ အမွေတော်ဆက်ခံခွင့် ရှိသည်။ ခရစ်ယာန်များသည် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေတော် ဆက်ခံသူများ ဖြစ်သည်။ ယုံကြည်ခြင်းဖြင့် အကျိုးခံစားခွင့် ရရှိကြသည်။

ယနေ့တိုင်အောင် ဣသရေလပြည်ရှိ ရဗ္ဗိကျမ်းစာသင်ကျောင်းများတွင် အသက်(၄ဝ)မပြည့်လျှင် ဆော်လမုန်သီချင်းနှင့် ယေဇကျေလ(၁)ကို သီဆိုခွင့်မရှိပါ။ ရှောလမုန်သီချင်းသည် ဖိုမ ကိစ္စဖြစ်စေသည်ဟု၎င်း ယေဇကျေလ(၁)သည် ဘုရားသခင်၏ ဘုန်းတော်အား မချေပနိုင်သောသီချင်း ဖြစ်သည်ဟု၎င်း သတ်မှတ်ကြသည်။ အသက်(၄ဝ)ပြည့်လျှင်မူ ယေဇကျေလ(၁) စာမျက်နှာဖွင့်၍ မြည်းစမ်းနိုင်သည်ဟု ဆိုသည်။ ဆိုလိုသည်မှာ အသက်(၄ဝ)ရောက်မှ ပညတ်တရားကျွန်မှ လွတ်မြောက်ခွင့် ရသည်။ (ယုဒထုံးစံတွင် အသက်(၁၃)နှစ် ပြည့်သောအခါ ပဋိညာဉ်အောက်၌ ၀င်ရောက်ခွင့် ရသည်)။ ထိုအရွယ်မှအသက်(၄ဝ)ကာလသည် အညတြဘဝ ဖြစ်သည်။

ကျေးဇူးတော်အောက်ရှိ ယုံကြည်သူများနှင့် မတူပါ။ ယုံကြည်သူများသည် ကယ်တင်ခြင်း ရရှိချိန်မှစ၍ ဘုရားသခင်၏ သားဖြစ်ခွင့်ရ၍ အမွေဆက်ခံပိုင်ခွင့်လည်း ရသည်။ အရွယ်မရောက်သေးသူများကိုလည်း လူလားမြောက်အရွယ် ရောက်အောင် ကျွေးမွေးသည်။ ရင့်ကျက်အောင် သွန်သင်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုနာခံခြင်းဖြင့် ပျော်ရွှင်မှုပေးသည်။

ထိုသို့ သမ္မာတရား၏အလင်းရောင်ထဲတွင် ကြီးပြင်းရပုံကို Harrison က ဤသို့ဆိုထားသည်။ ဘုရားသခင်က သူ့သားသမီးများကို၊ ရော့ယူလိုက်၊ အားလုံးဟာ မင်းအတွက်ဘဲဟု ဆိုသည်။ ၁ကော၃:၂၂၂၃ တွင် မိုးအောက်မြေပြင် အရာခပ်သိမ်းသည် သင်တို့အား အပိုင်ပေးသည်ဟု ဆိုထားပါသည်။ အားလုံးကိုသင်တို့အား ပေးထားပါတယ်၊ စည်းစိမ်ခံစားကြပေတော့။၁၅

            : ဂလာတိသားများသည်တစ်ချိန်က ရုပ်တုဆင်းတု၏ကျေးကျွန်ဖြစ်ခဲ့ကြသည်။ အသက်တာ မပြောင်းလဲခင်တွင် သစ်သား၊ ကျောက်တုံး၊ ပြုလုပ်သောဘုရား၊ စေတီ၊ ရုပ်တုများကိုးကွယ်ခဲ့ကြသည်။ ထို့နောက်စစ်မှန်သော ဘုရားသိရှိကိုး ကွယ်လာကြသည်။ ယခုတဖန် အုတ်ခဲ၊ ကျောက်ခဲများကို ကိုးကွယ်ချင်ကြပြန်ပြီလား။

: မည်ကဲ့သို့ အာရုံထွေပြားသွားကြသနည်း။ ဘုရားတရား သိရှိလာကြပြီး မည်သို့ဖြစ်ကုန်ပြီနည်း။ ဘုရားသခင်ကို သိရှိကြသောကြောင့် ပညတ်တရားအောက်မှ ကယ်တင်ခြင်း ရရှိကြမည် မဟုတ်လား။ ယခုထိုဘုရားသခင်၏ ကြွယ်ဝသော ဘုန်းတန်ခိုးကို ကျောခိုင်းပြီး၊ ဆင်းရဲအားနည်းသော ပညတ်တရားနှင့် ပတ်သက်ချင်ကြပြန်ပြီ။ အရေဖျားလှီးခြင်း၊ ဥပုသ်နေ့ အစားအသောက် ရှောင်ကြဉ်ခြင်း အစရှိသော ပညတ်တရားကို ကိုးကွယ်ချင်နေကြပြီ။မိမိတို့ကိုယ်ကို ကျွန်ဘဝသို့ ပြန်လည်တွန်းပို့နေပြန်ပြီ၊ မွဲချင်သည့်ခွေးပြာပုံ တိုးနေကြပြန်ပြီ။

:၁ဝ၁၁ ဂလာတိသားများသည် ယုဒများ၏ပြက္ခဒိန်အတိုင်း ဥပုသ်ရက်၊ပွဲတော်ကာလကို ရည်မှတ်ချင်ကြသည်။ ထိုထက် ဘုရားသခင်၏အမူအရာ၌ အချိန်အခါမရွေးပါဝင်စေချင်သည်။ အသက်တာသစ် မမွေးဖွားသူများသည် ယုဒများ၏ နေ့၊လ၊ရာသီများကို အစဉ်စူးစိုက် ကြသည်။ ထိုကာလတွင် ကောင်းမှုကုသိုလ်ပြုလုပ်ရန် ရက်မြတ်မင်္ဂလာ ရွေးချယ်ကြသည်။ ဘုရားသခင်၏အလိုတော် ရှာကြံကြသည်။ ကယ်တင်ရှင်သခင်ကို အလိုမရှိကြ။ မေ့လျှော့ကြသည်။

ထိုဂလာတိသားများအား ပေါလုက ထိုသို့ဆိုသကဲ့သို့ ယနေ့မိမိနည်း မိမိဟန်ဖြင့် ဘုရားရှေ့မျက်နှာရအောင် လုပ်ဆောင်ကြခြင်းမှာ သနားစရာဖြစ်သည်။ ယုဒအစဉ်အလာအား ခရစ်ယာန်ယုံကြည်ခြင်းထဲသို့ ယူဆောင်လာခြင်း၊ ဥပုသ်ကာလ စောင့်ထိန်းခြင်း၊ လူက ဘိသိက်မင်္ဂလာပေးခြင်း၊ ဆီမီးထွန်းပူဇော်ခြင်း၊ ရေနွေးကမ်းလှမ်းခြင်း၊ ကျက်သရေဆောင် ထားရှိခြင်းများသည် အဓိပ္ပါယ်ရှိပါသလား။ လိုအပ်ပါသလား။

:၁၂ ပေါလုသည် ပထမတစ်ခေါက် သာသနာပြုခြင်းကို သတိရ၍ ဂလာတိသားများကို ”ညီအကို” များ ဟု ခေါ်သည်။ ပေါလုသည်လည်း တခါကပညတ်တရားအောက်တွင် ကျွန်ခံခဲ့သည်။ ထို့ကြောင့် ဂလာတိသားများကိုလည်း ငါ့ကဲ့သို့ ပညတ်တရားအောက်မှ ထွက်မြောက်လော့ ဟု ဆိုသည်။ တပါးအမျိုးသား ဂလာတိသားများသည် ပညတ်တရားအောက်မှာ ကျွန်ခံဖူးသူများမဟုတ်။ ကျွန်ခံရန် ပြင်ဆင်နေခြင်းဖြစ်သည်။ သို့ကြောင့် ပေါလုက ငါလည်း သင်တို့ကဲ့သို့ ဖြစ်သည်။

          သင်တို့သည် ငါ့ကို အဘယ်သူမျှ မပြစ်မှားကြဆိုသည်မှာ အဓိပ္ပါယ်မရှင်းလင်းပါ။ ဂလာတိသားများက ပေါလုအား ထိခိုက်ဒဏ်ရာရအောင် မလွန်ကျူးဘူးကြပါ ဟုဆိုလိုခြင်းဖြစ်နိုင်သည်။

:၁၃ ဧဝံဂေလိတရား ပထမဟောခြင်းသည် ပေါလု၏ ကျန်းမာရေးချို့တဲ့ခြင်းကြောင့်၁၆ ဖြစ်သည်။ ဘုရားသခင်သည် ချို့တဲ့ခြင်း၊ အားနည်းခြင်း၊ ဆင်းရဲခြင်းများကို ကိရိယာတန်ဆာပလာအဖြစ် အသုံးပြုတတ်သည်။ ဘုရားရှင်သည် လူတို့၏ ကျောစောခြင်းထက် အားနည်းခြင်းကို ဘုန်းတန်ခိုးထင်ရှားဖို့ သုံးလေ့ရှိသည်။

:၁၄ ပေါလု၏ နေမကောင်း ဖျားနာခြင်းသည် သူ့ကိုယ်သူ စစ်ဆေးခိုင်းခြင်း ဖြစ်သည်။ ထိုသို့နေမကောင်း၊ မကျန်းမမာဖြစ်သော်လည်း ဂလာတိသားများသည် ပေါလုကို မစိမ်းကားကြပါ။ ဘုရားသခင် စေလွှတ်သောသူ ဟုခံယူ၍ ဘုရားသခင်၏ ကောင်းကင်တမန်အဖြစ် ဧည့်ဝတ်ပြုကြသည်။ ခရစ်တော်ယေရှုကဲ့သို့ ကြိုဆို လက်ခံကြသည်။ ပေါလုကို ကြိုဆိုဧည့်ခံခြင်းသည် သခင်ဘုရားအား ကြိုဆိုဧည့်ခံခြင်း ဖြစ်သည် (မ ၁၀:၄ဝ)။ ပေါလု၏စကားကို နှုတ်ကပတ်တော်အဖြစ် ခံယူကြသည်။ ဂလာတိသားများ၏ ဧည့်ဝတ်ကျေပွန်မှုသည် ယနေ့ ခရစ်ယာန်များအတွက် သင်ခန်းစာလှလှ ဖြစ်သည်။ ဧည့်သည်များကို ရင်းနှီးစွာလက်ခံခြင်းသည် ကိုယ်တော်ဘုရားအား ဧည့်ဝတ်ပြုခြင်းနှင့်အတူတူ ဖြစ်သည် (လု ၁၀:၁၆)။

:၁၅ ဧဝံဂေလိသတင်းစကားကို ပထမဦးဆုံး ကြားသိခဲ့ကြစဉ်က ကောင်းမြတ်သော ဝိညာဉ်ကောင်းကြီးမင်္ဂလာ ပါတကားဟု လှိုက်လှဲစွာဝမ်းသာကြသည်။ မိမိတို့မျက်စိများကိုပင် ပေါလုအား ပေးကမ်းလှူဒါန်းချင်စိတ် ပေါက်ကြသည်။

(ပေါလု၏ အသားထဲ၌ရှိသောဆူး ဆိုသည်မှာ ဤကျမ်းပိုဒ်အရ မျက်စိရောဂါဖြစ်နိုင်ဖွယ်ရှိသည်)။ သို့သော်လည်း ထိုဝမ်းမြောက်ဝမ်းသာမှုများသည် ယခုအခါ ဘယ်ရောက်ကုန်ပြီနည်း။ နံနက်ခင်းငွေနှင်းကဲ့သို့ ပျောက်လွင့်ကုန်ပြီ။

:၁၆ ပေါလုကိုလည်း မည်သို့သဘောထားကြသနည်း။ ပေါလု၏တရားဒေသနာများကို ပြန်လည်ကြားချင်နိုင်စွမ်း ရှိကြပါသေးလား။ သမ္မာတရား ကိုလိုချင်ကြသေးသလား။ ဂလာတိသားများ၏ ရန်သူ ဖြစ်သွားပြီလား။

() ချုပ်နှောင်ခြင်းနှင့်လွတ်မြောက်ခြင်း (:၁၇:၁၁)

          :၁ရ ပရောဖက်တုများ၏တရားသည် ပေါလု၏တရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ပေါလုသည် ဂလာတိသား များ၏ ဝိညာဉ်ချမ်းသာ မြင်စေလိုသည် (ငယ် ၁၇-၂ဝ)။ မိစ္ဆာဆရာများကမူ ဂလာတိသားများကိုယ်တိုင် ဒုက္ခစရိယာကျင့်ကြံ စေချင်သည်။ သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်စေချင်ကြသည်။ ယုဒဝါဒီများသည် ဂလာတိသားများအား ပေါလုနှင့်၎င်း၊   အခြားဆရာများနှင့်၎င်း၊ မပတ်သက်စေချင်ကြပါ။ ယုဒများနှင့်သာ ပူးပေါင်းပါဝင်စေချင်ကြသည်။ တကိုင်းတည်းအတူတူ နားချင်ကြသည်။ ထိုအကြောင်းကို Scott က ”ရိုးရာထုံးတမ်းစဉ်လာနောက်သို့ နောက်ပြန်သွားသောခရစ်ယာန်သည် အလယ်ခေတ်ကာလက ဆရာသမားများ၏ ခါးပန်းစည်းဘဝသို့ ပြန်ရောက်ခြင်းဖြစ်သည်” ဟုဆိုသည်။

:၁၈ သို့ကြောင့် ပေါလုက ဂလာတိသားများအား ”သင်တို့နှင့်အတူ ငါရှိစဉ်တွင်သာ စိတ်ဝင်စားနေစေချင်သည် မဟုတ်။ ငါမရှိသည့်အခါတွင်လည်း ထိုကဲ့သို့ပင် နေစေချင်သည်”ဟုဆိုသည်။ မြင်ရာတမျိုး၊ ကွယ်ရာတမျိုးမလုပ်ကြဖို့ သတိပေးထားသည်။ ကောင်းသောစိတ်ဝင်စားခြင်း အမြဲရှိစေချင်သည်။

:၁၉ ပေါလုက ချစ်သောသားသမီးတို့ ဟုဆိုသည်။ ခရစ်တော်ကိုထောက်၍ သားသမီးအဖြစ်ခံယူခြင်းဖြစ်သည်။ ကယ်တင်ခြင်း၌ တည်ငြိမ်စွာမနေကြလျှင် သားဖွားဝေဒနာခံစားသကဲ့သို့ ဂလာတိသားများအတွက် ပေါလုစိတ်ဆင်းရဲနေ ရသည်။ ခရစ်တော်နှင့်တူစေချင်သည်။ ဘုရားသခင်၏အလိုတော် ခရစ်တော်၌ပြည့်စုံသကဲ့သို့ ပြည့်စုံစေချင်သည်           (ဧ ၄:၁၃၊ ကော ၁:၂၈)။

:၂ဝ ဤကျမ်းပိုဒ်တွင် ပေါလု၏စိတ်ရှုပ်ခြင်းတွေ့ရသည်။ ဂလာတိသားများ ပေါလုထံမှ ထွက်ခွာချင်ကြသည့် အကြောင်းကို သံသယဖြစ်နေသည်။ တွေးမရအောင်ဖြစ်နေသည်။ ဂလာတိသားများစိတ်ပြန်လည်လာစေရန် လေယူ လေသိမ်းပြောင်းရတော့မည်။ ဂလာတိသားများ၏ ပေးစာကိုလည်း ဇဝေဇဝါဖြစ်နေသည်။ ပုဂ္ဂိုလ်ရေးလေသံ ထွက်နေသည်။ သို့ကြောင့် လေသံ ပြောင်းရတော့မည်။ အကယ်၍ ပေါလုကို အပြစ်တင်စရာရှိသည်ဆိုလျှင် နားထောင်မည်။ သီးခံခွင့်လွှတ်မည်။ ပုန်ကန်ထကြွသည်ဆိုလျှင်လည်း ချော့မော့မည်။ ရွှေပြည်အေးတရားဟောမည်။ ဘာကြောင့် ဤသို့လှေနံနှစ်ဖက်နင်းကြသည်ကို စဉ်းစားရခက်နေသည်။

ယုဒဆရာများက ယုံကြည်သူများသည် အာဗြဟံ၏ သားမြေးများဖြစ်သောကြောင့် အာဗြဟံကဲ့သို့ အရေဖျားလှီးရ မည်ဟု သွန်သင်ခြင်းဖြစ်ပေမည်။ သို့ကြောင့် ပေါလုက အာဗြဟံ၏ဘဝသမိုင်းကြောင်းကို ရှင်းလင်းထောက်ပြရသည်။ ထုံးတမ်းစဉ်လာနှင့် ကျေးဇူးတော်သည် ပြဒါးတလမ်း၊ သံတလမ်းဖြစ်သည်။

ဘုရားသခင်က အာဗြဟံအား သားပေးမည်ဟုဆိုသောအခါ လူ့သဘာဝအရ ဖြစ်နိုင်ဖွယ်ရာမရှိ။ အာဗြဟံတို့ လင်မယားသည် သားသမီးရနိုင်သော အရွယ်များမဟုတ်ကြတော့ါ။ အိုမင်းရွယ်လွန်သူများ ဖြစ်သည်။ အာဗြဟံသည် ဘုရားသခင်အား ယုံကြည်သောကြောင့် ဖြောင့်မတ်သူဖြစ်သည် (က ၁၅:၁-၆)။ အာဗြဟံ၏ မယားစာရာသည် မိန်းမ ဖြစ်သည့်အတိုင်း ကတိတော်သားကို ငမ်းငမ်းတက်နေသဖြင့် သူမခင်ပွန်းသည်အား စာရာ၏ ကျွန်မဟာဂရနှင့်အတူနေ စေသည်။ အာဗြဟံကလည်း ဇနီးသည်၏ စကားကိုနားထောင်၍ ထိုကျွန်မနှင့် အတူနေကြသဖြင့် ဣရှမေလသားရတနာ မွေးဖွားသည်။ ထိုသားသည် ကတိတော်နှင့်ဆိုင်သော သားမဟုတ်။ လူ့ဇာတိ၊ အသွေးအသားဖြင့် ရသောသားဖြစ်သည် (က ၁၆)။

အာဗြဟံ အသက်တစ်ရာ ပြည့်လာသောအခါ ကတိတော်နှင့်ဆိုင်သော သားဣဇာက် မွေးဖွားလာသည်။ ထိုသားရရှိခြင်းသည် အံ့ဩဖွယ်ရာဘုရားသခင်၏ ဘုန်းတန်ခိုးအားဖြင့် အရာရာဖြစ်နိုင်ကြောင်း၊ သက်သေထူခြင်း ဖြစ်သည် (က ၂၁:၁-၅)။ ယုဒများ ထုံးတမ်းစဉ်လာအတိုင်း ပွဲတော်ကျင်းပနေစဉ် ဣရှမေလသည်  ဣဇာက်ကို အနိုင်ကျင့်စော်ကားကြောင်း စာရာတွေ့မြင်သောအခါ  စာရာစိတ်ဆင်းရဲသည်။ သို့ကြောင့် အာဗြဟံအား ထိုကျွန်သားအမိကို အိမ်မှမောင်းထုတ်ခိုင်းသည်။ စာရာ၏စကားမှာ ”ဤကျွန်မ၏ သားသည် ကျွန်မသားနှင့်တန်းတူ အမွေမဆက်ခံပါစေနှင့်” (က ၂၁:၈-၁၁) ဟုဖြစ်သည်။ ဤကျမ်းပိုဒ်၏ နောက်ခံသမိုင်း ကြောင်းဖြစ်သည်။

:၂၁ ဤကျမ်းပိုဒ်တွင် ပညတ်တရားကို အဓိပ္ပါယ်နှစ်မျိုးကောက်ယူနိုင်သည်။ ပထမအချက်မှာ ဖြောင့်မတ် စင်ကြယ်ခြင်းရှိမည့်အကြောင်းဖြစ်၍ နောက်တချက်သည် ကမ္ဘာဦးကျမ်းမှ တရားသူကြီးမှတ်စာအထိ ဖော်ပြထားသော ဓမ္မဟောင်းကျမ်း ပညတ်ချက်များဖြစ်သည်။ ပေါလုက ”ပညတ်တရားအောက်တွင် နေချင်သူများ၊ ပညတ်ကျမ်း၏ မိန့်ဆိုကျမ်းကို ကြားသိကြပြီမဟုတ်လော” ဟုထောက်လိုက်သည်။

:၂၂၂၃ သားနှစ်ယောက်မှာ ဣရှမေလနှင့် ဣဇာက်ဖြစ်သည်။ ဟာဂရသည် ကျွန်မဖြစ်၍၊ စာရာသည် လွတ်လပ်သူဖြစ်သည်။ ဣရှမေလသည် အာဗြဟံ၏အကြံဖြင့်ရရှိသောသားဖြစ်၍ ဣဇာက်သည် ကတိတော်ဖြင့် ရရှိသောသား ဖြစ်သည်။

:၂၄ အထက်ပါကျမ်းပိုဒ်သည် ပုံဆောင်ဥပမာပေးခြင်း ဖြစ်သည်။ မူရင်းအဓိပ္ပါယ်သည် လေးနက်သည်။ ဣဇာက်နှင့် ဣရှမေလဆိုသောသားများသည် ဝိညာဉ်ရေးရာ သမ္မာတရားကို ရှင်းပြလိုခြင်းဖြစ်သည်။

မိန်းမနှစ်ယောက်သည် ပဋိညာဉ်နှစ်ပါးကို ပုံဆောင်သည်။ ဟာဂရသည် ပညတ်တော်တရား၊ စာရာသည် ကျေးဇူးတော်တရား ပုံဆောင်သည်။ ဘုရားသခင်က ပညတ်တော်တရားကို သိနာတောင်ပေါ်တွင် ပေးခဲ့သည်။ ‘ဟာဂရ’ ဟူသောစကားသည် အာရေဗျဘာသာစကားဖြင့် ကျောက်ဟုအဓိပ္ပါယ်ရသည်။ အာရပ်ဘာသာဖြင့် သိနာတောင် သည်လည်း ကျောက်တောင်ဟု အမည်ရသည်။

:၂၅ သိနာတောင် ပညတ်တရားသည် ကျွန်ကို မွေးဖွား ဖြစ်ထွန်းစေသည်။ ဟာဂရသည် ကျွန်မဖြစ်၍ ပညတ်တရား ၏ကျွန်နှင့် နာမ်စပ်နေသည်။ ယေရုရှလင်မြို့ကို ကျွန်ခံနေကြသော ယုဒလူမျိုးကယ်တင်ခြင်းရရှိရန် မိမိနည်းမိမိဟန်ဖြင့် ဖြောင့်မတ်ခြင်းရှာဖွေ ကြိုးပမ်းနေသူများကို ကိုယ်စားပြုသည်။ ထိုမိန်းမနှစ်ပါး သားအသီးသီး ရှိကြောင်းသည် သားစဉ် မြေးဆက် ကျွန်ဆက် ရှိနေကြသည့် သင်္ကေတဖြစ်သည်။ ဟာဂရထက် စာရာ၊ ဣရှမေလထက် ဣဇာက်ကို ပေါလုက ထောက်ပြထင်ရှားစေလို၍ ရှင်းပြခြင်းဖြစ်သည်။

:၂၆ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သူများ၏နေရာသည် ကောင်းကင်နိုင်ငံယေရုရှလင်မြို့ ဖြစ်သည်။ ယုဒလူမျိုးအပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသား ယုံကြည်သူများ၏ မိခင်မြို့တော် ဖြစ်သည်။

:၂ရ ဤကျမ်းပိုဒ်သည် ဟေရှာ ၄၅:၁ကို ကိုးကားခြင်းဖြစ်သည်။ ကောင်းကင်နိုင်ငံ မြို့တော် သားသမီးများသည် မြေကြီးပေါ်ရှိ ယေရုရှလင်မြို့သားများထက် များပြားမည်။ စာရာသည် ကာလာကြာရှည်သား မမွေးသော အမြုံမ ဖြစ်သည်။ ဟာဂရသည် လင်ရဖူးသူ ဘဝသာ အဖတ်တင်သည်။ စာရာ၏ အောင်ပွဲခံခြင်းနှင့် ကောင်းကင်နိုင်ငံ ယေရုရှလင်မြို့ကို မည်သို့ နားလည်ရမည်နည်း။ သားသမီးများဟု ဆိုသောအခါ ယုဒလူမျိုးများနှင့် တပါးအမျိုးသား ယုံကြည်သူများ ပါဝင်သည်။ သို့ကြောင့် ပညတ်တရားအောက်မှာရှိသော ဟာဂရသားသမီးများထက် များပြားခြင်း ဖြစ်သည်။

:၂၈ စစ်မှန်သော ယုံကြည်သူသည် လူ့ဇာတိ၊ လူ့ထုံးတမ်းစဉ်လာဖြင့် မွေးဖွားရသည်မဟုတ်။ ဘုရားသခင်၌ မွေးဖွားခြင်းဖြစ်သည်။ လူ့ထုံးတမ်းစဉ်လာအရ မွေးဖွားခြင်းမဟုတ်။ သခင်ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ဘဝအသစ် မွေးဖွားရသည်။

:၂၉ ဣရှမေလက ဣဇာက်အား စော်ကားခြင်းဆိုသည်မှာ လူ့ဇာတိ၌မွေးဖွားသူများက ဝိညာဉ်ဖြင့် မွေးဖွားသူများ အား ညှဉ်းပန်းနှိပ်စက်မည့်အကြောင်း အတိတ်စိမ်းပေးခြင်းဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် လောကသားများ၏ နှိပ်စက်မှုခံခဲ့ရသည်။ ပေါလုသည်လည်း မယုံကြည်သူများ၏ ညှဉ်းပန်းနှိပ်စက်မှု သေလုမြောပါးခံစားခဲ့ရသည်။ ကျမ်းစာမှာ ဣရှမေလက ဣဇာက်ကိုစော်ကားသည် ဟုသာဆိုသည်။ ပေါလုက ဇာတိသားနှင့်ဝိညာဉ်သား ခြားနားပုံကို ထောက်ပြသည်။

:၃ဝ ဤကျမ်းချက်က သမ္မာကျမ်းစာ၏ အနှစ်သာရကို ရှင်းပြထားသည်။ ပညတ်တရားနှင့် ကျေးဇူးတော်သည် ရောနှောစရာ မဟုတ်။ ပညတ်တရားသည် ကျေးဇူးတော်နှင့် အုတ်ရောရောကျောက်ရောရော မလုပ်နိုင်။ ပညတ်တရားသည် အမွေတော် ဆက်ခံပိုင်ခွင့်မရှိ။

:၃၁ ပညတ်တရားနှင့် ဆက်စပ်ပတ်သက်ခြင်းမရှိဘဲ ခရစ်တော်ကိုသာ ယုံကြည်စေချင်သည်။ ယုံကြည်သူများသည် လူလွတ်၏သားသမီးများဖြစ်ကြသည်။ မိခင်၏ အခွင့်အရေး ခံစားပိုင်ခွင့်ရှိကြသည်။

Previous Article
Next Article