ကမ္ဘာဦးကျမ်း ၃၄
၇။ ရှေခင်တွင် အပြစ်ဒုစရိုက် (အခန်း ၃၄)
၃၄:၁–၁၂ ဤအခန်းတွင် ဘုရားသခင်၏ နာမတော်မြွတ်ဆိုခြင်း မတွေ့ရပါ။ ရှေခင်အရပ်မှာ ယာကုပ်မိသားစု ရှိနေကြစဉ် ယာကုပ်၏ လှပကျော့ရှင်းသော သမီးပျိုဒိနသည် ဘုရားတရားမသိသော ဒေသခံလူများနှင့် ပေါင်းသင်းသည်။ ထိုသို့ လျှောက်လည်စည် ဟာမော်မင်း၏သား ရှေခင် ကကြိုက်နှစ်သက်သဖြင့် အတင်းခေါ်ဆောင်၍ လင်မယားကဲ့သို့ ဆက်ဆံသည်။ အချစ်ကြီးချစ်နေသဖြင့် ထိမ်းမြားလက်ထပ်ဖို့ချော့မော့သည်။ ထိုသတင်းကို ယာကုပ်သားများက ကြားသိသောအခါ ဒေါသအိုး ပေါက်ကွဲကြသည်။ ဟာမော်မင်းက ငြိမ်းချမ်းရေး စေ့စပ်ကမ်းလှမ်း၍ အပြန်အလှန်ထိမ်းမြား လက်ထပ်ကြစေဖို့၊ ရှေခင်ပြည်တွင်လည်း ယာကုပ်မိသားစု ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်ဖို့ ထိုအရပ်ဒေသကို ဣသရေလ မွေးရပ်မြေကဲ့သို့ သဘောထားဖို့ ကမ်းလှမ်းသည် (အပိုဒ်ငယ် ၉ သည် စာတန်၏ မာယာပရိယာယ် နည်းဗျူဟာတစ်ခု ဖြစ်သည်) ရှေခင်မင်းသားကလည်း ဝန်ချတောင်းပန်၍ စိတ်တော်နုအောင် လက်ဆောင်ပဏ္ဏာ ပေးမည့်အကြောင်း ကတိပြုသည်။
၃၄:၁၃–၂၄ ယာကုပ်၏သားများသည် သူတို့နှမဒိနအား ရှေခင်နှင့် မပေးစားနိုင်။ ထိုကြောင့် အကောက်ဉာဏ်ဖြင့် ကြံစည်ကာ ရှေခင်မြို့သားများ အရေဖျားလှီးကြလျှင် လက်ခံနိုင်စရာအကြောင်း ရှိသည်ဟု လိမ်ညာကြသည်။ ဘုရားသခင်၏ ကတိကဝတ်နှင့် ဆိုင်သော အရေဖျားလှီးခြင်း ပဋိညာဉ်ကို မှောက်မှားစွာကျင့်သုံးကြပြီ။ ဟာမော်၊ ရှေခင်နှင့် မြို့သားများသည် သဘောရိုးဖြင့် ယုံကြည်ကြ၍ အရွယ်ရောက်ပြီး ယောက်ျားတိုင်း အရေဖျားလှီး ခံလိုက်ကြသည်။
၃၄:၂၅–၃၁ ရှေခင်မြို့သားများ အရေဖျားလှီး၍ သုံးရက်မြောက်သောနေ့သည် အထိမခံအောင် နာကျင်သော နေ့ရက်ဖြစ်သည်။ ထိုအခွင့်ကောင်းကိုယူ၍ ယာကုပ်၏သား ရှိမောင်နှင့်လေဝိသည် ရှေခင်သားများကို တိုက်ခိုက်သတ်ဖြတ်လိုက်သည်။ စည်းစိမ်ဥစ္စာများကို ဖျက်ဆီးပစ်သည်။ ထိုသို့ပြုလုပ်ခြင်းကို ဖခင်ယာကုပ်က အပြစ်ဆိုသောအခါ ရှိမောင်နှင့် လေဝိက သူတို့နှမ ဒိနအား ပြည့်တန်ဆာမကဲ့သို့ သဘောထားဆက်ဆံကြပုံ မကျေနပ်နိုင်ကြောင်း ပြန်ဖြေသည်။ စင်စစ်တွင် ယာကုပ်သည် သူ့မိသားစု ငြိမ်သက်ချမ်းသာစွာနေရခြင်းထက် ရှေခင်မြို့သားများ အပေါ်တွင် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ကျူးလွန်ခြင်းက ပိုမိုကြီးမားသည်။ အခန်းငယ် (၃၀)တွင် ‘ငါ’ ‘ငါတို့’ ဟူသော ‘ငါ’ နှင့် ဆိုင်သည့်စကားလုံး (၈)ကြိမ် သုံးထားသည်ကို သတိပြုပါ။