တမန်တော်ဝတ္ထု ၂၁
၂၁:၁–၄(က) ရှင်ပေါလုနှင့် အပေါင်းအဖေါ်များသည် မိလက်မြို့ကို နှုတ်ဆက်ခဲ့ကြပြီးနောက် ကောသကျွန်းသို့ ရွှက်လွှင့်ရောက်ရှိကြပြီ။ ညအိပ်ရန်နားကြသည်။ နောက်တနေ့တွင် ရောဒုကျွန်းသို့ ခရီးဆက်ကြသည်။ ထိုမှတဆင့် အရှေ့ဘက်သို့လားသော် အာရှမိုင်းနား၏ တောင်ဘက်သင်္ဘောဆိပ်မြို့ဖြစ်သော ပါတရသို့ ရောက်သွားကြသည်။ ပါတရသို့ရောက်သော်၊ ဖိနတ်ပြည်သို့သွားမည့် သင်္ဘောကြုံသဖြင့် လိုက်ပါသွားကြသည်။ ရှုရိပြည်သို့သယ်ဆောင်မည့်ကုန်ပစ္စည်းများ တင်ချပြီးသောအခါ မြေထဲပင်လယ်ကို ဖြတ်သန်းလျက်ကုပရုအနားဖြတ်ကာတုရုမြို့သို့ ရောက်ရှိကြသည်။ ထိုမြို့တွင် ကုန်ပစ္စည်းဝန်စည်စလယ်များ တင်ချနေသောကြောင့် ရှင်ပေါလုနှင့်အဖွဲ့သည်လည်း ယုံကြည်သူများနှင့်အတူ(၇)ရက်တာမျှ သီတင်းသုံးဖော် ပြုကြသည်။
၂၁:၄(ခ) ထိုသို့(၇)ရက်ပတ်လုံး သီတင်းသုံးဖော်ပြုနေကြစဉ် ထိုအရပ်မှ ယုံကြည်သူများသည် တရားဓမ္မ၌ မွေ့လျော်နေကြသဖြင့် ရှင်ပေါလုအား ခရီးဆက်မသွားသေးရန် သံယောဇဉ်ဖွဲ့နှောင်ကြသည်။ ဤနေရာတွင် တမန်တော်ကြီး ဝေခွဲမရအောင်ဒွိဟဖြစ်နေသည်။ ယေရုရှုလင်ခရီးစဉ်ကို ဖျက်သိမ်းရမည်လား၊ သခင်ဘုရား၏ပြင်ဆင်ပေးချက်လား၊ သို့မဟုတ် အလိုတော်အတိုင်း ဆက်သွားရမည်လား။ ဤကျမ်းစကားအရ တမန်တော်ကြီးသည် ဝိညာဉ်တော်၏ လမ်းပြမှုကို အလေးအနက်ထားသည်ဟုမြင်ရသည်။ အသေအချာဖတ်ရှုလျှင် ထိုမြို့၌ဆက်နေရန် ဝိညာဉ်တော် လမ်းပြမှုမရှိကြောင်း နားလည်ရသည်။ လုကာ၏အာရုံတွင် ထိုတုရုသားများသို့ ဝိညာဉ်တော်ပြသခြင်းမရှိဟုဆိုသည်။ ရှင်ပေါလုကမူ အပေါင်းအသင်းရောင်းရင်းများ၏ အကြံပြုချက်သည် ဆင်းရုဒုက္ခများမှ ကင်းလွတ်ရန် တိုက်တွန်းခြင်းဖြစ်သည်ဟု ခံယူသည်။ သို့သော် သူချစ်သော ရပ်သူရွာသား ယုဒလူမျိုးများအတွက်နှင့်ယှဉ်လျှင် ကိုယ်ခန္ဓာ ဆင်းရဲဒုက္ခရောက်ခြင်းသည် ဖွဲ့နှင့်ဆန်ကွဲသာဖြစ်သည်။
၂၁:၅–၆ အလွမ်းသယ်၍မဝခင် ခုနှစ်ရက်ကာလသည် တခဏအတွင်း ကုန်ဆုံးသွားသည်။ သင်္ဘောကြီးလည်း ဆက်ထွက်တော့မည်ဖြစ်သဖြင့် ယုံကြည်သူများသည် တမန်တော်ကြီးတို့အဖွဲ့အားသင်္ဘောဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ကြသည်။ ဆုတောင်းနှုတ်ဆက်ပြီးကြသည့်နောက် သင်္ဘောကြီးလည်း ရေလယ်ခေါင်သို့ တရွေ့ရွေ့ဝေးကွာပျောက်ကွယ်သွားတော့မည်။
၂၁:၇ ထိုသို့သင်္ဘောကြီးသည် ရွက်လွှင့်ပြီးတုရုမြို့မှ (၂၅)မိုင်ခန့်ဝေးကွာသော ပတောလင်မြို့သို့ရောက်သည်။ ယနေ့ခေတ်ကာလ ဟိုင်ဖာမြို့အနီးရှိအတ်ကုမြို့ဖြစ်သည်။ တချိန်က တမန်တော်ကြီးတရက်တာရပ်နားပြီး အလည်သွားခဲ့သော ဒေသန္တရ အသင်းတော်တပါး တည်ရှိရာမြို့ဖြစ်သည်။
၂၁:၈ နောက်တနေ့တွင် မိုင်ပေါင်း(၃၀)ခန့်ဝေးသော တောင်ဘက်အရပ်၌ ကဲသရိမြို့သို့ ခရီးဦးတည်ကြသည်။ ထိုမြို့တွင် ဧဝံဂေလိဆရာ ဖိလိပ္ပုအိမ်၌ တည်းခိုကြသည်။ (တမန်တော်ဖိပ္ပိ မဟုတ်၊ နာမည်တူဖြစ်သည်) ယေရုရှလင်အသင်းတော်က သင်းထောက်အဖြစ် ခန့်အပ်သူဖြစ်၍ ရှမာရိများ အကြားတွင် ဧဝံဂေလိတရားလိုက်လံဟောကြားသူဖြစ်သည်။ ဤသူ၏တရားဟောချက်ကြောင့် အီသီရိုးပီးယားလွှတ်တော်မင်း ကယ်တင်ခြင်းရရှိသွားသည်။
၂၁:၉ ဖိလိပ္ပိတွင် တရားတော်ကို လိုက်လံဟောကြားသူ သမီးပျိုကညာ (၄)ယောက် ရှိသည်။ ထိုဧဝံဂေလိဆရာ၏ ဝိညာဉ်ဆုကျေးဇူးသည် တပါးသူများအား ဟောကြားရန် သခင်ဘုရားက တိုက်ရိုက်ရွေးခန့်ခြင်းဖြစ်သည်။ တချို့က ဤကျမ်းပိုဒ်ကိုယူ၍ အသင်းတော်တွင် အမျိုးသမီးများ တရားဟောခွင့်ရှိသည်ဟု တလွဲယူကြသည်။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးများသည် အမျိုးသားများရှေ့၊ အသင်းတော်၌ တရားဟောခြင်းမပြုရကြောင်း(၁ကော ၁၄:၃၄-၃၅၊ ၁တိ ၂:၁၁-၁၂) တို့တွင် ရှင်းလင်းစွာ ပြဌါန်းထားသည်။ ဤသမီးပျိုများသည် ဧဝံဂေလိတရားကို တပါးသူများကြားတွင် ဟောပြောခြင်းသာဖြစ်သည်။ ဖခင်ရှေ့နှင့် အသင်းတော်တွင် ဟောကြားခြင်းမဟုတ်ပါ။
၂၁:၁၀–၁၁ ထိုသို့ ဖိလိပ္ပိအိမ်တွင် တည်းခိုနေစဉ် ယုဒပြည်မှလာသော ပရောဖက် အာဂဗုသည် ပေါလု၏ ခါးပန်းကိုယူ၍ သူ့ခြေထောက်နှင့် လက်ကိုတုတ်နှောင်၏။ ထို့နောက် ထိုသူ၏လုပ်ဆောင်ချက်မှာ ယေရုရှလင်မြို့ တပါးအမျိုးသားများက ရှင်ပေါလုအား ချည်နှောင်မည့် အတိတ်နိမိတ်ဖြစ်သည်ဟု ဆိုသည်။ ပရောဖက်ပြုချက်ကို ကြားလျှင် ရှင်ပေါလု၏ အပေါင်းအဖော်များသည် ကြက်သီးမွှေးညှင်းထ၍ ရှင်ပေါလုအား ယေရုရှလင်မြို့သို့ ဆက်မသွားရန် ဟန့်တားကြသည်။ ထိုပရောဖက်သည် ယေရုရှလင်မှ အန္တိအုတ်သို့ ရောက်ရှိလာပြီး ကလောဒိမင်းလက်ထက်၌ ငတ်မွတ်ခေါင်းပါးခြင်း ရောက်မည့်အကြောင်း ပရောဖက်ပြုသူ (တ ၁၁:၂၈)ဖြစ်သည်။
၂၁:၁၂–၁၄ တမန်တော်ကြီး၏ အပေါင်းအဖော်များနှင့် ကဲသရိယုံကြည်သူများက ရှင်ပေါလု၏ ခရီးစဉ်အား ဟန့်တားကြသည်။ ထိုသူများ၏ ကျမျက်ရည်များသာ တမန်တော်ကြီး၏ အသဲနှလုံးသို့ စီးဝင်သွားသည်။ တမန်တော်ကြီးက သဘောမတူနိုင်။ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အကျဉ်းထောင်များက ဘုရားသခင်၏ အကြံအစည်တော်များကို မခြိမ်းခြောက်နိုင်ပါ။ ဘုရားသခင်၏ အလိုတော်ဖြစ်လျှင် ယေရုရှလင်မြို့၌ သခင်ခရစ်တော်၏ အမည်နာမ၌ သေပွဲဝင်ရန် အဆင်သင့်ရှိသည်။ ခရီးဆက်မသွားရန် စည်းရုံးဟန့်တားချက်များသည်အရာမထင်၊။ ဆုံးဖြတ်ချက်ချမှတ်ပြီးသည့်အတိုင်းသာ ဆက်သွားသဖြင့် ဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပေးကြသည်။
သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ငြင်းပယ်လျက် လူ့စကားကို နာခံဖို့ရန် ရှင်ပေါလုမည်သို့ခံယူနိုင်မည်နည်း။ တုရုမြို့တွင်လည်း တမန်တော်များက ရှင်ပေါလုအား ယေရုရှလင်မြို့သို့ မသွားရန်တိုက်တွန်းခဲ့ပြီး (ငယ် ၄)ဖြစ်သည်။ ထိုစဉ်ကလည်း ဝိညာဉ်တော်က တားမြစ်ခြင်းဖြစ်သည်ဟု ရှင်ပေါလုနားလည်ပုံရသည်။ ထို့နောက်ပိုင်းတွင် ယေရုရှလင်သို့ ခရီးဆက်မည့်အရေးနှင့်ပတ်သက်၍ “ထိုည၌ သခင်ဘုရားသည် ပေါလုအနားမှာ ရပ်လျက် မကြောက်နှင့်၊ သင်သည် ယေရုရှလင်မြို့တွင် ငါ၏အကြောင်းကို သက်သေခံသည့်နည်းတူ ရောမမြို့တွင်လည်း သက်သေခံရဦးမည်” (၂၃:၁)ဟု မိန့်တော်မူထားသည်။ ဆင်ခြင်နားလည်စရာအကြောင်း (၂)ချက်ရှိသည်။ ပထမအချက်မှာ ရှင်ပေါလုသည် ပုဂ္ဂိုလ်ရေး အသက်ဘေးအန္တရာယ်ကို ဂရုမစိုက်။ ဒုတိယအချက်မှာ ဤအမူအရာအားလုံးသည် သခင်ဘုရား ဘုန်းတော်ထင်ရှားဖို့ရန်ဖြစ်သည်။
၂၁:၁၅–၁၆ ထိုကာလ၌ ကဲသရိမှယေရုရှလင်မြို့သည် မိုင်ပေါင်း(၅၀)ကျော်ခန့် ဝေးသောကုန်းလမ်းခရီးလမ်း သက်သက်ဖြစ်သည်။ ရှင်ပေါလုဦးဆောင်သော ဧဝံဂေလိအဖွဲ့သည် ရောက်လေရာမှာ ယုံကြည်သူနောက်လိုက်တော်များ တိုးပွားလာကာ လူအုပ်ငယ်သဖွယ်ဖြစ်လာသည်။ ထိုလူအုပ်ထဲတွင် ကဲသရိ လူအုပ်စုထဲ၌မနာသုန်လည်း ပါသည်။ ကုပရုဇာတိ ဖြစ်ပြီး၊ အစောဆုံး တမန်တော်များထဲတွင် ပါဝင်သည်။ ယေရုရှလင်မြို့၌ ပြောင်းရွှေ့နေထိုင်သူဖြစ်၍ ဤတကြိမ်တွင်မူ တမန်တော်ကြီးတို့အဖွဲ့အား အိမ်ရှင်အဖြစ် ဧည့်ခံကျွေးမွေးခွင့်၊ ဝတ်ကြီးဝတ်ငယ်ပြုခွင့် အခွင့်ထူး ရရှိသူဖြစ်သည်။
ရှင်ပေါလု၏ အမှုတော်ဆောင်ခြင်းသည် ယေရုရှလင်မြို့တွင် အဆုံးသတ်ပါသည်။ ဤတမန်တော်ဝတ္တုတွင် ရှင်ပေါလု ဖမ်းဆီးချုပ်နှောင်မှု ခံရခြင်း၊ စစ်ဆေးခံရခြင်း၊ ရောမခရီးစဉ်၊ စုံစမ်းစစ်ကြောခြင်းနှင့်ထောင်နန်စံပုံများကို တွေ့ရသည်။
၂၁:၁၇–၁၈ တမန်တော်ကြီးနှင့် အပေါင်းအသင်းရောင်းရင်းများ ယေရုရှလင်မြေသို့ ခြေခြသည်နှင့်တပြိုင်နက် သီတင်းသုံးဖော် ညီအကိုများမှ လှိုက်လှဲစွာ ခရီးဦးကြိုပြုကြသည်။ နောက်တနေ့တွင် ယာကုပ် အပါအဝင် သင်းအုပ်များ စုဝေးကြသည်။ ဤနေရာတွင် ယာကုပ်ဆိုသည်မှာ မည်သူနည်းဟု အတိအကျမပြေနိုင်။ ယာကုပ်ဆိုသော နာမည်တူကလည်း များပြားလွန်းသည်။ ယေရှုခရစ်တော်၏ ညီတော်ဟု ယူဆရသည်။
၂၁:၁၉–၂၀(က) ထိုအစည်းအဝေးတွင် ပေါလုက တပါးအမျိုးသားများအကြား၌ အမှုတော်ပြုခဲ့ပုံများကို အစီအရင်ခံတင်ပြသည်။ တက်ရောက်လာသော သင်းအုပ်များကလည်း နှစ်ထောင်းအားရ သာဓုအနုမောဒနာ ခေါ်ကြသည်။
၂၁:၂၀(ခ)-၂၂ သို့သော် ယုဒညီအကိုများကမူ စိုးရိမ်ကြောက်လန့်ကြသည်။ တမန်တော် ရှင်ပေါလု ဟောကြားသောတရားသည် မောရှေပညတ်တော်များကို ဆန့်ကျင်ချိုးဖျက်သည်၊ ယေရုရှလင်မြို့တော်အတွက် အန္တရာယ်ကြီးဖြစ်သည်ဟု စွပ်စွဲကြသည်။
ရှင်ပေါလု သွန်သင်ချက်များသည် ပင်လယ်ရပ်ခြားရှိ ယုဒများကို အရေဖျားလှီးခြင်း မပြုကြရန် သွန်သင်ထားကြောင်း၊ မောရှေ၏ ပညတ်တော်များနှင့် ယုဒရှေးထုံးတမ်းစဉ်လာ လိုက်နာစရာအကြောင်း သွန်သင်သည်ဟု စွပ်စွဲကြသည်။ တကယ်သွန်သင်သလား။
ရှင်ပေါလု၏ သွန်သင်ချက်မှာ ဖြောင့်မတ်ခြင်းတရား၏ ပန်းတိုင်သည် ခရစ်တော်ဖြစ်ကြောင်း၊ ယုံကြည်သူတိုင်း ခရစ်တော်ရရှိကြောင်းဖြစ်သည်။ ယုဒအစဉ်အလာကို လိုက်နာသူ၊ ယုံကြည်သူများသည် ပညတ်တော်အောက်သို့ ရောက်ရှိသွားကြသည်။ အရည်ပြားလှီးခြင်းခံမှသာလျှင် ယေရှုခရစ်တော်၌ ကယ်တင်ခြင်းရရှိသည်ဟု သွန်သင်သည်။ ခရစ်တော်ကိုယ်တိုင် ရောက်ရှိလာပြီးသည့်နောက်ပိုင်းတွင် ပညတ်တော်တည်းဟူသော အရိပ်သဏ္ဌာန်များ မလိုတော့ပါ။ အရိပ်ကိုးကွယ်ခြင်းသည် ခရစ်တော်အား မကြည်ညိုခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုစကားသည် ယုဒများလုပ်ဆောင်ချက် ထောက်ပြခြင်းဖြစ်သည်။
၂၁:၂၃–၂၄ သို့သော် ယေရုရှလင်ရှိ ယုဒညီအကိုများကမူ ရှင်ပေါလုကို ယုဒဘာသာထုံးတမ်းစဉ်လာသို့ ဖျောင်းဖျကြသည်။ ယုဒထုံးစံအတိုင်း လိုက်လုပ်စေချင်ကြသည်။ လူ(၄)ယောက်ကိုလည်း အသင့်စီစဉ်ထားကြသည်။ ထိုသူများနှင့် အတူတကွ သန့်ရှင်းစင်ကြယ်ခကိုလည်း ရှင်ပေါလုအကုန်အကျ ကျခံစေကြသည်။ ထိုသို့ပြုလျှင် ယုဒညီအကိုများက အသိအမှတ်ပြုကြမည်ဟု ဆိုကြသည်။ ထိုအကြောင်းကို FW Grant က ဤသို့ရှင်းပြသည်။
ထိုသူ(၄)ယောက်နှင့်အတူ ဗိမာန်တော်သို့ သွားရောက်၍ Nazirite ကျမ်းသစ္စာဆိုရသည်။ ထိုသို့ပြုလျှင်ပြီးချင်း သန့်ရှင်းစင်ကြယ်သွားသည်။ လူထုပရိသတ်ရှေ့တွင် သန့်ရှင်းသွားသောကြောင့် ပညတ်တော်နှင့်အညီ မိမိဘာသာယုဒဘာသာသို့ သက်ဝင်နိုင်သည်။၇၆
ထိုကျမ်းသစ္စာက မည်မျှအစွမ်းတန်ခိုးရှိကြောင်းမသိရပါ။ အသေးစိတ် အချက်အလက်များကို လျှို့ဝှက်ထားသည်။ သို့သော် နားလည်ရမည်မှာ အကယ်၍ ပေါလုသည် ယုဒထုံးစံအတိုင်း ကျမ်းသစ္စာပြုလျှင် မောရှေပညတ်ချက်များကို ချိုးဖောက်သူမဟုတ် သူကိုယ်တိုင် ပညတ်တော်အတိုင်း ကျင့်ကြံသူဖြစ်ကြောင်း အသိအမှတ်ပြုမည့်အရေး ဖြစ်သည်။
ရှင်ပေါလုသည် ယုဒထုံးစံအတိုင်းနေသည်ဟု ဆိုပါလျက် ဝေဖန်ခြင်းပြုသည်ဟု စွပ်စွဲကြသည်။ ယုဒထုံးစံအတိုင်းနေသည် ဆိုသည်မှာ ယုဒများအကြားတွင် အမှုတော်ဆောင်ရာတွင် တစ်ယောက်တလေ ပြောင်းလဲလိုပြောင်းလဲငြား ပညတ်တော်များကို ကိုယ်တိုင် မကျင့်သော်လည်း ကျင့်ကြံသကဲ့သို့ နေခြင်းဖြစ်သည်(၁ ကော ၉:၁၉-၂၃)။ အခြားတဘက်တွင် ယုဒလူများသည် ရိုးရာအစဉ်အလာအတိုင်း လိုက်လုပ်ခြင်းသည် ပညတ်တော်အောက်၌ အသက်ရှင်ကြသည်ဟု ဆိုခြင်းဖြစ်သည်။ ရှင်ပေါလုအား စွပ်စွဲကြသည်မှာ ယုံကြည်သူများသည် ပညတ်တော်အောက်၌မရိှ၊ သန့်ရှင်းသူများဖြစ်၍ အသက်တာအသစ်ရှိသူများ ဖြစ်သည် (ဂလာ ၁ နှင့် ၂) ဟူသော အချက်ဖြစ်သည်။
၂၁:၂၅ ယေရုရှလင်အသင်းတော်ကောင်စီက တပါးအမျိုးသားများအား သန့်ရှင်းစင်ကြယ်စွာ နေထိုင်တတ်ကြရန် ယဇ်ပူဇော်သောအစာ၊ သွေး၊ လည်မလှီးသောအသား၊ ကာမဂုဏ်လိုက်စားခြင်း မပြုရန် ညွှန်ကြားထားပြီးကြောင်း ပေါလုအား ပြေပြကြသည်။
၂၁:၂၆ ပေါလုအား စေခိုင်းချက်များသည် ယနေ့ထိ သေချာမရှင်းပါ။ အချို့က Nazirite ကျမ်းသစ္စာဟု ဆိုကြသည်။ ထိုသို့ဖြစ်လျှင်လည်း ဤကျမ်းပိုဒ်မှ အခမ်းအနားကို သေချာစွာ သဘောမပေါက်နိုင်ကြပါ။
(ဇ) ရှင်ပေါလုအား ဖမ်းဆီးစစ်ဆေးခြင်း (၂၁:၂၇– ၂၆:၃၂)
၂၁:၂၇–၂၉ ခုနှစ်ရက် ကုန်လွန်ခါနီးတွင် ရှင်ပေါလုကို ဗိမာန်တော်တွင် တွေ့ရသည်။ရှင်ပေါလုသည် ယုဒထုံးတမ်းစဉ်လာများကို ဖောက်ဖျာက်ဆန့်ကျင်သည်သာမက ဗိမာန်တော်ကိုလည်း ညစ်ညမ်းစေသည်ဟု စွပ်စွဲကြသည်။ ဗိမာန်တော်ထဲသို့ ယုဒလူမျိုးမဟုတ်သော အခြားအမျိုးအသားခေါ်ဆောင်လာသည်ဟု သမုသ်ကြသည်။ ထိုသို့ စွပ်စွဲကြခြင်းမှာ ယေရုရှလင်မြို့ထဲတွင် ရှင်ပေါလုနှင့်တရောဖိမ်တို့ တပူးတတွဲတွဲလှုပ်ရှားသွားလာနေကြသဖြင့် ထိုတပါးအမျိုးသားတရောဖိမ်အား ဗိမာန်တော်ထဲသို့ ခေါ်ဆောင်သည်ဟု စွဲမှတ်ကြခြင်းဖြစ်သည်။ တရောဖိမ်သည် ဧဖက်မြို့မှ အသက်တာပြောင်းလဲသူဖြစ်သည်။
၂၁:၃၀–၃၅ စွပ်စွဲချက်များသည် အမှားများဖြစ်သော်လည်း တမင်တကာ ကြံရွယ်ချက် ဖြစ်သောကြောင့် လူအုပ်ကြီးသည် ဗိမာန်တော် တဝိုက်တွင် အုံးအုံးကြွက်ကြွက် သောသောညံလျက် ရှင်ပေါလုကို ဖမ်းဆီးချုပ်နှောင်ထားကြသည်။ သတ်ပစ်ဖို့ ကြိုးစားအားထုတ်ကြသည်။ ရှင်ပေါလုကို ဗိမာန်တော် အပြင်ဘက်သို့ ဒရောသောပါး ဆွဲထုတ်ကြပြီး ဗိမာန်တော်တံခါးများကိုလည်း ပိတ်ကြသည်။ အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ ရောမစစ်သူကြီးက ထိုသတင်းကြားသောအခါ စစ်မက်ဗိုလ်ပါများခေါ်၍ အခင်းဖြစ်ရာသို့ လိုက်လာသည်။ လူအုပ်ကြီးလည်း ငြိမ်ကျပြီး ပေါလုကို ဘာမှ မလုပ်သကဲ့သို့ ငြိမ်ကုပ်ကြသည်။ သို့သော် ထိုစစ်သူကြီးက “ဤသူသည် မည်သူနည်း၊ ဘာအပြစ်ကျူးလွန်သနည်း”ဟု မေးသောအခါ တစ်ယောက်တခွန်း ကျီးအာသကဲ့သို့ ဝိုင်းအာကြသည်။ စကားအမှန်ကို မသိနိုင်သဖြင့် ရောမစစ်သူကြီးသည် ပေါလုအား ဖမ်းဆီးခေါ်ဆောင်သွားသည်။
၂၁:၃၇–၃၉ ထိုသို့ စစ်သားတန်းလျားသို့ ခေါ်ဆောင်သွားစဉ် ပေါလုက စစ်သူကြီးအား စကားပြောခွင့်တောင်းသည်။ စစ်သူကြီးကလည်း ရှင်ပေါလု၏ ဂရိဘာသာစကားဖြင့် ပြောသောစကားကို နားထောင်၏။ ပေါလုအား မကြားသေးမီက သူပုန်လေးထောင်ကို ခေါင်းဆောင်၍ တောခိုသွားသူ အဲဂုတ္တုသား မဟုတ်ဘူးလားဟု မေးလိုက်သည်။ ပေါလုက ချက်ချင်းပင် “အကျွန်ုပ်သည် တာရှုမြို့ကြီးသား ယုဒအမျိုးသားဖြစ်သည်”ဟု မဆိုင်းမတွ ဖြေလိုက်သည်။ ထိုစကားသည် ယဉ်ကျေးမှု၊ ပညာရည်၊ ကူးသန်းရောင်းဝယ်ရေးတွင် အောင်မြင်ကြီးထွားသော အရပ်ဒေသဟု ဆိုလိုခြင်းဖြစ်သည်။ သြဂတ်စတပ် လက်ထက်တွင် လွတ်လပ်သောမြို့ပြနိုင်ငံအဖြစ် သီးသန့်သတ်မှတ်ပေးခြင်းဖြစ်သည်။ ထိုသို့သော သီးသန့်အရည်အချင်း များကြောင့် စစ်သူကြီးအား စကားပြောတောင်ဆိုရဲခြင်းဖြစ်သည်။
၂၁:၄၀ စစ်သူကြီး၏ ခွင့်ပြုချက်ရရှိသဖြင့် စစ်သားများခြံရံလျက် ပရိသတ်အား ငြိမ်သက်ခြင်းပြုရန် လက်ဟန်ပြလိုက်သည်။ ပရိသတ်ကြီးသည် ပုဇဉ်းရင်ကွဲ ရိုက်ချသည့်ပမာ ငြိမ်သက်တိတ်ဆိတ်သွားသည်နှင့်တပြိုင်နက် ယေရုရှလင် ယုဒအမျိုးသားများသို့ ဟေဗြဲဘာသာစကားဖြင့် မြွက်ကားလိုက်သည်။
ဟေဗြဲဘာသာစကားဆိုသည်မှာ အာရမိတ်စကားနှင့် ဆင်တူရိုးမှား ဖြစ်သောကြောင့် ထိုခေတ်အခါက ထိုအရပ်ဒေသ၌ လူသုံးများသော ဘာသာစကားဖြစ်သည်။