ရှင်ယာကုပ်သြဝါဒစာ ၁
၁။ နှုတ်ခွန်းဆက်လွှာဆုပဏ္ဍာ(၁:၁)
၁:၁ ကျမ်းစာရေးသားသောယာကုပ်က သူ့ကိုယ်သူ ဘုရားသခင်နှင့်ယေရှုခရစ်တော်၏ ကျေးကျွန်အဖြစ်ဖြင့်နှုတ်ဆက်ထားပါသည်။ အကယ်၍ကျမ်းစာရှင်သည် ခရစ်တော်၏ မအေတူဖအေကွဲ မဟုတ်လျှင် အံ့ဖွယ်ရာကြီးမားသောအသက်တာသည် မယုံကြည်သူ (ယော၇:၅) ဖြစ်သည်။ ယေရှုအား သူ့အတွေးအာရုံထဲတွင် ထည့်သွင်းမစဉ်းစားသူ (မာ ၃:၂၁) ဖြစ်သည်။ သို့သော်လည်း သခင်ဘုရားသည် သူ့အားစိတ်ရှည်လက်ရှည်ဖြင့် နှုတ်ကပတ်တော် မျိုးစေ့ကြဲခဲ့သည်။ မယုံကြည်သည့်အကြားမှ သခင်ဘုရားက နိုင်ငံတော်၏ နိယာမကို သွန်သင်ခဲ့သည်။ သို့ဖြင့် ယာကုပ်၏ ဘဝအသက်တာထဲတွင် မျိုးစေ့အမြစ်တွယ်ခဲ့သည်။ အံ့သြကုန်နိုင်ဖွယ်ရာ ပြောင်းလဲမှု ဖြစ်ခဲ့သည်။ ထိုသံသယလူသည် အစေခံဖြစ်လာသည်။ အစေခံဖြစ်လာသည့်အကြောင်းကိုလည်း ပြောကြားဝန်ခံရန် မရှက်တော့ပါ။
သူ့ကိုယ်သူဘုရားသခင်နှင့်ယေရှုခရစ်၏ကျွန်ဟုမိတ်ဆက်စကားကို ထောက်ရှုခြင်းအားဖြင့် ဘုရားသခင်နှင့် ယေရှုခရစ်ကို တန်းတူသဘေားထားသည်ဟု နားလည်ရသည်။ အဖဘုရားသခင်ကို ကြည်ညိုလေးစားသကဲ့သို့ သားတော်ကိုလည်း ကြည်ညိုသည် (ယော ၅:၂၃)။ မည်သူတစ်ဦးမှ သခင်နှစ်ဦး၏ အစေမခံနိုင် (မ ၆:၂၄)ကို ယာကုပ်ကောင်းစွာနားလည်သည်။ အဘဘုရားသခင်နှင့် ခရစ်တော်ဟု ပြောကြားခြင်းသည် အထက်ပါကျမ်းပိုဒ်နှင့် မဆန့်ကျင်ပါ ။ ဘုရားသခင်နှင့် သားတော်သည် အတူတူဖြစ်သောကြောင့် အကြုံးဝင်ပါသည်။
နားလည်ရခက်သည်မှာ ရှင်ယာကုပ်သည် မပြောင်းလဲသေးသောယုဒများကို ထည့်သွင်းရည် ရွယ်သလား။ သို့မဟုတ် နှစ်ခုစလုံး ရည်ရွယ်သလားဆိုသောအချက်ဖြစ်သည်။ သာမာန်အားဖြင့်ပြော ရလျှင် အသက်တာပြောင်းလဲပြီးသောယုဒများသို့ရည်ရွယ်ရေးသာဟန်တူသည် (၁:၁၈)။ ခရစ်ယာန်း များဖြစ်သော်လည်း အသက်တာမပြောင်းလဲသေးသူများနှင့် ခရစ်ယာန်အတုအယောင်များလည်း ထိုအချိန်တွန်ရှိနေကြသည်။ သို့ကြောင့် ဟေဗြဲခရစ်ယာန်များနှင့်မယုံကြည်သူယုဒများသည် ခရစ်ယာန်ကျမ်းဦး ရေးသားထားသည့်အချိန်ထိအောင် ပေါင်းစပ်ခြင်းမရှိကြသည့် အထောက် အထား တစ်ခုအဖြစ် ဆိုနိုင်သည်။
၂။ ဖျားယောင်းသွေးဆောင်ခြင်းနှင့် စစ်ကြောစုံစမ်းခြင်း (၁:၂–၁၇)
၁:၂ ဤကျမ်းပိုဒ်တွင် စစ်ကြောစုံစမ်းခြင်းအကြောင်း အရေးထားသည်။ စကားလုံး တလုံးအား သံတူနက်ကွဲအဖြစ်သုံးထားသည်။ (၂:၁၂)တွင် စုံစမ်းစစ်ကြောခြင်းကို စင်ကြယ်သော စမ်းသပ်ခြင်း သို့မဟုတ် ခရစ်တော်ကဲ့သို့ ယုံကြည်ခြင်းခိုင်မာမှု ရှိ၊မရှိ သိရှိရန် ဘုရားသခင်က ခွင့်ပြုသောအခက်အခဲ ပြဿနာအဖြစ်ရေးထားသည်။ မစင်ကြယ်သောစစ်ကြောစုံစမ်းခြင်းသည် ခန္ဓာ အတွင်းမှပေါ်ပေါက်လာ၍ အပြစ်ထဲသို့ ပို့ဆောင်သည်ဟု ဆိုသည်။ ခရစ်ယာန်အသက်တာသည် ပြဿနာအိုးဖြစ်သည်။ မမျှော်လင့်သော၊ မဖိတ်ကြားသော ပြဿနာပေါင်းစုံ ရောက်လာတတ်သည်။ တခါတရံချိုချိုသာသာ ရောက်လာ တခါတရံအောင့်ကနဲဆောင့်ကနဲ ဝင်ရောက်သည်။ ထိုပြဿနာ များကို ရှောင်လွှဲ၍မရနိုင်ပါ။ ရှင်ယာကုပ်ကလည်း “အကယ်၍အမျိုးမျိုးသောစစ်ကြောစုံစမ်းခြင်း ရောက်လာသော အခါ” ဟုမပြောပါ။ “စုံစမ်းစစ်ကြောခြင်း ရောက်သော အခါ” ဟု ပြောပါသည်။ ထိုပြဿနာများအတွက် မည်ကဲ့သို့လုပ်ရမည်နည်း။
ထိုအခက်အခဲပြဿနာများကို ရင်ဆိုင်ဖြေရှင်းရမည့် နည်းလမ်းကောင်းများစွာရှိပါသည်။ ဝိညာဉ်တော်တန်ခိုးအစွမ်း (ဟေဗြဲ ၁၂:၅)ဖြင့် ဖြိုဖျက်တိုက်ခိုက်အောင်ပွဲခံနိုင်ပါသည်။ တနည်း ပြောရလျှင် ထိုအခက်အခဲပြဿနာများကို လက်လွှတ်မေ့ပစ်ခြင်းဖြင့် တန်ပေါ့နိုင်ပါသည် (ဟေဗြဲ ၁၂:၅)။ ဤနည်းလမ်းသည် သတ္တဝါတစ်ခုကံတစ်ခုဝါဒဖြစ်သည်။ သို့သော် မေးခွန်းပေါ်လာနိုင်သည်။ အခက်အခဲပြဿနာများတွင် ညီတွား၍ စောဒကတက်နိုင်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ရှင်ပေါလုက (၁ကော ၁၀:၁၀)တွင် သတိပေးထားပါသည်။ အခြားတစ်ခုတွင်မူ မိမိကိုယ်ကို သနားခြင်း၊ မိမိအရေးသာတွေးလျှင် တပါးသူ၏အကူအညီကို မျှော်လင့်ခြင်းဖြစ်စေသည်။ ထို့ထက်ကောင်းသောအရာမှာ အခက်အခဲပြဿနာများသည် မိမိဘဝအသက်တာအား ကြီးထွား ရင့်ကျက်စေလို၍ အခက်အခဲပြဿနာကြုံခွင့်ပေးသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မသိရ သော်လည်း တွေ့အောင်ရှာမည်။ ကိုယ်တော်၏အလိုတော်မှာ ကျွန်ုပ်၏အသက်တာတွင် အဖြေရှာမည်။၄၄ ဟုပြောနိုင်ရသည်။ ထိုခံယူချက် အသိတရားပင်လျှင် ရှင်ယာကုပ်က “ငါ့ညီအကိုတို့ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် သည်းခံခြင်းကိုပွားစေ တတ်သည်” ဟု ဆိုထားသည်။ မသောင်းကျန်းနှင့်၊ ဟန်မဆောင်နှင့်၊ ပျော်ရွှင်စွာနေပါ။ ထိုအခက်အခဲပြဿနာများသည် ရန်သူမဟုတ်ပါ။ သင့်အောက်မှာ ခစားမည့်သူဖြစ်သည်။ ခရစ်ယာန် ယုံကြည်ချက်အတိုင်းပြောရလျှင် သင့်ဘဝအသက်တာရင့်ကျက်စေသော မိတ်ဆွေကောင်းများ အလည်လာခြင်းဖြစ်သည်။
ဘုရားသခင်သည် ခရစ်တော်ကဲ့သို့သော သားသမီးများစွာရှိစေလိုသည်။ ခရစ်တော်ကဲ့သို့ ဖြစ်မြောက်ရန် ဝေဒနာ၊ နာကျင်မှု၊ ဆုံးရှုံးမှုနှင့်ခက်ခဲမှုများ ရင်ဆိုင်ကျော်ဖြစ်ရမည်။ နေရောင်ခြည် တစ်ခုတည်းဖြင့် အသီးများကြီးထွားရင့်မှည့်မလာနိုင်ပါ။ စုံစမ်းစစ်ကြောခြင်းသည် ပျော်ရွှင်စရာ မဟုတ်ပါ။ အခက်အခဲပြဿာနာနှင့် အလိုမကျမှုများဖြစ်သည်။ သို့သော်လည်း ထိုအခက်အခဲများ၏ စစ်ကြောသွန်သင်ချက်များက စင်ကြယ်သောအသီးများ သီးပွင့်စေနိုင်သည် (ဟေဗြဲ ၁၂:၁၁)။ ထိုအခက်အခဲပြဿနာများ ကျော်လွန်ပြီးတိုင်း “ဖူးမလွယ်ပါလားနော်၊ ဒါပေမယ့် အတွေ့အကြုံ ကောင်းရသွားတယ်”ဟု မကြာခဏပြေနိုင်ရမည်။
၁:၃ ရှင်ပေါလုက သင့်ယုံကြည်မှုစမ်းသပ်ခြင်းဟုပြောထားပါသည်။ Assayer (God) ဘုရားသခင်က သံမဏိကောင်းဟုတ်မဟုတ် စစ်ဆေးစမ်းသပ်ခြင်းဖြစ်သည်။ သတ္တုကို မီးဖြင့် စစ်ဆေးရသကဲ့သို့ ယုံကြည်သူကိုလည်း စုံစမ်းခြင်း၊ အနာရောဂါ၊ ဝေဒနာ၊ နာကျင်ခြင်းတို့ဖြင့် စစ်ကြောစမ်းသပ်ရသည်။ ပြဿနာမရှိသော အသက်တာသည် တာရှည်ခိုင်ခံ့မြဲမြံခြင်းမရှိနိုင်။ လောကလူသားများပီပီ အခက်အခဲပြဿနာများကို ကြုံတွေ့ရမည်ဖြစ်သော်လည်း အားအင်အဖြစ် ပြောင်းလဲပစ်နိုင်ရမည်။ စက်မှုလက်မှုလုပ်ငန်းရှင် Charles Kettering က “အခက်အခဲ ပြဿနာသည် တိုးတက်ခြင်း၏ တန်ဖိုးဖြစ်သည်။ ငါ့ထံသို့တခြားအရာဘာမှယူမလာပါနဲ့။ အခက်အခဲပြဿနာကိုသာ ယူလာပါ။ မင်္ဂလာသတင်းများကမှု ငါ့ကိုချိနဲ့စေပါတယ်”ဟု ပြောဘူးသည်။
၁:၄ “သည်းခံခြင်းစိန်သည် အကုန်အစင်ပြုပြင်ပါစေ” ဟုဆိုထားသည်။ အခက်အခဲပြဿနာ ရောက်လာသောအခါ တခါတရံဖြတ်လမ်းနည်းဖြင့် ဖြေရှင်းတတ်ကြသည်။ ဘုရားသခင်နှင့် တိုင်ပင်ခြင်း မပြုဘဲ၊ ဆရာဝန်ထံသို့ ဒရောသောပါးပြေးတတ်ကြသည်။ လက်မူတိုက်၍ ဆေးမြီးတို သုံးတတ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အသက်တာတွင် စီးဆင်နေသောဘုရားသခင်၏ အလိုတော် ရေစီးကြောင်းအား ကန့်လန့်ပြုခြင်းဖြစ်သည်။ ထိုသို့ဖြင့် ကာလာရှည်ကာ စုံစမ်းစစ်ကြော ခြင်း ခံရတတ်သည်။ ဆေးမြီးတိုနည်းသုံးခြင်းဖြင့် အသက်တာတွင် သည်းခံစိတ်ရှည်ခြင်း မဖြစ်ထွန်း စေနိုင်ပါ။ ဘုရားသခင်နှင့် တိုင်ပင်၍ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့်သာလျှင် ရင့်ကျက်သော အသက်တာရနိုင်ပါသည်။ ဆုံးရှုံးမှုမရှိဘဲ ဝိညာဉ်တော်ကျေးဇူးပြည့်ဝလာမည်။
အခက်အခဲပြဿနာကြုံတွေ့သောအခါ စိတ်ပျက်အားငယ်ခြင်း၊ ပုန်းရှောင်ခြင်း၊ မရှိအပ်ပါ။ အမှုတော်တွင် သေးလွန်းသော ပြဿနာလည်းမရှိပါ။ အချို့အခက်အခဲများသည် ဘဝအသက်တာ ထဲမှလုံးဝပပျောက်ခြင်းမရှိနိုင်။ အနာဖေးကျန်ရှိနေသည်။ ထိုအခက်အခဲပြဿနာများကို လက်ခံနိုင် စွမ်းရှိအောင် သင်ယူရမည်။ ကျေးဇူးတော်သည် လုံလောက်ပါပေသည်။ ရှင်ပေါလုသည်လည်း သူ့ရုပ်ပိုင်းအားနည်းချက်ကို သုံးကြိမ်သုံးခါတိုင်အောင် (ဘုရားသခင်ထံတော်သို့ အသနား ခံခဲ့ပါသည်။ ဘုရားသခင်က မဖယ်ရှားပေးသော်လည်း ရှင်ပေါလုသည် ကျေးဇူးတော်ကိုချီးမွမ်း နိုင်သည် (၂ကော် ၁၂:၈-၁၀)။
ဘဝနှင့်ယှဉ်၍ အခက်အခဲရင်ဆိုင်ရသောအခါ အဘယ်ကြောင့် ထိုကဲ့သို့မခံစားရအောင် ဘုရားသခင်က မဖယ်ပေးသနည်းဟု မေးမြန်းခြင်းထက် အလိုတော်အားဝန်ခံနိုင်ရန် ကြိုးစားသင့်သည်။ မျက်မမြင်တေးရေးဆရာက အောက်ပါအတိုင်းရေးခဲ့သည်။
အို၊ ငါ့ဝိညာဉ်မမြင်ရသော်လည်း ဝမ်းသာပီတိ အပြည့်ရှိ၏ ဤကမ္ဘာလောကထဲမှ ပြဿနာ ငါ ဖြေရှင်းနိုင်ရာ တခြားသူငါ မခံစားရသော်လည်း ကောင်းချီးဖြာဖြာ ငါခံစားရာ၏ မမြင်မကန်း သော်လည်း မငိုရတော့ပါ။
-Fanny Crosby
ဘုရားသခင်၏ အလိုတော်ဝန်ခံခြင်းဖြင့် ငြိမ်သက်ခြင်းရနိုင်ပါသည်။
တပါးသူများ၏ အခက်အခဲပြဿနာများကို သင်ခန်းစာယူခြင်းဖြင့် ကြုံတွေ့ရသော ဘဝပြဿနာများကို ဖြေသိမ့်ရမည်။ ပန်းဘဲဆရာကြီးသည် သံမဏိ၏အစွမ်းသတ္တိ သိရှိပြီးသောအခါ မီးအပူမပေးတော့ပါ။ များသောအားဖြင့် တရားသဘောအမြော်အမြင်နည်းသောကြောင့် ဝန်ထုပ် ဝန်ပိုး ထမ်းရွက်နေရခြင်းဖြစ်သည်။ မျက်မွှေးအောက် အမြင်သာကြည့်တတ်ကြသောကြောင့် မသက် မသာဖြစ်ရသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ ကြိုးစားကြည့်ပါ (ဆာလံ ၄:၁ JND)
၁:၅ ပြဿနာများကို မိမိဉာဏ်ပညာဖြင့် မရင်ဆိုင်ရပါ။ အခက်အခဲပြဿနာကြုံတွေ့ချိန် သည် အတွင်းလူယုံကြည်အားနည်းချိန်ဖြစ်၍ မိမိမသိနားမလည်မှုများကို ဘုရားသခင်ထံတွင် အလုံးစုံအပ်နှံပါ။ ထိုသို့အပ်နှံလျှင် ဘုရားသခင်၏ အလိုတော်ကို နားလည်လာနိုင်သည်။ ထိုစုံစမ်းခြင်းသည် ဆုလက်ဆောင်ရရှိရာဖြစ်နိုင်သည်။ တချို့က ဘုရားသခင်ကဲ့ရဲ့မှာကို စိုးရိမ် ကြသည်။ ထိုသို့မဟုတ်ပါ။ ဘုရားသခင်သည် တောင်းသောသူများအား စေတနာစိတ်နှင့် ပေးသနား တတ်သူဖြစ်သည်။ လူတွင်ကျရောက်တတ်သောပြဿနာပေါင်းစုံအား ဖြေရှင်းမည့်အဖြေစကား ကျမ်းစာကမပေးပါ။ ပြဿနာကိုဖြေရှင်းမည့် နည်းလမ်းများစွာ မပြောပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်က နိယာမသဘောတရား ပြောထားပြီးဖြစ်ပါသည်။ ထိုစကားကို အသက်တာမှာ နေ့စဉ်နှင့်အမျှ လက်တွေ့ကျင့်သုံးဖို့သာ ရှိသည်။ ထိုအဖြေစကားသည်ပင်လျှင် ကျွန်ုပ်တို့လိုချင်လှ သော ဉာဏ်ပညာဖြစ်သည်။ ဝိညာဉ်တော်နှင့်ဆိုင်သော ဉာဏ်ပညာသည်သာလျှင် လက်တွေ့ဘဝ အသက်တာတွင် ကျင့်သုံးရမည့် ဘုရားသခင်၏ သွန်သင်ချက်ပင်ဖြစ်သည်။
၁:၆–၈ သံသယစိတ်အလျဉ်းမရှိဘဲ ဘုရားသခင်အားယုံကြည်ရမည်။ ကိုယ်တော်၏ ချစ်ခြင်း မေတ္တာနှင့်ကြင်နာယုယမှုတို့ကို ယုံကြည်ရမည်။ ကိုယ်တော်နှင့်ပတ်သက်လာလျှင် နောက်ဆံတင်း စရာသံယောဇဉ် ငြိစရာမရှိရပါ။ အကယ်၍ကိုယ်တော်၏ ကောင်းမြတ်ခြင်းအပေါ်တွင် ယုံမှား သံသရ တမျှင်ထားရှိပါက ဒုက္ခလှလှရောက်မည်သာမှတ်။ တမိနစ်တာမျှ ဘုရားရင်ခွင်တော်တွင် ခိုမှီပြီးနောက် ဘုရားသခင်က “မကြင်နာပါလား”ဟု တွေးတောခြင်းမျိုးသည်မြင့်မားစွာ တက်ပြီးနောက် ချက်ခြင်းပြန်ကျသွားသော လှိုင်းလုံးကြီးနှင့်တူသည်။ အခက်အခဲပြဿနာသည် လှိုင်းလုံးကဲ့သို့သာဖြစ်သည်။ ဘုရားသခင်သည် အကောင်းမြင်ဝါဒနှင့် မကောင်းမြင်ဝါဒကြားရှိ ယုံကြည်ခြင်းမျိုးကို လက်မခံပါ။ စိတ်နှစ်ခွရှိသောအပေါ်တွင် ဆုလက်ဆောင်ပေးစရာမရှိ (ငယ ၇-၈)။ အငယ် ၅-၈တွင် ဉာဏ်ပညာ၏အရင်းအမြစ်သည် ဘုရားသခင်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ဆုတောင်ခြင်းဖြင့်ရရှိနိုင်သည်။ လူတိုင်းအားအသုံးပြုနိုင်ပါသည်။ ယုံမှားသံသယမရှိဘဲ စိတ်ချ လက်ချတောင်းဆိုလျှင် ရရှိပါမည်။
၁:၉ အထက်ပါ သင်ခန်းစာနှင့် မဆက်စပ်ဘဲ၊ သီးခြားဘာသာရပ်သို့ကူးပြောင်းထားပါသည်။ သို့မဟုတ် ကြားညှပ်သွန်သင်သည်ဟုဆိုရမည်။ စင်ကြယ်သော စစ်ကြောစုံစမ်းခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်ရမည့်အကြောင်း သွန်သင်ထားပါသည်။ လူချမ်းသာဖြစ်စေ၊လူဆင်းရဲဖြစ်စေ ဘဝအစမှ အဆုံးတိုင်အောင် ဝိညာဉ်နှင့်နှစ်ပါးသွားနေရသည်။ ဥပမာအာဖြင့် အောက်ကျို့နှိမ့်ချသောညီအစ်ကို သည် သူ့ကိုယ်သူအောက်မျို့နှိမ့်ချလျက် မချင့်မရဲနေသောလည်း ဘုရားသခင်၏အမွေခံ၊ ယေရှုခရစ်တော်နှင့်ဆက်ဆံ ပတ်သက်နေသူဖြစ်သောကြောင့် အမြဲတမ်းပျော်ရွှင်နေသည်။ထိုသူသည် ဘုရားသခင်နှင့်ပတ်သက်၍ ခရစ်တော်၏ ပိုင်ဆိုင်ရာဖြစ်သောကြောင့် အရာခပ်သိမ်းကို သမ္မာတရား နှင့်ယှဉ်၍ ကြည့်မြင်တတ်သည်။ ထိုအောက်ကျို့နှိမ့်ချလာသောညီအကိုသည် သူ၏အော်ကျို့နှိမ့်ချ ခြင်းကို ထိန်းချုပ်ကန့်သတ်လေ့မရှိပါ။ ဘုရားသခင်က နိမ့်သောနေရာတွင်ထားသည်ဟု ဆိုသော်လည်း ပျင်းရိခြင်း၊ နမော်နမဲ့လုပ်ရိုးမရှိ။ အကယ်၍ ချမ်းသာကြွယ်ဝလာလျှင်လည်း ခရစ်တော်အား ပစ်ပယ်ခြင်းမရှိပါ။ ယခုတွင်ထိုသူသည် ခရစ်တော်၌ အသက်ရှင်နေသောကြောင့် ကောင်းကင်ဆိုင်ရာ ဝိညာဉ်တော်ငြိမ်သက်ခြင်းရှိ၏။ ဘာလုပ်ရမည်နည်း။ သူ့ဘဝကို နာကြည်း ဖျက်ဆီးရမည်လား။ ခါးသီးရက်စက်ရမည်လား။ ထိုသို့မဖြစ်ရပါ။ သူ၏အတိုင်းအဆမရှိ အောက်ကျို့နှိမ့်ချခြင်းအပေါ်တွင် ဘုရားသခင်ပေးသနားတော်မူသော ကောင်းကြီးမင်္ဂလာများ၌ ပျော်ရွှင်နေရမည်။
အချို့ခရစ်ယာန်များသည် အထီးအမမှန်းမသိ၊ အသက်အရွယ်နှင့်မလိုက်၊ မိမိဘဝကို တန်ဖိုးမထားဘဲ၊ ပစ်စလက်ခတ်နေတတ်ကြသည်။ မိန်းခလေးများက ယောင်္ကျားလေးများအလား ဘေ့စ်ဘောကစားကြသည်။ လူငယ်များက လူကြီးဟန်ဆောင်၍၊ အသက်ကြီးသူများက ငယ်ရွယ်သူ ကဲ့သို့ဟန်ဆောင်ကြသည်။ အရပ်ပုသူများက သူတို့အရပ်ပုသည်ကိုမကျေနပ်ကျ၊ အရပ်ရှည်သူများက လည်းသူများထက်ခေါင်းတလုံး ပိုချင်ကြသည်။ အချို့လူများက “သေချင်လိုက်တာ” ဟု ညီးတွား တတ်ကြသည်။ မဖြစ်နိုင်သောအရာများကိုတမ်းတခြင်းသာ ဖြစ်သည်။ ခရစ်ယာန်များအတွက် လက်လှမ်းမမှီနိုင်သောအရာများသည် ဘုရားသခင်စီစဉ်ရာဖြစ်သည်ဟု ခံယူတတ်ရမည်။ ရှေးမဆွက ဘုရားသခင်စီမံရာ ရှေးကုသိုလ်ဖြစ်၍ ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့နှင့်အခြားသူများ နာမတောချီးမွမ်းဖို့ဖြစ်စေရသည်။ ရှင်ပေါလုကဲ့သို “ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည့်အတိုင်း ငါဖြစ်သည်” (၁ကော ၁၅:၁၀) ဟုဝန်ခံနိုင်ရမည်။ မိမိအားနည်းချက်များကို သိရှိပြီး သူတပါးတွက်အစေခံနိုင်သည်နှင့်အမျှ ဝိညာဉ်ခွန်အားပြည့်ဝလာမည်။ မိမိရှိသည့်အတိုင်း မဟုတ်သော်လည်း ဝိညာဉ်ရေးရာအမြင်အားဖြင့် ချစ်စဖွယ်ကောင်းသော ဘုရားသားသမီး ဖြစ်လာမည်။
၁:၁၀–၁၁ နောက်တချက်ကား ငွေရတတ်ခြင်းအကြောင်းဖြစ်သည်။ သို့သော် ချမ်းသာသူများ သည် စည်းစိမ်ပေါ်တွင် ပျော်ရွှင်ကြစေဟုမပြောပါ။ “မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက် ကြစေ”ဟုသွန်သင်ပါသည်။ ယေရမိအနာဂတ္တိကျမ်းစာနှင့် တသဘောတည်းဖြစ်သည်။
ပညာရှိသောသူသည် မိမိပညာ၌မကြွားပါစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားပါစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားပါစေနှင့်။ ဝါကြွားသောသူ မည်သည်ကား ငါသည်မြေကြီးပေါ်မှာချစ်သနားခြင်၊ တရားစီရင်ခြင်း၊ ဖောင့်မတ်ခြင်းကိုပြုသော ထာဝရဘုရား ဖြစ်ကြောင်း တည်းဟူသော ငါ့သဘောကို သိနားလည်ခြင်း၌သာ ဝါကြွားစေ။ (ယေ ၉:၂၃-၂၄)
ငွေကြေးချမ်းသာသူသည် သူ့စည်းစိမ်ဥစ္စာအပေါ်တွင် အားရပျော်ရွှင်နိုင်ပါသည်။ သို့သော် ထိုစီးပွားရေး အောင်မြင်မှုသည် ဘုရားရှင်သို့သာ ချီးမွမ်းဆက်ကပ်ရမည်။ သို့မဟုတ်လျှင် ဤလောကစည်းစိမ် ဥစ္စာချမ်းသာခြင်းထက်သာ၍၊ ရေရှည်တည်တံ့ကောင်းမွန်သော ကောင်းကင် ဘဏ္ဍာရှိသေးကြောင်း နားလည်ရမည် (ဟေဗြဲ ၁၀-၃၄)။ လောကစည်းစိမ်ဥစ္စာများသည် တောမြက်ပန်းကဲ့သို့ ပျောက်လွင့်စရာဖြစ်၏ (ဟေရှာ ၄၀:၆-၇)။ လူသည်ဘာမျှမဟုတ်သကဲ့သို့ သူ့စည်းစိမ်ဥစ္စာများသည်လည်း သူနှင့်အတူ မြေမြှပ်သင်္ဂြိုလ်ခံရမည်။ ယာကုပ်သြဝါဒကျမ်းစာ ကလည်းလူ၏လောကချမ်းသာခြင်းကို တောမြက်ပန်းနှင့် နှိုင်းယှဉ်ထားသည်။ “သူသည်တောမြက် ပန်းကဲ့သိုဖောက်ပြန်ခြင်းသဘောရှိသည်”ဟု ဆိုထားပါသည်။ ဆိုလိုသည်မှာ နေရောင်နှင့်လေက ဖျက်ဆီးခြင်းမျိုးမဖြစ်ရအောင် ဝိညာဉ်ရေးရာတန်ဖိုးထားဖို့ သွန်သင်သည်။ ခင်တွယ်စရာအရာဝတ္ထု နှင့်ချစ်ခြင်းမေတ္တာများ ဆုံးရှုံးခြင်းဖြင့် စုံစမ်းစစ်ကြောနိုင်သည်။ ထိုအရာမျိုးကြုံသောအခါ ငွေရတတ်သောသူ၏ နှိမ့်ချခြင်းကိုသတိရ၍ ပျော်ရွှင်စွာ ကျေးဇူးတော်ချီးမွမ်းနိုင်ရသည်။
၁:၁၂ မှန်ကန်သောစုံစမ်းစစ်ကြောခြင်းခံရပြီးနောက်တွင် ထိုသူအပေါ်၌ ကောင်းကင်ကြီး မင်္ဂလာများ ရောက်လာမည်။ “စစ်ကြောစုံစမ်းခြင်းကို ခံရပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ကတိတော်ထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။“ ဟု သွန်သင်ထားပါသည်။ ထိုသရဖူသည် ဘုရင်ဆောင်းသော သရဖူ မဟုတ်ပါ။ ခရစ်တော်က ပလ္လင်တော်ရှေ့တွင် ချီးမြှင့်မည့်အောင်ပွဲ ခံသရဖူဖြစ်သည်။ ထာဝရအသက် လက်ဆောင်ဖြစ်သည်။ ကောင်းကင်နိုင်ငံတွင်ပိုမို ဝမ်းမြောက်ကြရမည်။ လူတိုင်း၏ ခွက်ဖလားသည် မတူညီကြသော်လည်း ခွက်တိုင်းပြည့်လျှံနေမည်။ အတိုင်းအဆ အသီးသီးရှိကြသည့်အတိုင်း အကျိုးရလာဒ်ခံစားကြမည်။ အပိုဒ်ငယ် ၁၂သည် ကောင်းကင်နိုင်ငံတွင် ကျက်သရေမင်္ဂလာပြည့်စုံသော အသက်သရဖူ ဆင်မြန်းမည့်အကြောင်း ဖြစ်ပါသည်။
ထို့ကြောင့်အသက်တာ အသီးသီးတွင်ကြုံတွေ့ရသော မှန်ကန်သည့်စုံစမ်းစစ်ကြောခြင်းကို နားလည်ခံယူတတ်ကြရမည်။ စုံစမ်းစစ်ကြောခြင်းကို မည်သို့တုံ့ပြန်ကြရမည်နည်း။ “ကံခေလှပေစွ” ဟုညီးတွားရမည်လား။ သို့မဟုတ် အလိုတော်အား နားလည်ဝန်ခံသင့်သလား။ ဝေဒနာပြပွဲ လုပ်ရမည်လား၊ ငြိမ်သက်စွာဆင်ခြင်ရမည်လား။ မနက်ဖြန်အတွက် အသက်ရှင်သည်မှန်လျှင် မိမိဘဝတိုးတက်ဖြစ်ထွန်းအောင် လုပ်ရမည်။ ယနေ့အတွက်အသက်ရှင်လျှင် ဘုရားသခင်၏ လက်တော်ကို တွေ့မြင်အောင်ရှာရမည်။ ထို့ကြောင့်မိမိကိုယ်ကို သနားကြင်နာလျှက် သိမ်ငယ်နေသင့်သလား၊ အခြားသူများ အတုယူအတတ်သင်စရာ ဖြစ်အောင် အသက်ရှင်နေသင့်သလား။
၁:၁၃ တဖန်အပြစ်သွေးဆောင်ခြင်း အကြောင်းကို(ငယ် ၁၃-၁၇)တွင် ရှင်းပြထားပါသည်။ မှန်ကန်သော စုံစမ်းစစ်ကြောခြင်းသည် ကျွန်ုပ်အား အရည်အသွေးထက်မြက်ကောင်းစားအောင် ကျောက်ကဲ့သို့ သွေးခြင်းဖြစ်သော်လည်း အပြစ်သွေးဆောင်းခြင်းသည် ဆိုးရွားခြင်းသို့ပို့ဆောင် ပါသည်။ ကောင်းကောင်းသိရှိ ခံယူရမည့်အချက်မှာ အပြစ်သွေးဆောင်ခြင်းသည် ဘုရားသခင်ထံမှ မဟုတ်။ ဘုရားသခင်သည် ယုံကြည် သစ္စာခိုင်မာမှုအား စစ်ကြောခြင်းသာဖြစ်၍ အပြစ်ဒုစရိုက် နွံထဲသို့ပို့ဆောင်ရိုးမရှိ။ ကိုယ်တော်တိုင်လည်း အပြစ်နှင့် မပတ်သက်သကဲ့သို့ တပါးသူအားအပြစ်လုပ်အောင် ဖျားယောင်းသွေးဆောင်ခြင်း ပြုရိုးမရှိ။
၁:၁၄ လူတိုင်းသည် ကျရောက်လာမည့်အပြစ်အား ကာကွယ်တုံ့ပြန်နိုင်ရန်ဝတ္တရားရှိသည်။ ဘုရားသခင်အားအပြစ်မတင်နိုင်သဖြင့် ခေတ်သစ်စိတ်ရောဂါစကားအတိုင်း “အပြစ်ဆိုတာ ရောဂါတစ်မျိုးပါ”ဟု ဆိုတတ်ကြသည်။ အပြစ်စီရင်ခြင်းမှကင်းလွတ်ရန် ထိုသို့ကြံဖန်တတ်ကြသည်။ သို့သော်လည်း အပြစ်သည် အနာရောဂါ မဟုတ်ပါ။ အကျင့်သီလပျက်ပြားခြင်းဖြစ်သည်။ များသောအားဖြင့် မိမိကိုယ်မှလွဲ၍ အခြားအရာများကို အပြစ်တရားခံအဖြစ်သတ်မှတ်ကြသည်။ အရာဝတ္ထုများသည် အပြစ်တရားခံမဖြစ်နိုင်ပါ။ ထိုအရာဝတ္ထုများပေါ်တွင် အပြစ်မခိုကပ်ပါ။ “မိမိတပ်မက်သော စိတ်ဆွဲငင် ဖျားယောင်းခြင်း ခံရသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်၏။” ဟု သတိပေးထားပါသည်။ အပြစ်သည် မိမိတို့ကိုယ်ခန္ဓာအတွင်း၊ ဇာတိဟောင်းမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ခရစ်တော်ကလည်း “မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်ပြစ်မှားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း။ မမှန်သောသက်သေ ခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲကထွက်လာသည်” (မ ၁၅:၁၉)ဟု သွန်သင်ထားပါသည်။
အခန်းငယ် ၁၅တွင် တပ်မက်သောစိတ် သည်အကောင်းဘက်သို့၎င်း နှစ်ခုစလုံးယူနိုင်သည်။ စကားလုံးကိုက ကြိုက်ရာဘက်သို့ ယူနိုင်သောအဓိပ္ပါယ်ရသည်။ သို့သော် ဓမ္မသစ်ကျမ်းအသုံးအနှုန်း တွင်မူ အဆိုးဘက်သို့ရည်ညွှန်းထားသည်။ ဤကျမ်းပိုဒ်တွင် အထင်အရှား သုံးပြထားပါသည်။ တပ်မက်ခြင်းကို ငတ်မပြေနိုင်သော ဒုစရိုက်မိန်းမနှင့် ခိုင်းနှိုင်းထားပါသည်။ လူတိုင်းကို လိုက်လံ မြူဆွယ်ဖျားယောင်းသည်။ လူတိုင်းသည်ထိုကဲ့သို့သောအပြစ် ဒုစရိုက်၏ဖျားယောင်းသွေးဆောင် ခြင်းဒဏ်နှင့်မကင်းလွတ်နိုင်ကြ။ သို့ဖြစ်လျှင် အပြစ်ဖျားယောင်း သွေးဆောင်ရာသို့ လိုက်ပါသွာရမည်လား။
အပြစ်ဟူသမျှကို အတွေးအာရုံထဲမှထုတ်လိုက်ခြင်းဖြင့် သန့်ရှင်းစင်ကြယ်ရမည် (ဖိ ၄:၈)။ ထိုသို့ဖျားယောင်းသွေးဆောင်းခြင်းခံရသည်နှင့်တပြိုင်နက် ဘုရားကိုခေါ်ပါ။ “ထာဝရဘုရား နာမတော်သည်ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်လုံခြုံစွာ နေရကြ၏” (ဆာ ၁၈:၁၀) ဟု ကျမ်းစကားရှိထားသည်ကို မမေ့ပါနှင့်။
၁:၁၅ ထိုသို့ဆိုလျှင် အဘယ်သို့အပြစ်လုပ်နိုင်တော့မည်နည်း။ “တပ်မက်သောစိတ်သည် ပဋိသန္ဓယူ၍ ဒုစရိုက်ကို ဘွားတတ်၏” ဟုဆိုထားပါသည်။ ထုဆိုးညစ်ခြင်းကိုပစ်ပယ်ပထုတ်ရမည့် အစားပျော်ရွှင်လျက်၊ အရသာခံလျက်၊ သာယာတတ်ကြသည်။ ထိုအပြုအမူမျိုးသည် မကောင်းသောအမျိုးသမီးနှင့် ဆက်ဆံခြင်းမျိုး ဖြစ်သည်။ တပ်မက်ခြင်းသည် ဖအေမပေါ်သော အပြစ်ကိုတိတ်တိတ်ပုန်း မွေးတတ်သည်။ အကယ်၍ ထိုဆိုးညစ်ခြင်းကိုချက်ချင်းမပထုတ်ဘဲ၊ အတွေးအားရုံထဲတွင် ကြာရှည်သိမ်းဆည်းထားလျှင် ထိုအတွေးနောက်သို့ ချော်လဲသွားတတ်သည်။ တပ်မက်စိတ်သည် အပြစ်နောက်သို့ တကောက်ကောက် လိုက်ပါသွားကြောင်းကို ဒါဝိဒ်နှင်ဗေသရှေဘ တို့က သင်ခန်းစာလှလှပေးထာပြီး ဖြစ်ပါသည် (၂ရာ ၁၁:၁-၂၇)။
ဒုစရိုက်သည်ပြည့်စုံလျှင်သေခြင်းကိုဖွားတတ်၏ဟုကျမ်းစာကသတိပေးသွန်သင် ထားပါသည်။ အပြစ်သည်အသီးအပွင့်မထွက်သော် အမြုံမဟုတ်။ အသိုက်အမြုံမွေးဖွားသည်။ ဒုစရိုက်က သေခြင်းမွေးဖွားသည့် အကြောင်းကို နည်းလမ်းအမျိုးမျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ အာဒံသည် အပြစ်ကြောင့် ရုပ်ခန္ဓာကိုယ်သေပွဲဝင်ရပြီး ရားထူရာခံ၊စည်းစိမ်ဥစ္စာဟူသမျှ ဆုံရှုံးစွန့်လွှတ် ခဲ့ရသည် (က ၂:၁၇)။ ထို့ထက်မက အပြစ်တရားသည် ဝိညာဉ်ကိုလည်း ထာဝရသေစေနိုင်သည်။ ဘုရားသခင်နှင့်ကင်းဝေးပြီး ကောင်းကြီးမင်္ဂလာပြတ်တောက်စေသည် (ရော ၆:၂၃)။ အကျိုးဆက် သည်လည်းသေခြင်းတစ်မျိုးဖြစ်သည်။ (၁တိ ၅:၆)တွင်လည်း “ကာမဂုဏ်စည်းစိမ်၌ ပျော်မွေ့သော မုဆိုးမမူကား အသက်ရှင်လျက်ပင်အသေဖြစ်၏”ဟု ဆိုထားသည်။ ထိုကျမ်းစကား၏ ဆိုလိုချက်မှာ ဘုရားကယ်တင်ခဲ့သောအသက်တာအား အလိုတော်ပြည့်စုံစေခြင်းမပြုဘဲ၊ အချည်းနှီးဖြုန်းတီးသည် ဟုဆိုလိုသည်။ ခရစ်ယာန်ဖြစ်ပါလျက် ဘုရားသခင်နှင့်မိဿဟာယမဖွဲ့သူသည် သေခြင်းနှင့်တူတူ ဖြစ်သည်။
၁:၁၆–၁၇ လူများသည်အပြစ်ပြုများသောအခါဖန်ဆင်းရှင်အား အမြဲတမ်းလိုလိုအပြစ်တင် စကားဆိုတတ်ကြသည်။ “အဘယ်ကြောင့်ဤသိုပြုစေပါလဲ”ဟု ပြောတတ်ကြသည်။ ထိုစကားသည် မိမိကိုယ်ကို လိမ်ညာခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူများအားဆုလက်ဆောင်ကောင်းပေးလေ့ ရှိသည်။ “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏အဘထံတော်က သက်ရောက်သည်”။
ရှင်ယာကုပ်က အဘဘုရားသခင်အားအလင်း၏ဖခင်အဖြစ် ရှင်းပြထားသည်။ ကျမ်းစာတွင် အဘဟူသောစကားလုံးသည် တခါတရံဖန်ဆင်းရှင် သို့မဘုတ် ဘိုးအေ ဟုအဓိပ္ပါယ်ရသည်။ (ယောဘ ၃၈:၂၈)။ ထို့ကြောင့်ဘုရားသည် ဖန်ဆင်းရှင်နှင့်အလင်းတို့၏ဘိုးအေ(ဖခင်)ဖြစ်သည်။ ဤနေရာတွင် အလင်းသည် ကောင်းကင်အရာခပ်သိမ်းကို ဆိုလိုပါသည်။ နေ၊လနှင့်ကြယ်တာရာများ (က ၁:၁၄-၁၈၊ဆာ ၁၃၆:၇) တို့ဖြစ်သည်။ ထိုကဲ့သို့ပင်ဘုရားသခင်သည် ဝိညာဉ်များ၏ဖခင်းလည်း ဖြစ်သည်။ သို့ကြောင့် အနန္တစကြဝဠာအတွင်းရှိ အလင်းအားလုံး ၏ ဖခင်ဖြစ်သည်။ အဘသည် ရွှေ့လျားတိမ်းယိမ်းခြင်း မရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။ ဘုရားရှင်သည်ကောင်း ကင်အရာမဟုတ်။ ဖန်ဆင်းရှင်ဖြစ်သည်။ အရာခပ်သိမ်းသည်အစဉ်မပြတ်ရွှေ့လျား ပြောင်းလဲသော် လည်းကိုယ်တော်သည် ရွှေ့လျားတိမ်းယိမ်းခြင်းမရှိပါ။ ရှင်ယာကုပ်သည်နေ၊လနှင့်ကြယ်များ၏ အမျိုးမျိုးအဖုံဖုံရွှေ့လျားတိမ်းယိမ်းခြင်းကို သဘောပေါက်သဖြင့် ရွှေ့လျားတိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့်ကင်းလွတ်ခြင်းမရှိသောအဘ ဟုဆိုသည်။ ဤကျမ်းစကားဖြင့် ကမ္ဘာဂြိုလ် သည်လည်းနေကိုလှည့်ပတ်နေကြောင်း နားလည်ရသည်။ နေကြတ်ခြင်း၊ လငပုတ်ဖမ်းခြင်းကိုလည်း ရှင်းပြခြင်းဖြစ်သည်။ နေကြတ်ခြင်းဆိုသည်မှာ လအရိပ်ကမ္ဘာပေါ်သို့ ကျရောက်ခြင်း ဖြစ်သည်။ အဘ ဘုရားသခင်သည် ထိုအရာများနှင့်လုံးဝခြားနားသည်။ ရွေ့လျားခြင်း၊ တိမ်းယိမ်းခြင်း၊အရိပ်ကျခြင်း၊ အရိပ်နှင့် ကင်းလွတ်ခြင်းဟူ၍မရှိ။ ဘုရားရှင်ပေးသော ဆုလက်ဆောင်များသည်လည်း ကိုယ်တော်ကဲ့သို့ပင် ပြည့်စုံသည်။ ထို့ကြောင့် ဘုရားသခင်သည် လူအများအား အပြစ်နောက်သို့ လိုက်ပါသွားရန် သွေးဆောင်ခြင်းသည် မကောင်းသော လူ့ဇာတိထဲမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။
ကျွန်ုပ်တို့ယုံကြည်ခြင်းသစ္စာကို မကောင်းသော စုံစမ်းစစ်ကြောခြင်းနှင့် စစ်ဆေးကြည့်သောအခါ ထိုအကုသိုလ်စိတ်ကို ကြာရှည်သိမ်းထားသလား၊ အမြန်ဆုံး ပထုတ်ပါသလား။ စုံစမ်းခြင်း ရောက်သောအခါ ကယ်မဲ့သူမရှိပါလားဟု ညီးတွားသလား။ ထိုအခါမျိုးတွင် ဘုရားရှင်ကိုအပြစ်တင် တတ်ပါသလား။
၃။ နှုတ်ကပတ်တော (၁:၁၈–၂၇)
ဘုရားသခင်သည် အလင်းများ၏ ဖခင်ဖြစ်ကြောင်း သွန်သင်ထားပြီးပြီ။ ကျွန်ုပ်တို့၏ ဖခင်ဖြစ်ကြောင်းနှင့် ဝိသေသလက္ခဏာထူးခြားစွာ ကျွန်ုပ်တို့ကိုဖန်ဆင်းထားသူဖြစ်သည်။ ထို့ကြောင့် ကျန်ုပ်တို့သည် နှုတ်ကပတ်တော်အား မြေဝယ်မကျ နားထောင်ခြင်း အပြည့်ရှိရမည်(ငယ် ၁၉-၂၇)။
၁:၁၈ ဤကျမ်းပိုဒ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသစ်တဖန် မွေးဖွားရမည့် အကြောင်း ရှင်းပြထားသည်။ “နိမ္မိတ သတ္တဝါတို့တွင်ငါတို့သည် အဦးသီးသောအသီးကဲ့သို့ဖြစ် စေခြင်းငှာ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်းငါတို့ကို ဖြစ်သွားစေတော်မူ၏“ဟု ဆိုထားပါသည်။ “အလိုတော်အတိုင်း” ဟူသော စကားလုံးသည် ကျွန်ုပ်တို့အားကယ်တင်ဖို့ရန် အလိုတော်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အတင်းအဓမ္မ ပျော်ရွှင်စေခြင်းလည်း မဟုတ်ပါ။ အလိုတော် နှင့်အညီ ဖြစ်သွားစေခြင်းဖြစ်သည်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် တန်ဖိုးနည်းသောအရာ မဟုတ်၊ ဝယ်ယူစရာမလို၊ ကြိုးစားရှာဖွေစရာလည်း မလိုပါ။ ဘုရားရှင်က သဒ္ဓါကြည်ဖြူစွာ သက်သက် ပေးသနားခြင်းဖြစ်သည်။ ထိုအချက်ကြောင့် ချီးမွမ်းကိုးကွယ်ထိုက်သည်။ ထို့ကြောင့် ဝိညာဉ်တော်၌ အသစ်တဖန် မွေးဖွားမှသာလျှင် ဘုရားသားသမီး ပီသပါမည်။ အသစ်တဖန်မွေးဖွားခြင်း မရှိသရွေ့ကာလပတ်လုံး ဘုရားသခင်နှင့် ဆွေမျိုးတော်စပ်ခြင်းလည်း တိုးတက်လာမည်မဟုတ်။ သမ္မာတရားစကား ပြောရလျှင်သမ္မာကျမ်းစာသည် အသစ်တဖန်မွေးဖွားခြင်း၏ အသုံးအဆောင် ပစ္စည်းဖြစ်သည်။ ပြောင်းလဲသောအသက်တာဖြစ်ဖို့ရန် သမ္မာကျမ်းစာ၏ အခန်းကဏ္ဍပါဝင်ရစမြဲ။ နှုတ်အားဖြင့်ဖြစ်စေ၊ စာပေကျမ်းဂန်ဖြင့်ဖြစ်စေ ပါဝင်ပတ်သက်သည်။ သမ္မာကျမ်းစာမပါဘဲနှင့် ကယ်တင်ခြင်းအကြောင်း သိကြမည်မဟုတ်။
ငါတို့သည် အဦးသီးသော နိမ္မိတသတ္တဝါဖြစ်၏ ဟုဆိုထားသည်။ အဦးသီးသောအသီးနှင့် ပတ်သက်၍ စဉ်းစားစရာအကြောင်း(၃)ချက်ရှိပါသည်။ ပထမဦးစွာ အဦးသီးသောအသီးဆိုသည်မှာ ပထမဦးဆုံးသီးသော အသီးအနှံဖြစ်သည်။ ရှင်ယာကုပ်ပြောသော ပထမဦးဆုံးယုံကြည်သူများကို အဦးသီးသော နိမ္မိတသတ္တဝါဟု ဆိုခြင်း ဖြစ်သည်။ ယုဒယုံကြည်သူများကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ ဒုတိယအချက်အားဖြင့် အရာခပ်သိမ်းသည် ဘုရားသခင်ပေးသနားတော်မူရာ ဖြစ်သောကြောင့် မူလပိုင်ရှင်အား ပြန်လည်ဆက်ကပ် ပူဇော်ခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ သန့်ရှင်းရာဋ္ဌာနတော် ကျက်သရေဆောင်တွင် စိုးစံဖို့ရန် မိမိကိုယ်ကိုပူဇော်အပ်နှံ ရသည် (ရော ၁၂:၁−)။ တတိယအချက်အနေဖြင့် အဦးသီးသောအသီး ဆိုသည်မှာ အရင်ဆုံးမှည့်သော ကောက်လှိုင်းအား ခရစ်တော်အတွက် ရိတ်သိမ်းပူဇော်ခြင်း ဖြစ်သည်။ အရင်ရိတ်သိမ်းသော နောက်တွင်အခြားသီးနှံများလိုက်သကဲ့သို့ ရှေးဦးယုံကြည်သူများသည် ရာစုနှင့်ချီ၍ အခြားသူများ အားအသစ်ဖန်ဆင်းခြင်း၏ အသီးအပွင့်အသက်တာကိုပြသခဲ့ကြသည်။ ထိုသို့အားဖြင့် ကမ္ဘာတစ်ဝှမ်း လုံးတွင်ဘုရားရှင်တော်ကယုံကြည်သူကို များပြားတိုးပွားစေသည် (ရော ၈:၁၉-၂၃)။ ယေရှုခရစ်တော် ကြွရောက်လာသောအခါ ထိုကောက်လှိုင်းစည်းများအားလုံး တစ်ခုမကျန်ပြန်လည် သိမ်းဆည်းမည်။ ထိုအချိန်တွင် ခရစ်တော်ကိုနာခံသူများ ကမ္ဘာအနှံ့၌ ပေါ်ထွန်းလာကြမည်။ ဤကျမ်းပိုဒ်၏ ဆိုလိုချက်မှာ ရာစု(၁) ရှိယုံကြည်သူများကို ရည်ညွှန်းသကဲ့သိုခရစ်တော်၏ နာမတော်မြတ်၌ အသီးသီး ယုံကြည်နာခံသူများလည်း အကြုံးဝင်သည်။
၁:၁၉(က) ဤအခန်း၏ အနှစ်သာရသည် အဦးသီးသောနိမိတ်သတ္တဝါ၏လက်တွေ့ဘဝအား သွန်သင်ခြင်းဖြစ်သည်။ နှုတ်ကပတ်တော်သမ္မာတရား၌ အသစ်တဖန်မွေးဖွားသူများ၏ လက်တွေ့ ဘဝအသက်တာတွင် ဖြောင့်မတ်စင်ကြယ်ခြင်းအကြောင်းဖြစ်သည်။ ဘုရားသခင်၏သမ္မာစကား တော်အရ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အချစ်ဆုံးသားသမီးများဖြစ်ကြောင်းနားလည်ရမည်။ ထို့ကြောင့် တာဝန်ဝတ္တရား ကျေပွန်ရသည်။
နှိုးကြားခြင်းငှာလျင်မြန်ရသည်။ ဤစကားသည် သုံးနေကျစကား မဟုတ်ပါ။ “မြန်မြန်လာ၊ မြန်မြန်လာနားထောင်”ဟု အဓိပ္ပါယ်ရှိသည်။ တရားစကားတော်ကို နားထောင်ဖို့ အဆင်သင့်ရှိနေကြရန်နှင့် ဘုရားသခင်စကားအရာများကို မျှော်လင့်ကြရန်သွန်သင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ သွန်သင်ချက်များ ဖြစ်ရသည်။ စကားပြောခြင်းငှာ နှေးကြရမည်။ ကဗျာကယာတွေးလျှင် ဘာကိုဆို လိုမှန်းသိမည်မဟုတ်။ ကျွန်ုပ်တို့၏ ပြောင်းလဲသော အသက်တာကို နမော်နမဲ့ပစ်စလက်ခတ်မပြု၊ ထိန်းသိမ်းဖို့သတိပေးသည်။ ထိုသဘောကို နားလည်ခံယူတတ်ရမည်Epictetus က “သဘာဝတရား လျှာတစ်ခုနှင့်နားနှစ်ခု ပေးထားပါသည်။ ထို့ကြောင့်သူများထံမှ နှစ်ဆကြားနာရပြီး တစ်ဆပြန်ပြောရသည်” ဟု ရှေးစကားအဆိုရှိခဲ့သည်။ ရှောလမုန်ကလည်း ဤကျမ်းစာနှင့် တစ်သဘောတည်းရှိသည့် ” မိမိနှုတ်ကို စောင့်သောသူသည် မိမိအသက်ကိုစောင့်၏။ မိမိနှုတ်ကိုကျယ်ကျယ် ဖွင်ဟသောသူမူကား ပျက်စီးခြင်းသို့ရောက်တတ်၏” (သု ၁၃:၃) ဟု ဆိုထားသည်။ (သု ၁၀:၉)တွင်လည်း “စကားများ သောအားဖြင့် အပြစ်ပါတတ်၏”ဟု ဆိုထားသည်။ စကားထဲကဇာတိပြတတ်သည်၊ နှုတ်ကျွံလျှင် ပြန်ရုတ်၍မရပါ။ စကာများ၊ လေဖောခြင်းသည် အပြစ်သွေးဆောင်ခြင်း တစ်မျိုးဖြစ်သည်။
၁:၁၉ (ခ)၂၀ အမျက်ဒေါသထွက်ခြင်းကိုလည်းနှေးရမည်။ စိတ်တိုသောသူသည်တရားမျှတ ခြင်း အသီးအပွင့် မဖြစ်ထွန်းစေနိုင်သကဲ့သို ဘုရားသခင်မျှော်လင့်အားထားသောသားသမီး လည်းမဖြစ်နိုင်။ အမျက်ဒေသထွက်ခြင်းသည် ခရစ်ယာန်များအားအခြားသူများက အထင်အမြင် သေးစေသည်။ “စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူ သည် မြို့ကိုတိုက်ယူသူထက်၎င်း ကောင်း၏” (သု ၁၆:၃၂) ဟူသောကျမ်းချက်သည် မှန်ကန်မြဲ မှန်ကန်လျက်ရှိသည်။
၁:၂၁ အဦးသီးသောနမ္မိတ သတ္တဝါဖြစ်ကြောင်းပြရန် အခြားသောနည်းလမ်းမှ ခပ်သိမ်းသော ညစ်ညူးခြင်း၊ မနာလိုသောစိတ်လွန်ကျူးခြင်းကို ပယ်ရှားခြင်း ဖြစ်သည်။ ထိုစကားသည် အထဲ၌စိုက် ပျိုးသော နှုတ်ကပတ်တရားတော်ကို နှုးညံ့သိမ်မွေ့စေခြင်းဖြစ်သည်။ ညစ်ညူးခြင်းဟုဆိုရာတွင် မသန့်ရှင်းသော စိတ်ပိုင်း၊ရုပ်ပိုင်း၊ ဝိညာဉ်ဆိုင်ရာ ကိစ္စရပ်အားလုံးပါဝင်သည်။ မနာလိုစိတ်လွန်ကြူး ခြင်းမှာ မပြောင်းလဲသေးသော အသက်တာထဲမှ မကောင်းဒုစရိုက်နတ်ဆိုး၊ ညဉ်ဆိုးများကို ဆိုလိုပါသည်။ ထိုစိတ်ကအပြစ်ကျူးလွန်ဖို့ သွေးဆောင်ပြီး၊ အခြားသူများသို့လည်း ကူးစက်စေနိုင်သည်။ ပြည့်လျှံလွယ်သည်။ ထို့ကြောင့်ဤကျမ်းပိုဒ်တွင် များများစားစားရှင်းပြခြင်း မပြုပါ။ သို့သော်မှတ်သားရမည်မှာ အကျင့်ဆိုး၊ ညဉ်ဆိုးသည် နတ်ဆိုးဖြစ်သည်။ သဘောပေါက်မည် ထင်ပါသည်။ နှုတ်ကပတ်တော်လက်ခံခြင်းဖြင့် ထိုနတ်ဆိုးများကို နှင်ထုတ်၍ လိပ်ပြာကြည်လင် နိုင်ပါသည်။
သမ္မာတရားကျင်လည်နိုင်ရန် ယဉ်ကျေးသိမ်မွေ့ခြင်းလည်း ရှိဖို့လိုသည်။ ထိုသို့ဖြစ်ရန် အထွေအထူး သင်ပေးစရာ မလိုပါ။ သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုခြင်းဖြင့် ရနိုင်ပါသည်။ ထိရောက်မှု မရှိလျှင် ကျမ်းစာသင်တန်းတက်ခြင်း နည်းလမ်းဖြင့်လည်း လေ့ကျင့်သင်ယူနိုင်သည်။ မာနထောင်လွှားခြင်း။ ကြမ်းတမ်းခက်ထန်ခြင်းနှင့် အပြစ်များသည် ယဉ်ကျေးသိမ်မွေ့ခြင်း မဖြစ်စေနိုင်။ သမ္မာကျမ်းစာ သွန်သင်ချက်အတိုင်း အောက်ကျို့ခြင်း၊ နှိမ့်ချခြင်းစိတ်ဓာတ်ရှိရမည်။ “နှိမ့်ချလျက်ရှိ သောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့ကား ခရီးတော်တို့ကို သွန်သင်တော်မူ၏” (ဆာ ၂၅:၉)ဟူ၍၎င်း၊ “စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသူ တို့ကိုသာငါကြည့်ရှုမည်” (ဟေရှာ ၆၆:၂)ဟု၎င်း ကျမ်းစာက ဆိုထားပါသည်။
“လူ၏ အမျက်ဒေါသည် ဘုရားသခင်၏ဖြောင့်မတ်သောတရားကို မပြုစုတတ်“ဟု ကျမ်းစာ ကဆိုထားပါသည်။ ထိုအတွေးအခေါ်သည် အသစ်တဖန်မွေးဖွားသူ၏ ခရစ်ယာန်အသက်တာအာမခံ ဖြစ်သည်။ RV ကျမ်းစာတွင်ထိုစကားကို ရင်တွင်းဖြစ်စကားဟုဆိုထားသည်။ ထိုစကားသည် အသက်ဝိညာဉ် ကယ်တင်ရာဖြစ်သည်။ သမ္မာကျမ်းစာသည် အသစ်တဖန်မွေးဖွားခြင်းအတွက် ဘုရားသခင်၏ အသုံးအဆောင် လက်နက် ဖြစ်သည်။ အပြစ်ဒဏ်ချမှတ်ဖို့ရန်သာ စွဲကိုသည်မဟုတ်ပါ။ အသက်ဝိညာဉ် ကယ်တင်ရာ တန်ခိုးအစွမ်းလည်းဖြစ်သည်။ ဤဘဝအတွက်လည်း အသက်တာပျက်စီးခြင်းမှကာကွယ်ပေးသည်။ ဤအငယ် ၂၁သည် ယခုဘဝအသက်တာ၏ ကယ်တင်ခြင်းလက္ခဏာလည်း ဖြစ်သည်။
၁:၂၂ နှုတ်ကပတ်တော်ကို နာခံရုံမျှဖြင့် မလုံလောက်ပါ။ နာခံလိုက်လျှောရမည်။ သမ္မာကျမ်း စာကိုရွတ်ဖတ်နေရုံမျှဖြင့် နှုတ်ကပတ်တော်မှာ ကျင်လည်သည်ဟု မဆိုနိုင်ပါ။ နှုတ်ကပတ်တော်ကို လေးနက်စွာ ဖတ်ရှုဆင်ခြင်ခြင်းအားဖြင့် ဘုရားရှင်ပြောလိုသောစကားကို ဆင်ခြေဆင်လက်မရှိ နာခံလိုက်လျောက်ရမည်။ သမ္မာကျမ်းစာ စကားလုံးများကို လက်တွေ့ဘဝသို့ ဘာသာပြန်ဆိုရမည်။ ထိုသို့ပြုမှသာလျှင် အသွေးအသား အကြောအမျှင်ထဲသို့ သမ္မာတရား စိမ့်ဝင်ပျံ့နှံ့နိုင်မည်။ တချိန်တခါမျှသာ ဖတ်ရှုနားထောင်ခြင်းဖြင့် အသက်တာ တိုးတက်ပြောင်းလဲခြင်းမရှိနိုင်။ ကျမ်းစာသင်တန်းသားကဲ့သို့ နှုတ်ကပတ်တော်ကို အပြန်ပြန်အလှန်လှန် ဖတ်ရှုလေ့လာသင်ယူလျှင် အသိတရားပိုမိုကြွယ်ဝအောင်လေ့လာခြင်းသည် ကောင်းကြီးမင်္ဂလာခံစားရာမဟုတ်ဘဲ၊ မိမိကိုယ်ကို ထောင်ချောက်ဆင်ခြင်းဖြစ်သည်။ အကယ်၍ စဉ်ဆက်မပြတ်လေ့လာနေလျှင် လေ့လာသည့်အတိုင်း လိုက်လျှောက်သင့်သည်။ သို့သော် ထိုသိုလိုက်မလုပ်ပါနှင့်။ စိတ်ရှုပ်ထွေးပြီး စိတ်ဓာတ်ကျနိုင်သည်။ ”ဖော်ထုတ်ခြင်းမပြုနိုင်သောစိတ်တင်းမာမှုများသည် စိတ်ဓာတ်ကျဆင်းသွားနိုင်သည်။” ပြုစရာ ဝတ္တရားလည်း ကြီးမားလာမည်။ အကောင်းဆုံးကတော့ ကျမ်းစာဖတ်ရှုခြင်းနှင့်ကျင့်ကြံခြင်း သဟဇာတဖြစ်ရမည်။
၁:၂၃–၂၄ တရားကိုမကျင့်ဘဲ နာရုံမျှသာပြုသောသူမည်သည်ကား၊ မှန်၌မိမိပကတိ မျက်နှာကိုကြည့်သောသူနှင့်တူ၏။ ပြီးလျှင်မိမိအဆင်းသဏ္ဍာန်ကို ချက်ခင်းမေ့ပျောက်တတ်၏။ မှန်ထဲတွင် မိမိရုပ်ရည်ကိုကြည့်ခြင်းဖြင့် မိမိရုပ်ရည်ကဘာမျှအကျိုးသက်ရောက်မှုမပေး။ ထိုကဲ့သို့ပင် နာခံရုံမျှသည် မိမိအသက်တာကို မပြောင်းလဲစေနိုင်ပါ။ သို့သော်အနည်းဆုံးတော့ မိမိကိုယ်ကို သတိထားမိစေသည်။ “မျက်နှာသစ်၊” “အမွှေး အမျှင်ရိတ်၊” ”ခေါင်းဖီး၊” “သွားတိုက်”အစရှိသဖြင့် တစ်ခုခုတော့သတိရသည်။ ထိုမှလွဲ၍ အခြားအကျိုးကျေးဇူးမပေး။
အကျိုးသက်ရောက်မှုမရှိဘဲ သမ္မာကျမ်းစာအား ရွတ်ဖတ်ရန်မှာ လွယ်ကူပါသည်။ သို့သော် ဝတ်ကျေတန်းကျေ အလျင်စလိုဖတ်ခြင်းမှာ ဝိညာဉ်ရေးရားကြီးထွားမှုကို ဟန့်တားသည်။
၁:၂၅ နှုတ်ကပတ်တော်၌ တည်ကြည်သောသူနှင့်တရားနာ၍ မေ့လျော့သောသူကို နှိုင်းယှဉ် ပြထားသည်။ တရားကိုစေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူသည် အောင်မြင်သောအသက်တာ ရရှိသည်။ ထိုသူမျိုးအတွက်သမ္မာကျမ်းစာသည် မင်္ဂလာရှိသောသမ္မာတရားဖြစ်သည်။ သမ္မာကျမ်းစာ သည်သူ့အတွက် ဝန်စည်စလွယ်မဟုတ်။ အသစ်သောအသက်တာ၊ ပြုကျင့်ပုံကိုသင်ကြားပေးမည့် ဉပဇ္စျာယ်ဆရာလည်းဖြစ်သည်။ အကယ်၍သမ္မာကျမ်းစာအတိုင်း အသက်ရှင်လျှင်လူ့ဇာတိအစဉ် အလာမှ ကင်းလွတ်လျက် တရားမှတ်လမ်းမှန်သို့ ရောက်သွားမည်။ သမ္မာတရားကလွတ်မြောက်ရေး ပေးသည်။ ဖတ်ကြားသွားသောကျမ်းချက်ကိုလည်း မေ့လျော့ခြင်းမရှိသည့်အပြင် နေ့စဉ်အသက်တာ တွင် ထင်ဟပ်စေသည်။ ကလေးသူငယ်ကဲ့သို့နာခံသော အသက်တာကရေတွက်၍ မကုန်နိုင်သော စိတ်ဝိညာဉ်ကောင်းကြီးမင်္ဂလာများ ဖြစ်ထွန်းစေပါသည်။ ဤအရာသည် ပြုသောအမှုများအတိုင်း ကောင်းကြီးမင်္ဂလာခံစားရာဖြစ်သည်။
၁:၂၆–၂၇ သုံးစားမရသော ဘာသာရေးနှင့်စင်ကြယ်၍ မပျက်စီးနိုင်သောဘာသာရေး သည်ဆန့်ကျင်ဘက်ဖြစ်ကြသည်။ ဤနေရာတွင်ဘာသာရေးဆိုသည်မှာ အပြင်ပန်းသဏ္ဍာန်ဖြင့် သိသာနိုင်သော ယုံကြည်ခြင်းဆိုင်ရာ အပြုအမူမျိုးကို ဆိုလိုသည်။ စိတ်နှလုံးယုံကြည်ခြင်းမျိုးထက် အပြင်ပန်းသဏ္ဍာန် အသွင်အပြင်သဘော သက်ရောက်သည်။ သမရိုးကျ စိတ်ဝိညာဉ်ပါဝင်ခြင်း မရှိဘဲ၊ ဝတ်ပြုရိုးရာ ထုံးတမ်းစဉ်လာအတိုင်း သမရိုးကျ ကိုးကွယ်ပူဇော်ခြင်းမျိုးကို ဆိုလိုသည်။
အကြင်သူသည် ဘာသာတရားကိုင်းရှိုင်းပါလျက်နှင့် သူ့လျှာကိုမထိန်းသိမ်းလျှင် ထိုဘာသာ တရားသည် အချည်းနှီး ဖြစ်၏။ ဘာသာတရားပေါင်းစုံကို လိုက်လံကြည့်ရှုလေ့လာပြီးမှ သူ့ကိုယ်သူ ဘုရားတရားကြည်ညိုသူဟု ထင်မှတ်၏။ သို့သော်ထိုသူသည် သူ့ကိုယ်သူလိမ်ညာနေသူ ဖြစ်သည်။ ဘုရားသခင်သည် ဘာသာရေး ထုံးတမ်းစဉ်လာကို မနှစ်မြို့ပါ။ လက်တွေ့ကျသော ဘုရားအယူဝါဒကိုသာ နှစ်သက်သည်။
နှုတ်မချုပ်တည်းသောသူသည် အချည်းနှီးဘာသာရေး၏ သက်သေအထောက်အထားဖြစ်သည် ခရစ်ယာန်ယုံကြည်ခြင်းနှင့် မဆီလျော်သောအယူအဆများသည် ဆင်းရဲခြင်းဖြစ်သည်။ မိမိကိုယ်ကို လိမ်ညာနေသောစျေးသည်ပုံ ပြင်ကို ကြည့်ပါစို့။ ထိုစျေးသည်သည် စျေးဆိုင်ပေါထပ်တွင် တေထိုင်သူဖြစ်သည်။ နံနက်တိုင်းသူတပည့်အား အောက်ပါအတိုင်းပြောလေ့ရှိသည်။
ဂျွန်
ရှိပါတယ်ခင်ဗျား။
နို့ထဲကို ရေရောပြီးပြီလား
ဟုတ်ကဲ့ခင်ဗျား။
ထောပတ်ကိုရော၊ အရောင်တင်ဆေးထည့်ပြီးပြီလား။
ဟုတ်ကဲ့ခင်ဗျား၊
ချီကော်ရီ (ကော်ဖီမှုန့်အတု) ရောပြီးပြီလား။
ဟုတ်ကဲ့ခင်ဗျား၊
ဟုတ်ပြီ၊ ဒါဆိုရင်လာခဲ့၊ ဘုရားရှိခိုးကြရအောင်။
ကျမ်းစာကပြောသော အချည်းအနှီးဘာသာတရားဆိုသည်မှာ ထိုဘာသာတရားမျိုး ဖြစ်သည်။
ဘုရားသခင် အလိုတော်ရှိသော ယုံကြည်ခြင်းအသက်တာမှာ မိမိဘဝတွင် သန့်ရှင်းစင်ကြယ်ပြီး အခြားသူများအား ကောင်းကျိုးပြုသော ဝါဒဖြစ်သည်။ ဥပမာအားဖြင့် သန့်ရှင်းစင်ကြယ်၍ ပျက်စီးခြင်းမရှိသော ဘာသာရေးမျိုး ဖြစ်ရသည်။ မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးနှင့် ကင်းစင် အံ့သောငှါ စောင့်ရှောက်သူများကို ဤကျမ်းစာက အသိအမှတ်ပြုထားပါသည်။
တစ်နည်းပြောရလျှင် “အသစ်တဖန် မွေးဖွားသောအသက်တာသည် ကျေးဇူတော်အတိုင်းပြုစုလျက် လောကီအမှုနှင့် ကင်းစင်သည်။” ထို့ကြောင့် Guy ဘုရင်က ထိုအသက်တာမျိုးကို လက်တွေ့ကျသော ချစ်ခြင်းမေတ္တာနှင့် လက်တွေ့စင်ကြယ်မြင့်မြတ်ခြင်းဖြစ်သည်ဟု အမိန့်ရှိခဲ့သည်။
မိမိတို့ယုံကြည်ခြင်းကို အောက်ပါမေးခွန်းများဖြင့် စစ်ကြောကြည့်ရအောင်။ သမ္မာကျမ်းစာကို လိုလားစွာနှင့် ရိုသေလေးစားစွာဖတ်ရှုသော်လည်း ဘုရားသခင်က အပြစ်တင်စရာတွေ့ရှိသလား။ မည်သည့်အရာများ သွန်သင်ပါသလဲ။ အသက်တာတွင် ပြောင်းလဲမှုရှိသလား။ မိမိလျှာကို ချုပ်တည်းဖို့ ဝန်လေးပါသလား။ အမျက်ဒေါသ တစ်ခါချုပ်တည်းဖြင့် ပျော်ရွှင်ဖွယ်ရာနေ့ရက်တစ်ရာ တွေ့ခွင့်ရှိပါသလား။ တပါးသူများက အရေမရ၊ အဖတ်မရ လာရောက်ကျီစယ်သည့်အခါ မည်ကဲ့သို့ တုံ့ပြန်ပါသလဲ။ မိမိယုံကြည်ခြင်းသည် မည်သူကမှလာရောက်မကူညီနိုင်သော အရာဖြစ်သည်ဟု စိတ်ချယုံကြည်ပါသလား။