ဗျာဒိတ်ကျမ်း ၁၃
၁၃:၁ အခန်း (၁၃)တွင် သားရဲနှစ်ကောင် ပြထားသည်။ တစ်ကောင်သည် ပင်လယ်ထဲမှ ပေါ်ထွက်လာ၍ အခြားတစ်ကောင်သည် ကုန်းမြေပေါ်မှ ထွက်လာသည်။ ထိုကုန်းမြေသည် ကမ္ဘာမြေ (သို့) ဣသရေလ ဟုခေါ်နိုင်သည်။ ထိုသားရဲနှစ်ကောင်သည် ဘေးဒဏ်ကြီးကာလတွင် ပေါ်ထွန်းလာမည်မှာ သံသယဖြစ်ဖွယ်ရာမရှိ။ ဒံယေလကျမ်း ၇:၃-၇ မှ သားရဲလေးကောင်နှင့် ပေါင်းစပ်သည်။ ပထမသားရဲသည် နိုင်ငံဆယ်နိုင်ငံ ရှိမည့် ရောမအင်ပါယာဖြစ်သည်။ ပင်လယ်ထဲမှ ပေါ်ထွန်းလာသောကြောင့် တပါးအမျိုးသားများဖြစ်ရသည်။ ဦးချိုဆယ်ချောင်းရှိသည်။ ဒံယေလက ရောမအင်ပါယာသည် (၁၀)နိုင်ငံ အုပ်စိုးမည်ဟု ထုတ်ထားသည် (ဒံ ၇:၂၄)။ ခေါင်းခုနှစ်လုံးရှိသည်ဟုဆိုခြင်းမှာ ၁၇:၉-၁၀ တွင် မင်းခုနှစ်ပါး ပေါ်ထွန်းမည်ဟု ဆိုထားပြီးဖြစ်သည်။ အုပ်ချုပ်မှု ပုံစံအမျိုးမျိုး၊ ကိုယ့်မင်းကိုယ့်ချင်း ခုနှစ်မျိုး ပေါ်ထွန်းမည့် အကြောင်းဖြစ်သည်။ ဦးချိုဆယ်ချောင်းစလုံ:တွင် သရဖူဆယ်လုံး အသီးသီးဆောင်းကြသည်။ ခေါင်းပေါ်၌ ဘုရားသခင်၏ နာမတော်ကို ရှုတ်ချသော နာမရှိသည်။ သူတို့ကိုယ်သူတို့ ဘုရားသခင်ဖြစ်ဟန် ပြောထားကြသည်။
၁၃:၂ သားရဲသည် ကျားသစ်နှင့်တူသည်။ ခြေထောက်သည်ဝံ့နှင့်တူ၍ ပါးစပ်သည်ခြင်္သေ့နှင့်ဆင်သည်။ ဒံယေလကျမ်းပါ ကျားသစ်သည် ဂရိတိုင်းနိုင်ငံကို ပုံဆောင်သည်။ ဝံ့သည် ပါရှန်းတိုင်းပြည်ကို ပုံဆောင်၍ ခြင်္သေ့သည် ဗာဗုလုန်ကိုပုံဆောင်သည်ဟု ဆိုထားသည်။ ထိုအချိန်တွင် ရောမအင်ပါယာသည် တန်ခိုးအရှိန်ကြီးထွားလျက် ကျားသစ်ကဲ့သို့ အနိုင်ယူမည်၊ ဝံ့ကဲ့သို့ အားအင်တောင့်တင်းမည်၊ ခြင်္သေ့ကဲ့သို့ လောဘကြီးမည်။ အားလုံးပေါင်းခြုံလိုက်လျှင် ရောမအင်ပါယာနိုင်ငံ၏ ဆိုးသွမ်းမည့် လက္ခဏာများကို ပုံဖော်သည်။ထိုအင်ပါယာနိုင်ငံသည် စာတန်ထံမှ သဘာဝလွန်ခွန်အားကြီးရရှိ၍ တောင့်တင်းသန်မာမည်။
၁၃:၃ ထိုသားရဲ၏ ခေါင်းတလုံးတွင် သေလောက်သော ဒဏ်ရာရှိသည်။ Scofield က” ရှေးရောမအင်ပါယာသည် တနိုင်ငံတည်း ရပ်တည်နေဖို့ရန် ဘယ်သောအခါမှ မတင်းတိမ်ခဲ့။ ယခုအခါတွင် တနိုင်ငံတည်း ရပ်တည်နေခြင်းသည် သေလောက်သော ဒဏ်ရာဖြစ်သည်” ၂၄ ဟုရှင်းပြဘူးသည်။ ထိုသေလောက်သောဒဏ်ရာသည် အနာကျက်နေပြီ။ တမျိုးပြောရလျှင် ထိုအင်ပါယာသည် အင်ပါယာနိုင်ငံကြီး အဖြစ်ရပ်တည်ခဲ့သဖြင့် သားရဲနှင့် နှိုင်းယှဉ်ခြင်းဖြစ်သည်။
၁၃:၄ ထိုသားရဲကို လူများက ကိုးကွယ်ကြသည်။ ရင်သပ်ရှုမောသည်သာမက ချီးမွမ်းကိုးကွယ်ကြသည်။နဂါးကိုလည်း ကိုးကွယ်ကြသည်။
၁၃:၅–၆ သားရဲသည် စကားကြီး စကားကျယ် ပြောလေ့ရှိ၍ ဘုရားသခင်ကိုလည်း ပြစ်မှားစော်ကား သဖြင့် စစ်ဘေးစစ်ဒဏ်သင့်ရသည် ( NKJV Margin)။ ဘုရားသခင်၏ နာမတော်ကို ပြက်ရယ်ပြုသည်။ တဲတော်နှင့် ကောင်းကင်သားများကိုလည်း ပြစ်မှားသဖြင့် ၄၂-လ လုံးလုံး စစ်ဖြစ်ရသည်။
၁၃:၇ ဘုရားသခင်၏ လူများနှင့် စစ်ဖြစ်ရာ အမြောက်အများအောင်မြင်သည်။ ဘုရားသားများကလည်း ထိုနဂါးကို ဝန်ခံခြင်းထက် သေခြင်းက ပိုမြတ်သည်ဟု ခံယူကြသည်။ သူအုပ်စိုးခြင်းသည် ကျယ်ပြန့်လျက် ခရစ်တော်အုပ်စိုးခြင်း ရောက်လာသည့်တိုင်အောင် တည်တံ့သည်။
၁၃:၈ ယုံကြည်ခြင်း မစစ်မှန်သူများသည်လည်း ထိုသားရဲကို ကိုးကွယ်ကြသည်။ ခရစ်တော်ဘုရားကို သစ္စာမရှိသောကြောင့် သိုးသူငယ်၏ အသက်စာစောင်စာရင်း၌ နာမည်စာရင်း ရေးမှတ်ခြင်းလည်း မခံကြရ။ ကယ်တင်ခြင်း နာမည်စာရင်း၌ မပါကြ၊ သမ္မာတရားကို ယုံကြည်ခြင်းမရှိကြ၊ မုသာ စကားကိုသာ ယုံကြည်စွဲလန်းကြသူများဖြစ်သည်။
၁၃:၉ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သာ လူတိုင်းလက်ခံယုံကြည်ရန် ဤကျမ်းပိုဒ်က သတိပေးထားသည်။ အလင်းရောင်ကို အစဉ်ငြင်းပယ်ခြင်သည် အမှောင်ကို လက်ခံခြင်းဖြစ်သည်။
၁၃:၁၀ စစ်မှန်သော ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူများသည် ဖမ်းဆီးခြင်းနှင့် ဓားဖြင့် သတ်ခြင်းခံရမည်။ ထို့ကြောင့် သန့်ရှင်းသူများသည် ဇွဲနဘဲကြီးစွာဖြင့် သစ္စာရှိရမည့်အကြောင်း တိုက်တွန်း နှိုးဆော်ထားပါသည်။
၁၃:၁၁ ဒုတိယသားရဲ၏ သွင်ပြင်လက္ခဏာသည် ဘေးဒဏ်ကြီးကာလ၏ လက္ခဏာဖြစ်သည်။ ပထမသားရဲနှင့် ဆင်တူလျက် ရောမအင်ပါယာအား တကမ္ဘာလုံးက ဝတ်ပြုကိုးကွယ်ရန် ဆော်သြခြင်းဖြစ်သည်။ ထိုသားရဲသည် မြေကြီးထဲက ပေါ်ထွက်လာခြင်း ဖြစ်သည်။ အကယ်၍ ထိုမြေနေရာသည် ဣသရေလဟုဆိုလျှင် ထိုခေါင်းဆောင်သည် ယုဒလူမျိုးဖြစ်နိုင်ချေရှိသည်။ ထိုသူများမှာ မှားယွင်းသော မိစ္ဆာဒိဠိဆရာ (၁၆:၁၃၊ ၁၉:၂၀ ၊၂၀:၁၀ကိုကြည့်ပါ) ဖြစ်သည်။ ထိုကဲ့သို့ ဦးချိုခုနှစ်ချောင်းရှိသည်။ ယဉ်ကျေးခြင်းနှင့် ဘေးအန္တရာယ် မပြုသည့် လက္ခဏာဖြစ်သော်လည်း ဘုရားသခင်၏ သိုးသူငယ်နှင့် မတူပါ။ နဂါးကဲ့သို့ ပြောဆိုတတ်သည်။ စာတန်၏ အရှိန်အဝါ၊ လေသံနှာသံအတိုင်းဖြစ်သည်။
၁၃:၁၂–၁၄ ပထမသားရဲ၏ အာဏာစက် ရှိသမျှကို သုံးစွဲသည်။ ဆိုလိုသည်မှာ ရောမအင်ပါယာအား နဂါးကိုယ်စား အထူးအာဏာကုန်လွှဲအပ်ခြင်း ဖြစ်သည်။ နဂါးမှာ သဘာဝလွန်အားကြီး တန်ခိုးရှိနေသည်။ သူ၏ အံ့ဖွယ်ထူဆန်း လက္ခဏာများဖြင့် လူများကိုလိမ်လည်၍ ဘုရားအဖြစ် ကိုးကွယ်စေချင်သည်။
၁၃:၁၅ ရုပ်တုကြီးအား အသက်သွင်းထားသဖြင့် စကားပြောတတ်လာသည်။ ထိုပြောစကားကို မနာခံသူများကိုလည်း သေဒဏ်ခတ်နိုင်သည်။
၁၃:၁၆ ထိုဒုတိယသားရဲသည် ရောမအင်ပါယာ၏ အယောင်ဆောင်ဖြစ်သော ညာဖက်လက်နှင့် နဖူးပေါ်တွင် တံဆိပ်ခတ်နှိပ်ထားသည်။
၁၃:၁၇ ထို့အပြင် ထိုသားရဲတွင် အမည်နာမနှင့် သင်္ကေတနံပါတ် သီးသန့်ရှိသည်။အမည်နာမ (သို့) သင်္ကေတနံပါတ် မရှိလျှင် ရောင်းဝယ်ခြင်း မပြုရ။ ထိုနည်းလမ်းသည် စီးပွားလု နည်းဗျူဟာဖြင့် ရုပ်တုဆင်းတု ကိုးကွယ်စေခြင်းဖြစ်သည်။ ပြင်းထန်သော စစ်ဆေးခြင်းဖြစ်သည်။ သို့သော် စစ်မှန်သော ယုံကြည်သူများသည် ကယ်တင်ရှင်၏ အသေခံခြင်းကို လက်ညှိုးထိုးပြ သက်သေခွကြမည်။
၁၃:၁၈ ထိုသားရဲ၏ သင်္ကေတဂဏန်းမှာ ၆၆၆ ဖြစ်သည်။ ခြောက်သည် လူ၏ကိန်းဂဏာန်းဖြစ်သည်။ အောင်မြင်ခြင်း၊ ပြည့်စုံခြင်း ကိန်းဂဏာန်းထက် တခုလျှော့နည်းသည်။ ဘုရားသခင်၏ ဘုန်းတော်ကောင်ကြီးခံစားရာမှ၊ လူ၏ ကျဆုံးခြင်းသင်္ကေတဖြစ်သည်။ ခြောက်သုံးလုံးဆိုခြင်းမှာ မကောင်းဆိုးဝါး ဒုစရိုက်သုံးထပ်ကွမ်းဟု ဆိုလိုသည်။
ဤနေရာတွင် သဲသဲကွဲကွဲ မေးစရာရှိသည်မှာ အန္တီခရစ်သည် ပထမသားရဲလား၊ ဒုတိယသားရဲလားဟူသော ပြဿနာဖြစ်သည်။ အခြေခံကျကျ ပြောရမည် ဆိုလျှင် ပထမသားရဲသည် အန္တီခရစ်ဖြစ်သည်။ ဘုရားကဲ့သို့ သူ့ကို ကိုးကွယ်စေချင်သည်။ ဒုတိယသားရဲမှာ တပါးအမျိုးသားများက မေရှိယသခင်ကို လက်ခံသကဲ့သို့ ယုဒလူမျိုးများက လက်မခံကြသည့်အကြောင်းဖြစ်သည်။ ထိုကတည်းက ဒုတိယသားရဲမှာ ယုဒလူမျိုးဖြစ်ကြောင်း ထင်ရှား၍ မိစ္ဆာဒိဠိ၊ မှားယွင်းသော သွန်သင်ဆရာဖြစ်သည်။