ဖိလိပ္ပိသြဝါဒစာ ၁

၁။ ရှင်ပေါလု၏ နှုတ်ခွန်းဆက်ခြင်း၊ ချီးမွမ်းခြင်းနှင့် ဆုတောင်းခြင်း (:၁၁)

          : ကျမ်းစာအဖွင့်တွင် ပေါလုနှင့် တိမောသေတို့၏ နာမည်ဒွန်တွဲထားသည်။ သို့သော် တိမောသေက ဤစာစောင် ကို ရေးကူးသည်ဟု ဆိုလိုခြင်းမဟုတ်။ ပထမတခေါက် ဖိလိပ္ပိသို့ ခရီးသွားစဉ်တုန်းက တိမောသေ ပါဝင်သဖြင့် ဤစာစောင် တွင် နာမည်ထည့်သွင်းခြင်းဖြစ်သည်။

တိမောသေသည် ငယ်ရွယ်သူဖြစ်၍ ပေါလုသည် အသက်ကြီးသူဖြစ်သည် (ဖိ ၉)။ ထိုသက်ကျားအိုနှင့် လူငယ်သည် သခင့်ထမ်းပိုးကို တစ်ယောက်တစ်ဖက် အတူတူထမ်းကြသည်။ ထိုအကြောင်းကို Jowett က ”နွေဦးနှင့်ဆောင်းဦး၏ သဟဇာတမျှတမှုဖြစ်သည်။ ယုံကြည်ခြင်းနှင့်အသက်တာ၊ မပြည့်စုံခြင်းနှင့် ဉာဏ်ပညာ၊ စိတ်ရှည်သောမျှော်လင့်ချက်၊ ငြိမ်သက်ခြင်းနှင့် ကြွယ်ဝသော စိတ်ချမှုများ ပေါင်းစပ်ခြင်းဖြစ်သည်” ဟုဆိုထားသည်။

ထိုနှစ်ယောက်စကားသည် ယေရှုခရစ်တော်၏ အစေခံကျွန်များဖြစ်သည်။ သခင့်ကို ချစ်ခင်ကြသည်။ ကရာနီ နှောင်ကြိုးက ကယ်တင်ရှင်အတွက် တသက်လုံးအမှုတော်ထမ်းဆောင်ရန် ချည်နှောင်ထားသည်။

ဩဝါဒစာစောင်ထဲတွင် ဖိလိပ္ပအသင်းတော်မှ သင်းအုပ်များ၊ သင်းထောက်များမှစ၍ သန့်ရှင်းသူအားလုံးသို့ လိပ်မူရေးသားသည်။ ဘုရားသခင်၏အားလုံးသို့ ရည်ရွယ်ခြင်းဖြစ်ပါသည်။

ဖိလိပ္ပိရှိ ယေရှုခရစ်တော်၌ သန့်ရှင်းသူများ ဟုဆိုရာတွင် ယုံကြည်သူများကို နှစ်ထပ်ကွမ်း အမည်ခေါ်ဆိုသည်။ ထိုသူများသည် ခရစ်တော်အားဖြင့် ဘုရားသခင်၌ တည်မှီသူများဖြစ်သကဲ့သို့ ဖိလိပ္ပိအသင်းတော်ထဲ၌ ပါဝင်သူများဖြစ်သည်။

စာထဲတွင် သင်းအုပ်များနှင့် သင်းထောက်များဟု ဆိုထားသည်။ သင်းအုပ်များဆိုသည်မှာ ဘုရားသခင်၏ သိုးစုကို ကျွေးမွေးစောင့်ရှောက်သူများဖြစ်သည်။ သင်းထောက်ဆိုသည်မှာ အဓိကအားဖြင့် ဗိမာန်တော်အမှုတွင် ငွေရေးကြေးရေး၊ လူ့အသုံးအဆောင်ပစ္စည်းများကို စီမံခန့်ခွဲသူများဖြစ်သည်။

အသင်းတော်တွင် ထိုလူစု(၃)စုသာရှိသည်။ သင်းအုပ်များ၊ သင်းထောက်များနှင့် သန့်ရှင်းသူများ ဖြစ်သည်။ သာသနာဘောင်ဝင် လူတန်းစားများလည်း လိပ်စာထဲတွင် ပါဝင်ပါသည်။

ထို့ကြောင့် အစောပိုင်းကာလအသင်းတော်ပုံရိပ်ကို ရှုမြင်မှတ်သားနိုင်သည်။ သန့်ရှင်းသူများဆိုသည်မှာ ဦးစွာဝိညာဉ် အသက်တာဖြစ်သည်။ နောက်တချက်တွင် ယာယီအမှုတော်ဆောင်များဟု ဆိုလိုသည်။

: သန့်ရှင်းသူများအား ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း ခံစားကြစေရန် နှုတ်ခွန်းဆက်ထားသည်။ ကျေးဇူးတော် ဆိုသည်မှာ အသက်တာပြောင်းလဲသည့်အချိန်မှစ၍ ကျေးဇူးတော်ပလ္လင်ကာလတိုင်အောင် လိုအပ်ချက် (ဟေဗြဲ ၄:၁၆) ဖြစ်သည်။ ထိုကဲ့သို့ပင် ငြိမ်သက်ခြင်းသည်လည်း ဆုတောင်းခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၏ အဖြေရလာဒ်ဖြစ်သည်။ (၄:၆-၇)။

ထိုကောင်းကြီးမင်္ဂလာ(၂)ရပ်စလုံးသည် အဘဘုရားသခင်နှင့် သားတော်ယေရှုခရစ်တော်ထံမှ ရရှိသည်။ သားတော်ကို အဘနှင့်တန်းတူခံယူထားသည် (ယော ၅:၂၃)။ သခင်ခရစ်တော်အား ဘုရားသခင်၏ အပြစ်ခံယူခြင်းသည် မမှားပါ။

: ရှင်ပေါလု၏ပေါက်ကွဲမှုသံစဉ် ကျေးဇူးတော်ချီးမွမ်းခြင်း သီဆိုနေသည်။ သို့သော် ယခုအချိန်မှ ထိုကဲ့သို့ အထူးအဆန်း သီဆိုခြင်းမဟုတ်။ ဖိလိပ္ပိထောင်တွင် သိလနှင့်အတူ အကျဉ်းခံခဲ့စဉ် ကျေးဇူးတော်ချီးမွမ်းခြင်း ပဲ့တင်သံကြောင့် ထောင်အုတ်နံရံများ ပြိုလဲခဲ့သည်။ ထောင်ထဲမှာ ရောက်ရှိနေသော်လည်း စိတ်နှလုံးသည် ထောင်မကျ။ တညဉ့်လုံးသီချင်းသီဆို ကျူးဧနိုင်သည်။ ဖိလိပ္ပိသားများ ကျေးဇူးတော်ချီးမွမ်းခြင်း၌ နိုးကြားကြရန် အသိပေးသည်။ ရှင်ပေါလုက သူ့သားသမီးများ အား ယုံကြည်ခြင်းရှိကြရုံသာမက ဘက်စုံထောင့်စုံဖြင့် အသင်းတော်အား ပံ့ပိုးကြရန် သွန်သင်ထားသည်။

: ဆုတောင်းသည့်အခါတိုင်း ပျော်ရွှင်ခြင်းရှိစေချင်သည်။ ရှင်ပေါလုကိုယ်တိုင် ဆုတောင်းရာတွင်လည်း ပျော်ရွှင်စွာဆုတောင်းသည်။ အပြောမဟုတ်၊ အလုပ်ဖြင့်သက်သေပြသည်။ ဤကျမ်းပိုဒ်အပါအဝင် အခြားဩဝါဒစာစောင် များတွင်လည်း ရှင်ပေါလုသည် ဆုတောင်းခြင်း အားကြီးသူဖြစ်ကြောင်း တွေ့ရသည်။ သို့ကြောင့် ဘုရားသခင်က ရှင်ပေါလု အား အသုံးပြုခြင်းသည် အံ့ဩစရာမဟုတ်။ အခြားအကျိုးအကြောင်း အထောက်အထားလည်းပြစရာမလို။ သာသနာခရီး လှည့်လည်သည့်အခါ ဖြစ်စေ၊ ခရစ်ယာန်များနှင့် နှုတ်ဆက်သည့်အခါဖြစ်စေ စိတ်ဝင်တစား ဆက်ဆံဆုတောင်းပေးကြောင်း တွေ့ရသည်။

: ဖိလိပ္ပိသားများအား ချီးမွမ်းခြင်းမှာ ပထမဆုံး မိဿဟာယစတင်ဖွဲ့ကြသည့်နေ့မှစ၍ ယခုကာလတိုင်အောင် စဉ်ဆက်မပြတ် ခိုင်မြဲကြခြင်းဖြစ်သည်။ မိဿဟာယဖွဲ့ခြင်းဆိုသည်မှာ ငွေကြေးပေးလှူထောက်မခြင်းလည်း ပါဝင်သည်။ သို့သော် အဓိကဆိုလိုချက်မှာ စိတ်နှလုံးသဘောထား အပြည့်ဖြင့် သတင်းကောင်း၌ မွေ့လျော်ကြခြင်းဖြစ်သည်။ ရှင်ပေါလုပြောသော ပထမဆုံးမိဿဟာယ ဖွဲ့ကြသည့်နေ့ ဆိုသည်မှာ ဤစာအား ဖိလိပ္ပိအသင်းတော်တွင် ဖတ်ကြားသော အခါ ထိုအကျဉ်းသားသည် အသက်ရှင်နေပါသေးသလားဟု သတိရစေရန် ဖြစ်သည်။ ဖိလိပ္ပိယုံကြည်သူများအား ရှင်ပေါလု နှလုံးသားထဲတွင် ကိန်းအောင်းနေကြောင်းပြသသည်။

: ဖိလိပ္ပိသားများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအသက်တာဖြင့် ဘဝအစပြုသည့်အတိုင်း အဆုံးတွင် လည်း ယုံကြည်ခြင်းဖြင့် နိဂုံးချုပ်ကြမည်ဟု မျှော်မှန်းသည်။

အမှုကောင်းဖြင့် အစပြုသောကြောင့်

                        လက်တော်ဖြင့် ဖေးမလက်တွဲမည်ဟု

                        ကတိတော်မြတ်ရှိထားသည်မဟုတ်လား

                        ဘယ်သောအခါမှ လက်တွဲမဖြုတ်ပစ်ခဲ့ပါ။

                                                                                    A.M.Toplady

ကောင်းသောအမှု ဆိုသည်မှာ ကယ်တင်ခြင်းဖြစ်သည်။ သို့မဟုတ် အမှုတော်များတွင် အလှူငွေထည့်ဝင်ကြခြင်းလည်း ဖြစ်နိုင်သည်။ ခရစ်တော်ဘုရားနေ့ရက်ဆိုသည်မှာ ကိုယ်တော်၏လူသားများ ကောင်းကင်နိုင်ငံသို့ လာရောက် ခေါ်ဆောင်မည့်နေ့၊ အထူးသဖြင့် ခရစ်တော်ဘုရား တရားပလ္လင်ပေါ်တွင် စိုးစံ၍ မိမိတို့လုပ်ဆောင်ကြသည့်အတိုင်း ဆုတောင်းပေးသည့်နေ့ရက်ကို ဆိုလိုသည်။

: ရှင်ပေါလုက ဖိလိပ္ပိယုံကြည်သူများကို အမြဲသတိရကျေးဇူးဥပကာရ တင်ရှိသည်။ အထူးသဖြင့် ထောင်ကျနေစဉ်တွင်၎င်း၊ သာသနာခရီးလှည့်လည်စဉ်တွင်၎င်း ကူညီပါဝင်ကြသည့်အတွက် စွဲမှတ်ခြင်းဖြစ်သည်။ ဧဝံဂေလိတရားဘက်၌ သက်သေခံခြင်းဆိုသည်မှာ ဧဝံဂေလိသတင်းဟောကြားနေစဉ် သတင်းစစ်တရားမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံကြသည့်အကြောင်းဖြစ်သည်။ W.E.Vine က ”ဧဝံဂေလိသတင်းသည် ရန်သူနှင့် မိတ်ဆွေနှစ်ဘက်စလုံးတွင် အောင်ပွဲခံသည်”ဟု ဆိုသည်။  ဤနေရာတွင် ကျေးဇူးတော်ဆိုသည်မှာ ခရစ်တော်ယူဆောင်လာသော အမှုတော်အားဖြင့် ဆန့်ကျင်ဘက်ကို အောင်နိုင်သောခွန်အားဖြစ်သည်။

: ဖိလိပ္ပိသားများ၏ သစ္စာရှိစွာလုပ်ဆောင်ခြင်းကို ရှင်ပေါလုက အမြဲသတိရနေသည်။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် လုပ်ဆောင်ခဲ့ကြပုံများကို လွမ်းကြောင်း ဘုရားသခင်သို့ တိုင်တည်သည်။ ယုဒလူမျိုးတစ်ယောက်က တပါးအမျိုးသားများထံသို့ လွမ်းစာရေးခြင်းသည် မှတ်သားနမူနာ ယူဖွယ်ကောင်းပါသည်။ ကျေးဇူးတော်ကြောင့် ရှေးယခင်က လူမျိုးရေးခြားနားမှုတံတိုင်းကြီး ပြိုကွဲသွားပြီး ခရစ်တော်၌ တလုံးတဝတည်း ဖြစ်သွားကြသည်။

: ဆုတောင်းခြင်းဖြင့် ကျေးဇူးတော်ချီးမွမ်းပါသည်။ ဆုတောင်းရာတွင် ဖိလိပ္ပိသားများ ချမ်းသာဖို့၊ ဘဝသာယာဖို့၊ ဘေးဒုက္ခကင်းဖို့ မတောင်းပေးပါ။ ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုးရှိလျှက်၊ မေတ္တာပါရမီ တိုးပွား၍ ပြည့်စုံဖို့ဆုတောင်းပေးသည်။ ခရစ်ယာန်အသက်တာ၏ အခြေခံရည်ရွယ်ချက်မှာ ဘုရားသခင်နှင့် မိဿဟာယ အဖွဲ့ဝင်များအား ချစ်ခြင်းမေတ္တာရှိဖို့ဖြစ်သည်။ သို့သော် ရင်ခုန်အချစ်မဟုတ်။ အသိတရားယှဉ်သော ချစ်ခြင်းမေတ္တာဖြစ် သည်။ တနည်းပြောရလျှင် အကျိုးဖြစ်ထွန်းသော မေတ္တာမျိုးဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုက ဖိလိပ္ပိသားများအတွက် ဆုတောင်းပေးရာတွင် ဉာဏ်ပညာအမျိုးမျိုး ရှိလျှက် မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်း ဟုဆိုသည်။

:၁ဝ ချစ်ခြင်းမေတ္တာသည် အခြားအရာများထက် ကြီးမြတ်သောတန်ခိုးနှင့် ပြည့်စုံသည်။ ချစ်ခြင်းမေတ္တာနယ်ပယ်မှ အရာများသည် ကောင်းသည်ထက်ပိုကောင်းကြသည်။

ချစ်ခြင်းမေတ္တာသည် မေးခွန်းမထုတ်တတ်သကဲ့သို့ အမှားကိုလည်းမမြင်၊ အထင်အမြင်သေးခြင်းလည်း မရှိ။ သခင် ခရစ်တော်၏နေ့ရက်တွင် အပြစ်တင်စရာမရှိမည့်အကြောင်း သွန်သင်သည်။ အပြစ်တင်စရာ မရှိဆိုသည်မှာ အပြစ်မရှိခြင်း ဖြစ်သည်။ သို့သော် ထိုအပြစ်ကို ဝန်ချတောင်းပန်ပါက ခွင့်လွှတ်ခြင်းရရှိပါသည်။ အပြစ်မရှိခင် မူလအခြေအနေမှန်သို့ ပြန်ရောက်ပါသည်။

အခန်းငယ်(၆)တွင် ဖော်ပြသော ခရစ်တော်၏နေ့ရက်သည် ချီဆောင်ခြင်းနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အပြစ်စီရင်ရာနေ့ကို ဆိုလိုသည်။

:၁၁ တမန်တော်ကြီး၏ နောက်ဆုံးဆုတောင်းချက်တွင် ဖြောင့်မတ်စင်ကြယ်ခြင်း၏ အသီးအပွင့်များ သီးပွင့်ကြရန် ထည့်သွင်းထားသည်။ ခရစ်ယာန်များ၏ အသက်တာတန်ဖိုးပြသခိုင်းသည်။ ထိုဖြောင့်မတ် စင်ကြယ်ခြင်း၏ အကြောင်းရင်းမှာ ယေရှုခရစ်တော်ဖြစ်သဖြင့် ဘုရားသခင်၏ဘုန်းတန်ခိုးတော်အား ချီးမွမ်းရမည်။ တမန်တော်ကြီး ၏ဆုတောင်းချက်သည် ဟေရှာ ၆၁:၃ ”ထိုသူတို့သည် ဖြောင့်မတ်ခြင်း သပိတ်ပင်၊ ဘုန်းအသရေတော်တို့ ထာဝရဘုရား စိုက်ပျိုးတော်မူသော အပင်ဟူ၍ သမုတ်ခြင်းခံရမည်” ကျမ်းပိုဒ်နှင့် ကျမ်းပြိုင်ဖြစ်သည်။

”အသီး”ဟူသော စကားလုံးကို Lehman Strauss က ”ခရစ်တော်နှင့်ဆက်ဆံခြင်းနီးကပ်မှု၊ ကျွန်ုပ်တို့အား မျှော်လင့်ခြင်းထားရှိမှုနှင့် ဆိုင်သည်။ ပင်စည်မှ ထွက်သောအကိုင်းအခက်များသည် အသီးသီးဖို့ဖြစ်သည်” ဟုဆိုထားသည်။

 

၂။ ပေါလု ထောင်ကျခြင်း၊ မျှော်လင့်ခြင်း၌ မြဲမြံကြရန် တိုက်တွန်းခြင်း (:၁၂၃ဝ)

          :၁၂ ဆုတောင်းခန်းပြီးသွားပြီ။ ထောင်ထဲတွင်နေရခြင်းအကျိုးအမြတ်ကို ရေးထားသည်။ ထိုအကြောင်းကို Jowett က ”ကံဆိုးမိုးမှောင်ကြခြင်း၏ ကံသာချက်” ဟုဆိုထားသည်။ အမြင်ကတ်လို့ကန်ချ၊ ငါးခြောက်ပုံပေါ်ကျခြင်းဖြစ်သည်။

သူထောင်ထဲရောက်ခြင်းသည် ဧဝံဂေလိတရားဟောပြောခြင်းအား မရပ်တန့်စေနိုင် ပို၍ပင်ကောင်းသည် ဟုဆိုသည်။ ဤအချက်သည် မကောင်းဆိုးဝါးနတ်ဆိုးများအပေါ်တွင် ဘုရားသခင်၏အောင်ပွဲခံမှုကို သက်သေဖြစ်သည်။ လူများက ပေါလုအတွက် ဆူးခင်းသောလမ်း ပြင်ဆင်ပေးကြသော်လည်း ဘုရားရှင်က လမ်းရှင်းပေးသည်။

:၁၃ ရှင်ပေါလု၏ ချည်နှောင်မှုခံရခြင်းသည် ခရစ်တော်အား သက်သေခံဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ရာဇဝတ်မှု၊ ဒုစရိုက်မှုကျူးလွန်၍ ထောင်ကျခြင်းမဟုတ်။ ခရစ်တော်အား သက်သေခံသောကြောင့် ထောင်ကျခြင်းဖြစ်၍ အုတ်အော်သောင်းနင်း၊ ဟိုးလေးတကျော်ကျော်ဖြစ်သွားသည်။

နန်းတော်မှသည် အခြားနန်းတော်များတိုင်အောင် ထိုသတင်းစကား ပျံ့နှံ့ကုန်သည်။ နန်းတော်ဆိုသည်မှာ

(၁) ရောမစစ်သားများလုံခြုံရေးယူရာနေရာ (၂) ဧကရာဇ်မင်းကိုယ်တိုင်နှင့် စိုးစံရာနေရာဖြစ်သည်။ ဧကရာဇ်မင်းအပါအဝင် ရဲမက်ဗိုလ်ပါများကလည်း ပေါလုထောင်ကျသည့်အကြောင်းကို ခရစ်တော်သက်သေခံလုပ်ငန်းအဖြစ် ပြောင်းလဲစေကြသည်။  ထိုအကြောင်းကို T.W.Drury  ဤသို့ရေးထားသည်။

ရောမဥပဒေသတွင် ခရစ်တော်အကြောင်းပြောသူ၊ နားထောင်သူသည် ပြင်းထန်သော အရေးယူမှုခံရသည်။ ထိုသူများသည် နောက်တစ်နေ့တွင် နေရူးဘုရင်ထံ ရုံးတက်အပြစ်စီရင်ခြင်းခံရသည့် အချိန်ကာလဖြစ်သည်။၆

            :၁၄ စည်းကမ်းကြပ်သော ရောမထောင်ထဲတွင် ဧဝံဂေလိတရားဟောခွင့်ရသည်ဟုကြားလျှင် ပြင်ပရှိခရစ်ယာန်များသည် သတ္တိရှိလာကြသည်။ ခရစ်တော်အကြောင်း ပိုမိုသက်သေခံဝံ့ကြသည်။ ညှဉ်းပန်းနှိပ်စက်ခြင်း သက်သာလာသည်နှင့် အမျှ ယုံကြည်သူများသည် အခွင့်အရေးကောင်းယူကာ သက်သေခံကြသည်။

:၁၅ ထိုသို့သက်သေခံကြရာတွင် အချို့သည် မနာလိုငြူစူသောသဘောဖြင့် သက်သေခံကြသည်။ အချို့ကမူ စိတ်သဘောရင်းတွင် ယုံကြည်သည့်အတိုင်း ဟောပြောကြသည်။ တဖက်တလမ်းတွင် ရှင်ပေါလု၏ အမှုတော်ကို ကူညီပံ့ပိုး ခြင်းဖြစ်သည်။

:၁၆ မနာလိုငြူစူသော ဆရာများက ထောင်ကျသူပေါလုအား ရေနစ်သူ ဝါးကူထိုးကြသည်။ ဟောကြားသောသတင်း စကားသည် ကောင်းမွန်သော်လည်း စိတ်ရင်းစေတနာက မသန့်။ ခရစ်တော်အမှု တော်ဆောင်ရာတွင် ထိုကဲ့သို့ အချင်းချင်း မနာလိုဖြစ်မှု၊ ရမ္မက်ကြီးမှု၊ ဘေးတွန်းမှု၊ မာနထောင်လွှားမှု၊ ဇာတိသွေးမကင်းမှုများသည် ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်။ သို့ကြောင့် အမှုတော်ဆောင်ရာတွင် ရည်ရွယ်ချက် ကြည်လင်ဖို့ ဤကျမ်းစာက သွန်သင်ပါသည်။ အခြားဂိုဏ်းဂဏများ၊ အနိုင်ယူခြင်း၊ မိမိဂိုဏ်းဂဏအတွက် လုပ်ဆောင်ခြင်းမျိုး မဖြစ်သင့်ပါ။ ခရစ်တော်အတွက်သာ ဖြစ်သင့်သည်။

:၁ရ အခြားသူများသည် ကြည်လင်ဖြူစင်သောစိတ်ဖြင့် ဧဝံဂေလိတရား ဟောကြားသည်မဟုတ်။ ပေါလုအား ချောက်တွန်းဟောပြောကြသည်။ ပေါလုသည် ဧဝံဂေလိတရားအား ကာကွယ်ရန်ဆုံးဖြတ်ထားသည်။ ဧဝံဂေလိတရား အစစ်အမှန်တွင် အတ္တမပါ၊ ဂိုဏ်းဂဏမရှိ၊ အမှုတော်တွင် အချင်းများစရာမတွေ့။ ပေါလု၏ ဧဝံဂေလိတရားသည် ရဲရဲနီသောကြောင့် ထောင်ကျခြင်း ဖြစ်သည်။ သို့ကြောင့် ဖိလိပ္ပိသားများက ရှင်ပေါလုတရားနောက်သို့ သတ္တိရှိရှိ လိုက်ကြခြင်း ဖြစ်သည်။

:၁၈ ခရစ်တော်အကြောင်းကို မည်သည့်ပုံစံဖြင့် ဟောကြားကြသည်ဖြစ်စေ ရှုတ်ချခြင်းမပြု၊ ဟောပြောခြင်းအားလုံး အတွက် ဝမ်းမြောက်သည်။

မှတ်သားစရာအချက်မှာ ရှင်ပေါလုသည် ဆင်းရဲဒုက္ခရောက်နေသော်လည်း စိတ်ပျက်အားငယ်ခြင်းမရှိ။ အကူအညီ လည်း မရှာပါ။ ထို့အပြင် အခြားသူများအား တိုက်တွန်းအားပေးသည်။ ခပ်ပျော်ပျော်နေသည်။

:၁၉ ဤကျမ်းပိုဒ်သည် ခွန်အားယူစရာဖြစ်သည်။ ရှင်ပေါလုက အကျဉ်းထောင်မှလွတ်မည်ဟု ယုံကြည်မှု အပြည့်အဝရှိသည်။ ကယ်တင်သောအရာရောက်မည်ဟု ဆိုသည်။ ကယ်တင်သောအရာဆိုသည်မှာ ဝိညာဉ်ကယ်တင်ခြင်းကို မဆိုလို။ ထောင်မှလွတ်မြောက်ခြင်းဖြစ်သည်။ ဖိလိပ္ပိယုံကြည်သူများ၏ ဆုတောင်းပေးခြင်းနှင့် ယေရှုခရစ်တော်၏ဝိညာဉ် ကယ်မခြင်းဖြင့် လွတ်မြောက်မည်ဟု ယုံကြည်သည်။ ဤနေရာတွင် အလေးအနက်ထား သင်ခန်းစာယူရမည့်အချက်မှာ ဖိလိပ္ပိသားများ၏ ဆုတောင်းချက်များကို ရှင်ပေါလု ယုံကြည်အားထားခြင်းဖြစ်သည်။ ထိုသူများ၏ ဆုတောင်းချက်များသည် ရောမအစိုးရ၏ မကြေမှုကို အနိုင်ယူနိုင်သည်။ အပြည့်အဝခံယူသည်။ မှန်ပါသည်။ ခရစ်ယာန်များ၏ စုပေါင်းဆုတောင်းချက် များသည် လူမျိုးများနှင့် တိုင်းနိုင်ငံများ၏ ကံကြမ္မာကို ပြောင်းလဲစေနိုင်ပါသည်။

ယေရှုခရစ်တော်၏ ဝိညာဉ်တော်မစသဖြင့်ဆိုခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခွန်အားရှိစေခြင်း ဖြစ်ပါသည်။ ခြုံပြောရလျှင် သန့်ရှင်းသောဝိညာဉ်တော်က ယုံကြည်သူများအား အကန့်အသတ်မရှိသော ခိုင်မြဲခြင်း၊ ကျရောက်လာမည့်အခက်အခဲများ ခံနိုင်စွမ်းရည်ကို ပေးပါသည်။

:၂ဝ ယုံကြည်သူများ၏ ဆုတောင်းပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မစမှုကြောင့် အမှုတော်၌ အရှက်မရ နိုင် ဟု ရှင်ပေါလု ယုံကြည်သည်။ စိုးရိမ်ကြောင့်ကြခြင်းလည်းမရှိ။ ခရစ်တော်ကိုလည်း သက်သေခံရန် အမြဲအသင့်ရှိသည်။

ထောင်မှလွတ်သည်ဖြစ်စေ၊ သေဒဏ်အပေးခံရသည်ဖြစ်စေ စိတ်မပူ။ ခန္ဓာကိုယ်ထဲ၌ ယေရှုခရစ်တော် အစဉ်မပြတ်ဂုဏ်သရေထင်ရှားနေသည် အစမူလကပင် ဘုန်းတော်ထင်ရှားသူဖြစ်၍ ထို့ထက်ထပ်မံ ထင်ရှားစရာမရှိတော့ပါ။ အခြားသူများက ချီးမွမ်းထောပနာပြုနိုင်ရန်ဖြစ်သည်။ အသက်တာ၌ ခရစ်တော်ဘုန်းတော်ထင်ရှားပုံ ကို ဘုရင် Guy  က ဤသို့ဆိုထားသည်။

ဘုန်းတော် ထင်ရှားဖို့ဆိုသည်မှာ ပျော်ရွှင်အောင်နှုတ်ဖြင့် ဖန်တီးခြင်း၊ လက်များဖြင့် ကူညီလုပ်ဆောင်ခြင်း ဖြစ်သည်။ ခြေထောက်အားဖြင့် ဘုန်းတော်ထင်ရှားစေခြင်းဆိုသည်မှာ နိုင်ငံတော်အတွက် ဆုတောင်းခြင်း၊ ပုခုံးဖြင့် ထင်ရှားစေခြင်း ဆိုသည်မှာ ဝန်လေးသူ၏ဝန်ကို ကူထမ်းပေးခြင်း၇ ဖြစ်သည်။

            ခရစ်တော်ဘုရားသည်လည်း ယုံကြည်သူများ ခန္ဓာကိုယ်ထဲတွင်  ဘုန်းတော်ထင်ရှားဖို့ အသေခံသည်။ အဝတ်အစားများချွတ်ပစ်ခြင်းခံရသည်။ ခန္ဓာကိုယ်တွင် လှံစွပ်ဖြင့် ထိုးနှက်ခြင်းခံရသည်။ ခန္ဓာကိုယ်သည် ကျောက်ခဲများ ခြစ်ရာကြောင့် စုတ်ပြတ်ကုန်သည်။

:၂၁ လူဘဝသည် အခွံသာဖြစ်ကြောင်း ရှင်ပေါလု၏ဒဿနကို တွေ့ရထားသည်။ ရှင်ပေါလုသည် ငွေကြေး၊ ကျော်စောခြင်း၊ သာယာခြင်းအတွက် အသက်ရှင်သူမဟုတ်၊ ချစ်ခြင်းမေတ္တာရှိဖို့ ခရစ်တော်အား ဆက်ကပ်ကိုးကွယ်ဖို့၊ ခရစ်တော်အတွက် အသက်ရှင်ခြင်းဖြစ်သည်။ သူ့ဘဝအသက်တာကို ယေရှုကဲ့သို့ ကုန်လွန်စေလိုသည်။ ယေရှုကဲ့သို့ သူများဘဝကို ကယ်တင်ချင်သည်။

ရှင်ပေါလုအတွက် သေခြင်းသည်လည်းမြတ်သည်။ ရှင်ပေါလုအတွက် သေခြင်းသည် ခရစ်တော်နှင့်အတူ နိစ္စထာဝရရှိခြင်း ဖြစ်သည်။ စိတ်နှလုံးထဲမှပင် အပြစ်တမှုံမရှိ ကင်းစင်လျှက်၊ သစ္စာမဖောက်သော ခြေထောက်များ ရှိသွားမည်။

သေခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်မျှသာ မဟုတ်ပါ။ အသက်ရှင်ခြင်းသည် လောကကို ရရှိခြင်းဖြစ်၍ သေခြင်းသည် နိစ္စထာဝရပိုင်ဆိုင်ခြင်း တရားဖြစ်သည်။ Jowett ကမူ ”ရှင်ပေါလုအတွက် သေခြင်းသည် မှောင်ရိပ်ကျခြင်းမဟုတ်၊ မပျက်မစီးနိုင်သော ဘဏ္ဍာစုဆောင်းရာသို့ ရောက်ရှိခြင်းဖြစ်သည်။ ကောင်းကြီးမင်္ဂလာ ရှိရာ အလင်းသို့ စံမြန်းခြင်းဖြစ်သည်” ဟုဆိုသည်။

:၂၂ ရှင်ပေါလု၏ လူ့လောကတွင် ဆက်လက်အသက်ရှင်ခြင်းနှင့် ဝိညာဉ်အသီးအပွင့် ပွင့်ခြင်းသည် အလိုတော် အတိုင်းသာဖြစ်သည်ဟု ခံယူသည်။ ဘုရား၏လူများကိုလည်း ဆက်လက်ကူညီနိုင်မည်။ သို့သော် ဆုံးဖြတ်ရခက်နေသည်။ အချစ်ဆုံးကယ်တင်ရှင်သခင်ထံသို့ သွားရကောင်းမလား၊ လူ့လောကတွင် အမှုတော်အား ဆက်လက်ထမ်းဆောင်ရမည်လား၊ နှစ်ခုစလုံးကို ချစ်သည်၊ ရွေးရခက်ကြီးဖြစ်နေသည်။

:၂၃ ရွေးရမည့် အကြောင်းအရာ နှစ်ခုအကြားတွင် ဝေခွဲရခက်နေသည်။ ကောင်းကင်သို့ သွားကောင်းသလား။ ယေရှုခရစ်တော်၏ တမန်တော်အဖြစ် လောကတွင် အသက်ရှင်ကောင်းသလား။

နောက်ဆုံးဖိအားများသည်ကား ဤလူ့လောကကိုစွန့်၍ ခရစ်တော်ထံပါး၌နေခြင်းက ပိုကောင်းသည်။ အလေး သာသည်။ အကယ်၍ မိမိသဘောအတိုင်း ရွေးချယ်ခွင့်ရှိပါက ချို့ယွင်းချက်မရှိ၊ ကောင်းကင်နိုင်ငံကို ရွေးချယ်ပါသည်ဟု ဆိုသည်။

ဝိညာဉ်များအိပ်ပျော်ခြင်း၊ ရှင်ပေါလု မယုံကြည်ကြောင်း သတိပြုရမည်။ ခရစ်ယာန်များသည် သေလျှင် ယေရှုထံ သွားရသည်။ သခင်ထံတော်ပါးသို့ ပျော်ရွှင်စွာသွားရသည်ဟု ယုံကြည်သည်။ ”အသက်ရှင်ခြင်းသည် ခရစ်တော်အတွက်၊ သေခြင်းသည် အသာခံစားခြင်း” သို့မဟုတ် ”သာ၍ကောင်းသောနေရာသို့ အိပ်ပျော်ခြင်း” ဟူသော ယနေ့ပြောနေကြသော စကားသည် ရှင်ပေါလုအတွက် အဘယ်မျှရယ်စရာကောင်းပါသနည်း။ ”အိပ်ပျော်ခြင်း” ဆိုသည်မှာ ယုံကြည်သူများ သေလွန်သောအခါ ခန္ဓာရှိသည့်နေရာကိုဖော်ပြသည့် ဓမ္မသစ်အသုံးအနှုန်းဖြစ်သည် (၁သက် ၄:၁၄)။ ဝိညာဉ်အိပ်ပျော်သည်ဟု ဒဏ္ဍာရီတွင်ပင် မကြားဘူးပါ။

သေခြင်းနှင့်ခရစ်တော်ဘုရားကြွလာခြင်းသည် ဘာမှရှုပ်ထွေးစရာအကြောင်းမရှိပါ။ ယုံကြည်သူများသည် သေလွန် လျှင် ကိုယ်တော်ထံသို့ ရောက်သွားပါသည်။ ချီဆောင်ခြင်းကာလတွင် ကိုယ်တော်နှင့်အတူ ပြန်လည်ပါလာပါသည်။               :၂၄ ဖိလိပ္ပိသားများအတွက် ရှင်ပေါလုဆက်လက်အသက်ရှင်နေရန် လိုအပ်သည်။ မည်သူကမှ ထိုသို့ဖြစ်မြောက် အောင် မကူညီနိုင်သော်လည်း တမန်တော်ကြီး၏ အတ္တစိတ်ကင်းမဲ့သော မဟာလူသားစိတ်ဓါတ်က လူတွေကို လွှမ်းမိုးကြီးစိုး နေသည်။ ဘယ်သောအခါမှ သူ့ဘဝအကျိုးအတွက်သော်၎င်း၊ သက်သာရာအတွက်၎င်း၊ စဉ်းစားခြင်းမရှိ။ ခရစ်တော်၏ အမှုတော်ဖြစ်သော ကိုယ်တော်၏လူများအရေးကိုသာ အမြဲဦးစားပေးသည်။

:၂၅ ထိုယုံကြည်စိတ်ချသဖြင့် ဆိုခြင်းမှာ သန့်ရှင်းသူများအား ကူညီမစဖို့၊ သက်သာရာရစေဖို့ ဖေးမချင်သေးသည်။ ဤထောင်ထဲမှနေ၍ တောက်လျှောက်မသေနိုင်သေးဟု ရှင်ပေါလုသိနေသည်။ မည်သို့သိပါသနည်း။ သခင်ဘုရားနှင့် နီးကပ်စွာ အသက်ရှင်သောကြောင့် သန့်ရှင်းသောဝိညာဉ်တော်က အသိပေးမည်ဟု ယုံကြည်ရသည်။ ”ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသောအခွင့်ရှိ၏” (ဆာ ၂၅:၁၄)။ ဘုရားသခင်ထံတော်သို့ လေးနက်စွာတိုးဝင်ချဉ်းကပ်သူ၊ တိတ်ဆိတ်စွာအာရုံပြုသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စကားပြောသံကို ကြားရသည်။ ကိုယ်တော်နှင့် နီးကပ်လေလေ အသံတော်ပိုမိုကြားလေလေ ဖြစ်သည်။ ရှင်ပေါလုလည်း ထိုကဲ့သို့ကြားခဲ့သည်။

ဆက်လက်အသက်ရှင်နေလျှင် ညီအစ်ကိုများ၏ ဝိညာဉ်ရေးရာပိုမိုကြီးထွားမည်။ ပို၍ ပျော်ရွှင်ချမ်းမြေ့မည်။ သခင် ဘုရား၌ ယုံကြည်ခြင်း ပိုမိုထက်သန်မည်ဟု ရှင်ပေါလုယုံကြည်သည်။

:၂၆ ထို့ကြောင့် ထောင်ကလွတ်၍ နောက်တဖန် ဖိလိပ္ပိသို့ပြန်ရောက်လျှင် ဖိလိပ္ပိသားများနှင့်အတူ ပိုမိုပျော်ရွှင်မည် ဟု ယုံကြည်သည်။ မည်ကဲ့သို့ ခရီးဦးကြိုဖက်နမ်းကြမည်ကို မြင်ယောင်ကြည့်ပါ။ သခင်ဘုရား၏ နာမတော်ကို မည်မျှချီးမွမ်း ထောပနာ ပြုကြမည်နည်း။ ”ပေါလုရယ်၊ မင်းကို နောက်တခါပြန်တွေ့ကြမည်လို့ မမျှော်လင့်ရဲကြဘူး၊ ယနေ့ပြန်ဆုံကြရပြီ၊ ဘုရားသခင်၏နာမတော်သည် သာ၍ဘုန်းကြီးပါစေ”ဟု ပြောကောင်းပြောကြမည်။

:၂ရ မည်သို့ဖြစ်စေ၊ လတ်တလောတွင် ခရစ်တော်၏ ကြီးမြတ်ခြင်းကိုသာ ချီးမွမ်းကြဖို့ သတိပေးထားသည်။ ခရစ်ယာန်များသည် ခရစ်တော်နှင့်တူရမည်။ ကောင်းကင်နိုင်ငံသားများပီပီ နေထိုင်ရမည်။ ကောင်းကင်မရောက်ခင်ကတည်း က ကောင်းကင်တွင်နေတတ်ရန် ပြုကျင့်ရမည်။

ထိုအကြောင်းကို ရှင်ပေါလုက စကားဆက်ထားသည်။ သူရောက်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သာသနာတော်တည်တံ့ကြီးပွားရေးအတွက် စိတ်တူကိုယ်တူဘဝတူဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရန် မှာထားသည်။ ထိုတရားသာလျှင် ခရစ်ယာန်များ၏ ယုံကြည်ခြင်း၊ သစ္စာတရားဖြစ်သည်။ ခရစ်ယာန်များသည် အရပ်ပေါင်းစုံတွင် ရန်သူများ ရှိနေသည်။ ထိုရန်သူများသည် တစ်ဦးချင်းမလာတတ်၊ စုပေါင်း တိုက်ခိုက်တတ်သည်ကို သတိထားရမည်။

:၂၈ ထိုများပြားသော ရန်သူများကို စိုးရိမ်ကြောက်လန့်ခြင်းမရှိကြနှင့်၊ ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း မကြောက်ကြနှင့်။ ထိုစကားကို အဓိပ္ပါယ်နှစ်ခုယူနိုင်သည်။ ပထမအချက်မှာ ပျက်စီးခြင်းနိမိတ်အတိတ်များကို တွန်းလှန် တိုက်ဖျက်ခြင်း ဖြစ်၍ နောက်တချက်မှာ ရန်သူ၏ အမျက်ဒေါသအား ရဲဝံ့စွာရင်ဆိုင်ခြင်းသည် ကယ်တင်ခြင်းရရှိဖို့ဖြစ်သည်။ ဤနေရာတွင် ကယ်တင်ခြင်းကို သန့်ရှင်းသူများ စုံစမ်းနှောင့်ယှက်ခြင်း၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်ခုစလုံး ရွေးနှုတ်ခြင်းဟု အဓိပ္ပါယ်ရသည်။

:၂၉ ခရစ်တော်အတွက် ညှဉ်းပန်းနှိပ်စက်မှုခံရခြင်းနှင့် ကိုယ်တော်ကိုယုံကြည်ခြင်းသည် ရတောင့်ရခဲအခွင့်ထူး များဖြစ်သည်။

Dr. Griffith John က ဤသို့ရေးဘူးသည်။ တခါက တရားဟောရာ လူရမ်းကားအုပ်စုအလယ်တွင် ရောက်သွားသည်။ မျက်နှာအုပ်၍ ထွက်ပြေးသော်လည်းမလွတ်။ ခန္ဓာကိုယ်တစ်ခုလုံး သွေးသံများဖြင့် ရဲရဲနီသွားသည်။ ”အပြင်ပန်းလက္ခဏာတွင် ဆင်းရဲဒုက္ခခံနေရသော်လည်း ခရစ်တော်အတွက် ခံစားရခြင်း ဖြစ်သောကြောင့် ပိုမိုဂုဏ်ယူဝမ်းမြောက်သည်” ဟုဆိုသည်။ ခရစ်ယာန်အသက်တာသည် ပန်းခင်းသောလမ်း မဟုတ်ပါ။ မည်သို့ပင် ဆင်းရဲနှိပ်စက်ခြင်းခံရစေကာမူ ကိုယ်တော်ခံစားခဲ့သော ကားတိုင်ဒေသနာမျိုး မမီပါ။

:၃ဝ အပိုဒ်ငယ်(၂၉)နှင့် အပိုဒ်ငယ်(၃ဝ)ကို ဆက်စပ်ပေးသောစကားမှာ ”သင်တို့တွေ့ကြုံသည့်အတိုင်း” ဟူသော စကားဖြစ်သည်။

ခရစ်တော်အတွက် ခံစားရသောအခွင့်ထူးကို ရရှိကြရသည်။ ငါတို့ ဖိလိပ္ပိမှာ  သင်တို့နှင့်အတူရှိနေသကဲ့သို့ သင်တို့တွေ့ကြုံသည့်အတိုင်း မျှဝေခံစားနေပါသည်။

Previous Article
Next Article