ကမ္ဘာဦးကျမ်း ၂၃
၁၀။ မိသားစုသင်္ချိုင်းကုန်း (အခန်း၂၃)
၂၃:၁–၁၆ အသက်(၁၂၇)နှစ်အရယါတွင် စာရာကွယ်လွန် သောအခါ အလောင်းမြှုပ်စရာ မြေကွက်ရရှိရန် အာဗြဟံသည် ဟေဗြုန်မြေကို တောင်းဆိုသည်။ ထိုမြေသည် သာဝက ခရီးသည် သက်တမ်းတလျှောက်တွင် စိတ်နှလုံးမြှုပ်နှံရာ နေရာဖြစ်လာသည်။ ဤနေရာတွင် အရှေ့တိုင်းသားများ၏ တန်ဖိုးမဖြတ်နိုင်သော စိတ်သဘောထားပြည့်ဝမှုကို တွေ့နိုင်သည်။ ပထမဦးဆုံးအချက်မှာ အာဗြဟံ၏ တောင်းဆိုချက်အား ငြင်းပယ်ခေါင်းခါခြင်းမပြုသည့်အပြင် စိတ်ကြိုက်နေရာရွေးခိုင်းကြသည်။ အာဗြဟံက အခကြေးငွေ မပေးရဘဲ၊ အလကားမလိုချင်ကြောင်း ဟေသတို့ ခေါင်းဆောင် ဧဖရုန် သို့ပြောပြသည်။ ဧဖရုန်က ကြိုက်သည့်လယ်ကွင်းမြေကွက် ယူပါဟု ပြောခြင်းသည် စိတ်သဘောထားဖြူစင်စွာ ပေးခြင်းဖြစ်သည် ဟု အာဗြဟံနားလည်သည်။ သို့သော် အာဗြဟံသည် သူ့အပေါ် ကောင်းသောသူများကို ထိုသူများထက် စိတ်သဘောထားပြည့်ဝခြင်းဖြင့် ပေးဆပ်ချင်သည်။ အာဗြဟံက မရမက အခွင့်အရေး တောင်းဆိုသောအခါ ဧဖရုန်က “ကာလပေါက်ဈေးငွေ အချိန်လေးပိဿာတန်ပါသည်။ သို့သော်မပေးပါနှင့်” ဟု ထပ်ဆိုသည်။ အမှန်စင်စစ် ဧဖရုန်က မပေးစေချင်သောကြောင့် မတန်တဆ ဈေးပိုပြောခြင်းဖြစ်နိုင်သည်။ သို့သော် အာဗြဟံသည် ထိုတခွန်းဈေးစကားကို ချက်ချင်း သဘောတူသည်။ အာဗြဟံသည် အကြွေးမထားဘဲ ငွေပေးချေသည်။
၂၃:၁၇–၂၀ ထိုစာရာအလောင်း မြှုပ်နှံသော မပွေလမြေသည် နောင်တွင် အာဗြဟံ၊ ဣဇာက်၊ ရေဗက္ကာ၊ ယာကုပ်နှင့် လေအာတို့မှုပ်နှံရာ မိသားစု သင်္ချိုင်းကုန်း ဖြစ်လာသည်။ ထိုနေရာသည် ယခုအခါ မူဆလင်ဗလီဘေးနားတွင် တည်ရှိသည်။