တိမောသေသြဝါဒစာပဌမစောင် ၂

၃။ အသင်းတော်စည်းစနစ်ညွှန်ကြားချက် (::၁၆)

(က) ဝတ်ပြုကိုးကွယ်ရန်စည်းမျဉ်း (:)

          ပထမဦးစွာ မှားယွင်းသောဆရာများကို စွပ်စွဲပြီးနောက် ဝတ်ပြုကိုးကွယ်ခြင်းဘာသာရပ်သို့ ပြောင်းလဲလာသည်။ ဝတ်ပြုကိုးကွယ်ခြင်းသည် တစ်ဦးတယောက်ခြင်း ရှိခိုးကိုးကွယ်ခြင်းအကြောင်းထက် လူအများနှင့် ဝတ်ပြုကိုးကွယ်ခြင်းအကြောင်းကို ဦးစားပေးထားပါသည်။

: ဝတ်ပြုကိုးကွယ်ခြင်းသည် လူတိုင်းပြုအပ်သော အခွင့်ထူးနှင့် ဝတ္တရားဖြစ်သည်။ သီတင်းသုံးဖော် ညီအကိုများနှင့်အတူ နှုတ်ကပတ်တော်ကို နာခံရသောအခွင့်ထူး ဖြစ်သည်။ ကယ်တင်ခြင်း ကြားနာရန် ဝတ္တရားရှိကြသူများ ဖြစ်သည်။ နားမထောင်နိုင်၊ ဝတ္တရားမသိရှိသူများအား လက်ဆင့်ကမ်းရန် တာဝန်လည်း ရှိကြသည်။

ဆုတောင်းရာတွင် ပဌနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကြားခံတောင်းလျှောက်ပေးခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အဆင့်ဆင့်ပြုရသည်ဟု တမန်တော်ကြီးက သွန်သင်ထားသည်။ ပထမ(၃)ချက်သည် တခုနှင့်တခုခွဲခြားဖို့ ခက်ခဲနိုင်ပါသည်။ ပဌနာပြုခြင်းသည် စိတ်ပါလက်ပါ နှလုံးသားအရင်းအမြစ်မှ လိုချင်သည့်အရာများ လျှောက်လဲခြင်း ဖြစ်သည်။ မေတ္တာပို့ခြင်းဆိုသည်မှာ ဘုရားသခင်၏ ကောင်းမြတ်ခြင်းအား ရေတွက်ခြင်းဖြစ်သည်။ ကြားခံတောင်းလျှောက်ပေးခြင်းဆိုသည်မှာ တပါးသူများအတွက် အဘဘုရားသခင်ထံသို့ ကိုယ်စားတောင်းခံပေးခြင်း ဖြစ်သည်။ ကျေးဇူးတော်ချီးမွမ်းခြင်းဆိုသည်မှာ ဆုတောင်းချက်များအပေါ်တွင် ဘုရားသခင်၏အဖြေစကား၊ ကျေးဇူးတော်နှင့် ကရုဏာတော်အား တုံ့ပြန်ခြင်း ဖြစ်သည်။

ဤကျမ်းပိုဒ်ကို အားလုံးခြုံကြည့်လျှင် လူတိုင်းဆုတောင်းရသည်။ ဆုတောင်းသောအခါ အောက်ကျို့နှိမ့်ချခြင်း၊ ကိုးကွယ်ခြင်း၊ ယုံကြည်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း ပြုရသည်။

: ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသူအပေါင်းတို့ဟုဆိုသည်။ လူတိုင်းလူတိုင်း အယုတ် အလတ်မရွေး ဆုတောင်းရသည်။ ရှင်ပေါလုက ရှင်ဘုရင်များသည် ဘုရားသခင် ခွဲခန့်ရာဖြစ် (ရော ၁၃:၁) ၍ ပြည်သူပြည်သားများ ကောင်းစားဖို့ ဖြစ်သည် (ရော ၁၃:၄)ဟုဆိုထားသည်။

ဤကျမ်းပိုဒ်က နေရူးဘုရင်ကို ပြန်လည်သတိရစေသည်။ ထိုမင်းသည် ယုံကြည်သူ ခရစ်ယာန်များအား နိုင်လိုမင်းထက် အနိုင်ကျင့်၍ ညှင်းပန်းနှိပ်စက်ရက်စက်သူ ဖြစ်သည်။ သို့သော် ယုံကြည်သူများသည် ထိုမင်းဆိုးမင်းညစ်၏ ဦးဆောင်မှုကို ကျေနပ်စွာ ခံယူလျက် ဆုတောင်းပေးနေရသည်။ ဘုရားသခင်အား ဆန့်ကျင်ရန် စေခိုင်းသည့်အမိန့်မှတပါး ယုံကြည်သူများ အုပ်စိုးမင်း၏ အမိန့်အာဏာကို နာခံရသည်။ ယုံကြည်သူများအသက်တာတွင် ပထမဦးစားပေးသည် ဘုရားသခင်ဖြစ်ရသည်။ ဘုရားသခင်အား ဆန့်ကျန်ရန် အမိန့်တခုတည်းသာ အာခံရသည်။ ထိုအာခံခြင်းကြောင့် အပြစ်ဒဏ်ခံရလျှင် တိတ်ဆိတ်ကျေနပ်စွာ ခံယူရသည်။

အဘယ်ကြောင့်ဆိုသော် ငြိမ်သက်စွာနေနိုင်ရန်နှင့် ဘုရားသခင်၏ ကောင်းမြတ်ခြင်း ထင်ရှားရန် အုပ်စိုးသူမင်းများအတွက် ဆုတောင်းပေးရမည်ဟု ကျမ်းစာက သွန်သင်ထားပါသည်။ အုပ်စိုးသူမင်း တည်ငြိမ်စွာ ရှိနေနိုင်ရေး၊ သူပုန်သကန်ချုပ်ငြိမ်းရေး၊ ပြည်တွင်းစစ်ပပျောက်ရေး၊ အကျဉ်းစခန်းနှင့် မင်းဆိုးမင်းညစ် မရှိရေးသည် ကောင်းသောလက္ခဏာဖြစ်သည်။

: အုပ်စိုးသူမင်းနှင့် အာဏာပိုင်ရှင်များအတွက် ဆုတောင်းပေးခြင်းသည် ကောင်းသောအမှု ဖြစ်သည်။  ဘုရားသခင်နှစ်သက်တော်မူသော အကျင့်ကောင်းလည်း ဖြစ်သည်။ သခင်ဘုရားစိတ်တော်နှင့် ထိတွေ့ရာဖြစ်ကြောင်း ရှင်ပေါလုက ရှင်းပြထားသည်။ လူတိုင်းအား ကယ်တင်ခြင်းရရှိရန် အလိုတော်ရှိပါသည်။ ထို့ကြောင့် လူတိုင်းအတွက် ဆုတောင်းပေးခြင်းသည် အလိုတော်အား ဖြည့်ဆည်းခြင်း ဖြစ်သည်။ ဘုရားသခင် မိန့်မှာသော စည်းကမ်းလည်း ဖြစ်သည်။

: လူတိုင်းအား ကယ်တင်ခြင်းရရှိရန် အလိုတော်ရှိသည်။ (ယေဇ ၃၃:၁၁၊ ယော ၃:၁၆။ ၂ပေ ၃:၉) ထို့ကြောင့် လူသားများအတွက် ဆိုတောင်းပေးရသည်။

ဤကျမ်းပိုဒ်တွင် ဘုရားသခင်အလိုတော်နှင့် လူတို့၏ ကယ်တင်ခြင်းလိုအပ်ပုံ ရှင်းပြထားသည်။ ပထမပိုင်းတွင် လူသည် ကယ်တင်ခြင်းရရမည်။ လူသည် မိမိအစွမ်းအစဖြင့် ကယ်တင်ခြင်းမရနိုင်သော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းဖြင့် ရနိုင်သည်။ ထိုမင်္ဂလာတရားသည် ဘုရားသခင်ဘက်မှ လုပ်ဆောင်ဘွယ်ရာ ဖြစ်သည်။

ကယ်တင်ခြင်းရရှိဖို့ရန် လူသည် ပထမဦးစွာ သမ္မာတရားသိရှိရမည်။ ဘုရားသခင်သည် လူများ၏ဆန္ဒကို ဆန့်ကျင်၍ အတင်းအဓမ္မ ကယ်တင်ခြင်းမပေးပါ။ ကောင်းကင်နိုင်ငံတွင် ပုန်ကန်သောင်းကျန်းမည့် သူပုန်များစွာ အလိုမရှိပါ။ “ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏”ဟုဆိုထားပါသည်။ ထို့ကြောင့် အထံတော်ပါးသို့ ချဉ်းကပ်ဖို့သည် လူ့တာဝန်ဖြစ်သည်။

ထို့ကြောင့် စကြာဝဠာတခုလုံး ကယ်တင်ခြင်းမပေးထားကြောင်း ဤကျမ်းပိုဒ်အားဖြင့် နားလည်ရသည်။ လူတိုင်းကယ်တင်ခြင်းရရှိဖို့ အလိုတော်ရှိသော်လည်း လူတိုင်းမရရှိကြသေးပါ။ ဤဘုရား၏လူ ဣသရေလလူမျိုးများ နှစ်ပေါင်း (၃၈)ကြာမျှ ကန္တာရခရီးကြမ်းတွင် သဝေထိုးနေကြသော်လည်း အံ့ဩစရာ မဟုတ်ပါ။ လူတိုင်းမတူညီကြပါ။ ထိုကန္တာရခရီးကြမ်းသည် ကောင်းကြီးမင်္ဂလာမဟုတ်ပါ။

: ဘုရားသခင်သည် တဆူတည်းရှိတော်မူ၏။ လူသားတိုင်း၏ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် ဆုတောင်းသောအခါ ထိုဘုရားရှင်သို့သာ တိုင်တည်ရသည်။ လူသားအားလုံး၏ ဘုရားရှင်တော် ဖြစ်သည့်အတိုင်း လူတိုင်းအား ကယ်တင်ခြင်းရရှိစေချင်သည်။ အကယ်၍ ဘုရားများစွာထဲမှ ဘုရားတပါးသာဖြစ်လျှင် သူ့ကို ကိုးကွယ်သူများကိုသာ ကယ်တင်ခြင်းပေးနိုင်မည်။

ဒုတိယအနေဖြင့် ဘုရားသခင်နှင့်လူကြားတွင် စေ့စပ်ဖျန်ဖြေသူတပါးရှိသည်။ ထိုနည်းလမ်းမှတပါး မည်သူမျှ ဘုရားသခင်ထံမရောင်နိုင်။ စေ့စပ်ဖျန်ဖြေသူဆိုသည်မှာ နှစ်ဦးနှစ်ဖက်အကြား ဘက်လိုက်ခြင်းမရှိ သမာသမတ်ကျစွာ ရပ်တည်သူဖြစ်သည်။ ခရစ်တော်သည် လူသားဖြစ်သော်လည်း လူသားများအား အပြစ်ခွင့်လွှတ်သော ဘုရားရှင်ဖြစ်သည်။ သနားစရာအဖြစ် လူသားများသည် ထိုသခင်၌သာ ချဉ်းကပ်ရသည်။ တိုးဝင်ချဉ်းကပ်သူတိုင်း ငြင်းပယ်ခြင်း အလျဉ်းမရှိ။ အားလုံးလက်ခံသည်။

ယေရှုသည် လူသားများက နားလည်နိုင်ဖို့ရန် လူ့ဇာတိခံယူပြီး လူသားဘဝဖြင့် ဘုရားနှင့်လူအကြားတွင် ငြိမ်းချမ်းရေး စေ့စပ်ဖျန်ဖြေသူဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်သကဲ့သို့ လူသားလည်း ဖြစ်သည်။ သခင်ယေရှုသည် ဘုရားသခင်ထံတွင် ထာဝရစံမြန်းသူ ဖြစ်သည်။ သို့သော် ဗက်သလင် နွားစားချက်ထဲတွင် လူ့ဇာတိခံယူသည်။ လူသားအားလုံး၏ ဇာတိကို ကိုယ်စားပြုသည်။ ဘုရားနှင့်လူဖြစ်ခြင်းမှာ ခရစ်တော်သည် ဘုရားသခင်ဘိသိက်ပေးထားသော မေရှိယဖြစ်၍ ယေရှုသည် လူ့ဇာတိအမည်နာမသမုသ်ခြင်း ဖြစ်သည်။

အပျိုကညာမာရိ သို့မဟုတ် ကောင်းကင်တမန် သို့မဟုတ် သန့်ရှင်းသူများသည် ဘုရားနှင့် လူအကြားတွင်  စေ့စပ်သူများ ဟုတ်ပါသလားဆိုသော မေးခွန်းကို ဤကျမ်းပိုဒ်က တိကျစွာ အဖြေပေးထားပါသည်။ ဘုရားသခင်နှင့်လူအကြား စေ့စပ်ငြိမ်းချမ်းစေသူမှာ တပါးတည်းသာရှိ၍ ထိုသူသည် ယေရှုခရစ်တော်ဖြစ်သည်။

အပိုဒ်(၅)သည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကို အကျဉ်းချုံးထားသည်။ ဣသရေလတို့တွင် ဘုရားတပါးတည်းသာရှိသည်ဟု ယုံကြည်သည်။ စေ့စပ်ဖျန်ဖြေသူတပါးတည်းရှိသည်။ ဓမ္မသစ်ကျမ်းတွင် အသင်းတော်ပေါ်ထွန်းလာသည်။ ဣသရေလများသည် ရုပ်တုကိုးကွယ်ခြင်းဖြင့် အသင်းတော်အား လုပ်စားကြသောကြောင့် ရှုတ်ချခြင်းခံရသည်။ မယ်တော်မာရိသန့်ရှင်းသူများ၊ ရဟန်းရှင်များအား စေ့စပ်ဖျန်ဖြေသူဟု ထင်မှတ်မှားခဲ့ကြသည်။

: ဤကျမ်းပိုဒ်၏ အဓိကအချက်မှာ လူတိုင်းကယ်တင်ခြင်းရရှိဖို့ အလိုတော်ရှိသည့် အကြောင်း ဖြစ်သည်။ ထိုအချက်အား ပိုမိုထင်ရှားစေရန် လူသားအားလုံးအတွက် ယေရှုခရစ်တော်အား ရွေးနှုတ်ခအဖြစ် ပေးဆပ်ခြင်းဖြင့် အကောင်အထည်ပြသသည်။ ရွေးနှုတ်ခဆိုသည်မှာ ဖမ်းဆီးသိမ်းဆည်းထားသောအရာအား လွှတ်ပေးရန် အဖိုးအခပေးဆပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကရာနီကုန်းပေါ်တွင် ခရစ်တော်ပေးဆပ်ခဲ့သော ရွေးနှုတ်ခသည် လူတိုင်းအား ကယ်တင်ဖို့ရန် လုံလောက်သော အဖိုးစားနားဖြစ်သည်။ သို့သော် ထိုသို့ပေးဆပ်သောကြောင့် လူတိုင်းကယ်တင်ခြင်းရရှိသည်မဟုတ်။ လူ့ခံယူချက်ပေါ်တွင် မူတည်သည်။

ခရစ်တော်အသေခံခြင်းသည် လူသားများကိုယ်စား အသေခံပေးခြင်း ဖြစ်သည်။ ထိုတရားကို စောကြောစရာမရှိ၊ လူတိုင်းလက်ခံရသည်။ ခရစ်တော်ရွေးနှုတ်ခြင်းအမှုတော်သည် လူတိုင်းအတွက် အဖိုးထိုက်တန်သည်။ အကျိုးသက်ရောက်သည်။

ကာလအချိန်တန်မှ သက်သေခံခြင်းရှိ၏ဟူသော ကျမ်းစကားမှာ ခရစ်တော်ဘုရား၏ ပြီးပြည့်စုံသော အမှုတော် အကျိုးသက်ရောက်သည့် နေ့ရက်ကို ဆိုလိုသည်။ ခရစ်တော်ဘုရားကလည်း လူတိုင်းကယ်တင်ခြင်း ရရှိစေချင်သည်။ လူတိုင်းအား ကယ်တင်ခြင်းနည်းလမ်း ဝေငှချင်သည်။ အသက်ရှင်သူတိုင်း ကြားသိ ရရှိစေချင်သည်။ ထိုကယ်တင်ခြင်းတရားသည် ဘုရားသခင်က လူသားများ ကောင်းကြီးမင်္ဂလာပေးခြင်း ဖြစ်သည်။

: နောက်ဆုံးရှင်းပြချက်မှာ လူတိုင်းကယ်တင်ခြင်းရဖို့ တပါးအမျိုးသားများသို့ သတင်းကောင်း ဟောပြောရန် ရှင်ပေါလုအား တမန်တော်အရာ ဟောပြောဆရာအဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။ ယနေ့တွင် တပါးအမျိုးသားများစွာ များပြားလာသည်။ ထို့ကြောင့် လူနည်းစုဖြစ်သော ယုဒလူများကို ကျော်လွန်၍ တပါးအမျိုးသားများသို့ တာဝန်ပေးအပ်ခြင်းဖြစ်သည်။

ရှင်ပေါလုက သူ့ကိုယ်သူအား ဟောပြောသောဆရာ၊ တမန်တော်သက်သေခံသောသူအဖြစ် မိတ်ဆက်ထားသည်။ ဟောကြားသူ ဆိုသည်မှာ သတင်းကောင်းကို ကြွေးကြော်သူ ဖြစ်သည်။ တမန်တော် ဆိုသည်မှာ ဟောကြားရုံသာမက အသင်းတော်ထူထောင်ခြင်း၊ ဒေသန္တရအသင်းတော်များအား လှည့်လည်ကြည့်ရှု ထိန်းကျောင်းခြင်း၊ စည်းမျဉ်းစည်းကမ်းနိယာမများ ပြသခြင်း၊ ယေရှုခရစ်တော်၏ နှုတ်ကပတ်တော်များ ဝေငှခြင်းတို့ ပြုရသည်။ သင်ဆရာဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်အား နားလည်စေရန် ရှင်းပြခြင်း ဖြစ်သည်။

ဆက်လက်၍ ရှင်ပေါလုက “သူသည် တပါးအမျိုးသားများအတွက် ခန့်ထားတော်မူသောသူ ဖြစ်သည်။ ထိုစကားသည် မုသာမဆို၊ မှန်သောစကားဖြစ်သည်”ဟု ထပ်ဆိုထားသည်။ မုသာမဆို မှန်သောစကား ဆိုသည်မှာ သွန်သင်ဟောပြောချက်များအား ယုံကြည်ကြရန် နိဒါန်းစကားဆိုသည်။ တနည်းပြောရလျှင် တပါးအမျိုးသားများအား ယုံကြည်ခြင်းနှင့် သမ္မာတရားသွန်သင်သည်ဟု ဆိုခြင်းဖြစ်သည်။

() အမျိုးသားနှင့် အမျိုးသမီးစည်းမျဉ်း(:၁၅)

: လူအများ ဝတ်ပြုစည်းဝေးခြင်းအကြောင်းကို ရေးထားသည်။ ထိုသို့ ဝတ်ပြုစည်းဝေးရာတွင် မည်သူကဦးဆောင်ရမည်နည်း။ ထိုအကြောင်းနှင့်ပတ်သက်၍ ပေါလုက ငါအလိုရှိ၏ဟူသောစကားဖြင့် နိဒါန်းပျိုးထားသည်။

ဓမ္မသစ်ကျမ်းမူရင်းတွင် “Men”စကားလုံးကို နှစ်မျိုးဖွင့်ဆိုနိုင်သည်။ တမျိုးအားဖြင့် လူအားလုံးကို ခြုံငုံခေါ်ဆိုခြင်း ဖြစ်သည်။ တမျိုးဆိုရလျှင် အမျိုးသမီးများမပါပါ။ ကျမ်းပိုဒ်တွင် ဒုတိယဝါကျကို သုံးစွဲပါမည်။ အများဝတ်ပြုစည်းဝေးတွင် အစည်းအဝေးများကို အမျိုးသားများကသာလျှင် ဦးဆောင်ရမည်ဟု ပေါလုက သွန်သင်ထားပါသည်။ ထိုသို့ရာတွင် အမျိုးသားအားလုံးအကြုံးဝင်သည်။ သင်းအုပ်များသာ မဟုတ်ပါ။

အရပ်ရပ်ဟူသောစကားမှာ ယုံကြည်သူခရစ်ယာန်များသည် မိမိတို့ရောက်ရှိသည်။ နေရာတိုင်းတွင် ဆုတောင်းနိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ သို့သော် ဤကျမ်းချက်တွင် လူအများဖြင့်  ဝတ်ပြုစည်းဝေးခြင်း အကြောင်းဖြစ်သောကြောင့် ဆုတောင်းဝတ်ပြုခြင်းအားလုံးကို ဆိုလိုပါသည်။ အမျိုးသားများကသာ ဦးစီးဦးဆောင်ရသည်။

ပရိသတ်ဝတ်ပြုစည်းဝေးပွဲတွင် လက္ခဏာ(၃)မျိုး ရေးပြထားသည်။ ပထမဦးစွာ လက်ချီ၍ ဆုတောင်းရမည်။ ဆိုလိုသည်မှာ ခန္ဓာကိုယ်လက်ကို မြှောက်ချီရန်သာမဟုတ်။ ကိုင်တွယ်လုပ်ကိုင်ရသော လက်သည် သန့်ရှင်းစင်ကြယ်ခြင်းရှိကြောင်း စိတ်ဖြင့်ရည်မှတ်ရသည်။ လက်ဆိုသည် လူအသက်တာ၏ အငန်းအတာလုပ်ဆောင်သော အခရာဖြစ်သည်။ ဒုတိယအချက်အနေဖြင့် အမျက်ဒေါသ မထွက်ရ။ ဆိုလိုသည်မှာ ဝတ်ပြုအစည်းအဝေးတွင် နားဝင်မချိုသော စကားလုံးဝေါဟာရများ မပြောရန် တားမြစ်သည်။ နောက်ဆုံးအချက်မှာ ငြင်းခုံခြင်းမရှိရ။ ဆိုလိုသည်မှာ ဘုရားသခင်၏ အဖြေစကားကို ယုံကြည်စွာ လက်ခံရမည်။ အားလုံးခြုံလိုက်လျှင် ထိုအချက်သုံးချက်သည် ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းဟူသော ပင်ကိုယ်လက္ခဏာ၊ ချစ်ခြင်းမေတ္တာနှင့် ငြိမ်သက်ခြင်း လူ့လက္ခဏာနှင့် ဘုရားသခင်အား မေးခွန်းထုတ်စရာမရှိ ယုံကြည်ခြင်း ဖြစ်သည်။

: ပရိသတ်ဝတ်ပြုစည်းဝေးတွင် အမျိုးသားများကသာလျှင် ဦးဆောင်ရမည့်အကြောင်း ရှင်းပြပြီးနောက်၊ ဝတ်ပြုအစည်းအဝေးတွင် အမျိုးသမီးများ လုပ်ဆောင်ဘွယ်ရာများ သွန်သင်ထားသည်။ ပထမဦးစွာ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ထိန်းခြင်း ရှိကြရန် ဆုံးမထားသည်။ J.Chrysostom က ဣန္ဒြေစောင့်ထိန်းခြင်းကို ဤသို့ ရှင်းပြထားသည်။

ဣန္ဒြေစောင့်ထိန်းခြင်းဆိုသည်မှာဘာလဲ။ တောက်တောက်ပြောင်ပြောင် လက်ဝတ်တန်ဆာများ ဆင်မြန်းခြင်းမရှိဘဲ၊ လုံခြုံစွာဖုံးဖိဝတ်ဆင်ခြင်း ဖြစ်သည်။  တယောက်တွင် ထိုရတနာများရှိ၍ တယောက်တွင် မရှိပါ။ ဘာဖြစ်သလဲ။ အမို့အမောက်ဆံပင်၊ ရွှေတွဲလွဲ ငွေတွဲလွဲနှင့် ဘုရားရှင်ထံ သွားမည်လား။ မင်္ဂလာဆောင်ပွဲကလာသလား၊ ပွဲကလာသလား၊ ဝတ်ပြုပွဲသည် ကာယနှင့်သက်ဆိုင်သလား။ ထိုအရာတွင် ဝတ်ပြုပွဲတွင် မလိုအပ်ပါ။ ဆုတောင်းဖို့ အပြစ်လွှတ်ရန် ဝန်ချဖို့ အခက်အခဲများကို တင်ပြဖို့၊ ဘုရားရှင်ကို ချီးမွမ်းဖို့ ဖြစ်သည်။ ထောင်လွှားဝါကြွားခြင်းနှင့် မဆိုင်ပါ။

ဝါကြွားခြင်းသည် အရှက်ရဖွယ်ရာဖြစ်သည်။ ဝါကြွားခြင်းသည် ဘဝင်မြင့်ခြင်းဖြစ်၍ သိက္ခာကျခြင်းကို ယူဆောင်တတ်သည်။ ခေတ်ဆန်ခြင်းဆိုသည် အမျိုးသမီးများ ဝတ်ကောင်းစားလှ ဝတ်ဆင်ခြင်းဖြစ်သည်။ တနည်းပြောရလျှင် အဖိုးတန်အဝတ်အစားများ ဆင်မြန်းခြင်းဖြင့် သူတပါးအား မဆွဲဆောင်ရန် တားမြစ်သည်။ ထိုသို့ ဝတ်ဆင်ခြင်းသည် အခြားယုံကြည်သူများအား မနာလိုမစ္ဆေရစိတ် ဖြစ်စေသည်။ မနာလိုမုန်းတီးခြင်း ဖြစ်သည်။  ထို့ကြောင့် တန်ဖိုးကြီး ဝတ်ကောင်းစားလှများ ရတနာများ ဝတ်ဆင်ခြင်းမပြုရပါ။ အလယ်အလတ် သင့်တင့်လျောက်ပတ်သော အဝတ်အစားများကိုသာ ဆင်မြန်းကြရန် သမ္မာကျမ်းစာက သွန်သင်ပါသည်။

အချို့က ဆံပင်အလှပြင်ခြင်း၊ ရွှေပုလဲ၊ တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ကြသည်။ ဆံပင်အလှပြင်ခြင်းသည် အထူးလိုအပ်သောအရာ မဟုတ်ပါ။ ကြည့်ပျော်ရှုပျော် ပြင်ဆင်လျှင် လုံလောက်ပါသည်။ အဖိုးတန်လက်ဝတ်ရတနာများနှင့် ဝတ်ကောင်းစားလှ ဝတ်ဆင်ခြင်းသည် မိမိကိုယ်ကို ပြပွဲပြသကဲ့သို့ဖြစ်၍ ဆုတောင်းခြင်းအာရုံကို ထိပါးစေနိုင်သည်။

:၁၀ အမျိုးသမီးများကျင့်ဆောင်ရမည့် အငန်းအတာကို ပြဌာန်းထားသည်။ မိန်းမအဆင်သင့်သည်အတိုင်း ကောင်းသောအကျင့်ဖြင့် ကိုယ်ကို တန်ဆာဆင်ခြင်းငှာ အလိုတော်ရှိ၏။ ဝတ်ကောင်းစားလှ ဝတ်ဆင်ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း၌ မလိုလားအပ်သကဲ့သို့ မိဿဟာယဖွဲ့ခြင်းလည်း ထိပါးစေနိုင်သည်။ မနာလိုမုန်းတီးခြင်း ဖြစ်စေနိုင်သည်။ ဤကျမ်းစာ၏ အဓိကသွန်သင်ချက်သည် ကောင်းသောအကျင့် ဖြစ်သည်။

:၁၁ အမျိုးသမီးသည် လူများဝတ်ပြုစည်းဝေးပွဲတွင် အုပ်စိုးခြင်းကို ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေဟု ကျမ်းစကားဆိုထားသည်။ ဤကျမ်းပိုဒ်သည် (၁ကော ၁၁:၃-၁၅၊ ၁၄:၃၄-၃၅)တွင် အခြေပြုပါသည်။

:၁၂ ဘုရားသခင်၏တန်ခိုးဖြင့် ရှင်ပေါလုက “မိန်းမသည် ဆုံးမဩဝါဒပေးရန် ငါသည် အခွင့်မပေး”ဟု ဆိုခြင်းဖြစ်သည်။ ဤစကားသည် ရှင်ပေါလု၏ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပြဌာန်းခြင်း မဟုတ်ပါ။ မိန်းမများသည် အသင်းတော်တွင် ပရိသတ်အား ဩဝါဒပေးခွင့်မရှိပါ။ ကလေးသူငယ်များကိုသာ သင်ကြားပြသခွင့်ရှိသည် (၂တိ ၃:၁၅)။ အမျိုးသမီးငယ်များကို သွန်သင်ခွင့် (တိ ၂:၄)ရှိသည်။ ထိုနှစ်ခုမှလွဲ၍ ယောက်ျားများအား အစိုးတရ ပြုခွင့်မရှိ။ ဆိုလိုသည်မှာ ယောက်ျားများအကြားတွင် ပြောရေးဆိုခွင့်မရှိ။ ယောက်ျားပြောစကားကို တိတ်ဆိတ်စွာ ဝန်ခံရသည်။ ဒေသန္တရအသင်းတော်များတွင် ဤကျမ်းပိုဒ်ကို လစ်လျူရှုထားသည်မှာ ဝမ်းနည်းဘွယ် ကောင်းသည်။ ဤတရားသည် ဘုရားသခင်နှင့် လူဆက်ဆံရေးအား ပုံဖော်ခြင်းဖြစ်သည်။ မိန်းမသည် ယောက်ျား၏ ဦးဆောင်မှုခံယူရသည်။ ထိုသို့ပြောခြင်းမှာ မိန်းမများအား သိမ်ငယ်စေခြင်းမဟုတ်ပါ။ ဘုရားသခင်၏ ပြဌာန်းချက်ဖြစ်သည်။

:၁၃ ဤကျမ်းပိုဒ်အား သက်သေထူရန်မှာ ပထမဦးစွာ ဖန်ဆင်းခြင်းအကြောင်းကို ပြန်ကြည့်ကြဦးစို့။ အာဒံနှင့်ဧဝ ဖန်ဆင်းရာတွင် ဦးစွာ အာဒံကို ဖန်ဆင်းပါသည်။ နောက်မှ ဧဝကိုဖန်ဆင်းသည်။ ပထမဦးစွာ အသံကို ဖန်ဆင်းခြင်းဖြင့် ဦးခေါင်းအရာကို ပေးသည်။ အမိန့်အာဏာပေးသည်။ အခွင့်အရေးပေးသည်။ မိန်းမကို နောက်မှဖန်ဆင်းခြင်းသည် ပထမလူ၏အုပ်စိုးခြင်းကို နာခံရန်ဖြစ်သည်။ ဤဖန်ဆင်းခြင်းကို အခြေခံထားလျှင် ဒေသန္တရအသင်းတော်များ၏ မိန်းမဩဝါဒပေးခြင်းကို လျစ်လျူရှုခြင်းများသည် မှားပါသည်။

:၁၄ ဒုတိယအနေဖြင့် လူသားဘဝသို့ အပြစ်မှနေရာယူခြင်း ဖြစ်သည်။ စာတန်သည် ယောက်ျားသို့ တိုက်ရိုက်မချဉ်းကပ်ဝံ့သဖြင့် ဧဝမှတဆင့် ဝင်ရောက်သည်။ အလိုတော်အရ မိန်းမသည် လွတ်လပ်စွာမနေရ။ အာဒံအား မှီခိုနေရသည်။ ထိုသို့မနေသောကြောင့် စာတန်၏လိမ်လည်လှည့်ဖျားခြင်းခံရ၍ ကျူးလွန်ခဲ့၏။

ယနေ့ကာလတွင် မိစ္ဆာဆရာများသည် ယောက်ျားများမရှိခိုက် နေ့ခင်းတွင် အိမ်တိုင်ရာရောက် လိုက်လည်တတ်ကြသည်။ မိန်းမများသည် ထိုမှားယွင်းသောဆရာများနောက်သို့ ပါသွားတတ်ကြသည်။

အာဒံသည် လှည့်ဖျားခြင်းမခံရပါ။ မျက်စိပွင့်လင်းသောကြောင့် ဖြစ်သည်။ ဧဝလှည့်ဖျားခံရသည်ကို သိ၍ ကူညီချင်သည်။ မိန်းမအားကူညီရင်း ယောက်ျားပါလဲကျသွားသည်။ သို့သော် ကျမ်းစာက ဤသို့မဆိုပါ။ မိန်းမသည် စာတန်၏ လှည့်စားခြင်းကိုခံရသည်။ လှည့်စားခြင်းဖြင့် မိန်းမများသည် ယောက်ျားကို လှည့်စားတတ်ကြသည်။ အာဒံမှာ စာတန်၏လှည့်စားခြင်းကို မခံရပါ။

:၁၅ အနက်ဖွင့်ဆိုရန် အလွန်ခက်ခဲသောကျမ်းချက် ဖြစ်သည်။ အချို့က အမျိုးသမီးများ ကလေးမွေးဖွားရာတွင် သေခြင်းမှကယ်တင်ခြင်း ဖြစ်သည်ဟု ရိုးစင်းစွာ ယုံကြည်ကြသည်။ သို့သော် ဤအနက်ဖွင့်ဆိုချက်သည် အမြဲတမ်းမမှန်ကန်နိုင်ပါ။ ကမ္ဘာပေါ်တွင် ခရစ်ယာန်အမျိုးသမီးများသည် သားသမီးမွေးစဉ်တွင် သေဆုံးသူမြောက်များစွာ ရှိခဲ့ကြသည်။ အခြားတွေးစရာကား ကလေးမွေးခြင်းဆိုသည်မှာ မေရှိယအား မွေးဖွားခြင်း ဖြစ်နိုင်သည်။ မွေးဖွားခြင်းကို ဆိုလိုခြင်း ဖြစ်နိုင်သည်။ ယောက်ျားများလည်း မိန်းမများက မွေးဖွားကြရာ ဤကျမ်းပိုဒ်၏ ဆိုလိုချက်သည် ထိုမွေးဖွားခြင်း ဖြစ်နိုင်သည်။ ထိုအကြောင်းမှတပါး ဤကျမ်းပိုဒ်တွင် မိန်းမများ ထာဝရကယ်တင်မှုရရှိခြင်း အကြောင်းမရှိ။ သားသမီးများ၏ မိခင်ဖြစ်ခြင်းသည် အကျင့်ဖြင့်ရသော ကယ်တင်ခြင်းဖြစ်၍ ထူးခြားဆန်းပြားသောတရား ဖြစ်သည်။

ထို့ထက်ကျယ်ပြန့်စွာ ဆက်လက်တွေးဆကြည့်ကြပါစို့။ ပထမဦးစွာ ဤကျမ်းပိုဒ်မှ ကယ်တင်ခြင်းသည် ဝိညာဉ်နှင့်မဆိုင်ပါ။ အသင်းတော်တွင် အဆင့်အတန်းသတ်မှတ်ခြင်းမှ ကယ်တင်ခြင်းဖြစ်နိုင်သည်။ အထက်ကျမ်းပိုဒ်တွင် အသင်းတော်၌ မိန်းမများသည် ရာထူးရာခံမရှိပါ။ မိန်းမများသည် အသင်းတော်အခွင့်အရေးမရှိသည်မှာ မှန်ကန်ပါသော်လည်း အရေးကြီးသော အခန်းကဏ္ဍသီးသန့်ရှိပါသည်။ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အိမ်တွင် နေရာပေးထားပါသည်။ အထူးသဖြင့် ကလေးသူငယ်များအပေါ်၌ ခရစ်တော်ဘုရား၏ ဘုန်းတန်ခိုးတော်ထင်ရှားစေရန် တန်ဆာပလာများဖြစ်သည်။ အသင်းတော် မိခင်ကြီးများ၏ ရပ်တည်မှုကို ပြန်စဉ်းစားကြည့်ပါ။ ထိုမိခင်ကြီးများသည် ပလ္လင်ပေါ်တွင်ရပ်၍ ဆုံးမဩဝါဒပြောဆိုခြင်း မရှိခဲ့ကြပါ။ ယနေ့တိုင် ကလေးသူငယ်များကိုသာ သွန်သင်ပါသည်။

ထိုအကြောင်းနှင့်ပတ်သက်၍ Lilleyက ဤသို့ရေးထားသည်။

သူသည် အပြစ်မှကယ်တင်ခြင်းရပါမည်။ သူ၏မိန်းမအရာနှင့် မိခင်အရာကို ထိန်းသိမ်းခြင်းဖြင့် အသင်းတော်တွင် နေရာယူစိုးမိုးထားသည်။ သူ၏အညံ့ခံ တင်းတိမ်ကျေနပ်ခြင်းသည် ခရစ်ယာန်ကောင်း၏ ကိုယ်ကျင့်သိက္ခာမွန်ဖြစ်သည်။

မေးစရာရှိသည်မှာ အိမ်ထောင်မပြုသော မိန်းမများကို မည်သို့သဘောထားမည်နည်း။ ခရစ်ယာန်အမျိုးသမီးအများစုသည် အိမ်ထောင်ပြု သားသမီး မွေးကြပါသည်။ ဘုရားသခင်၏ အမိန့်တော်အတိုင်း အသုံးဝင်သောနေရာတွင် ဆက်ကပ်ကြပါသည်။ ခရစ်ယာန်အမျိုးသမီးကောင်းမှန်လျှင် အစိုးတရပြုခြင်း လုပ်ရိုးမရှိကြ။

ဤအခန်းငယ် ၁၅၏ နိဂုံးပိုင်းတွင် ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌တည်လျှင် သားဖွားခြင်းအမှု၌ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟု ဆိုပါသည်။ ချို့ယွင်းချက်ရှိသော ကတိတော်  မဟုတ်ပါ။ လင်မယားနှစ်ယောက်စလုံး ခရစ်ယာန်ဖြစ်၍ ခရစ်တော်အား အိမ်ရှင်သခင်အဖြစ်ထားရှိပြီး၊ သားသမီးများကိုလည်း ဘုရားသခင်သို့ ပို့ဆောင်နိုင်လျှင် ထိုမိန်းမသည် အဆင့်အတန်းရှိသည်။ ကယ်တင်ခြင်းရရှိသည်။ သို့သော်လည်း မိဘများက ဖြစ်ကတတ်ဆန်း နေထိုင်လျှင် သားသမီးများလည်း ထိန်းကျောင်းသွန်သင်မှု လွတ်ကင်းသွားမည်။ ပျောက်သောသားသမီးများဖြစ်လျက်၊ ခရစ်တော်နှင့် အသင်းတော်ကို ဆုံးရှုံးနစ်နာစေသည်။ ထိုမိခင်များသည် ဘုရားသခင်ရှေ့တွင် ဂုဏ်ကျက်သရေယုတ်သောသူ ဖြစ်သည်။

မိန်းမများသည် ပရိသတ်ထက် မိမိနေအိမ်တွင် အမှုတော်ထမ်းဆောင်ရန် ယေရှုက စီမံခန့်ခွဲပေးထားကြောင်း မြဲမြံစွာမှတ်ယူရသည်။ ပုခက်လွှဲသောလက်သည် ကမ္ဘာကို ကြီးစိုးနိုင်သည်ဟူသော စကားအလိမ္မာရှိပါသည်။ ခရစ်တော်ပလ္လင်တော်ရှေ့၌ တရားစီရင်ရာနေ့ ရောက်သောအခါ သစ္စာရှိသူများသာ မျက်နှာသာရကြပါသည်။ မိမိနေအိမ်တွင် အမှုတော်ဆောင်ခြင်းသည် ပလ္လင်ပေါ်တွင် တရားဟောခြင်းနှင့် တန်းတူဖြစ်ပါသည်။

Previous Article
Next Article