တမန်တော်ဝတ္ထု ၅

:  ဘုရားသခင်၏ တန်ခိုးတော်လှုပ်ရှားသောအခါ စာတန်သည် ပျက်စီးအားနည်း၊ နိမ့်ကျသွားသည်။ ဝိညာဉ်တော်တန်ခိုးရောက်ရှိသောအခါ အတ္တသမားများသည် ပျက်စီးသွားကြသည်။

အာနနိနှင်ရှဖိရေတို့သည် ဗာနဗနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ လူများ၏ အသိအမှတ်ပြုခြင်းကို ခံယူလိုသောကြောင့် မြေကွတ်ရောင်း၍ တပည့်တော်များနှင့် လူရှေ့သူရှေ့တွင် ပေးကမ်းလှူဒါန်းကြသည်။ ရောင်းရငွေ၏ တပိုင်းတစသာ ပေးလှူသော်လည်း အကုန်လုံးပေးလှူဟန်ဆောင်ကြသည်။ မည်သူက မှ ရောင်းချပေးလှူရန် မတိုက်တွန်းပါ။ ​မြေကွတ်ရောင်းပြီးသောအခါ အကုန်လုံးမပေးလှူဘဲ အကုန်ပေးလှူဟန်ဆောင်သည်။

ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ထိုအကြောင်းစုံကိုသိရှိသည်။ သို့သော်မစီရင်ပါ။ သန့်ရှင်းသောဝိညာဉ်တော် လိမ်ညာခြင်းသည် ဘုရားသခင်အားလိမ်ညာခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်သည်။

:  ထို့သို့မုသာသုံး၍ပြောကြားသောကြောင့် အာနာနိသည် ဗိုင်းကနဲလဲကျသေဆုံးသည်။ လူရွယ်များက သွားရောက်သင်္ဂြိုဟ်ကြသည်။ ထိုအဖြစ်ပျက်သည် ကနဦးအသင်းတော်များအား ဘုရားသခင်၏ ဆုံးမပဲ့ပြင် သတိပေးခြင်းဖြစ်သည်။ သို့သော် အာနာနိ၏ ကယ်တင်ခြင်းအား မထိခိုက်စေပါ။ ဘုရားသခင်က ကနဦးအသင်းတော်၏ အပြစ်ကို မထမဆုံးအကြိမ် ထောက်ပြခြင်းဖြစ်သည်။ ထိုအကြောင်းကို Richard Bewes က “အာနာနိ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်တပါးပါး ထွက်သွားရမည်” ဟုဆိုသည်။ ကနဦး အသင်းတော်သည် ဖြူစင်သော ယုံကြည်ခြင်းဖြစ်သောကြောင့် စာတန်မဝင်ရောက်နိုင်ပါ။

:၁၁  နာရီ နာရီခန့် ကြာသောအခါ အာနာနိ၏မိန်းမ ရှဖိ ရောက်ချလာသည်။ သူ့ ယောက်ျား၏ ဖြစ်စဉ်ကို မသိရသေး။ ပေတရုက မြေကွက်ရောင်းရငွေ အမှန်ဘဲလားဟု မေးသောအခါ သူ့ယောက်ျား ပြောသည့်အတိုင်း ဖြေသည်။ ယောက်ျားစကားအတိုင်း ဖြေသကဲ့သို့ သူ့ယောက်ျားနောက်သို့ ချက်ချင်း လိုက်သွားသည်။ လူငယ်များက တဖန်သင်္ဂြိုဟ်ကြပြန်သည်။

ထိုသို့ ပေတရု၏ နှုတ်ခွန်း၌ တန်ခိုးပါရှိခြင်းသည် ဘုရားသခင် တပည့်တော်များ၌ အခွင့်အာဏာအပ်နှင်းကြောင်း သက်သေအထောက်အထား ဖြစ်သည်။ “ သင်တို့အပြစ် မဖြေလွှတ်လျှင်မူကား အပြစ်ဖြေလွှတ်ခြင်းမရှိ” (ယော ၂၀:၂၃) ဟူသော တပည့်တော်များသို့ ပြုထားသည့်အတိုင်း ကတိတော် ပြည့်စုံခြင်းဖြစ်သည်။ ရှင်ပေါလုသို့ ပေးအပ်သောတန်ခိုးကိုလည်း (၁ကော ၅:၅) တွင်တွေ့ရသည်။ တမန်တော်များ၏ နောက်ဆက်တွင် ထိုတန်ခိုးများ မည်သည်နေရာရောက်သွားသည်ကို မသိရပါ။

ထို လင်မယားနှစ်ယောက် သေဆုံးခြင်း အကြောင်းကို ကြားသိကြသောအခါ အသင်းတော်၌ မည်မျှတန်ခိုးကြီးမားကြောင်း စဉ်းစားဆင်ခြင်ကြသည်။

:၁၂၁၆  ထိုလင်မယားကိစ္စပြီးဆုံးသွားသောအခါ တပည့်တော်များသည် ရှောလမုန်ကနားပြင် တွင် ပရိသတ်များအား အံ့ဘွယ်နိမိတ်လက္ခဏာများပြကြသည်။ တပည့်တော်များ သည် ဘုန်းတန်ခိုး ပြကြသော ကြောင့် တော်ရုံတန်ရုံ လူများက မချဉ်းကပ်ရဲကြ။ ယုံကြည်သူများသာ အနီးသို့ ရောက်လာကြသည်။ အချို့ကမူ သခင်ယေရှု၏ ဘုန်းတန်ခိုးကို ယုံကြည်ကြသည်။ ထို့ကြောင့် လူနာတစ်ယောက်အား ပေတရု၏ အရိပ်လွှမ်းမိစေရန် လမ်းဘေး၌ ထမ်းစင်ဖြင့် လာရောက်ချထားသည်။ တမန်တော်များသည်  ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ စီးဆင်းရာ ရေစီးကြောင်းဖြစ်သည်ဟု တချို့က လက်ခံယုံကြည်ကြသည်။ မြို့ရွာဒေသအနှံ့အပြားမှ နေမကောင်း၊ မကျန်းမာသူ ဂီလာနများသည် ယုံကြည်ခြင်းဖြင့် ရောက်လာကြသောကြောင့် အနာရောဂါကင်းငြိမ်း ကြသည်။

ဤအံ့ဘွယ်နိမိတ်လက္ခဏာများသည် တပည့်တော်များ၏ အမှုတော်ဆောင်ခြင်း၌ သန့်ရှင်းသော ဝိညာဉ်တော်ပါဝင်မှု ပြသခြင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ဖေါ်ပြသော လက္ခဏာများထဲတွင် အနာရောဂါ ကင်းငြိမ်းခြင်းသည်လည်း ပါဝင်သည်။ တပည့်တော်များက အနာရောဂါကင်းငြိမ်းစေကြသည်။ သို့သော် ယုံကြည်ခြင်းသက်သက်ဖြင့်မဟုတ်။

:၁၇၂၀  သန့်ရှင်းသောဝိညာဉ်၏ အမှုတော်ဆောင်ခြင်းသည် သာမန်လူများသာမက တပည့်တော်များဆန့်ကျင်သူများကိုလည်း အသက်တာပြောင်းလဲစေသည်။ ယဇ်ပုရောဟိတ်မင်း ကယာဖနှင့် အပေါင်းပါများသည် ယေရှုနောက်လိုက်များက လူထုပရိသတ်အပေါ် သြဇာညောင်းခြင်းကို မနာလိုမုန်းတီးသူများဖြစ်သည်။ အဓိက မုန်းတီးချက်မှာ ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဟောကြားခြင်းဖြစ်သည်။

တပည့်တော်များအားတားဆီးပိတ်ပင် နိုင်စွမ်းမရှိသဖြင့် တံခါးပိတ် ချုပ်နှောင်ကြသည်။ ထို နေ့ညယံတွင် ကောင်းကင်တမန်သည် ခတ်ထားသောတံခါးကို ဖွင့်ပြီး တမန်တော်များကို အကုန်လွှတ်ပေးလိုက်သည်။ နံနက်စောစော ဝတ်ပြုပွဲတွင် တပည့်တော်များသည် ဗိမာန်တော်၌ တရားဟောသက်သေခံကြသည်။ ရှင်လုကာက ကောင်းကင်တမန်များ၏ အံ့ဘွယ်လုပ်တောင်ချက်များကိုလည်း မှတ်တမ်းတင်ထားသည်။ ပိတ်လှောင်ခြင်းခံရသော တမန်တော်များပင်လျှင် အလန့်တကြားဖြစ်ခဲ့ကြသည်။

ကောင်းကင်တမန်များ သည် ခရစ်ယာန်များ၏ ယုံကြည်ခြင်းကို ဘဝအသက်တာ ခံယူသူများ ဖြစ်သည်။ သို့သော် ဘာသာရေးယုံကြည်ချက်၊ ခံယူချက်မျိုးမဟုတ်၊ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ယုံကြည်သူတိုင်းသို့ ယုံကြည်ခြင်း၏ အာနိသင်သက်ရောက်စေပါသည်။

:၂၁  မိုးလင်းသောအခါ တပည့်တော်များသည် ဗိမာန်တော် တွင် တရားဟောနေကြသည်။ ထိုအကြောင်းကို ယဇ်ပုရောဟိတ်မင်း မသိသေး။ ထို့ကြောင့် တမန်တော်များအား မှတ်သားလောက်အောင် အရေးယူမည့်အကြံဖြင့် မင်းတိုင်ပင်အမတ်များ၊ လူကြီးများခေါ်ယူစုဝေးပြီး ညတုန်းက ချုပ်ထားသောတမန်တော်များသို့ ရုံးတော်သို့ခေါ်သွင်းစေသည်။

:၂၂၂၅  ထောင်ပိုင်အရာရှိများက ထောင်တံခါး လုံခြုံစွာသော့ပိတ်ထားသည်။ အခြားထောင်သားများလည်း အစုံအလင် ရှိကြသည်။ သို့သော် တမန်တော်များတစ်ယောက်မှမရှိသောအခါ “ဘယ်လိုဖြစ်ကုန်ပြီတုန်း” ဟု အံ့အားသင့်ကြသည်။ ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်စောင့် တပ်မှူးများသည် ကြံရာမရ၊ ပါးစပ်အဟောင်းသား ဖြင့်ကြသည်။ ထိုသတင်းစကားသည် မည်မျှပေါ့ပါးစွာ ပျံ့နှံ့မည်နည်း။ ခဏတအောင့်တွင် ထိုလွတ်သွားသော အကျဉ်းသားများသည် ဗိုလ်နေမြဲကျားနေမြဲအတိုင်း ဗိမာန်တော် တရားဟောနေကြကြောင်း သတင်းကြားပြန်သည်။ ကနဦးအသင်းတော်တွင် ယုံကြည်သူများ၏ သတ္တိသည် ပြောင်မြောက်လှပသည်။ အသက်တာပြောင်းလဲဖို့ အဖိုးအခများစွာ ရင်းနှီးခဲ့ကြသည်။

:၂၆  မင်းလုလင်များက ဗိမာန်တော်သို့ လိုက်သွားကြသည်။ သို့သော် တမန်တော်များအား အတင်းအကြပ် ဝင်ရောက်ဖမ်းဆီးခြင်း မပြုရဲ။ ခဲပေါက်ခံရမှာကြောက်သည်။ ထို့ကြောင့် တရားစရပ်နားမှ စောင့်၍ အသာအယာခေါ်လာကြသည်။ ယေရှုကို လက်ခံယုံကြည်သူများသည် မြို့တွင်းအနှံ့ရှိနေကြပြီ။

:၂၇၂၈  ယဇ်ပုရောဟိတ်မင်းရှေ့ သို့ရောက်ကြသောအခါ ယဇ်ပုရောဟိတ်မင်းက “မင်းတို့ကို တရားမဟောကြားရန် ကြပ်တည်းစွာ တားမြစ်ခဲ့ပြီ မဟုတ်လားဟုဆိုသည်။ ယေရှုနာမတော် ထည့်မပြောပါ။ “ယေရုရှလင်တမြို့လုံး မင်းတို့စကားနောက်သို့ လိုက်နေကြပြီဟု ဆိုသည်။ ထိုစကားသည် အမှုမဲ့အမှတ်မဲ့ လွှတ်ကနဲ ပြောမိခြင်းဖြစ်သည်။ “ငါတို့ကိုလည်း မင်းတို့အောက်သို့ ရောက်စေချင်သလား” ဟု ဆိုသည်။ ထိုစကားသည် တပည့်တော်များ၏ အမှုတော်ဆောင်ချက်များ မသိစိတ်ဖြင့်လက်ခံကြခြင်းဖြစ်သည်။ ငါတို့အပေါ် ထိုသူ၏သွေးကိုရောက်စေရန် ကြံစည်ခြင်းလား ဟုမေးကြသည်။ အမှန်မှာမူ ထိုစကားသည် ယုဒခေါင်းဆောင်များ အသက်သို့ စီးဝင်ပြီးဖြစ်သည်။ “ထိုသူ၏အသွေးသည် ငါတို့နှင့် သားစဉ်မြေးဆက်သို့ တည်နေပြီ” (မ ၂၇:၂၅) ဟု ကျမ်းစကားရှိခဲ့သည်။

:၂၉၃၂   တပည့်တော်များသည် နှုတ်ကပတ်တော် ဟောကြားရဲသောသတ္တိ ကနဦးကပင် ဆုတောင်းခဲ့ကြပြီးဖြစ်သည်။ ထိုဆုတောင်းပြည့်သည့်အတိုင်း လူ့စကားထက် ဘုရားသခင်၏ စကားတော်ကို နားထောင်သင့်ပါ၏ ဟုဆိုကြသည်။ ဣသရေလများက ကွပ်မျက်၍ ကားတိုင်ပေါ်တင်ခဲ့သော ယေရှုသည် ရှင်ပြန်ထမြောက်ပြီး၊ ကောင်းကင်ဘုံ ခမည်းတော်၏ လက်ယာဘက်၌ စိုးစံတော်မူကြောင်း ရဲဝံ့စွာ ထုတ်ဖေါ်သက်သေခံကြသည်။ ယုဒများ၏ မိုက်မဲမှုများအား အပြစ်လွှတ်ခွင့်ရအောင် နောင်တရစေချင်သည်။ တပည့်တော်များသည် သားတော်ကို ယုံကြည်ကြသောကြောင့် သက်သေခံကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ သွန်သင်ချက်ကို နာခံကြသည်။

ဘုရားသခင်သည် ယေရှုကို ထမြောက်စေ သည် (ငယ် ၃၀) ဆိုသည်မှာ  ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ အထူးသဖြင့် ကယ်တင်ရှင်သခင် အဖြစ် ထူမခြင်းကို ဆိုလိုသည်။

:၃၃၃၇  ပေတရု၏ တုန့်ပြန်စကား သည် ယဇ်ပုရောဟိတ်များ၏ အူနုထိအောင် ထိုးဖောက်   သဖြင့် အမျက်ချောင်းချောင်းထွက်ကြသည်။ တမန်တော်များအား အစိမ်းဝါးစားပစ်ချင်လောက်အောင် မုန်းတီးကြသည်။  ထိုသို့ ဒေါသဒီရေအရှိန်မြင့်နေစဉ် ဂါမလေလျဟူသော လွှတ်တော်အမတ်မင်းသည် မတ်တပ်ရပ်၍ စကားထပြောသည်။ ထိုသူသည် ဣသရေလများ၏ ရဗ္ဗိ၊ တာရှုသား ပေါလု၏ အာစရိ၊ လူရိုသေ ရှင်ရိုသေ ကဝိပညာရှင်ဖြစ်သည်။ သူ့စကားအရ ဂါမလေလျသည် ခရစ်ယာန်မဟုတ်သော်လည်း ခရစ်ယာန်လမ်းစဉ်လိုလားသူ ချင့်ချင့်ချိန်ချိန် သုခမိန်ဖြစ်သည်။

တမန်တော်များအား အပြင်သို့ခေါ်ထုတ်ခိုင်း ပြီးနောက်၊ မင်းတိုင်ပင်အမတ်များအား အကြံပေးသည်။ လူလုပ်သော အမှုသည် အချိန်တန်လျှင် ပျက်စီးမည်ဟု ဥပမာ (၂) ခု ပြောပြခဲ့သည်။ (၁) တစ်ဦးမှာ သုဒ အမည်ရှိသော သူပုန်လေးရာ တို့၏ခေါင်းဆောင်ဖြစ်သည်။ ထိုသူပုန်ကို ကွပ်မျက်လိုက်သောအခါ တပည့်တပန်းများလည်း ခွေးပြေးဝက်ပြေး ပြေးကုန်သည်။ (၂) နောက်တစ်ဦးမှာ ဂါလိလဲမှ ယုဒ ဆိုသူဖြစ်သည်။ ထိုသူလည်း နောက်လိုက်နောက်ပါများ စည်းရုံးထူထောင်သည်။ သူ့ကို တဖန်ကွပ်မျက်သောအခါ တပည့်သားမြေးများ သည်လည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်သည် ဟု ရှင်းပြသည်။

:၃၈၃၉  ခရစ်ယာန်ယုံကြည်ခြင်းသည် လည်း ဘုရားသခင်၏ အမှုတော်မဟုတ်လျှင် သခင်ယေရှုကွပ်မျက်ချိန်မှစ၍ ပျောက်လွင့်ကုန်မည်။ တိုက်ခိုက်ခြင်းခံရလျှင် ပိုမိုသက်ဝင်လှုပ်ရှားလေဖြစ်သည်။

အခြားတဘက်တွင် ဘုရားသခင်၏ အမှုတော်ဖြစ်လျှင် ဖျက်ဆီးဟန့်တား၍ ရမှာမဟုတ်။ ထို့အပြင် ဘုရားသခင်အား ဆန့်ကျင်ရာရောက်သွားမည် ဟု ထိုအမတ်ကြီးက သတိပေးလိုက်သည်။

:၄၀  ထို အမတ်ကြီး၏စကားသည် ယုတ္တိတန်သောကြောင့် လက်ခံကြသည်။ တမန်တော်များကို ကြိမ်ဒဏ်ပေးပြီး၊ နောက်တစ်ခါ ယေရှုအကြောင်းတရားဟောခြင်း မပြုရန် တားမြစ်ကာ လွှတ်လိုက်ကြသည်။ ရိုက်နှက်ခြင်းသည် အဓိပ္ပါယ်မရှိ၊ တရားမျှတခြင်းမပါ။ အကျိုးအကြောင်း ဆီလျော်မှု ကင်းမဲ့သည်။ ဘုရားသခင်၏ သမ္မာတရားကို သက်သက်မထေမဲ့မြင် ပြုခြင်းဖြစ်သည်။၂၅ အချည်းနှီး၊ လူမိုက်အလုပ်ဖြစ်သည်။ တပည့်တော်များကို ရိုက်နိုင်သော်လည်း နှုတ်ကပတ်တော်ကို ပိတ်ပင်နိုင်စွမ်း မရှိကြ။

:၄၁၄၂  တမန်တော်များရိုက်နှက်ခြင်းသည် ရလဒ်အဖြေ (၂) ခုထွက်သည်။ နာမတော်မြတ်၌ အရှက်ရခြင်း၊ ဆင်းရဲခံရခြင်း ဖြစ်သောကြောင့် အရိုက်ခံရသူများ ဝမ်းမြောက်ဂုဏ်ယူကြသည်။ ဒုတိယအချက်အနေဖြင့် အားသစ်ခွန်သစ်ဖြစ်စေကာ၊ ဗိမာန်တော်တွင် ၎င်း၊ နေအိမ်များတွင် ၎င်း ယေရှုသည် မေရှိယဖြစ်ကြောင်း နေ့စဉ်ဟောပြောကြသည်။ စာတန်သည် တပွဲရှုံးပြန်ပြီ။

အုပ်စိုးသူအစိုးရနှင့် ခရစ်ယာန်

ကနဦးခရစ်ယာန်များသည် ဧဝံဂေလိသတင်းအရှိန်အဟုန်ကြီးသဖြင့် အာဏာပိုင်များ၏ ဖိနှိပ်ခြင်းခံစားကြရမှာ မလွဲဧကန်ပင်။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်များက နယ်ဘက်အမှုအရာ  နှင့်ပတ်သက်၍ ဝေဖန်လက်ညှိုးထိုးကြသည်။

ယေဘုယျအားဖြင့် ယုံကြည်သူများသည် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၏ အုပ်စုခြားနားခံရသည်။ ထိုအုပ်စိုးသူများသည် ဘုရားသခင်စီမံခန့်ခွဲထားသော အစေခံကောင်းများဖြစ်ပါသည်။ ထို့ကြောင့်ယုံကြည်သူများသည် ထိုလေးစားထိုက်သူများကို လေးစားနာခံကြသည်။ တမန်တော် ရှင်ပေါလု သည် မသိရှိသောကြောင့် ယဇ်ပုရောဟိတ်မင်းအား အပြစ်တင်စကားဆိုမိသောအခါ (တ ၂၂:၂၈) ကို ကိုးကား၍ ချက်ချင်းဝန်ချတောင်းပန်သည်။ “သင်၏အမျိုးကိုအုပ်စိုးသောမင်းကို မကဲ့ရဲ့ရ” (တ ၂၃:၅)။

လူ့စည်းကမ်းဥပဒေများသည် ဘုရားသခင်၏ပညတ်တော်များကို ဖျောက်ဖျက်၍ ခရစ်ယာန်များမနာခံနိုင်အောင်ရှိ​စေကာမူ စိတ်ရှည်သည်းခံရမည်။ ပေတရုနှင့် ယောဟန်သည်ဧဝံဂေလိမဟောရကြောင်းတားမြစ်ပိတ်ပင်ခြင်းခံရသောအခါ “လူစကားနှင့် ဘုရားသခင်၏စကားတော်တွင် ဘယ်ဟာကို နာခံရမည်လဲ၊ မြင်သမျှ၊ ကြုံသမျှကိုမူ သက်သေခံရမည်” (၄:၁၉-၂၀)ဟု ဆိုခဲ့ကြသည်။ ပေတရုနှင့် တမန်တော်များသည် ခရစ်တော်၏နာမတော်အား ဆက်လက်သက်သေခံကြသည်။ လူ့စကားထက် ဘုရားစကားနာခံသင့်သည်(၅:၂၉)။

အုပ်စိုးသူများ၏ အမိန့်အာဏာများကို ဆန့်ကျင်တော်လှန်ခြင်းမပြုကြပါ။ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်းခံကြရသော်လည်း အရှင်သခင်၏နာမတော်အဖို့ လုပ်ဆောင်ကြသည် (၂၆:၂၉))။

ဘုရားကိုသစ္စာဖေါက်၍ အုပ်စိုးသူမင်း၏ အလိုတော်ရှိမလုပ်ကြ။ လာဘ်ထိုးခြင်းမပြုကြ၊ ရှင်ပေါလုထံမှ တံစိုးလက်ဆောင်ရရန် ဖေလဇ်၏ကြိုးပမ်းမှုသည် သဲထဲရေသွန် ပမာဖြစ်ခဲ့သည် (၂၄:၂၆)။

ခရစ်တော်၏ အခေါ်ခံရ၍ ခရစ်ယာန်ဖြစ်ခြင်း အခွင့်အရေးကို တလွဲသုံးစားခြင်းမပြုကြ။(၁၆:၃၇၊၂၁:၃၉၊၂၂:၂၅-၂၈၊၂၃:၁၇-၂၁၊၂၅:၁၀-၁၁)

ထို့အပြင် အုပ်ချုပ်ရေး၊နိုင်ငံရေးအမှုအရာများတွင် ပါဝင်စွက်ဖက်ခြင်းမပြုကြ။ အဘယ်ကြောင့်နည်း။ အဖြေပေးစရာလိုမည်မထင်ပါ။ ယုံကြည်သူများ၏တစ်ခုတည်းသောရည်ရွယ်ချက်သည် ခရစ်တော်၏ဧဝံဂေလိသတင်း ဟောကြားရန်သာဖြစ်သည် မည်သူကမှ လာရောက်ဆွဲဆောင်ခြင်းမရှိ၊ ဧဝံဂေလိသတင်းစကားသည် လူ့အရေးအရာပြဿနာများ၏ အဖြေဖြစ်သည်ဟုယုံကြည်ကြသည်။ ထိုအသိတရားခံယူချက်သည် ခိုင်မာသောကြောင့် မည်သည့်အရာကမှ စွက်ဖက်လွမ်းမိုးခြင်းမပြုနိင်။

Previous Article
Next Article