တမန်တော်ဝတ္ထု ၁၈
၁၈:၁ အေသင်မှ ပေါလုထွက်သွားခြင်းသည် မအောင်မြင်သော တရားပွဲဟု အချို့က ထင်မြင်ကြသည်။ အမှန်မှာ သန့်ရှင်းသောဝိညာဉ်တော်က အခါယပြည်မြို့တော် ကောရိန္သုသို့ ပို့ဆောင်ခြင်းဖြစ်သည်။ ထိုမြို့သည် မတရားညစ်ညမ်းသောအသင်းတော်ရှိရာမြို့ဖြစ်သည်။
၁၈:၂–၃ ကောရိန္တုမြို့တွင် ပေါလုသည်ဘဝတလျှောက် လက်တွဲဖော်ပြုသည့် အာကုလ နှင့် ပြစ်ကိလတို့ လင်မယားနှင့်မိတ်ကောင်း ဆွေကောင်းဖွဲ့ကြ၏။ အာကုလသည် အာရှမိုင်းနား အရှေ့မြောက်ဒေသ ပုန္တုသား ယုဒလူမျိုးဖြစ်သည်။ ဇနီးသည် ပြစ်ကိလနှင့်အတူ ရောမမြို့တွင် နေထိုင်ခဲ့ကြသော်လည်း ကလောဒိကဲသာဘုရင်က ဘာသာရေးယုံကြည်မှုကြောင့် မောင်းထုတ်သူများဖြစ်သည်။ ကောရိန္တုသည် ရောမမြို့မှ အရှေ့ဘက်လားရာလမ်းမပေါ်တွင် အကုလတို့ လင်မယားသည် တဲချုပ်အလုပ် လုပ်ကြသည်။ ပေါလုသည်လည်း တဲချုပ်ကျွမ်းကျင်သူဖြစ်သောကြောင့် ထိုလင်မယားနှင့် မလဲနံပသင့်ကြသည်။
လူသည် မိမိလုပ်ငန်းခွင်တွင် အာရုံစူးစိုက်စွာ လုပ်ဆောင်လျှင်
အကောင်းဆုံးအဖြေပြန်လည်ခံစားရပါသည်။ နေ့စဉ်လုပ်ငန်း
ဆောင်တာကို ကျေပွန်လျှင် အသေးအဖွဲ့မှစ၍ ဝမ်းသာစရာဖြစ်သည်။
စျေးဆိုင်၊ လုပ်ငန်းခွင်မှစ၍ ဘုရားသခင်၏ အိမ်တော်ဖြစ်သွားသည်။
လုပ်ငန်းဆောင်တာများ အဆင်ပြေသည်၊ စိတ်နှလုံးချမ်းမြေ့သည်။
အာကုလနှင့် ပြစ်ကိလတို့ စုံတွဲအသက်တာသည် ထိုဘဝမျိုးဖြစ်သည်။၇၁
ထိုလင်မယားအသက်တာပြောင်းလဲပုံမှာ မရှင်းပါ။ ပေါလုနှင့် မတွေ့ခင်ကလား၊ ပေါလု၏ ဒေသနာကြောင့်လားမသိရပါ။ ကောရိန္တုသို့ရောက်သောအခါ ဘဝဝန်ထုတ်ဝန်ပိုးများ ကျသွားခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။တရွာပြောင်း၍ သူကောင်းဖြစ်သွားခြင်းနိုင်သည်။
၁၈:၄ ပေါလုသည် ဥပုသ်နေ့တိုင်းတရားစရပ်သို့၍ ယုဒလူမျိုးများကို သမ္မာတရားသွန်သင်သည်။ တပါးအမျိုးသားများကိုလည်း ဟောကြား ဆွေးနွေးသည်။ သို့ဖြင့် သခင်ခရစ်တော်ကိုယုံကြည် သူတိုးပွားလာကြသည်။
၁၈:၅ ဗေရိတွင် ထားခဲ့သော သိလနှင့် တိမောသေအား အေသင်မြို့မှ ပေါလုက လှမ်းခေါ်ရာ ယခုကောရိန္သုမြို့၌ဆုံစည်းကြသည်။ ထိုသူနှစ်ယောက်ရောက်လာသောအခါ ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်က ပြင်ဆင်ပေးသည်ဟု ခံယူလျက်သမ္မာတရားကို အားသွန်ခွန်စိုက် ဟောကြားသွန်သင်သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်က ပေါလုအား တဲချုပ်လုပ်ခြင်းမလုပ်စေလိုပါ။ ဧဝံဂေလိတရားသာ ဟောကြားစေလိုသည်။
ထိုကာလ (အေဒီ ၅၂ ခန့်)တွင် ပေါလုသည် သက်သာလေနိတ်သြဝါဒ ပထမစာစောင်ရေးသားဟန်ရှိသည်။
၁၈:၆ မယုံကြည်သူ ယုဒများက ပေါလုကိုဆန့်ကျင်ပုန်ကန်ကြပြန်သည်။ ဧဝံဂေလိတရား ငြင်းပယ်ခြင်းသည် မိမိကိုယ်ကို ပစ်ပယ်ခြင်းဖြစ်သည်။မိမိကိုယ်ကိုသာ ဒုက္ခပေးခြင်းဖြစ်သည်။
ပေါလုသည် အဝတ်ကိုဖုံခါလျက် “သင်တို့ ပျက်စီးသေကြေကြမည့်အကြောင်းသည် သင်တို့တာဝန်ဖြစ်သည်။ ငါနှင့်မဆိုင်တော့ပါ။ ယခုအချိန်မှစ၍ တပါးအမျိုးသားထံသို့ သွားတော့မည် ဟုဆိုလျက် ထသွားသည်။ ဖုံခါခြင်းသည် အဆက်အသွယ်ပြတ်စဲခြင်းလက္ခဏာ ဖြစ်သည်။ သို့ဖြင့် ဧဖက်မြို့သို့ ရောက်ရှိသည် (၁၉:၈)။
တမန်တော်ကြီး၏ ပြောစကားသည် သားစဉ်မြေးဆက်သွေးနှင့်ဆိုင်သောအပြစ်ဖြစ်သည်။ ဧဝံဂေလိတရားလက်မခံသူသည် ဘုရားသခင်နှင့်သာသက်ဆိုင်သည်။ အခြားတဘက်တွင်မူ ဆာလောင်မွတ်သိပ်သူများအား ပေးကမ်းသော်လည်း လက်မခံခြင်းသည် ပေးသူနှင့်မသက်ဆိုင်ပါ။
ဤကျမ်းပိုဒ်သည် ဣသရေလများက ဧဝံဂေလိတရားလက်မခံကြသောကြောင့် တပါးအမျိုးသားများထံသို့ ရောက်ရှိခြင်းအကြောင်းဖြစ်သည်။ ဘုရားသခင်သည် သတင်းကောင်းကို ပထမဦးစွာ ယုဒများသို့တမန်တော်များဖြင့် ကမ်းလှမ်း ပေးကမ်းခဲ့သည်။ သို့သော် လက်သင့်မခံ ငြင်းပယ်ကြသောကြောင့်ဝမ်းနည်းစွာနှင့် တပ်ခေါက်သည်။
၁၈:၇–၈ ထိုသို့ ယုဒများနှင့် မပြေလည်ဖြစ်သောကြောင့် ပေါလုသည် တရားစရပ်အနီးရှိ အသက်တာပြောင်းလဲသူ တပါးအမျိုးသား ယုတ္တုအိမ်သို့ သွားနေသည်။ ထိုအိမ်မျလက်လှမ်းမှီရာသို့ တရားဟောကြားရာ တရားစရပ်မှူး ကရိပ္ပုတို့အိမ်ထောင်မိသားစုသည် ယုံကြည်သူဖြစ်လာကြသည်။ ကယ်တင်ရှင်သခင်ကို လက်ခံကြပြီး နှစ်ခြင်းမင်္ဂလာခံယူကြသည်။ ပေါလုသည် ကရိပ္ပုနှင့်လူအနည်းငယ်သာနှစ်ခြင်းမင်္ဂလာပေးသည် (၁ ကော ၁:၁၄-၁၆)။ ပေါလု၏ ရည်ရွယ်ချက်မှာ လူတိုင်းယုံကြည်သူဖြစ်၍နှစ်ခြင်းမင်္ဂလာခံယူကြရန်ဖြစ်သည်။ သို့သော်လည်း ယေရှုကို အမှန်တကယ်ချစ်ခင်မြတ်နိုးခြင်းမရှိဘဲ အပျော်သဘောဖြင့် နှစ်ခြင်းခံယူကြမှာကို စိုးရိမ်သည်။
၁၈:၉–၁၀ ဘုရားသခင်၏ ဝိညာဉ်တော်က ပေါလုအား စိုးရိမ်ခြင်းမရှိဖို့ ဗျာဒိတ် ပေးလိုက်သည်။ထို့ကြောင့် တမန်တော်ကြီးသည် နှုတ်ကပတ်တော်ကို ရဲဝံ့စွာ အားတက်သရော ဆက်လက်ဟောကြားသည်။ ဘုရားသခင်က ပေါလုနှင့်အတူရှိလျက် ဘေးရန်လည်း ကွယ်ကာပေးသောကြောင့် ယုံကြည်သူ အများအပြားရှိလာကြသည်။
၁၈:၁၁ ပေါလုသည် ကောရိန္သုတွင်(၁၈)လ နှုတ်ကပတ်တော် သွန်သင်သည်။ ထိုကာလသည် ကောရိန္သုရပ်သူရွာသာများအတွက် အဖိုးထိုက်တန်သော အချိန်ကာလဖြစ်သည်။
၁၈:၁၂–၁၆ အခါသယပြည်တွင် ဂါလျူန်ဘုရင်ခံဖြစ်လာ၍ ပေါလု၏ ကောရိန္သုမြို့၌ သာသနာပြုခြင်းအဆုံးသတ်သည်။ (အေဒီ ၅၃ ခန့်ဖြစ်သည်) ထိုဘုရင်ခံသည် ယုဒများ၏ ထောက်ခံမှုကို ရယူလိုသူဖြစ်သည်။ထို့ကြောင့် မြို့လယ်ခေါင်စျေးတွင်တရားပလ္လင်ထိုင်ကာ ပေါလုကို ဖမ်းဆီးစစ်ဆေးသည်။ ရန်သူများ ဖျားယောင်းသွေးဆောင်သည်ဟုစွပ်စွဲကြသည်။ စွပ်စွဲချက်ကြားသောအခါ အမှုသည် နယ်ဘက်ပြစ်မှုနှင့်မဆိုင်၊ ယုဒထုံးစံအတိုင်း စီရင်ကြပါဟု ဂါလျူန်က အမိန့်ချမှတ်သည်။ အကယ်၍ နယ်ဘက်ပြစ်မှုဆိုလျှင် ဂါလျူန်က စိတ်ရှည်လက်ရှည်ကြားနာမည်။ သို့သော်လည်း ပြစ်မှုနှင့်မဆိုင်သောကြောင့် အမှုကြားနာရန် ငြင်းပယ်လိုက်သည်။
၁၈:၁၇ အချို့က ပေါလုကိုပြစ်ဒဏ်မပေးရသော်ကြောင့် ပေါလုအစား တရားစရပ်မှူးသုဿင်ကို ကြိမ်ဒဏ်ပေးကြသည်ဟုဆိုကြသည်။ သို့သော် ဂါလျူန်က ဘာမှမဟ။ ထိုသို့ ကျူးကျော်စော်ကားကြခြင်းမှာ ဂါလျူန်က ဧဝံဂေလိတရား စိတ်မဝင်စားကြောင်းပြသသည်။ ယုဒများ၏ ရိုးရာထုံးတမ်းစဉ်လာကို မပတ်သက်လိုခြင့်လည်းဖြစ်သည်။
၁၈:၁၈ ထိုအရေးအခင်းဖြစ်ပြီးနောက်တွင်လည်း ပေါလုသည် ကောရိန္သုမြို့တွင် ဆက်နေသေးသည်။ ထိုကာလတွင် သက်သာလောနိတ်သြဝါဒ ဒုတိယစာစောင် ရေးသားခြင်းဖြစ်ပေမည်။
ထို့နောက် အာကုလတို့လင်မယားနှင့်အတူ ရှုရိပြည်သို့ ထွက်သွားကြသည်။ ထိုမှတဆင့် အန္တိအုတ်သို့သွားရန်ဖြစ်သည်။ ကောရိန္တုအရှေ့ဘက်ဆိပ်ကမ်းမြို့ဖြစ်သော ကင်ခြေမြို့သို့ရောက်သောအခါ ပေါလုသည် သစ္စာပြုသည့်အတိုင်း ဆံပင်ညှပ်ပစ်သည်။၇၂
အချို့က ထိုသစ္စာပြုခြင်းသည် ဝိညာဉ်ရေးရာနှင့်မဆိုင်။ ယုဒတို့ အယူသန်သည့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ဆံပင်ညှပ်သည်မှာမှန်သည်။ တခြားကိစ္စမသိရပါ။
၁၈:၁၉–၂၀ ဧဖက်မြို့သို့ သင်္ဘောဆိုက်သောအခါ ပေါလုသည် တရားစရပ်သို့သွား၍ ယုဒများအား တရားသွားဟောပြန်သည်။ တရားနာပရိသတ်များက ပေါလု၏ တရားကို နှစ်ခြိုက်ကြသော်ကြောင့် သူတို့ထံတွင်နေရန် တောင်းပန်ကြသည်။ သို့သော် ပေါလုသည် အာကုလတို့လင်မယားကိုပါ နှုတ်ဆက်ကာ ခရီးဆက်သွားသည်။
၁၈:၂၁ သင်္ဘောကြီးသည် တရွေ့ရွေ့သွားနေသည်။ သို့သော် ပေါလု၏ ရင်ထဲမှာ ဘုရားသခင်အလိုတော်ရှိလျှင် ယေရုရှုလင်ပွဲတော်ပြီးလျှင် ဧဖက်သို့ နောက်တခေါက်ပြန်လာမည်ဟု ပြောခဲ့သောစကားကို ကားယောင်နေသည်။
၁၈:၂၂ ကဲသရိမြို့သို့ သင်္ဘောဆိုက်နားသည်။ ထိုနေရာတွင် သင်္ဘောပေါ်မှ ဆင်းပြီးနောက် ယေရုရှလင်သို့ ဝင်ရောက်၍ အသင်းကိုနှုတ်ဆက်ကာ အန္တိအုတ်မြို့သို့ ဆက်သွားသည်။ ထိုခရီးသည် ပေါလု၏ အန္တိအုတ်သို့ နောက်ဆုံးခရီးစဉ်ဖြစ်သည်။
ပေါလု၏ ဒုတိယသာသနာ့ခရီးလည်း ဤမျှပြီးဆုံးသွားသည်။
(ဆ) ပေါလု၏ တတိသာသနာပြုခရီး၊ အာရှမိုင်းနားနှင့်ဂရိပြည် (၁၈:၂၃ – ၂၁:၂၆)။
၁၈:၂၃ အန္တိအုတ်မြို့တွင် အတန်ကြာနေပြီးနောက် ပေါလုသည် တတိယအကြိမ် သာသနာ့ခရီးစဉ်ထွက်ပြန်သည်။ ပထမဆုံးရောက်ရှိသောနေရာမှာ ဂလာတိပြည်နှင့်ဖြူဂိပြည်ဖြစ်သည်။ တမန်တော်ကြီးများသည် ထိုအရပ်ဒေသရှိ အသင်းတော်များသို့ လှည့်လည်၍အားပေးဝေငှသည်။
၁၈:၂၄–၂၆ ဤကျမ်းပိုဒ်တွင် ဧဖက်၌ထားခဲ့သော အာကုလတို့လင်မယားပေါ်လာပြန်သည်။ ထိုအရပ် ဧဖက်မြို့သို့ ဓမ္မဟောင်းကျမ်းစာတတ်ကျွမ်း၍အဟောအပြောကောင်းသော အာပေါလု ဆိုသူ ရောက်လာသည်။ သူသည် အဲဂုတ္တုပြည်မြောက်ပိုင်း အာလေဇန္ဒြိမြို့သား ယုဒလူမျိုးဖြစ်သည်။ ယုံကြည်ခြင်းအားကြီးသည်။ အာရွှင်သည်။ စိတ်အားထက်သန်မှုရှိသည်။ သို့သော် သူသည် ဗတ္တိဇံယောဟန် ကျောင်းထွက်ဖြစ်၍ မေရှိယသခင်ရောက်လာမည့်အကြောင်း၊ ထိုမေရှိယကို ဖူးတွေ့ရန် ဣသရေလ လူမျိုးများသည် ကြီးစွာသောနောင်တရ၍ နှစ်ခြင်းမင်္ဂလာခံယူဖို့လိုကြောင်းကိုသာသိသည်။ ခရစ်ယာန်များ၏ နှစ်ခြင်းမင်္ဂလာနှင့်ယုံကြည်ခြင်းကို အသေအချာနားမလည်ကြ။ အာကုလတို့လင်မယားသည် ထိုအာပေါလု၏ တရားကို တရားစရပ်တွင် ကြားသိကြသောအခါတည့်မတ်ပဲ့ပြင်ပေးရန်လိုကြောင်း နားလည်ကြ၍ အိမ်သို့ပင့်ဖိတ်ကာဖြည့်စွက်တည့်မတ်ပေသည်။ သို့နှင့် အာပေါလု၏တရားဒေသနာသည် တဲချုပ်လုပ်သူလင်မယား၏ အကူအညီဖြင့် ဖြောင့်မှန်သွားသည်။
၁၈:၂၇–၂၈ အာပေါလု၏တရားများသည် တန်ခိုးအရှိန်အဟုန် ကောင်းသောကြောင့် ဧဖက်ညီအစ်ကိုများကနှစ်သက်ကြသည်။ သို့နှင့် ကောရိန္သုသို့ နှုတ်ကပတ်တော်ဝေငှရန် အာပေါလုအားဝိုင်းဝန်းကူညီစီစဉ်ပေးကြသည်။ ယေရှုခရစ်တော်ယုံကြည်သူဖြစ်ကြောင်း မိတ်ဆက်စာရေးပေးလိုက်ကြသည်။ အာပေါလုသည် ကောရိန္သုတွင် နှုတ်ကပတ်တော်များကို အာဘောင်အာရင်းသန်သန်ဖြင့် ဟောပြောသောကြောင့် တရားနာပရိသတ်များက နှစ်ထောင်းအားရကြသည်။ ခွန်အားရရှိကြသည်။