ကမ္ဘာဦးကျမ်း ၃၃
၃၃:၁–၁၁ ဧသောနှင့် တွေ့ခါနီးလေလေ၊ ယာကုပ်သည် ပိုမိုစိတ်ချောက်ခြားလာသည်။ ထို့ကြောင့် အသက်ချမ်းသာရာ ချမ်းသာကြောင်း မာယာနည်းပိရိယာယ်အမျိုးမျိုး အကွက်ကြိုတင် စီစည်ထားသည် ရှေ့မှာ ကြိုလွှတ်သော ဇနီးသားများလွတ်မြောက်၍ ကိုယ်တိုင် ဧသောနှင့် ကြုံဆုံသောအခါ ယာကုပ်သည် အစ်ကိုဧသောရှေ့တွင် (၇)ကြိမ်တိုင်တိုင် မြေကြီးပေါ်တွင် ပျပ်ဝပ်၍ ဦးချသည်။ အစ်ကိုဧသောက နှစ်လရှည်ကြာ ခွဲခွာသော တစ်အူတုံဆင်း ညီငယ်အား တွေ့သောအခါ ဖက်လှဲတကင်း ခရီးဦးကြိုပြုသည်။ ယာကုပ်၏ အထင်နှင့်အမြင်သည် တခြားစီဖြစ်သွားသည်။ ဧသောသည် ပထမဦးစွာ ညီငယ် ယာကုပ်ကို တွေ့ဆုံပြီးနောက် ယာကုပ်၏ ဇနီးများနှင့် သားသမီးများကို နှုတ်ဆက်သည်။ ယာကုပ်ပေးသော လက်ဆောင်များကို အကြိမ်ကြိမ် ငြင်းဆိုသော်လည်း အမျက်ပြေအထိမ်းအမှတ်လက်ဆောင်အဖြစ် နောက်ဆုံးတွင် လက်ခံလိုက်သည်။ ယာကုပ်သည် သူ့အစ်ကိုအား တန်းတူမဆက်ဆံ။ သူ့ကိုယ်သူ အစ်ကို၏ ကျေးကျွန်အဖြစ် ခံယူသည်။ အစ်ကိုဧသော၏ သဘောထားကြီးမှု၊ အစ်ကိုကြီးအရာ ပီသမှုကို တွေ့မြင်သောအခါ ဘု၇ားသခင်၏ မျက်နှာတော် ဖူးမြင်ခြင်း ဆိုသည်မှာ အချို့က ပြန်လည်စေ့စပ် ငြိမ်းချမ်းရေး ဖြစ်သည်ဟု ဆိုကြသည်။
၃၃:၁၂–၁၇ ဧသောက ယာကုပ်အား အတူတူသွားကြမည်ဟု ဆိုသောအခါ ယာကုပ်က စိတ်မလုံသဖြင့် ကလေးငယ်များနှင့် တိရစ္ဆာန်အကောင်ငယ်များ ခရီးပန်းလာ၍ မြန်မြန် မလျှောက်နိုင်ကြောင်း ဟန်ဆောင်စကားဆိုသည်။ သို့ယော် စိရ အရပ်သို့ တွေ့ဆုံကြမည်ဟု ယာကုပ်က ကတိပေးလိုက်သည်။ အဘယ်ကြောင့် ထိုသို့ဆိုသည်ကိုမသိ။ ဧသောက သူ့လူအချို့ အစောင့်အရှောက်ထားခဲ့မည်ဟု ဆိုသောအခါ ယာကုပ်က ပို၍ မယုံသင်္ကာဖြစ်နေသဖြင့် ငြင်းဆိုလိုက်သည်။
၃၃:၁၈–၂၀ ယာကုပ်သည် တောင်ဘက်အရပ်ရှိ စိရတောင်သို့ သွားမည့်အစား အနောက်မြောက်အရပ်ရှိ ရှေခင် အရပ်သို့သွားသည်။ ထိုအရပ်တွင် အခြေချ၍ ယဇ်ပလ္လင်တည်ဆောက်သည်။ ယဇ်ပလ္လင်၏နာမည်ကို ဧလေလောဣသရေလ (ဘုရားရှင်၊ ဣသရေလ၏ ဘုရားသခင်ဟု အနက်ရသည်) ဟု ခေါ်သည်။ လွန်ခဲ့သော အနှစ်(၂၀)တုန်းက ဗေသေလအရပ်တွင် ဘုရားသခင်အားတွေ့ဆုံစဉ်ယာကုပ်က ဆယ်ဘို့တစ်ဘို့ပေးလှူဖို့ ကတိပြုခဲပ့သည်။ ဗေသေလကို ဘုရားသခင်၏ အိမတော် (၂၈:၂၀-၂၂) ဟု ဆိုမှတ်ခဲ့သည်။ ယခု ဗေသေလသို့ မသွားပြန်။ ရှေခင်မှ မိုင်သုံးဆယ်ခန့်ဝေးသော ဒေသတွင် စခန်းချသည်။ သူ့ တိရစ္ဆာန်များ စားကျက်မြေအတွက်ဖြစ်ဟန်တူသည်။ (ရှေခင်ဆိုသည်မှာ မြေဟု အနက်ရသည်)။ ဘုရားသခင်သည် နှစ်ပေါင်းများစွာ ကြာလာသည့်တိုင်အောင် ယာကုပ်အား ကတိတော်ပြည့်စုံစေဖို့ တိုက်ရိုက် ခေါ်ယူခြင်း မပြု။ ထိုအကြောင်းကို အခန်းကြီး (၃၅)တွင်တွေ့ရမည်။ အခန်းကြီး (၃၄)တွင် ဆင်းရဲဒုက္ခ ကြုံတွေ့သည့်အကြောင်း တွေ့ရဦးမည်။