ရှင်လုကာခရစ်ဝင် ၁၇
၉။ လူသားတော်က တပည့်တော်များသို့သွန်သင်ညွှန်ကြားချက် (၁၇:၁-၁၉:၂၇)
(က) အပြစ်၏ ဘေးအန္တရာယ် (၁၇:၁-၂)
၁၇:၁-၂ ဤအခန်းသည် ဝိညာဉ်ရေးရာ မပီဝိုးတဝါး မထင်ရှားဟုဆိုနိုင်သည်။ ဘာသာ ရပ်ပေါင်းစုံအပိုင်းအစများ တင်ပြထားသည်။ သို့သော် အခန်း ၁၆တွင် ဖော်ပြသော သူဌေးကြီး၏ ပုံဥပမာ နှင့် အချိတ်အဆက်ရှိပါသည်။ စည်းစိမ်ဥစ္စာ ဇိမ်ခံခြင်းသည်ယုံကြည်ခြင်းနုနယ်သူများအား အဟန့်အတား အနှောင့်ယှက်ဖြစ်စေပါသည်။ လူချမ်းသာသည် ခရစ်ယာန်ဖြစ်လျှင် ယုံကြည်သူအများက ကြည့်ရှုနေကြ သောကြောင့် မှားယွင်းသော ပုံသက်သေဖြစ်သွားနိုင်သည်။ ထို့ကြောင့် သခင်ခရစ်တော်၏ နောက်လိုက် များသည်ပျက်စီးတတ်သော လောကစည်းစိမ်များနှင့် မပတ်သက်ရန် အထူးဂရုစိုက်ရသည်။
ဥပမာအားဖြင့် စည်းမျဉ်းအယူဝါဒကို နည်းလမ်းတမျိုးမျိုးဖြင့် ကျင့်သုံးကြသည်။ အသေး အဖွဲဟုထင်စရာတစ်ခုသည် အခြားသူအား လောကလူသားအဖြစ်သို့ တွန်းပို့ရာရောက်နိုင်သည်။ ကာမဒု စရိုက်ဘက်သို့ ခြေချော်ကျစေနိုင်သည်။ သမ္မာကျမ်းစာ၏ အနက်ကို ရေစုန်မျောပစ်ရာ ရောက်စေနိုင် သည်။ ယုံကြည်ခြင်း၊ ကိုးကွယ်ဆက်ကပ်ခြင်း၊ ဖြောင့်မတ်ခြင်းများကို ခြေချော်လက်ချော် ဖြစ်စေနိုင်သည်။
လူ့သဘောသဘာဝကို ပြောရလျှင် အချိန်မရွေးနေရာတိုင်းမှ အပြစ်ဝင်ရောက်လာ နိုင် သည်။ တစုံတယောက်သော သူကို မှားယွင်းစေသူသည် မိမိ လည်ပင်း၌ ကြိတ်ဆုံဆွဲ၍ ကမ္ဘာ့အနက်ဆုံး ပင်လယ်ထဲသို့ ခုန်ချသင့်သည်ဟု ကျမ်းစာက ဆိုပါသည်။ ဆိုလိုသည်မှာ ထိုသူသည် လူပုဂ္ဂိုလ်အရ၊ ဝိညာဉ်အရဖြစ်စေ၊ အခြားသူများအားထပ်မံ၍ အပြစ်နွံထဲသို့ ဆွဲချမည့်အရေးမှ ကာကွယ်ခြင်းဖြစ်သည်။
ဤနေရာတွင် ဤသူငယ်ဆိုသည်မှာ လူငယ်လူရွယ်များကိုသာ ဆိုလိုသည်မဟုတ်ပါ။ ယုံကြည်ခြင်းနုနယ်သူများကို ရည်ညွှန်းပါသည်။
(ခ) ဝိညာဉ်ခွင့်လွှတ်ခြင်း (၁၇:၃-၄)
၁၇:၃-၄ ခရစ်ယာန်အသက်တာတွင် အခြားသူများကို ကျူးလွန်ခြင်းသာလျှင် အပြစ်မ ဟုတ်။ သူတပါးမှ အပြစ်ဝန်ချတောင်းပန်ခြင်းကို ခွင့်မလွတ်နိုင်ခြင်းသည် ကြောက်စရာကောင်းသော အပြစ်ကြီးဖြစ်သည် ထိုအကြောင်းကို သခင်ယေရှုက အောက်ပါအတိုင်း သွန်သင်ဆုံးမထားသည်။
၁။ ခရစ်ယာန်တစ်ဦးသည် အခြားယုံကြည်သူတဦးက လာရောက်ပြစ်မှားလျှင် စိတ်နှလုံး မှာ အမှတ်မထား၊ လုံးဝခွင့်ရမည် (ဧ ၄:၃၂)။ ထိုသို့ခွင့်လွှတ်စိတ်လက်ပေါ့ပါးကြည်လင် သွားမည်။
၂။ ထို့နောက် အပြစ်လာပြုသူအား တယောက်ချင်းတွေ့ဆုံ၍ ပြောပြရမည် (ငယ် ၃၊ မ ၁၈:၁၅ကိုလည်း ကြည့်)။ ထို့နောက် ခွင့်လွှတ်သည့်အကြောင်းကိုလည်း ထပ်မံအသိပေး ရမည်။ နောက်ထပ်လာရောက်ကျူးလွန်၍ နောင်တရပါသည်ဟု ထပ်ခါတလဲလဲလာပြော လျှင်လည်း ခွင့်လွှတ်ရမည် (ငယ် ၄)။
၃။ တယောက်ချင်းအပြစ်တင်ခြင်းသည် မုခိုင်လုံပါ။ အနည်းဆုံးသက်သေတယောက် သို့မဟုတ်နှစ်ယောက်ရှိရမည် (မ ၁၈:၁၆)။ အကယ်၍ လက်မခံလျှင် အသင်းတော်သို့ ခေါ်ဆောင်သွားရမည်။ အသင်းတော်၏ ဆုံးမခြင်းကို မနာခံလျှင် ဘေးမဲ့လွှတ်ရမည် (မ ၁၈:၁၇)။
ထိုသူ့အပြစ်ကို ပြန်လည်ဖော်ပြခြင်းသည် ပြစ်တင်ကဲ့ရဲ့ဖို့ရည်ရွယ်ချက်သက်သက်မဟုတ် ပါ။ သခင်ဘုရား၌ အခြားညီအကိုများနှင့်စိတ်မနော ကြည်လင်ချမ်းမြေ့စွာ မိဿဟာယဖွဲ့နိုင်ဖို့ဖြစ်သည်။ အပြစ်ဖော်ပြချက်တိုင်းသည် ကောင်းစေလိုသောစေတနာဖြစ်ရမည်။ ကာယကံရှင် အပြစ်နောင်တရစေ ခြင်းမှလွဲ၍ အခြားရည်ရွယ်ချက်မရှိရ။ သူ့နှုတ်ဖျားမှ ထွက်သော နောင်တစကားကို လက်ခံရမည်။ သခင် ယေရှုက “တနေ့ခြင်းတွင် ခုနှစ်ကြိမ်မြောက်တိုင်အောင် ပြစ်မှား၍ ခုနှစ်ကြိမ်မြောက်တိုင်အောင် နောင်တရ ပါသည်ဟု လာတောင်းပန်လျှင့် အပြစ်လွှတ်လော”ဟု သွန်သင်ထားပါသည်။ အဘဘုရားသခင် အလိုတော်နှင့် ညီသော မင်္ဂလာတရားဖြစ်သည်။ သူတစ်ပါးအပြစ်ခွင့် လွှတ်ဖို့ဝန်မလေးရ “ကိုယ်အပြစ်တို့ ကိုဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင် သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ ပြည့်စုံတော်မူ၏” (၁ယော ၁:၉)။
(ဂ) ယုံကြည်ခြင်း (၁၇:၅-၆)
၁၇:၅ တနေ့တည်းတွင် အပြစ်ခုနှစ်ကြိမ်ခွင့်လွှတ်ရန် မလွယ်ကူပါ။ တပည့်တော်မဟုတ် လျှင် ဖြစ်နိုင်ဖွယ်ရာမရှိ။ ထိုသို့ လိုက်နာရန် လုံလောက်သော ခုခံအားမရှိဟု ခံယူကြသည်။ ထို့ကြောင့် ယုံကြည်ခြင်းအားတိုးစေရန်သွန်သင်ဖို့ သခင်ဘုရားအား တောင်းလျှောက်ကြသည်။
၁၇:၆ သခင်ဘုရားက ယုံကြည်ခြင်း ထုထည်ကြီးမားဖို့မလိုပါ။ ထုတည်ပမာဏ အရေအ တွက်ထက် အရည်အချင်းက ပိုအရေးကြီးသည်ဟု ဆုံးမသည်။ ယုံကြည်ခြင်းရရှိဖို့ထက် ယုံကြည်ခြင်း အသုံးချဖို့ ပိုမိုလိုအပ်သည်ဟုလည်း အဓိပ္ပါယ်ရသည်။ ညီအကို မောင်နှများအား ခွင့်မလွှတ်နိုင်ခြင်းမှာ မာန်မာနနှင့် မိမိကိုယ်ကို အထင်ကြီးခြင်းဖြစ်သည်။ မာန်မာနအမြစ်မှ ဆွဲနှုတ်ပစ်ရမည်။ အကယ်၍ မုန့်ညင်းစေ့မျှ ယုံကြည်ခြင်းရှိလျှင် သဖန်းပင်ကိုလည်း ပင်လယ်ထဲ၌ စိုက်ပျိုးနိုင်မည် ထိုကဲ့သို့ ပင်ညီအစ် ကိုမောင်နှမများအပေါ် ခါးသီးခြင်း၊ မောက်မာခြင်းများကို ဖြိုဖျက်အောင်မြင်နိုင်ရသည်။
(ဃ) ဝတ္တရားကျေသော အစေခံ (၁၇:၇-၁၀)
၁၇:၇-၉ ခရစ်တော်၏ တပည့်တော်စစ်မှန်လျှင် မာန်မာနမရှိရ။ မိမိကိုယ်ကိုသာ အရေးပါ အရာရောက်သူဟု ယူဆခြင်းသည် ဆင်းရဲခြင်းအမှန်ဖြစ်သည်။ ထိုအကြောင်းကို ဤအစေခံပုံဥပမာတွင် သင်ခန်းစာ ပေးထားသည်။ အစေခံသည် တနေကုန် လယ်ထွန်၊ နွားကျောင်းသည်။ တနေ့တာ လုပ်ငန်း ပြီးဆုံး၍ အမောတကော အိမ်ပြန်ရောက်ချိန်တွင် သခင်က ချက်ချင်းထမင်းဝိုင်းသို့ မဝင်ခိုင်းပါ။ အဝတ်အ စားလဲခိုင်းပြီး ထမင်းချက်ကျွေးခိုင်းသည်။ အားလုံးပြီးမှ အစေခံသည် ညစာစားရသည်။ ထိုသို့ ဝတ္တရား ကျေပွန်သော်လည်း အရှင်သခင်က အစေခံကို ကျေးဇူးတင်စကား မပြောပါ။ အစေခံက မျှော်လည်းမမျှော် ပါ။ ထိုအစေခံအား သခင်က ပိုင်ဆိုင်သောကြောင့် သခင့်စကားကိုသာ နာခံရသည်။
၁၇:၁ဝ ထိုနည်းတူ တပည့်တော်များကိုလည်း သခင်ယေရှုခရစ်တော်က ပိုင်ဆိုင်သည်။ ဝိညာဉ်စိတ်ခန္ဓာကိုယ်အားလုံး ပိုင်ဆိုင်သည်။ ကရာနီကုန်းပေါ်တွင် ကိုယ်တော်ပေးဆပ်ခဲ့သော အဖိုးအခ ကိုမည်သို့မှ ပြန်မဆပ်နိုင်ကြပါ။ ထို့ကြောင့် ခရစ်တော်၏ ပိုင်ဆိုင်ရာများဖြစ်ကြသောကြောင့် ဓမ္မသစ်ကျမ်း တွင်အမိန့်တော်ရှိသမျှကို နာခံလုပ်ဆောင်ရသည်။ ထိုသို့ လုပ်ဆောင်ရုံမျှဖြင့်လည်း ဝတ္တရားကျေပွန်သော အစေခံများမဟုတ်သေးပါ။ တာဝန်ကျေရုံမျှသာရှိသေးသည်ဟုဆိုသည်။
ထိုအကြောင်းကို Roy Hession က အချက် (၅)ချက်ဖြင့် ရှင်းပြသည်။
၁။ အလုပ်တခုပြီးဆုံးလျှင်လည်း အခြားတခုထပ်လုပ်ရန် လုပ်ချင်ကိုင်ချင်စိတ်ရှိရမည်။ စိတ်တွေဝေခြင်း၊ ငြိုငြင်ခြင်းမရှိရ။
၂။ ကြိုးစားလုပ်သော်လည်း တဖက်သား၏ ကျေးဇူးတင်စကား မမျှော်လင့်ရ။
၃။ အားလုံးလုပ်ဆောင်ပြီးလျှင်လည်း သခင့်ထံအခွင့်အရေးမတောင်းရ။
၄။ မိမိသည် ဝတ္တရားကျေပွန်သူမဟုတ်ကြောင်းနှိမ့်ချဝန်ခံနိုင်ရမည်။
၅။ လုပ်ငန်းဆောင်တာဟူသမျှကို အောက်ကျို့ယဉ်ကျေးစွာ လုပ်ဆောင်ရမည်။ တခုပြီး ဆုံးသည်နှင့် တာဝန်ကျေပွန်သည်မဟုတ်။ လုပ်စရာရှိသေးသည်။၅၀
(င) ကုဋိနူနာ (၁၀)ဦးကျန်းမာစေခြင်း (၁၇:၁၁-၁၉)
၁၇:၁၁ ကျေးဇူးတင်ထိုက်သည်ကို ကျေးဇူးကန်းသူသည် ကြီးမားသော အန္တရာယ်ရှိသည်။ ထိုသင်ခန်းစာကို အနူ (၁၀)ဦး၏ အဖြစ်အပျက်တွင်တွေ့ရသည်။ သခင်ယေရှုသည် ရှမာရိနှင့် ဂါလိလဲ ပြည်တလျှောက် ဒေသစာရီလှည့်လည်ရာမှ ယေရုရှလင်သို့ကြွချီတော်မူသည်။
၁၇:၁၂-၁၄ ရွာတရွာ သို့ဝင်ရောက်စဉ်နူနာသည် (၁၀)ဦးက သခင်ယေရှုအား ဆီးကြိုကြ သည်။ သို့သော် အနားသို့ မသီဝံ့ဘဲခပ်လှမ်းလှမ်းမှ အနာရောဂါကုသပေးဖို့ လှမ်းအော်ကြသည်။ သခင် ဘုရားကလည်း သူတို့ယုံကြည်ခြင်းကို လက်ဆောင်တုံ့ပြန်လိုက်သည်။ ယုဒထုံးစံအတိုင်း ယဇ်ပုရောဟိတ် ထံသွားပြကြတော့ဟု ခိုင်းလိုက်သည်။ ယဇ်ပုရောဟိတ်မင်းတွင် အနာကင်းစင်စေနိုင်သည့် တန်ခိုးအစွမ်းမရှိသော်လည်း အနာကင်းစင်ကြောင်း စစ်ဆေးကျေညာပေးခွင့်ရှိသည်။ ထိုရောဂါရှင်များ သည် သခင်ဘုရား အမိန့်တော်အတိုင်း ယဇ်ပုရောဟိတ်ထံသွားကြသည်။ ထိုသို့လမ်းလျှောက် သွားနေကြ စဉ်အနာရောဂါပျောက်ကင်းသွားကြောင့် သတိထားမိကြသည်။
၁၇:၁၅-၁၈ ထိုသို့ အနာရောဂါပျောက်ကင်းသွားကြသော်လည်း တယောက်သာလျှင် သခင်ဘုရားထံပြန်လာ၍ ကျေးဇူးစကားဆိုသည်။ ထိုသူသည် ရှမာရိအမျိုးသားဖြစ်သည်။ အခြားသော ယုဒ (၉)ယောက်မူကား ပြန်မလာကြတော့ပါ။ ထိုရှမာရိသည် သခင်ယေရှုခြေရင်းတွင် မြေကြီးပေါ်မျက်နှာ အပ်လျက် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရိုခိုးသည်။ သခင်ယေရှုက ဆယ်ယောက်စလုံး အနာပျောက်ကင်းသွား ကြသော်လည်း ဤတပါးအမျိုးသားသာ ပြန်ရောက်လာသည်ဟုဆိုသည်။ အခြားကိုးယောက်ဘယ်ရောက် ကုန်သနည်း။ သခင်ဘုရားကို ကျေးဇူးစကားပြန်ပြောရမှန်း မသိကြပါလား။
၁၇:၁၉ သခင်ဘုရားက ထိုရှမာရိအမျိုးသား အား “ထ၍ သွားလော့၊ သင်၏ ယုံကြည်ခြင်း သည် သင်အနာကို ငြိမ်းစေပြီ”ဟု ပြောလိုက်သည်။ တဆယ်ရာခိုင်နှုန်းကသာ ခရစ်တော်၏ ကြွယ်ဝခြင်း ကိုအမွေခံကြသည်။ ခရစ်တော်ထံပြန်လာ၍ (ငယ် ၁၅)ကျေးဇူးဆပ်ရန် (ငယ် ၁၆)အလိုတော်ရှိသည်။ သင့်ယုံကြည်ခြင်းက အနာကင်းငြိမ်းစေပြီဆိုသော စကားသည်ထပ်လောင်း၍ ကောင်းကြီးဆင့်ခြင်းဖြစ် သည်။
(စ) နိုင်ငံတော်တည်ထောင်မည့်အချိန် (၁၇:၂၀-၃၇)
၁၇:၂၀-၂၁ ဖာရိရှဲများမေးသော နိုင်ငံတော် အကြောင်း မေးခွန်းသည် သဘောရိုးဖြင့်မေး ခြင်းလား၊ သရော်၍ မေးခြင်းလား မသိရပါ။ မည်သို့ ပင်ဖြစ်စေ ယုဒလူမျိုးများဖြစ်သည့် အားလျော်စွာ ဘုရားသခင် နိုင်ငံတော်မျှော်လင့်ချက်၌ စိတ်သက်သာရာရဖို့ဖြစ်နိုင်သည်။ ဘုရားသခင်၏ သွင်ပြင်လက္ခ ဏာကို တိုင်းနိုင်ငံအစိုးရပုံစံမျိုးကဲ့သို့ ယူဆကြသည်။ ထိုု့ကြောင့် သခင်ဘုရားက “ကောင်းကင်နိုင်ငံတော် သည် မျက်မြင်သောအရာ၌ မတည်” ဟုဆိုသည်။ ဘုရားသခင်၏ နိုုင်ငံတော်ကို သာမန်လူ့မျက်စိဖြင့် မမြင် နိုင်။ ဟိုမှာ ရှိသည်၊ သည်မှာ ရှိသည်ဟု ပြညွန်၍မရပါ။ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့အထဲ၌ ရှိသည်ဟု မိန့်တော်မူသည်။ သို့သော် စင်စစ်ဖာရိရှဲများ၏ စိတ်နှလုံးသည် ဘဝင်မြင့်ကြသောကြောင့် သခင်ယေရှုအတွက် နေရာထိုင်ခင်းမရှိပါ။ ထို့ကြောင့် သင်တို့အလယ်၌ ရှိသည်ဟုဆိုသည်။ ဘုရားရှင် သည် ဣသရေလတို့၏ ဘုရင်အစစ်အမှန်၊ အံ့ဖွယ်နိမိတ်လက္ခဏာပြသူဖြစ်သည်။ သို့သော် ဖာရိရှဲများက လက်မခံကြ။ ထို့ကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည် သီးသန့်တည်ရှိသည် ဟုယူဆကြသည်။
၁၇:၂၂ သခင်ဘုရားက ဘုရားရှင်၏ နိုင်ငံတော်တည်လုနေပြီဟု ဖာရိရှဲများကို ပြောပြ သည်။ တပည့်တော်များသို့ တဖန်လှည့်၍ ဘုရားသခင်၏ နိုင်ငံတော်တည်ထောင်မည့်အကြောင်းသည် ကိုယ်တော်ဘုရားဒုတယအကြိမ် ပြန်လည်ကြွလာခြင်းဖြစ်သည်ဟု ရှင်းပြသည်။ သို့သော် ထိုပထမအကြိမ် ကြွလာခြင်းနှင့် ဒုတိယအကြိမ်ကြွလာခြင်းအကြားတွင် လူသားကို တရက်မျှတွေ့မြင်လို၍ မတွေ့မမြင် ရသောအချိန် ကာလရောက်လိမ့်မည်ဟု မှာထားသည်။ တနည်းအားဖြင့် ကိုယ်တော်ဘုရား လူ့လောက တွင် ရှိနေသည့် ကာလကို ပြန်လည်လွမ်းဆွတ် တသသဖြစ်ရမည့်နေ့ရက် လာဦးမည်။ ထိုနေ့ရက်များ သည် ကိုယ်တော်ဘုရား ဘုန်းတန်ခိုးနှင့်ကြွလာမည့်အကြောင်း ရှေ့ပြေးနိမိတ်ဖြစ်သည်။
၁၇:၂၃-၂၄ ထိုကာလတွင် ခရစ်တော် အတုအယောင်များစွာ ပေါ်ထွန်းလာမည်။ ဟိုအရပ် ဒီအရိပ်တွင် မေရှိယပေါ်ထွန်းကြောင်း ကောလဟာလသတင်းပေါ်ထွန်းမည်။ ထို့ကြောင့် တပည့်တော် များလိမ်လည်လှည့်ဖျားခြင်း မခံရကြစေနှင့်။ ခရစ်တော်ဒုတိယအကြိမ် ကြွလာလျှင် အရှေ့အရပ်မှ အနောက်အရပ်သို့ မီးထွန်းသည့်ပမာ ထွန်းလင်းတောက်ပမည်။
၁၇:၂၅ ထိုအဖြစ်အပျက်မပေါ်ထွန်းမီသခင်ယေရှုကိုယ်တော်တိုင် ဆင်းရဲဒုက္ခနှင့် ခေတ် ကာလလူသားများ၏ ငြင်းပယ်ခြင်းခံရဦးမည်။
၁၇:၂၆-၂ရ ကိုယ်တော်ဘုရား၏ အုပ်စိုးခြင်းကာလနေ့ရက်သည် နောဧလက်ထက်က ချက်ချင်းရေလွမ်းမိုးသကဲ့သို့ ရောက်လာလိမ့်မည်။ ထိုကာလတွင်လည်း လူများသည် စားလိုက် သောက် လိုက်၊ ထိမ်းမြားလိုက်နှင့် ပျော်ပါးနေခဲ့သည်။ ထိုသို့မြူးတူးပျော်ပါးခြင်းသည် မှားသည်ဟု မဆိုသာပါ။ လူ့အခွင့် အရေးဖြစ်ပါသည်။ ဆိုးသည်မှာ ဘုရားသခင်အတွက် အသက်မရှင်ခြင်း၊ ကိုယ်တော်အတွက် အချိန်မပေးခြင်း ဖြစ်သည်။ နောဧမိသားစုလှေထဲသို့ ဝင်ရောက်ပြီးသောအခါ ပတ်ဝန်းကျင်တလုံး ရေလွှမ်း မိုးသည်။ သက်ရှိလူများအားလုံးသေကြေပျက်စီးကြသည်။ ထိုကဲ့သို့ပင် ခရစ်တော်ဘုရား ဒုတိယအကြိမ် ကြွလာချိန်တွင် ကိုယ်တော်၏ ကရုဏာတော်ကမ်းလှမ်းခြင်းငြင်းပယ်သူများအား အပြစ်စီရင်မည်။
၁၇:၂၈-၃ဝ ခရစ်တော်ဘုရား ဒုတိယအကြိမ်ကြွလာခြင်းသည် လောတ လက်ထက်နှင့် လည်းတူသည်ဟု ဥပမာပေးပြန်သည်။ လူ့ယဉ်ကျေးမှုထွန်းကားလာသည်နှင့် အညီ စားသောက်ပျော်ပါး ခြင်းသာ မက ရောင်းဝယ်ဖောက်ကားကြသည်။ စိုက်ပျိုးကြသည်။ တိုက်တာဆောက်လုပ်ကြသည်။ ဆိုလို သည်မှာ ဘုရားသခင်မပါသော သမိုင်းရေးကြသည်။ ထိုကဲ့သို့ပင် လောတလက်ထက်တွင် လောတဇနီး နှင့် သမီးများသာမြို့ထဲမှ ထွက်ပြေးလွတ်မြောက်ကြပြီး ကျန်သော မြို့သူမြို့သားများသည် ကောင်းကင်မှ ကန့်နှင့်ရောသောမီးရွာ၍ သုတ်သင်ပယ်ရှင်းခြင်းခံရသည်။ လူသားတော်ပေါ် ထွန်းတော်မူသည့်အခါ တွင် လည်း ထိုအဖြစ်အပျက်မျိုးနှင့် ကြုံရမည်။ ကိုယ်ကျိုးဝါဒီသမားများ၊ သာယာခြင်း၊ လူသားများနှင့် ငွေကြေးစီးးပွားရှာစားခြင်းများအားလုံး ဘဝနိဂုံးချုပ်ကြမည်။
၁၇:၃၁ ထိုနေ့ရက်တွင်လောကအရာဝတ္ထုများနှင့် လူ့အသက်သေဆုံးသွားမည်။ ခေါင်မိုး ပေါ်ရှိသူသည် အိမ်ထဲရှိပစ္စည်းသွားယူဖို့ မကြိုးစားစေနှင့်။ လယ်ယာလုပ်ငန်းခွင်ရောက်နေသူလည်း အိမ်ပြန်မနေနှင့်။ မည်သည့် နေရာသွားသွား လွတ်မြောက်သောနယ်မြေမရှိ။
၁၇:၃၂ လောတ၏ မိန်းမသည် ထိုဘေးရန်မှ လွတ်မြောက်ဖို့ ရုန်းထွက်ပြေးသွားသော် လည်း မြို့ရွာ အိုးအိမ်ကို သံယောဇဉ်မပြတ်သောကြောင့် အဖြစ်ဆိုးကြုံခဲ့သည်။ သောဒုံမြို့မှ လွတ်မြောက် သော်လည်း အသက်အန္တရာယ်မလွတ်မြောက်ပါ။ လောကသံယောဇဉ်မပြတ်ခြင်း၏ ရလဒ်ကြောင့် ဆားတိုင်ဘဝသို့ ရောက်သွားသည်။
၁၇:၃၃ မိမိဝိညာဉ်အတွက် ထည့်မတွက်၊ ခန္ဓာကိုယ်အတွက်သာ စဉ်းစားသူသည် ပျက်စီး ပျောက်ဆုံးရမည်။ အခြားတဘက်တွင်မူ ဆင်းရဲကြပ်တည်းခြင်း ဘေးဒဏ်ကာလ၌ သစ္စာရှိစွာ အသက်ဆုံး ရှုံးသူသည် ထာဝရအသက် ကယ်ဆယ်ရာရောက်သည်။
၁၇:၇၄-၃၆ ၅၁ သခင်ဘုရားကြွလာခြင်းသည် ခွဲခွာ စေဖို့ဖြစ်သည်။ ကုတင်တခုတည်း တွင်နှစ်ယေက်အတူတူ အိပ်ကြသော်လည်း တယေက်သည် အပြစ်စီရင်ခြင်းခံရပြီး၊ အခြားယုံကြည်သူ တယောက်သည် ခရစ်တော်၏ နိုင်ငံတော်ထဲသို့ ဝင်ခွင့်ရလိမ့်မည်။ ထိုအတူ နှစ်ယောက်အတူတူ ကြိတ် ဆုံကြိတ်ကြသူတွင်လည်း တယောက်သည် အမျက်ဒေါသမုန်တိုင်းထဲသို့ပါသွား၍ အခြားယုံကြည်သူတဦး ဖြစ်သော ဘုရားသားသမီးသည် ခရစ်တော်၏ ကောင်းကြီးမင်္ဂလာကို ခံစားရမည်။
(ငယ် ၃၄-၃၅)သည် ကမ္ဘာမြေနှင့် ပုံဥပမာပေးရလျှင် တယောက်သည် နေ့ဖြစ်၍ တယောက်သည်ညဖြစ်သည်။ သိပ္ပံပညာရှင်များပင်လျှင် ဤအကြောင်းကို နှစ်ပေါင်းကာလကြာသည့်တိုင် အောင် တွေ့ရှိနိုင်ကြမည်မဟုတ်။
၁၇:၃ရ ဒုတိယအကြိမ် ကိုယ်တော်ဘုရားကြွလာခြင်းသည် ကောင်းကင်မှ အပြစ်စီရင်ခြင်း ဖြစ်မည်ဟု တပည့်တော်များက နားလည်ကြသည်။ ထို့ကြောင့် သခင်အဘယ်အရပ်၌ ထိုသို့ ဖြစ်မည်နည်း ဟုမေးလျှောက်ကြသည်။ လင်းတများဝိုင်းအုံသည့်နေရာသည် အသေကောင်များရှိရာဖြစ်သည်ဟု ဆို သည်။ လင်းတနေရာဟူသော စကားသည် အပြစ်စီရင်ခြင်း၊ သေခြင်းနေရာဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့်ဘုရားသခင်ကို မယုံကြည်ဆန့်ကျင်သူများသည် လွတ်မြောက်မည့်နည်းလမ်း၊ ပုန်အောင်းစရာ နေရာမရှိပါ။
ဤအခန်း ၁ရ တွင် တပည့်တော်များသည် စုံစမ်းစစ်ကြောခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ခံကြရမည့် အကြောင်း သတိပေးထားသည်။ ကိုယ်တော်ဘုရားသခင် ဘုန်းတန်ခိုး မရရှိကြမီ စစ်ကြောခြင်း ခံကြရဦးမည်။ ထို့ကြောင့် ထိုဆင်းရဲဒုက္ခများ ရင်ဆိုင် ကျော်လွှားနိုင်ရန် ဆုတောင်းခြင်းဖြင့် ကြံ့ကြံ့ခံဖို့ တိုက်တွန်းထားသည်။ ဆုတောင်းခြင်းအကြောင်းကို နောက်ကျမ်းပိုဒ်များတွင် အထူးတလည် ဖော်ပြထား သည်။ မုဆိုးမ၊ ဖာရိရှဲ၊ အခွန်ခံနှင့် သူတောင်းစားတို့၏ ဆုတောင်းပုံများကို တွေ့ကြရဦးမည်။